
“စာအုပ်တန်းမှာလမ်းလျှောက်ခြင်း”
စာအုပ်အမည်။ ဥရောပစာပေ (ရှေးခေတ်နှင့် အလယ်ခေတ် ဘီစီ ၅၀၀ နှင့် အေဒီ ၁၅၀၀)
ပြုစုသူ။ ခင်မျိုးချစ်
မျက်နှာဖုံး။ တင်ဦး
ထုတ်ဝေ။ မောင်တင်ဦး၊ အရုဏ်ဦးစာပေ
၆၆၊ ရန်ပြေ ၁၅ လမ်း၊ ၃ ရပ်ကွက်၊ သာကေတ၊ ရန်ကုန်မှ ထုတ်ဝေ၍ သင့်စာပေ ၆၃၊ ၉၃ လမ်း၊ ရန်ကုန် (ကန်တော်ကလေးစာတိုက်) မှ ဖြန့်ချိသည်။
နတ်တော်လဆန်း ၁ ရက်၊ ၁၃၃၂ ခု
နိုဝင်ဘာ ၂၉ ရက်၊ ၁၉၇၀ ခု
ပထမအကြိမ်
အုပ်ရေ ၂၀၀၀
■ မာတိကာ
စာရေးသူ၏အမှာ
(၁)။ ရှေးသူဟောင်းတို့၏စကား
(၂)။ ရှေးဟောင်းဂရိစာပေ
(၃)။ လက်တင်စာပေ
(၄)။ အလယ်ခေတ်ဥရောပစာပေ
(၅)။ အလယ်ခေတ်နိဂုံး
■ နောက်ဖုံး
ဤစာအုပ်တွင်
ရှေးသူဟောင်းသူတို့၏ စိတ်ကူးများ
ရှေးဟောင်းဂရိစာပေနှင့်ပတ်သက်၍ ဟိုးမား၏မဟာကဗျာ၊ ပြဇာတ်များ။
အစ္စခိလ၏ ပရိုမီးသီးယပ်စ် ပြဇာတ်၊ ဆော့ကလိစ်၏ ပြဇာတ်များ၊ အီဒီပမင်းကြီးပြဇာတ်၊ အင်တီယိုနီပြဇာတ်၊ ဘူရိပိဒိပြဇာတ်၊ ဂရိကွန်မီဒီ အသောပြဇာတ်များ၊ လိုင်စစ္စတြားတားပြဇာတ် –
လက်တင်စာပေနှင့်ပတ်သက်၍ စာဆိုကြီးဗာဂျယ်၏ မဟာကဗျာ၊ ဣနိယ မဟာကဗျာ၊ ဟိုးရေ့စ်၏ ကဗျာများ
အလယ်ခေတ် ဥရောပစာပေနှင့် ပတ်သက်၍
စိန့်ဩဂတ်စတင်း၊ အလယ်ခေတ်ဂျာမန်သီချင်းများ၊ ကဗျာများ၊ သီချင်းသည်များအကြောင်း၊ ဘဲလက်သီချင်းများ၊ ဣတလီစာဆိုကြီး ဒန်တေ၏ဘုံခန်း မဟာကဗျာ၊ အင်္ဂလိပ်စာဆိုကြီး ချောစား၏ ကင်တာဘာရီ ပုံပြင်များ၊ ပြင်သစ်စာဆို ဗီလွန်၏ကဗျာများ စသည် _ _ _ စသည်တို့အပြင်
■အဖွင့်
ဤစာအုပ်တွင်ပါရှိသော လူ၊ နေရာ၊ အရပ် အစရှိသည့် အမည်နာမများကို တတ်နိုင်သရွေ့ အနီးဆုံး အသံထွက်မှန်ကန်အောင် ကြိုးစားထားပါသည်။ သို့သော် ချွတ်ယွင်း တိမ်းပါးမှုများ ရှိချင်ရှိပါလိမ့်မည်။ အင်္ဂလိပ်ဘာသာ စာလုံးများနှင့်လည်း ပေးထားသဖြင့် ဖတ်ရှုသူတို့အဖို့ နားလည်လွယ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
■ စာမြည်း
“ယဉ်ကျေးမှုပေါင်းကူးတန်တား”
စာပေ၊ အနုပညာ၊ သမိုင်း၊ အစဉ်အလာ၊ အလေ့အထ အစရှိသော ကိစ္စများအားလုံး အကြုံးဝင်သည့် “ယဉ်ကျေးမှု” ဟူသော ကိစ္စကြီးမှာ တခုထီးတည်း ရပ်တည် ငြိမ်သက်နေစကောင်းသည့် ကိစ္စမဟုတ်ပါချေ။ ထုံးအိုင်ပမာ မြေသားပတ်လည်ဝိုင်း၍ ပိတ်ဆို့ထားလျှင် မှော်ဒိုက်၊ အမှိုက်သရိုက်များကြောင့် ပျက်စီးခမ်းခြောက်သွားနိုင်သည်။ ယဉ်ကျေးမှုဟူသည် အပြင်မှစီးဆင်းလာသော ရေအလျဉ်များကိုလည်း လက်ခံနိုင်ရမည်။ မိမိဆီမှလည်း အပြင်သို့ စီးဆင်းစေရမည်။
လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို စစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်း၊ စိုးမိုးခြင်းတို့သည် ယဉ်ကျေးမှုဖလှယ်မှုများကိုလည်း တဖက်က ဖွံ့ဖြိုးစေသည်။ ဥပမာတွေကား ကမ္ဘာ့သမိုင်းတလျောက်တွင် ပြောလို့မကုန်ပါ။
ယဉ်ကျေးမှုဖလှယ်ရာတွင် အရှုံးရှိချင်ရှိမည်။ အမြတ် ထွက်ချင်ထွက်မည်။ တိုင်းတပါး၏ယဉ်ကျေးမှု လွှမ်းမိုးလာသည်မှာ ဒီရေအလားသို့ တားမြစ်၍ ရစကောင်းသည့် ကိစ္စမဟုတ်ချေ။ အမြတ်ထွက်စေလိုလျှင် ယူတတ်ရမည်၊ သုံးတတ်ရမည်။ မသုံးတတ်လျှင်လည်း အဆိပ်ဖြစ်နိုင်သည်။
ရှေးခေတ်မြန်မာတို့သည် အိန္ဒိယတွင် ရေသောက်မြစ်တွယ်လျက် ပေါက်ဖွားလာသော ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ ဩဇာလွှမ်းမိုးမှုကိုယူကာ စာပေ၊ ပန်းပု၊ ပန်းချီ၊ ဗိသုကာအနုပညာများ ဖွံ့ဖြိုးစေခဲ့ကြသည်။
စစ်ရေးနိုင်ငံရေးအားဖြင့် ရှုံးနိမ့်သော်လည်း အနုပညာများ မတိမ်ကောရုံမက မိမိတို့ကို စိုးမိုးသူတို့ကိုပင် ပြန်၍ ဩဇာလွှမ်းခဲ့နိုင်သည်။ သမိုင်းသက်သေများရှိသည်။
သက္ကရာဇ် ဘီစီ ၅၀၀ (ဗုဒ္ဓခေတ်နှင့်ခေတ်ပြိုင်) လောက်တွင် ဂရိပြည်၌ အနုပညာများ ဖွံ့ဖြိုးခဲ့သည်။ ဂရိပြည်ကို ရောမလူမျိုးများက စစ်နိုင်၍ ဂရိပြည်ကြီးပျက်စီးသွားသောအခါ ဂရိလူမျိုးတို့သည် ရောမလူမျိုး သူဌေး၊ သူကြွယ်၊ အရာရှိကြီးများအိမ်တွင် အစေခံကျွန်အဖြစ်နေကြရသည်။
ထိုဂရိလူမျိုးကျွန်များသီဆိုသည့် သီချင်းများကို ရောမလူမျိုးများ သဘောကျ၍ ဂရိစာ သင်ယူကြသည်။ ထိုအခါ ဂရိပြဇာတ်၊ ကဗျာများနှင့် ရောမလူမျိုးတို့ ရင်းနှီးသွားကြသည်။ ရောမလူမျိုးများသည် များမကြာမီပင် ဂရိတို့ကိုးကွယ်သော ဘာသာ၊ အယူဝါဒကို ကိုးကွယ်၍ ဂရိအနုပညာများကို အမြတ်တနိုး အမွေခံကြသည်။ ထို့ကြောင့် “ရောမလူမျိုးများက ဂရိတို့ကို စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ခဲ့သော်လည်း ဂရိတို့က ယဉ်ကျေးမှုအနုပညာဖြင့် ရောမလူမျိုးများကို တဖန်ပြန်၍ အောင်နိုင်ခဲ့သည်” ဟု သမိုင်းဆရာတို့ ဆိုကြသည်။
ဤသို့ ယဉ်ကျေးမှုဖလှယ်ကြရာတွင် “ပေါင်းကူးတန်တား” ရှိကြသည်။ ဂရိယဉ်ကျေးမှုများကို ရောမလူမျိုးများဆီရောက်အောင် ဂရိအိမ်စေကျေးကျွန်းများမှတဆင့် ပို့ပေးခဲ့သည်။
စာရေးသူမှာလည်း မြန်မာ့ယဉ်ကျေးမှုများကို အင်္ဂလိပ်စာမှတဆင့် အင်္ဂလိပ်စာတတ်သည့်လူများ လောကထဲသို့ တန်တားခင်း၍ပို့ပေးရန် ကြိုးစားခဲ့သည်။ သွားကုန် ပြန်ကုန်ကူးရာ ပြန်ကုန်အဖြစ်နှင့် ဥရောပစာပေထုပ်ကိုထမ်း၍ မြန်မာစာဖတ် ပရိသတ်လက်သို့ ပို့ဆက်လိုက်ပါသည်။
စာပေပေါင်းကူးတံတားပေါ်တွင် အသွားအလာ စည်ကားပါစေသတည်း။
ခင်မျိုးချစ်
Be the first to comment