– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဇူလိုင်လကုန်မှာ စကစ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုးတယ်။ ဒီတခေါက် သက်တမ်း ၆ လကုန်ရင် ဘာတွေထူးခြားမလဲလို့ စောင့်ကြည့်နေသူတွေရှိတယ်။ အကြောင်းရင်းက စစ်တပ်ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိ ဒုတပ်ချုပ်တို့ရဲ့ တရုတ်ပြည်သွားတောလား၊ တရုတ်ရဲ့ မအောင်မြင်တဲ့ နှစ်ပတ် အပစ်ရပ်တောင်းဆိုချက်နဲ့ ရာပြည့် ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့်ဖြစ်တယ်။
သို့သော် မအလ ယာယီသမ္မတသစ်ဖြစ်ခြင်းနဲ့ နောက်ထပ် သက်တမ်း ၆ လ တိုးခြင်းတွေကြောင့် အာဏာသိမ်းခါစက အတင်း ဘောင်ဝင်အောင် ယူသုံးထားတဲ့ခြေဥဟာ အရေခြုံအဆင့်ကနေကို ပျက်ပြယ်သွားပြီဖြစ်တယ်။ တနည်းပြောရရင် စကစဟာ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဥပဒေကြောင်းအရ တရားဝင်အောင် ကြိုးစားနေရတဲ့အဆင့်ကနေ မိမိလုံခြုံရေးနဲ့ ရှူံးနိမ့်နေတဲ့ စစ်ပွဲအခြေအနေတွေ အားလုံးကို အတင်း ကြိုးစား ထိန်းသိမ်းထားရတဲ့အဆင့်ကို ရောက်သွားတယ်။
လက်ရှိအနေအထားကို လွယ်ကူအောင်ပြောရရင် လက်ရှိ စကစရဲ့ ရာထူးတွေ၊ သက်တမ်းတွေဆိုတာ အရေးမပါတော့ဘဲ စစ်အာဏာသိမ်းအဖွဲ့ဟာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတချို့ကို ဆက်လက်ထိန်းချုပ်ထားရင်း ပြည်တွင်းစစ်မှာ တပွဲပြီးတပွဲ၊ တဆင့်ပြီးတဆင့် ရှုံးနိမ့်နေတယ် ဆိုတာသာဖြစ်တယ်။
‘ရှမ်းမြောက်၊ ဝ နဲ့ ရှမ်း နှစ်ဖွဲ့’
လားရှိုးကိုတိုက်ဖို့ စကစရဲ့ စစ်ကူတွေဟာ တန့်ယန်းကို ဖြတ်လာတယ်ဆိုတဲ့အတွက် ဝရဲ့အနေအထားဟာ အလယ်မှာ ပုဏ္ဏားတိုင် ထိုင်ထားတယ်ဆိုပေမယ့် စကစအတွက် အထောက်အကူဖြစ်စေတာ တွေ့ရတယ်။ စကစဟာ လားရှိုးတိုက်ပွဲမှာ အဝင်ကော အထွက်ပါ ဒီလမ်းကြောင်းကို သုံးလို့ရနေတဲ့သဘောဖြစ်သွားပါတယ်။ ဒါကြောင့် MNDAA လားရှိုးကိုမတိုက်ခင် တောင်ဘက် (နောင်ချို၊ ကျောက်မဲ၊ သီပေါ)၊ မြောက်ဘက် (သိန္နီ)၊ အနောက်ဘက် (နမ္မတူ၊ နမ့်ဆန်) အားလုံးက မြောက်ပိုင်းညီနောင်တွေ ထိန်းချုပ်ပြီးသားဖြစ်လို့ အရှေ့ဘက်က တန့်ယန်းတပေါက်ကို ပိတ်ဆို့ဖို့ ကြိုးစားချိန်မှာ ဝ ဝင်ရောက်လာတာဖြစ်တယ်။
ဒီကနေတဆင့် စကစဟာ လားရှိုးထဲ ဝ ကို ဝင်ခွင့်ပြုလိုက်ရတဲ့အတွက် စစ်ကူ စစ်ဆုတ် လမ်းကြောင်းနဲ့တင် မလုံလောက်တဲ့သဘောကို ဖော်ပြတာဖြစ်တယ်။ သို့သော် ရှေ့မှာတခါရေးခဲ့သလို တန့်ယန်းကို ဝ ဝင်လိုက်တဲ့အတွက် ရှမ်းမြောက်မှာတင်မက ရှမ်းပြည်တခုလုံးမှာပါ ပုံစံသစ်တခု ဖြစ်ထွန်းလာတယ်ဆိုတာဟာ လားရှိုးက ထပ်ပြီး သက်သေပြလိုက်တဲ့ သဘောဖြစ်တယ်။ ဒီပုံစံဟာ မြဝတီနဲ့ ဆင်တူလာတယ်ဆိုပေမယ့် လားရှိုးကို အလုံးစုံသိမ်းအပြီး တော်လှန်ရေးအင်အားစုက အုပ်ချုပ်ရေးကို ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ ပုံသဏ္ဌာန်တူပြီး အနှစ်သာရမှာတော့ ကွဲပြားသွားမှာဖြစ်လို့ ဆက်လက် စောင့်ကြည့် လေ့လာသွားရမှာဖြစ်တယ်။
ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မိုင်းရယ်ကို SSPP ဝင်လာခဲ့တယ်။ ခု စကစအကြီးပိုင်း ဒဏ်ရာရသူတွေဟာ လားရှိုးကနေ ခိုလမ် (ရပခ) ကို ပြန်ဆုတ်တဲ့အခါ တချို့လမ်းပိုင်းတွေမှာ SSPP ကို ဖြတ်ခွင့်တောင်းရတယ်လို့ သတင်းတွေ (ကိုးကား – CDM ဗက ဇင်ယော်) မှာ တွေ့ရလို့ အရင်က စစ်အာဏာသိမ်းကို တိုက်ဖို့လိုတယ်လို့ ဆိုခဲ့တဲ့ SSPP ဟာ ရှမ်းမြောက်အရေးမှာ ဝကိုမှီပြီး ပုံစံတမျိုးနဲ့ ပွဲထွက်လာတယ်လို့ ဆိုနိုင်တယ်။
SSPP ဟာ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး (ဝမ်ဟိုင်းဌာနချုပ်) မှာ အခြေစိုက်တယ်ဆိုပေမယ့် ဝမ်တိုင်းလျှံ (ရှမ်းအရှေ့) မှာ အခြေပြုတဲ့ RCSS နဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက် (၂၀၁၅/၁၆) မှာ ကျောက်မဲဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာကို ကြည့်ရင် ရှမ်း SSA တပ်နှစ်ခုစလုံးဟာ လက်ရှိ ညီနောင် ၃ ဖော် (အထူးသဖြင့် TNLA) ဝင်ရောက် စိုးမိုး သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက် (နယ်လု) ခဲ့တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ခု ဝ အားကိုးနဲ့ SSPP ဝင်လာသလို RCSS ကလည်း ရှမ်းတောင်ကို အကာအကွယ်ပေးမယ်ဆိုပြီး လေသံပစ်လာတာကို တွေ့ရတယ်။
‘ရှမ်းတောင်’
စကစ က သြဂုတ် ၈ ရက်မှာ တရုတ် ကမကထလုပ်နေကျ ဟိုင်ဂင်ပွဲကို မတက်ဘူးလို့လည်း သတင်းတွေထွက်လာတယ်။ တရုတ်နဲ့စကစကြား အဟတွေရှိလာတယ်ဆိုပေမယ့် ဒီငြင်းဆိုချက်သာ အတည်ဖြစ်လာရင် စကစဟာ လားရှိုးကို အရှေ့ပေါက် (အထက်မှာပြောခဲ့တဲ့ တန့်ယန်းလမ်းကြောင်း) ကနေ ပြန်တိုက်ဖို့ ရည်ရွယ်ထားလို့ဖြစ်တယ်။ စကစဟာ ၁၀၂၇ ပထမလှိုင်းတုံးက အချိန်တိုအတွင်းမှာ တောက်လျှောက် စစ်စခန်းပေါင်းများစွာ ကျသွားပြီး လောက်ကိုင်လိုနေရာမှာ တပ်မမှူး (ဗမခ အဆင့်) ၆ ယောက်နဲ့ ထောင်ချီတဲ့ စစ်သားနဲ့မိသားစုတွေ လက်နက်ချခဲ့ရတာဖြစ်လို့ ဒီအရှိန်ကိုပြန်ချရင် ပြင်ဆင်ချိန်တခုလိုလို့ ဟိုင်ဂင်ဟာ ကွက်တိဖြစ်တယ်။
လက်ရှိ ၁၀၂၇ ဒုတိယလှိုင်းဟာ ပထမလှိုင်းလောက် အရှိန်မပြင်းထန်သလို လတ်တလော လားရှိုးဟာ မြောက်ပိုင်း ၃ ဖော် (အထူးသဖြင့် MNDAA) လက်ထဲ အထိုင်မကျခင် ချက်ခြင်း ပြန်တိုက်လိုတဲ့ သဘောကြောင့်လို့ ယူဆရမှာဖြစ်တယ်။ ဒီယူဆချက်မှန်ရင် ဝ ဟာ လားရှိုးမှာ ခုအနေအထားအရ ဒိုင် လူကြီး လာလုပ်ပေးတဲ့သဘောမျိုးထက် ပိုမှာတော့မဟုတ်ဘူး။ တကယ်သာ စကစ ဟိုင်ဂင်ကိုငြင်းခဲ့ရင် တရုတ်ဟာ ဝနဲ့ SSPP ကို ဒီအတိုင်း လွှတ်ထားပေးပြီး စကစရဲ့ လားရှိုးထောက်ပို့လမ်းကြောင်းကို ဆက်ဖွင့်ပေးသွားမလား ဆိုတာကတော့ စဥ်းစားစရာဖြစ်တယ်။
ရှေ့မှာ ရှမ်းမြောက်၊ ရှမ်းအလယ် (ခိုလန် – ရပခ) နဲ့ ရှမ်းအရှေ့ ကျိုင်းတုံ (တြိဂံတိုင်း) တို့မှာ အခြေအနေ တခုချင်းစီအလိုက် မိတ်ဘက်၊ ရန်ဘက်သဘောတွေဟာ ကွဲပြားသွားဖို့ရှိတယ်။ ဒါပေမယ့် တိုက်ပွဲတွေကြားမှာပဲ တရုတ် ဝင်ရောက်ထိန်းညှိတဲ့ ဖြစ်စဥ်တွေကို တွေ့ကြရဦးမှာဖြစ်တယ်။ ဒါပေမယ့် ရှမ်းတောင်မှာတော့ RCSS ဝင်လာသည်ဖြစ်စေ၊ ဝင်မလာသည်ဖြစ်စေ၊ ပအို့ဝ်အင်အားစုနှစ်ခု (PNO နဲ့ PNLO) ဆက် တိုက်နေကြမှာဖြစ်သလို ဓနု တော်လှန် ရေးအဖွဲ့တွေကလည်း ရှမ်းမြောက်နဲ့ပေါင်းပြီး တောင်ပိုင်းကို စီးဆင်းလာဖို့ရှိနေတယ်။ ဒီလမ်းကြောင်းဟာ လတ်တလော လွိုင်ကော်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ ကရင်နီနဲ့ တဆက်တည်းဖြစ်လာဖို့ ရှိနေတယ်လို့ သုံးသပ်ရမှာဖြစ်တယ်။
‘ရှမ်းအဖော့နဲ့ မန်းအဖိ’
လက်ရှိ မန်းနဲ့ နေပြည်တော်ရဲ့ အရှေ့ဘက် (ရှမ်းတောင်နဲ့ကရင်နီ)၊ မြောက်ဘက် (မန်းမြောက် စဥ့်ကူး၊ မတ္တရာ အစရှိသည်) မှာ တိုက်ပွဲတွေရှိနေတယ်။ ရခိုင်က အမ်းကိုရတဲ့အခါ အနောက်ဘက်က တော်လှန်ရေးအင်အားစုတွေဟာ မကွေးတိုင်းထဲ ဝင်လာကြမှာ အသေအချာပဲဖြစ်တယ်။ လားရှိုး အလုံးစုံကျပြီး မြို့အုပ်ချုပ်ရေးဟာ တော်လှန်ရေးအင်အားစုတွေဆီမှာ အထိုင်ကျသွားခဲ့ရင် ရှမ်းမြောက်မှာ တိုက်ပွဲကြီးတွေဆက်ဖြစ်ဖို့ သိပ်မရှိနိုင်တော့။ ဒါဆိုရင် ၁၀၂၇ ဒုတိယလှိုင်း ရှမ်းမန်းစစ်ဆင်ရေးဟာ မန်းဘက်ကို ကောင်းကောင်း ဖိအားပေးလာမှာပဲဖြစ်တယ်။
Be the first to comment