2
အာဇက်
“၁၀ ရက်နေ့မှာ တိတ်ဆိတ်ပေးပါ”
အမေ
ကျနော်တို့ ခရီးနှင်တယ်ဆိုတာ
လှည့်ပြန်ဖို့မှ မဟုတ်တာ။
ကျနော်တို့ နှလုံးသားတိုင်းက ပစ်တဲ့ ဒုံးကျည်
ဘယ်အချိန် မှန်မလဲ မသိဘူး။
လူရိုင်းမောင်းတဲ့ ငှက်ဆိုးတွေ ဝဲနေတာ,အခါခါ။
အမေ
ကျနော်တို့ ခရီးနှင်တယ်ဆိုတာ
လှည့်ပြန်ဖို့မှ မဟုတ်တာ။
နှင်းမိုးတွေ ရွာနေရင်
အနွေးဆောင်သူဟာ သင်ကိုယ်တိုင်ပါပဲ ဆိုသလို
ကျနော်တို့ နှလုံးသား အချင်းချင်း မီးလှုံနေကြပါတယ်။
မြို့ပေါ် အိမ် ဝပ်ကျင်းလေးထဲမှာသာ
လှဲလျောင်းသေဆုံးရမည့်
အတောင်ပံပါတဲ့ ငှက်တွေဟာ ကျနော်တို့လားလို့ စဉ်းစားမိတော့
မဟုတ်ပါဘူး အမေ။
ကိုတေဇာစန်း ကို ကျနော်တွေ့တယ်။
ကိုနန်းလင်း လဲ လာတယ်။
ကိုခန့်ဝေဖြိုး လဲ လာတယ်။
ကျနော်တို့ ရဲရဲဆိုခဲ့ဖူးတဲ့ တို့အရေးတွေနဲ့
မြို့ပြဟာ သွေးလန့်နိုးထကုန်ပြီ။
ကျနော် ခံယူထားတယ် အမေ။
ကိုယ်သာ လှည့်မပြန်ဘူးဆို
ဘယ်တော့မှ သုညဖြစ်စရာ အကြောင်းမရှိ။
ကျနော်တို့ ကြွေးကြော်သံတွေဟာ
လေထဲမှာ ဆူညံရုံ ရွတ်ခဲ့တာမှ မဟုတ်တာ။
သေနတ်ရှိရုံနဲ့ နိုင်တယ်ဆိုတဲ့ ဆင်ရိုင်းကို
အမှန်တရားက ကျုံးသွင်းတဲ့ပွဲပါ။
နှလုံးသားရှိသူတွေ ဉာဏ်နဲ့ အနိုင်တိုက်ရမည့် ပွဲပါ။
ခါးသီးနေ့ရက် ဖြတ်ကျော်ရင်းနဲ့
ကျနော်တို့ ဆက်လျှောက်နေမှာ အမေ။
ကျနော်တို့ ခရီးနှင်တယ်ဆိုတာ
လှည့်ပြန်ဖို့မှ မဟုတ်တာ။ ။
(၅၊ ၁၂၊ ၂၀၂၅)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
