“၂၀၂၅ ကလင်ဒါ”
■ ကျော်ဇောခိုင်
– သတင်းသုံးသပ်ချက်ဆောင်းပါး –
ပြီးခဲ့တဲ့လတွေထဲက တလကျနိုး နောက်တလကျနိုးနဲ့ စောင့်မျှော်နေခဲ့ရတဲ့ မောင်းတော နခခ (၅) ဟာ ဒီဇင်ဘာ ၈ ရက်မှာ အေအေလက်အောက် ကျရောက်ခဲ့တယ်။
‘အမ်း၊ တောင်ကုတ် နဲ့ ဂွ’
စကခ (၁၅) စစ်ဆင်ရေးတပ်မှူးချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အရာရှိအဆင့်တွေနဲ့ စစ်သားရာနဲ့ချီ ဖမ်းဆီးရမိပြီး မောင်းတောတိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား ၄၅၀ လောက် ကျဆုံးလိမ့်မယ်လို့ ခန့်မှန်းထားတဲ့သတင်းတွေ ထွက်ပေါ်လာတယ်။ ဒါ့ကြောင့် ရခိုင်မြောက်ပိုင်းမှာ နောက်ဆုံး တောင့်ခံကျန်ရစ်တဲ့ မောင်းတောရဲ့ နယ်ခြားစောင့်တပ်ကို သိမ်းပိုက်လိုက်နိုင်တဲ့ အောင်ပွဲဟာ အေအေအတွက် ကြီးမားတဲ့ အောင်ပွဲတခုဆိုတာ အထင်အရှားဖြစ်တယ်။
တောင်ပိုင်းမှာတော့ အေအေဟာ အမ်း၊ တောင်ကုတ်နဲ့ ဂွ ၃ မြို့ကို တပြိုင်တည်း တိုက်ခိုက်နေပြီး ၃ မြို့စလုံးလည်း နေ့လားညလားဆိုတဲ့ အနေအထားမှာ ရှိနေတာ တွေ့ရတယ်။ နှစ်မကုန်ခင် အမ်း နပခ ကျသွားခဲ့ရင်တော့ စကစရဲ့ ခရစ်စမတ်လက်ဆောင်လို့ အာရက္ခသားတွေ ပြောကြပေရော့မယ်။ ဂွမြို့နားက တိုက်ပွဲတခုမှာ စစ်တပ်ဘက်က ဗျူဟာမှူး စနိုက်ပါမှန်ပြီး ကျဆုံးတယ်လို့ သတင်းတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရသလို အမ်းနဲ့ တောင်ကုတ်ကို မကွေးဘက်ကဝင်လာတဲ့ စစ်တပ်ရဲ့ စစ်ကူတပ်တွေကို ပီဒီအက်ဖ်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေက လမ်းမှာ အမှည့်ချွေနေကြတဲ့ သတင်းတွေကိုလည်း တွေ့ရပြန်တယ်။
ဒီပုံစံအတိုင်းဆို ၂၀၂၅ နွေဦးပေါက်မှာ အေအေက ကျောက်ဖြူနဲ့ စစ်တွေကို ဝိုင်းပိတ်ထားချိန်မှာ ရခိုင်အရေးကို တရုတ် အောက်လမ်းကနေ ဘယ်လိုလိုက်နှိုက်ပြီး အေအေနဲ့ အပေးအယူလုပ်မလဲ တွေ့ကြရဖို့ရှိနေတယ်။ ခု ကေအိုင်အေကိုခေါ်ပြီး ဆွေးနွေးပြီးရင်ကို အေအေအလှည့် ရောက်လာနိုင်တယ်။
‘ကိုးကန့် တအာင်း’
ကိုးကန့်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က နောက်ထပ် စာတစောင်ထုတ်ပြန်ပြီး တရုတ်ကို ချွေးသိပ်နေရပြန်တယ်။ စာပါအကြောင်းအရာနဲ့ အရေးအသားတွေက တအာင်းမှာတွေ့ရတာနဲ့ တထပ်တည်းနီးပါး (ပြည်သူမထိခိုက်ဖို့၊ တရုတ်ရဲ့စေ့စပ်မှုကို လေးစားလိုက်နာလို့၊ ဖက်ဒရယ်၊ မိမိကိုယ်ကိုခုခံပိုင်ခွင့် စတာတွေကို ဆိုလိုတယ်) ဖြစ်တာမို့ တရုတ်ဟာ ကိုးကန့်နဲ့ တအာင်းကို နှစ်ဦးတည်း (တဦးချင်းခွဲရင်လည်း တယောက်တည်းက သဘောတရားတခုကိုပဲ ခေါ်ပြောတာလို့ ယူဆရတယ်) ကို ဟုမ်းကျူရှင် (Editor’s Note: Home Tuition) ပေးနေတဲ့သဘောမျိုး တွေ့ရမှာဖြစ်တယ်။
ကိုးကန့်ရဲ့နောက်ဆုံးစာမှာ လားရှိုးကိစ္စ ဆွေးနွေးမယ်ဆိုတာကြောင့် ကိုးကန့်ဆီမှာ စစ်တပ်နဲ့ အပေးအယူလုပ်ဖို့ သေချာတဲ့ သဘောထားတခု ရှိလာတဲ့သဘောမျိုးလို့ ယူဆရမှာဖြစ်ပြီး တအာင်းဟာ မကြာခင် ဒီလမ်းကြောင်းထဲဝင် လာဖို့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ တွက်ဆထားကြဖို့ဖြစ်တယ်။ ဆိုလိုတာက ရှမ်းမြောက်လမ်းကြောင်း (ပြင်ဦးလွင်ကနေ လားရှိုးနဲ့ လားရှိုးကနေ မူဆယ်/ချင်းရွှေဟော်) ဟာ ၂၀၂၅ ထဲ အနည်းဆုံး ပထမ ၃ လလောက် (၁၀၂၇ ပထမ အပစ်ရပ်ကြာချိန် သို့မဟုတ် တရုတ်ပေါ်လစီ အလှည့်အပြောင်း ဖြစ်မလာမချင်း) တည်ငြိမ်လာဖို့ရှိနေတယ်။
အခြေအနေတွေကို တကယ်တမ်း လေ့လာသုံးသပ်ကြည့်ရမယ်ဆိုရင် ကိုးကန့်ဟာ လားရှိုးမပါဘဲ ပြည်နယ်အဆင့် ရည်မှန်းထားတယ်ဆိုရင် အနည်းဆုံး သိန္နီကို ရဖို့လိုမယ်၊ မဟုတ်ရင် ကိုယ်ပိုင်အုပ်ချုပ်ရေးသဘောမျိုးပဲ ဖြစ်မယ်။ တအာင်းကိုကြည့်ရင် အရင်ရထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ အဲဒီကချဲ့ထွင်ပြီး နမ္မတူ၊ ပြီးတော့ မိုးကုတ်၊ တနည်းပြောရရင် မြေပုံအရ လားရှိုးနဲ့တတန်းထဲနဲ့ မြောက်ပိုင်းဝန်းကျင်ကို ဘယ်လောက်ထိ ရနိုင်မလဲ၊ နောင်ချို၊ သီပေါ၊ ကျောက်မဲဆိုတာတွေကို စစ်တပ်နဲ့ဆွေးနွေးပြီး ထိန်းထားဖို့ဆိုတာ ဖြစ်နိုင်ချေ မရှိသလောက်ပါဘဲ။
သို့သော် တကယ်တမ်း တော်လှန်ရေးအင်အားစုတွေ အတွင်းမှာကော တိုက်လို့နိုင်ထားတဲ့ နယ်တွေအားလုံးကို ထိန်းချုပ်ထားမယ်၊ ကိုယ်ပိုင်ပြည်နယ်အတွင်း သွတ်သွင်းမယ်ဆိုတာတွေဟာ ရှမ်းပြည်နယ် (ရှမ်းနိုင်ငံရေး) နဲ့ ဆက်စပ်နေတာတွေဖြစ်လို့ အတော် ညှိနှိုင်းကြရမယ့် သဘောဖြစ်တယ်။ ဒါပေမယ့် တော်လှန်ရေး အောင်မြင်ခဲ့ပြီးရင်တော့ သဘောတူညီချက်တွေရဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တဖြေးဖြေးချင်း ဖြေးဖြေးချင်း ညှိနှုင်းဆောင်ရွက်သွားနိုင်မယ့် သဘောရှိတယ်လို့ ယူဆကြည့်ဖို့ပါ။
‘တရုတ် မျိုးကွဲပုံစံ ၃ မျိုး’
ဒီတော့ တရုတ်အတွက် ကိုးကန့်ဟာ ပုံစံ ၁ (က) ဆိုရင် တအာင်းဟာ ၁ (ခ)ပဲ။ ကချင်ဟာ ပုံစံ ၂ ဖြစ်လာမှာဖြစ်ပြီး ရခိုင်ဟာ ပုံစံ ၃ ဖြစ်လာဖို့ရှိတယ်။ ဒီနေရာမှာ ပုံစံ ၁ ဟာ တရုတ်ဖိအား၊ သိမ်းပိုက်ပြီးသား နယ်မြေတွေကို ပြန်လည် ညှိနှိုင်း အပ်နှံဖို့နဲ့ တရုတ်ပိတ်ဆို့မှု ဖြည်ထုတ်တဲ့ပုံစံ။ ပုံစံ ၂ ဟာ ကုန်သွယ်ရေးအပေးအယူနဲ့ ကေအိုင်အေ ဆက်လက်သိမ်းပိုက်မယ့် နယ်မြေ။ ပုံစံ ၃ ဟာ တရုတ်စီးပွားရေးနဲ့ စီမံကိန်းတွေကို မထိခိုက်ရေးနဲ့ ရိုဟင်ဂျာပြဿနာတွေ ပူးတွဲကိုင်တွယ်ရဖို့ ရှိနေတယ်။
အလွယ်ပြောရရင် ပုံစံ ၁ က ပြည်တွင်းပထဝီနိုင်ငံရေး၊ ပုံစံ ၂ က ပြည်တွင်းနဲ့ နိုင်ငံတကာစီးပွားရေး ရောယှက်လာတဲ့သဘောဖြစ်ပြီး ပုံစံ ၃ က ပြည်ပနိုင်ငံရေးနဲ့ သံခင်းတမန်ခင်းတွေပါ ကျယ်ပြန့်လာနိုင် (ချဲ့ရင် ချဲ့သလောက်ကျယ်လာနိုင်တာ) တာဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီပုံစံ ၃ မျိုးမှာ အီးအေအိုတွေကို ဘယ်လိုအထောက်အပံ့နဲ့ အကူအညီ ပေးနိုင်မလဲဆိုတဲ့ နိုင်ငံရေးရပ်တည်ချက် (နိုင်ငံခြားရေးပေါ်လစီရဲ့ အခြေခံကျတဲ့အချက်) ကို ပြတ်ပြတ် သားသား ချမှတ်ဆောင်ရွက်ဖို့ လိုနိုင်တာ တွေ့ရတယ်။
လတ်တလောဖြစ်နေတဲ့ စစ်ရေးနဲ့ နိုင်ငံရေး မိုးလေဝသ အခြေအနေတွေအရ ၂၀၂၅ အဝင်မှာ ရှမ်းမြောက်ငြိမ်ပြီး ၂၀၂၅ ထဲမှာ ရခိုင်နဲ့ ကချင်ဟာ ပထမ ၆ လနဲ့ ဒုတိယ ၆ လအတွင်း အသီးသီး အထိုင်ကျလာဖို့ရှိတယ်။ နပခအကျနဲ့ ဗန်းမော်တဝိုက်က အဆုံးအရှုံးတွေကို စကစ ခံနိုင်ရည်ရှိပြီး တရုတ်ကလည်း စိတ်ရှည်ပေးခဲ့မယ်ဆိုရင် နောက် ၆ လ ဟာ (၂၀၂၅ ဖေဖော်ဝါရီကနေ ဇူလိုင်) အခရာပါပဲ။ တရုတ်ဟာ အဲဒီအချိန်အထိ စကစဘက်က ဆက်ရပ်ပေးမယ်ဆိုရင် ၂၀၂၅ ဒုတိယ ၆ လမှာ ရွေးကောက်ပွဲ ဆိုတဲ့စကားကို ကျယ်ကျယ်လောင်လောင် ကြားလာရဖို့ရှိတယ်။
တရုတ်ပေါ်လစီဟာ ပြောင်းလဲနေတဲ့ နိုင်ငံတကာအခြေအနေ (ဆီးရီးယား အာဆဒ်အပြုတ်၊ အရှေ့အလယ်ပိုင်းက အစ္စရေးနဲ့ အာရပ်ကမ္ဘာ၊ ယူကရိန်း ရုရှား ကျူးကျော်စစ်နဲ့ တရုတ် ထိုင်ဝမ်၊ ပြီးတော့ တရုတ် အမေရိကန် ကုန်သွယ်စစ်တွေကိုဆိုလို) နဲ့ ပြည်တွင်း ဗမာစစ်တိုင်းတွေအတွင်းက တော်လှန်ရေးအောင်ပွဲတွေနဲ့ တိုက်ရိုက် ဆက်စပ်ပါလိမ့်မယ်။ အခြေအနေတွေက ခုပုံစံနဲ့ မနီးယိုးစွဲ သွားနေမယ်ဆိုရင် ၂၀၂၅ ပထမ ၆ လရဲ့ တော်လှန်ရေးကလင်ဒါကို ချိန်ဆကြည့်ကြဖို့ပါပဲ။
Be the first to comment