“၂၀၂၅ ဘယ်လိုပုံပေါ်လာမလဲ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဒီဇင်ဘာ ၁၄ ကစလို့ တောင်ကုတ် စကခ (၅)၊ မောင်းတော နခခ (၅)၊ အမ်း (နပခ) နဲ့ ဂွတို့ကို ၂ ပတ်အတွင်း သိမ်းယူခဲ့ပြီးတဲ့နောက်မှာ အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တပ်ကို နိုင်ငံရေးအရဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။
‘အေအေကြေညာချက်’
အေအေထုတ်ပြန်ချက်ဟာ စကစကို ရည်ရွယ်တယ်ဆိုပေမယ့် တကယ်တော့ တရုတ်နဲ့ အင်ယူဂျီအစိုးရ၊ တော်လှန်ရေးအင်အားစုတွေ အားလုံးကိုပါ ရှေ့အလားအလာကို အသိပေးထားတဲ့ သဘောမျိုးဖြစ်တယ်။ အေအေဟာ တရုတ်ကိုရည်ရွယ်တဲ့ ရခိုင်ဒေသတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို လက်ခံမယ်၊ အကာအကွယ်ပေးမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာမျိုး ယခင်ကလည်း ထုတ်ဖော် ပြောကြားခဲ့ပြီးသားဖြစ်တယ်။ သို့သော် အခုအချိန်မှာတော့ ပြည်နယ်အတွင်း နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးမှု ရအပြီးမှာ ပြောတာဖြစ်လို့ ဒီကမ်းလှမ်းချက်ဟာ စကစအတွက်သာမဟုတ် တရုတ်ကိုပါ အကျပ်ရိုက်စေတဲ့သဘောမျိုးလို့ ယူဆရမလိုဖြစ်တယ်။
တရုတ်သာ စကစကို ဖိအားပေး ဆွေးနွေးခိုင်းပြီး ရခိုင်က သူ့ရင်းနှီးမြုပ်နှံမှုတွေကို အေအေနဲ့ စကစအကြား တရားဝင် အကျိုးစီးပွားခွဲဝေမှုတွေ လုပ်လာမယ်ဆိုရင် (ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ နယ်စပ်ဂိတ်တွေဖွင့်ဖို့ ကြိုးစားတဲ့ ဆွေးနွေးပွဲလို လုပ်နိုင်ခဲ့မယ်ဆိုရင်) ဒေသတွင်း နယ်မြေထိန်းချုပ်မှုနဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာတွေမှာ အေအေဟာ De Facto တရားဝင်မှုတမျိုး ရရှိလာမှာဖြစ်တယ်။ မောင်းတောအကျမှာ အေအေဟာ တရားဝင် အစိုးရမဟုတ်လို့ လက်ခံစကားပြောဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ကပြောတဲ့ အနေအထားမျိုးတွေကို ဖြေရှင်းပြီးသားလည်း ဖြစ်လာမယ်။
ဒီကမ်းလှမ်းချက် အထမြောက်မယ်၊ ဆွေးနွေးပွဲနဲ့ သဘောတူညီမှုတွေ ရှိလာခဲ့မယ်ဆိုရင် အေအေအနေနဲ့ စစ်တွေနဲ့ကျောက်ဖြူကို ဆက်မတိုက်သေးဘဲ လက်ရှိသိမ်းပိုက်ထားနိုင်တဲ့ နယ်မြေအားလုံးမှာ အုပ်ချုပ်ရေးပိုင်းကို စတင်အခြေခိုင်အောင် လုပ်နိုင်မှာဖြစ်တယ်။ တပြိုင်နက်တည်းမှာ စစ်အာဏာရှင် ဖျက်သိမ်းရေးဆိုတဲ့ ရည်မှန်းချက်အတွက် အတွင်းပိုင်းစစ်တိုင်းတွေကို တိုက်ခိုက်မှုမှာ နောက်ကွယ်က ပံ့ပိုးကူညီမှုတွေ ပေးသွားနိုင်မယ်လို့ ယူဆထားပုံပေါ်တယ်။
ဆွေးနွေးပွဲဖြစ်မလာဘူး၊ ဖြစ်ပြီး အဆင်မပြေခဲ့ဘူးဆိုရင်လည်း ၂၀၂၃ နိုဝင်ဘာကစလို့ ပြည်နယ်တခုလုံး ဖြန့်ကျက်ပြီး တနှစ်ကျော် မနားတမ်း ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ အေအေဟာ ခေတ္တအနားယူပြီး စစ်သည်အင်အား၊ လက်နက်အင်အားနဲ့ တခြား စစ်မဟာဗျူဟာတွေကို ရခိုင်နဲ့ မြန်မာတပြည်လုံးပေါ် ခြုံကြည့်တဲ့ သုံးသပ်မှုမျိုးကိုလုပ်ဖို့ အချိန် တခုတော့ ရမယ့်သဘောဖြစ်တယ်။ စစ်ရေးသုတေသီတွေ အလိုအရ စစ်ရေးမှာ နိုင်ငံရေးကို ထည့်သွင်းချိန်ဆ စီမံလာတဲ့အခါမှသာ မဟာဗျူဟာလို့ ခေါ်ဝေါ်သုံးစွဲနိုင်မှာဖြစ်တယ်။ ဒီတော့ အေအေကြေညာချက်ဟာ တော်လှန်ရေး၊ ဖက်ဒရယ်အရေးနဲ့ ဆက်စပ်နေတဲ့ အေအေမဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ ကောက်ယူရဖို့ဖြစ်လာတယ်။
‘မဟာဗျူဟာသက်ရောက်မှု’
ဒီမဟာဗျူဟာဟာ တော်လှန်ရေးပေါ် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်သလဲ။ တရုတ်ကမကထလုပ်တဲ့ ဆွေးနွေးပွဲ ဖြစ်လာမယ်ဆိုရင် ရှမ်းမြောက်မှာလိုပဲ ရခိုင်မှာ တိုက်ပွဲတွေ ၂၀၂၅ နှစ်ဆန်းမှာ ရပ်တန့်သွားနိုင်တယ်။ ရှမ်းမြောက်အတန့်မှာတုန်းက တော်လှန်ရေးအရှိန်မကျအောင် ကေအိုင်အေက မြောက်ပိုင်းမှာ တိုက်ပွဲတွေပြန်စခဲ့သလို အေအေရပ်တန့်သွားချိန်မှာ တခြားဒေသတွေမှာ တော်လှန်ရေးအရှိန်ကို မြှင့်တင်လာလိမ့်မယ်လို့ ယူဆတယ်။ လက်ရှိမှာ ကေအိုင်အေကို ဖယ်ကြည့်ပြီး သုံးသပ်ရရင် ပြည်နယ် (ချင်း၊ ကရင်နီ၊ ကရင်)နဲ့ မြန်မာစစ်တိုင်းတွေ (မန်း၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး) အတွင်းက တိုက်ပွဲဖော်ဆောင်နိုင်စွမ်းအားဟာ အတူတူနီးပါးလောက် ရှိနေနိုင်တယ်လို့ ခန့်မှန်းရတယ်။
ဒီအဓိပ္ပါယ်က ၂၀၂၅ အစောပိုင်းတိုက်ပွဲတွေဟာ ရှမ်းမြောက်နဲ့ရခိုင်လို ဒေသတခုတည်းမှာ ဖိအားပြင်းပြင်းနဲ့ မြို့သိမ်းတိုက်ပွဲတွေ တရစပ် တိုက်ခိုက်နေတာမျိုးမဟုတ်ဘဲ စကစစစ်စခန်းတွေနဲ့ စစ်အင်အားကို လျော့နည်းသွားအောင် တိုက်ရတဲ့ တိုက်ပွဲမျိုးတွေ ပိုဖြစ်လာမယ့်သဘောဖြစ်တယ်။ ဒါကြောင့်မို့ ပြည်နယ်တွေမှာ စစ်ပွဲတွေပါးလာပြီး နယ်မြေတည်ငြိမ်ရေးနဲ့ အထိုင်ချရေးကို ဦးစားပေးလာခဲ့မယ်ဆိုရင် မြန်မာစစ်တိုင်းတွေအတွင်းမှာ ဗဟိုချက်တခုတည်းကို ဦးတည်ပြီး စုစည်းတိုက်မလား၊ စစ်တိုင်းတွေအတွင်းကို ဖြန့်ကျဲတိုက်မလားဆိုတဲ့ ရွေးချယ်မှုမျိုးကို တွေ့ရနိုင်တယ်။
နိုင်ငံရေးအခြေအနေတွေကို ထည့်သွင်းတွက်ချက်တဲ့ ဒီရွေးချယ်မှုပေါ်မှာ ၂၀၂၅ ဟာ ပုံပေါ်လာမှာဖြစ်တယ်။ လက်ရှိတော်လှန်ရေးမှာ စစ်ဘောင်ကျယ်တယ် မကျယ်ဘူးဆိုတာ နယ်မြေရလိုဇောနဲ့ အတင်းတိုက်နေတဲ့ တိုက်ပွဲတွေအပေါ် မူမတည်ဘူး။ တရုတ်လို ပြင်ပနိုင်ငံကြီးတွေရဲ့ ထိန်းချုပ်မှုနဲ့ စစ်ပွဲတွေနောက်ကို နိုင်ငံရေးက ဘယ်လောက် လိုက်ပါနိုင်စွမ်း ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာဖြစ်တယ်။
‘NUG ထုတ်ပြန်ချက်’
အမျိုးသားညီညွတ်ရေးအစိုးရက အစိုးရအဖွဲ့ကို ပြင်ပက လုပ်နိုင်ကိုင်နိုင်စွမ်းရှိသူတွေ ပါဝင်ဖို့ ယာယီသမ္မတကိုယ်တိုင် ဖိတ်ခေါ်လာတာ တွေ့ရတယ်။ နုဂျီကို ပြုပြင်ပြောင်းလဲရေးလုပ်တာဟာ ၄ နှစ်ဆိုတဲ့ အချိန်ကာလကြောင့်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးကို လိုက်ပါရာမှာ ပိုမို သွက်လက်လာစေဖို့ဆိုတဲ့ အသွင်သဏ္ဌာန်အရပဲဖြစ်ဖြစ် လိုအပ်တယ်လို့ လက်ခံလာတဲ့သဘောဖြစ်တယ်။
စစ်ရေးကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေးက ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာကို အဓိကထား ထည့်သွင်းတွက်ချက်တဲ့ အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ဖို့ဖြစ်တယ်။
Be the first to comment