မောင်လွင်မွန် (ကသာ)
ယခုနှစ် ၈၈ ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတဲ့အချိန်မှာ ၈၈ နဲ့ပတ်သက် ပြီး မမေ့နိုင်တာလေးတချို့နဲ့ အမှတ်တရ အတိုအထွာ ရေးခဲ့ဖူးတာတချို့ကို ပြန်စုစည်းပြီး လိုအပ်တာတချို့ ဖြည့်စွက်လို့ စာဖတ်သူတို့ဆီ မျှဝေဖို့ ရည်ရွယ် စိတ်ကူးမိပါတယ်။
နွေဦးတော်လှန်ရေးအစပိုင်း ၂၀၂၁ မတ်လ ၂၈ ရက်နေ့မှာ မုံရွာက အသက်၂၀ အရွယ် သူနာပြုဆရာမလေး သဉ္စာဟိန်း ကျဆုံးသွားတဲ့ ကြေကွဲဖွယ်သတင်းနဲ့အတူ ဆရာမလေး ရေးခဲ့တဲ့ကဗျာ၊ ပြောခဲ့တဲ့မိန့်ခွန်း စတာတွေကို ဖတ်ရှု နားဆင်၊ ထိခိုက် ခံစားရရင်း “၈၈ တုန်းက ကျမတို့မိဘတွေခေတ်မှာ တာဝန်မကျေခဲ့လို့ ကျမတို့ခေတ်မှာ အခုလို နေရတာ” ဆိုတာ ကြားလိုက်တော့ ပို စိတ်မကောင်း ဖြစ်ခဲ့ရဖူးပါတယ်။ သမီးလေးရဲ့အသိထဲမှာ ၈၈ တုန်းက အာဏာရှင်ပြုသမျှ အလွယ် ခေါင်းငုံ့ခံခဲ့ကြတယ် … လို့ ထင်နေသလားလို့ တွေးမိသလို အလားတူ ၈၈ သမိုင်းကို ဂဃနဏ အမှန်မသိသူတွေ အများကြီး ရှိမယ်ဆိုတာ မြင်သာနေပေမယ့် အရွယ်နဲ့မလိုက် စွန့်လွှတ်တာဝန်ကျေသွားတဲ့ သမီးငယ်ကို ငြင်းချက်ထုတ်တာမျိုး မပြောအပ် မပြောရက်လို့ ရေငုံနှုတ်ပိတ်နေခဲ့ရပါတယ်။
ဒီနောက် မကြာလှခင်မှာပဲ တဘက်က ဖိနှိပ်ရက်စက်ရုံမက လှည့်ဖျားလိမ်လည်မှုအပေါင်း သရဖူဆောင်းသူတွေကို တုန့်ပြန်တဲ့ ဆန္ဒပြ ကြွေးကြော်မှုတွေမှာ “၈၈ က (ေ-ာက်) ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ …” ဆိုတာရယ်၊ ” ဒီနေ့ Gen Z ဆိုတာ ၈၈ က ပြည်သူမဟုတ် ဘူး” ဆိုတာမျိုးရယ် မကြာခန မြင်ရ ကြားရပါတယ်။ သူတို့တွေက ဘယ်သူတွေကို ရည်ရွယ်ပြီး အခုလို ကြွေးကြော်ကြ၊ သဘောထား ထုတ်ဖော်ကြတယ်၊ ဘာအဓိပ္ပါယ်နဲ့ ပြောနေကြတယ်ဆိုတာ အပြည့်အဝ နားလည်နိုင်ပေမယ့် အခြားတဘက်မှာတော့ ၈၈ တုန်းကလို လုပ်သမျှ ငုံ့ခံမယ့် ငတုံးတွေမဟုတ်ဘူး၊ ၈၈တုန်းကလို လွယ်လွယ် လက်မြှောက် အရှုံးပေးမယ့်သူတွေ မဟုတ်ဘူး ဆိုတဲ့အဓိပ္ပါယ် သက်ရောက်မှုမျိုးတွေလည်း ရှိနေတဲ့အတွက် ၈၈ မှာတုန်းက အခုကာလလိုပဲ စွန့်လွှတ်အနစ်နာခံသွားသူ များစွာကိုယ်စား အတော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ဒီကနေ့ ရှေ့ဆုံးတန်းက အသက်စွန့်ပြီး အနစ်နာခံနေသူတွေရဲ့အသံကို ဆန့်ကျင် တုန့်ပြန် ဝေဖန်တာမျိုး မလုပ်ချင်လို့ ဘာမှ တုန့်ပြန်မရေးခဲ့ပါဘူး။
ဒီနေ့တော့ ‘၈၈’ နှစ်ပတ်လည်နေ့ နီးတဲ့ကာလဖြစ်နေတော့ သမိုင်းကိုလည်း အမှန်သိရအောင် ၈၈ အကြောင်း မြင်သာရုံဖြစ်ဖြစ် ပြောမှဖြစ်မယ်ဆိုတာကို တွေးမိပါတယ်။ တကယ်တော့ လူပြောသူပြောများလာရင် အဲဒါက သမိုင်းအမှန်လိုလို ဖြစ်သွားပြီး အမှတ်မှားသွားတာတွေ ရှိတတ်လို့ပါ။ ဥပမာအချို့ ပြောရရင် နီရိုးဘုရင်က ရောမမီးလောင်တုန်း တယောထိုးတယ်ဆိုတာ မဟုတ်ပါဘူးတဲ့။ (အဲဒီခေတ်က တယောတောင် မပေါ်သေးဘူးတဲ့၊ ပြီးတော့ နီရိုးက အဲဒီအချိန်က ၃၅ မိုင်ဝေးရာကို ရောက်နေပြီး မီးလောင်ပြီးတဲ့အခါ သူ့နန်းတော်ကိုတောင် ခိုလှုံရာအဖြစ် ခွင့်ပြုခဲ့ပါသတဲ့။) မေရီအင်တွိုင်းနက်က ပေါင်မုန့်မရှိ၊ ကိတ်မုန့်စားပေါ့ လို့ ပြောခဲ့တာလည်း မဟုတ်ဘူးတဲ့။ (အလားတူစကားကို ရှေးက ပြင်သစ်မိဖုရားကြီး တပါးကတော့ ပြောဖူးသတဲ့)၊ နပိုလီယံက လူပုလေးဆိုတာလည်း မဟုတ်ဘူးတဲ့ (သူက ၅ ပေ၇ လက်မရှိပြီး အဲဒီအချိန်က ပြင်သစ်အများစုထက် အရပ်ရှည်ပါသတဲ့) စသည် စသည်များဟာ လူပြောသူပြောကနေ အမှားကြာတော့ အမှန်ဖြစ်ပြီး သမိုင်းလိုလို ဖြစ်သွားတာလို့ ဆိုကြပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတင်နိုင်မှု အလွန်အားနည်းခဲ့ရတဲ့ ၈၈ အကြောင်း နည်းနည်းတော့ ပြောပါရစေ။
၈၈ ဟာ ရုတ်ချည်းပေါ်ပေါက်လာတာ မဟုတ်ဘဲ ၁၉၈၇ စက်တင်ဘာ ၅ ရက် ငွေစက္ကူ တရားမဝင်ကြေငြာမှု၊ ၁၉၈၈ မတ် ၁၃ ဖုန်းမော် အရေးအခင်း၊ ၁၉၈၈ မတ်လ ၁၆ ရက် တံတားနီအရေးအခင်း၊ ၁၉၈၈ မတ်လ ၁၈ ရက်နေ့မှာ ကျောင်းသားတွေကို ဖမ်းတဲ့အခါ အချုပ်ကားမလုံလောက်လို့ သားငါးပို့တဲ့အအေးခန်းအလုံပိတ်ကားထဲ ပြွတ်သိပ်ထည့်ပြီး ထောင်ကိုပို့ရာမှာ ၄၁ ယောက်စလုံး မွန်းကြပ်သေဆုံးခဲ့မှု၊ ၁၉၈၈ ဇွန် ၂၁ရက် မြေနီကုန်းအရေးအခင်း စတဲ့ ဖြစ်ရပ်များရဲ့ နာကျည်း ခံပြင်းမှုတွေကတဆင့် စစ်အစိုးရကို ကျောင်းသားလူငယ်တွေ ဦးဆောင်မှုနဲ့ ရက်အတိအကျ သတ်မှတ် စိန်ခေါ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ စိန်ခေါ်ထားတဲ့ (၈.၈.၁၉၈၈) နေ့ မတိုင်ခင် ဇူလိုင်လ ၂၃ ရက်နေ့မှာ အာဏာရှင်ထိုင်ခုံကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌအဖြစ် ယူထားတဲ့ ဦး နေဝင်း ရာထူးက နုတ်ထွက်သွားခဲ့ပြီး “နောင်ဆိုရင် သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘဲ တည့်တည့်ပစ်မှာဖြစ်ကြောင်း” ခြိမ်းခြောက်သွားခဲ့ပါတယ်။ သမ္မတ ဦးစန်းယုလည်း သူနဲ့အတူ နုတ်ထွက်သွားခဲ့ပြီး သမ္မတအဖြစ် သဘောထားတင်းမာသူ ဦးစိန်လွင်ကို တာဝန်ပေးခဲ့ကြပါတယ်။
၈.၈.၁၉၈၈ နေ့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ကျောင်းသား၊ အလုပ်သမားနဲ့အတူ ပြည်သူများပါ တစတစ ပူးပေါင်းပါဝင်လာပြီး ညနေ ၃ နာရီခန့်မှာ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာ နေရာမလပ် လူပင်လယ်ကြီး ဖြစ်သွားခဲ့တာဟာဖြင့် မကြုံဖူးတဲ့သမိုင်းဖြစ်ပြီး နောင် ၃၃ နှစ်အကြာ ၂၂.၂.၂၀၂၁ (၂ ငါးလုံး) မြင်ကွင်းအတိုင်းဖြစ်ပြီး ဒါမျိုးကို ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ဦးသန့်အလောင်းကို ကျောင်းကိုသယ်ယူလာစဥ် တက္ကသိုလ်ရိပ်သာလမ်းမှာ တွေ့ဖူးခဲ့ပြီး ၈၈ အရေးအခင်းမှာမှ ထပ်ကြုံရတာ ဖြစ်ပါတယ်။ ဦးနေဝင်းက တည့်တည့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတိုင်း ခက်ထန် မာကြောသူ ဦးစိန်လွင်က အဲဒီနေ့ညမှာ မြို့တော်ခန်းမရှေ့က လူစုလူဝေးကို ပစ်ခတ် သတ်ဖြတ် ဖြိုခွဲရာကစပြီး ဦးစိန်လွင်ဟာ ၁၇ ရက်သာ သမ္မတလုပ်ခဲ့ပေမယ့် နေ့စဥ်ရက်ဆက် ရက်ရက်စက်စက် တည့်တည့်ချိန်ပစ်ခဲ့လို့ လူထောင်ပေါင်းများစွာ သေဆုံးမှုဟာ ၁၀,၀၀၀ ခန့်အထိပင် ရှိနိုင်တယ်လို့ ခန့်မှန်းကြရာမှာ ဦးစိန်လွင်ဟာလည်း နိုင်ငံတကာမီဒီယာများက ကင်မွန်းတပ်တဲ့ ရန်ကုန်မြို့က သားသတ်သမား (Butcher of Rangoon) ဘွဲ့ကို ရရှိသွားပါတယ်။
အမှန်တော့ ၈၈ ကာလမှာ လူ ၁၀,၀၀၀ လောက် အသတ်ခံရတယ်လို့ နိုင်ငံတကာမီဒီယာများက ခန့်မှန်းကြရာမှာ ၈၈ ကာလတခုလုံးကို ပြောပုံရပါတယ်။ ဒါပေမဲ့ ဦးစိန်လွင်အကြောင်းရေးတဲ့ ပြည်ပ သတင်းမှတ်တမ်းတွေ ဆောင်းပါးတွေကို ပြန်ဖတ်တဲ့အခါမှာ လူ ၅,၀၀၀ က ၁၀,၀၀၀ ခန့်အထိ သူ့လက်ချက်နဲ့ သေဆုံးတယ်လို့ပဲ အများအားဖြင့် ရေးကြတာ တွေ့ပါတယ်။ ဒါက အမှန်နဲ့ ဘယ်လောက်နီးစပ်သလဲဆိုရင် ဘယ်သူမှ ပြောနိုင်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ မှာ ဒါတွေကို မှတ်တမ်းတင်ပေးမယ့် ဒီကနေ့ AAPP လို အဖွဲ့အစည်းမျိုး မဆိုထားနဲ့ ပုဂ္ဂလိကမီဒီယာတို့၊ ပုဂ္ဂလိကသတင်းစာတို့လည်း မရှိ။ ပြည်ပ NGO မဆိုထားနဲ့ ပြည်တွင်း ပရဟိတအသင်းအဖွဲ့လည်း မရှိတဲ့အပြင် နိုင်ငံခြားသတင်းဌာနများက သတင်းထောက်တွေ အထိုက်အလျောက်ရှိပေမယ့် သက်ဆိုင်ရာ သတင်းဌာနကို သတင်းပေးပို့တော့ အစိုးရဌာနဖြစ်တဲ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းရဲ့ အစိုးရပိုင် တယ်လီဖုန်း၊ အစိုးရပိုင် ကြေးနန်းရုံးတို့ကနေ ပို့ရတာမို့ အသက်နဲ့ ဘဝနဲ့ ရင်းပြီးပို့ရမယ့် သတင်းမျိုးဖြစ်နေတော့ ဘယ်နှယောက်သေတယ်ဆိုတဲ့ တိကျမှန်ကန်တဲ့ မှတ်တမ်းမျိုး ရှိနိုင်စရာ မရှိပါဘူး။ ပို့ချင်ရင်တောင် သတင်းလိုက်ဖို့လည်း မလွယ်ပါဘူး။
ဦးစိန်လွင်ဟာ ၁၇ ရက် သမ္မတလုပ်ခဲ့တဲ့ သက်တမ်းအတွင်း သူ့အိမ်ကနေ သူကိုယ်တိုင် အသေးစိတ် ညွှန်ကြားပြီး ရက်စက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပေမယ့် သေတဲ့အရေအတွက်ကို မှတ်တမ်းတင်ပေးမယ့် ပုဂ္ဂိုလ်ရော၊ အဖွဲ့အစည်းရော၊ စနစ်ပါ မရှိပါဘူး။ ဦးစိန်လွင်ကိုယ်တိုင် စက်ပေါ်ကနေ အသေးစိတ် ညွှန်ကြားပြီး သတ်ဖြတ်ခိုင်း ပစ်ခတ်ခိုင်းတာကို မျက်မြင်ကိုယ်တွေ့ သိခဲ့သူတွေ ရှိပေမယ့် ဒါကို မှတ် တမ်း တင်နိုင်ခဲ့တဲ့အနေအထားလည်း မရှိပါဘူး။ မျက်မြင်ကြုံခဲ့တယ်ဆိုသူ တချို့တွေဆို ကွယ်လွန်သွားကြပြီ ဖြစ်ပါတယ်။
ဦိးစိန်လွင်ရဲ့ ၁၇ ရက် သမ္မတသက်တမ်း မရောက်မီ ၈ လေးလုံးမတိုင်ခင် ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ ဖုန်းမော်အရေးအခင်းမှာ ဖုန်းမော်ကျဆုံးတယ်လို့ အသိများကြပါတယ်။ တကယ်တော့ ကိုဖုန်းမော်အပြင် သေနတ်မှန်ခဲ့သူ ကျောင်းသားနှစ်ဦးရှိပြီး တဦးဖြစ်တဲ့ ကိုစိုးနိုင်ဟာ ဆေးရုံမှာ ၂၃ ရက်အကြာ ကွယ်လွန်ခဲ့ပြီး နောက်ထပ် ရင်ဘတ်ကို ကျည်ဆံမှန်တဲ့ ကိုမြင့်ဦးဟာ ဆေးရုံမှာ အလူးအလဲကုရပြီး ကံအားလျော်စွာ အသက်ရှင်ခဲ့တာကို လူအများမသိကြဘဲ နောင် နှစ်ပေါင်း ၂၅၊ ၃၀ ကျမှ ပြည့်ပြည့်စုံစုံ သိကြရပါတယ်။
ဖုန်းမော်အရေးအခင်းရဲ့ နောက်ဆက်တွဲ မတ် ၁၆ ရက်နေ့ တံတားဖြူအရေးအခင်းမှာ ဦးစိန်လွင်အမိန့်အရ လုံထိန်းတပ်ဖွဲ့လက်ချက်နဲ့ လူ ၂၀၀ ခန့် သေဆုံးတယ်လို့ အဆိုရှိပေမယ့် လူ ၂၀၀ က ဘယ်သူတွေဆိုတာ မှတ်တမ်းမရှိပါဘူး။ ဆက်တိုက်ဆိုသလို မတ်လ ၁၈ ရက်နေ့မှာ မြို့လယ်က ဆန္ဒပြ ကျောင်းသားများကို ရာထောင်ချီ ဖမ်းဆီးရာမှာ အချုပ်ကားမလောက်တဲ့အတွက် ပုလဲနဲ့ငါးကော်ပိုရေးရှင်းက ငါးပုဇွန်ထည့်တဲ့ အအေးခန်းကားထဲ ပြွတ်သိပ်ထည့်ပြီး အင်းစိန်ထောင်ကို ပို့ရာမှာ အဲယားကွန်းမဖွင့်လို့ ကားပေါ်ပါ ၄၁ ယောက်စလုံး သေဆုံးခဲ့ကြောင်း ထိုစဉ်က အစိုးရကိုယ်တိုင် ဝန်ခံထားတဲ့ သတင်းမှတ်တမ်းရှိပါတယ်။ အဲဒီကိစ္စမှာ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို ရာထူးက ထုတ်ပယ်ခဲ့တဲ့အထိ အရေးယူတာရှိပေမယ့် သေဆုံးသွားခဲ့ရတဲ့ ၄၁ ယောက်က ဘယ်သူတွေဆိုတဲ့မှတ်တမ်း လုံးဝမရှိပါဘူး။ ဒီလိုပဲ ၈.၈.၈၈ မှ ၁၂.၈.၁၉၈၈ နေ့အထိ လမ်းပေါ် ဆန္ဒပြလူစုကို စစ်တပ်က တဘက်သတ် သွေးအေးအေး လိုက်လံပစ်ခတ်သတ်ဖြတ်ရာမှာ ဗီဒီယိုဝေးလို့ ဓာတ်ပုံမှတ်တမ်းတောင် မရှိပါဘူး။ ကင်မရာဆိုတာက ခုခေတ်လိုမပေါများ၊ တကယ့် ရှားပါးပစ္စည်း ဖြစ်တဲ့အပြင် ထောက်လှမ်းရေးကွန်ရက် ထူထပ်တဲ့နိုင်ငံမှာ ဘယ်သူမှ မရိုက်ရဲပါဘူး။ ပြီးတော့ အဲဒီကာလက ဆန္ဒပြတာလို အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကင်မရာနဲ့ရိုက်ရင် ဒါဟာ ထောက်လှမ်းရေးက ရိုက်ခိုင်းတာ သို့မဟုတ် ထောက်လှမ်းရေးကိုယ်တိုင် ရိုက်နေတာလို့ အမြင်ရှိကြပြီး ရန်ရှာတတ်တာလည်းရှိလို့ ဓာတ်ပုံမှတ်တမ်း ရှားပါးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မျက်စေ့အောက်မှာ တွေ့ရာလူကိုပစ်ခတ်တာ မြင်ရဖူးသလို ကိုယ်တိုင်လည်း သူတို့လိုက်လံပစ်ခတ်တာ ခံရဖူးပါတယ်။ လိုက်လံပစ်ခတ်တာကို ပြေးလွှားပုန်းရှောင်ရင်း အိမ်လှေကားခုံဆင့်အောက်ထဲ ပြားပြားဝပ်ပုန်းနေတာကို အိမ်ပေါ်အိမ် အောက် ရမ်းသမ်းပြီး ကြုံရာပစ်ခတ်ရာမှာ ကိုယ့်ဘေးကအိမ်တိုင်ကို မှန်တဲ့အထိ ကြုံရဖူးပါတယ်။ ကံသီလို့သာ အခုလိုစာမျိုး ရေးနိုင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်မှန်ရင် ဆေးရုံကိုပို့ပေးမယ့် သူနာပြုယာဥ်တို့ ပရဟိတအသင်းတို့ ရှိတာမှမဟုတ်တာ။ ဆိုက်ကားပေါ်တင်ပြီး အိမ်ကိုပြန်ခေါ်၊ သေတာကို ထိုင်ကြည့်ကြရတာက များတယ်။ ရန်ကုန်မြို့ထဲမှာ အပစ်ခံရရင်တော့ ရန်ကုန်ဆေးရုံကြီးကိုပို့ပြီး ကုကြပါတယ်။ ဆေးရုံကြီးကလွဲပြီး အားကိုးစရာလည်း မရှိဘူးလေ။
မတ်လ ၁၀ ရက်နေ့မှာတော့ သူတို့ပစ်သတ်သူတွေကို ရှင်အောင်ကြိုးစားပေးနေတဲ့ ဆေးရုံကြီးကို စစ်တပ်က မျက်စေ့နောက်လာတယ် ထင်ပါရဲ့။ ဆေးရုံကြီးကို သေနတ်နဲ့ သွားပစ်တာ သူနာပြုဆရာမတဦးနဲ့ မေးလ်နပ်စ်တဦးကို သေနတ်မှန်သွားပါတယ်။ ဒီဖြစ်ရပ်ဟာ တိုက်ပွဲဖြစ်ရင်တောင် ရှောင်ကြဥ်ရတဲ့ ဆေးရုံကြီးကို ပစ်ခတ်တာ အလွန်ဆိုးဝါးတဲ့လုပ်ရပ် ဖြစ်တဲ့အတွက် ရှေ့နေများရဲ့ ဘားကောင်စီက ကန့်ကွက်တဲ့စာ ထွက်လာပါတယ်။ အာဏာရှင်တွေ ဥပဒေမဲ့လုပ်သမျှ ၂၆ နှစ်လောက် လှိမ့်ခံနေရတဲ့ တိုင်းပြည်မှာ ဥပဒေပညာရှင်တွေက လက်မှတ်ရေးထိုး ကန့်ကွက်လိုက်တဲ့စာဟာ လှုပ်ခတ်မှုဖြစ်စေပါ တယ်။ ဒါပေမဲ့ ညကျတော့ မြန်မာ့အသံသတင်းမှာ ဆေးရုံကြီးကို စစ်တပ်က ပစ်ခတ်သည်ဆိုသည်မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းက ဖြေရှင်းစာထွက်လာတော့ လူတွေက ဆရာဝန်အသင်းကို ဒေါသထွက်ကြတယ်။ ဒါပေမဲ့ နောက်နေ့မှာ ယင်းဖြေရှင်းစာဟာ ကျန်းမာရေးဝန်ကြီး ဦးထွန်းဝေက အဓမ္မဆောင်ရွက်ခဲ့တာဖြစ်ပြီး အမှန်မဟုတ်ကြောင်း ဆရာဝန်အသင်းမှ ဒေါက်တာအောင်ခင်ဆင့်နဲ့ ဒေါက်တာသက်ထားဝေတို့ လက်မှတ်ရေးထိုး ဖြေရှင်းစာ ထပ်ထွက်လာလို့ လူတွေရဲ့ဒေါသက အစိုးရဆီ ပြန်ရောက်သွားတယ်။ ဒီအကျိုးဆက်အဖြစ် ပစ်ခတ် နှိမ်နင်းနေတဲ့ကြားကပဲ ဆရာဝန်နဲ့သူနာပြုများ ဂျူတီကုတ်များ၊ နားကြပ်များနဲ့ လမ်းပေါ် တန်းစီထွက်လာကြပါတော့တယ်။ ဆရာဝန်တွေတောင် လမ်းပေါ်ရောက်ကုန်ပြီ ဆိုတဲ့အသံက ဌာနအသီးသီးက ဝန်ထမ်းတွေကို လမ်းပေါ်ထွက်လာအောင် လှုပ်နှိုးလိုက်သလို ဖြစ်သွားပါတယ်။
ဒီအကြောင်းကို ပြန်ပြောရတာက ၈၈ တုန်းကလည်း အခုကာလလိုပဲ ဆေးကုသူတွေ ပရဟိတသမားတွေကို ရန်သူလို သဘောထားတယ်၊ အမှားတွေကို မုသားတွေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားပြီး မပီပြင်တဲ့ အဲဒီမုသားတွေကို လိမ်လည်မှုအသစ်တွေနဲ့ တန်ဆာဆင်ဖို့ ကြိုးစားတတ်တယ် ဆိုတာတွေဟာ အာဏာရှင် တွေရဲ့ တူညီတဲ့လုပ်ဟန်ဆိုတာ မြင်ဖို့ရယ်၊ ဒီလုပ်ဟန်တွေကနေ ဆန့်ကျင်ဘက် အကျိုးဆက်တွေကိုပဲ အမြဲမွေးဖွားတယ်ဆိုတာ သိစေချင်တာပါ။
တခုကွာခြားတာက အခုကာလ လှုပ်ရှားမှုမှာ နိုင်ငံရေးအရ စည်းရုံး ဆက်သွယ် ဆက်စပ်ပေးမယ့် NLD လို၊ ၈၈ ပွင့်လင်းလို၊ လူ့ဘောင်သစ်လို၊ ကျောင်းသားနဲ့ အလုပ်သမားသမဂ္ဂများလို အဖွဲ့အစည်းတွေကို ၁၉၈၈ မတိုင်ခင်မှာ ဖွဲ့ခွင့်မရခဲ့ဘဲ တော်လှန်ရေးကာလမှာမှ သပိတ်အင်အားစု၊ တော်လှန်ရေးအင် အားစုတွေအတွင်းမှာ တဖွဲ့နဲ့တဖွဲ့၊ တဌာနနဲ့ တဌာန ဆက်သွယ် ဆက်စပ်မှုရှိဖို့ ခက်ရုံမက ကျောင်းအလိုက် ရုံးအလိုက် စက်ရုံအလိုက် လှုပ်ရှားမှုများမှာ ၁၉၈၈ လှုပ်ရှားမှုတွေ စစချင်းမှာ ဦးဆောင်အဖွဲ့အစည်း မရှိသေးဘဲ တက်ကြွသူတချို့ရဲ့ ဦးဆောင်မှုနဲ့ပဲ အစပြုခဲ့ကြတယ် ဆိုတာပါပဲ။ တော်လှန်ရေး မစခင်မှာ ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းတွေ လျှို့ဝှက်ဖွဲ့စည်းရာကနေ တော်လှန်ရေး အရှိန်ရလာတာနဲ့ ဌာနအလိုက် အဖွဲ့အစည်းအလိုက် သမဂ္ဂများ ဖွဲ့စည်းခဲ့ကြပါတယ်။ ဌာနအလိုက် အလုပ်သမားသမဂ္ဂများ၊ ဝန်ထမ်းသမဂ္ဂများအပြင် ရုပ်ရှင်သမဂ္ဂ၊ စာပေနဲ့စာနယ်ဇင်းသမဂ္ဂ၊ ပန်းချီပန်းပုသမဂ္ဂ ဆိုတာမျိုးတွေလည်း ပေါ်ပေါက်လာပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီကာလက ဦးစိန်လွင်အစိုးရရဲ့ ကြိမ်းဝါးသံက လူတသန်းလောက် သတ်ပြရင် ငြိမ်သွားလိမ့်မယ် ဆိုတာမျိုး၊ မငြိမ်ရင်လည်း အကုန်သတ်ပစ်၊ မြေကြီးချည်းကျန်ရင် မြေကြီးပဲ အုပ်ချုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ခဲ့တာဟာလည်း ဒီနေ့အထိ ပဲ့တင်ထပ် တူညီနေတုန်းပဲဆိုတာလည်း မြင်သာပါတယ်။ ဒါပေမဲ့ လူများများသတ်ပြရင် ကြောက်သွားမယ်လို့ ထင်ခဲ့တာဟာ တကယ်တန်းကျ သေမထူး နေမထူး ပိုစွန့်စားလိုတဲ့ စိတ်ကိုသာ ဖြစ်စေတယ်ဆိုတာ လမ်းပေါ်ကို ဆရာဝန်လို သူနာပြုလို ပညာရှင်တွေသာမက အကောက်ခွန်လိုဌာနက ဝန်ထမ်းတွေနဲ့ အနုပညာရှင်တချို့ပါ ထွက်လာခြင်းက သက်သေ ထူလိုက်တော့ အာဏာရှင်အစိုးရဟာ သတ်ရကျိုးမနပ် ဖြစ်ရပါတယ်။
ဆေးရုံကြီးကိုပစ်ခတ်ပြီး နှစ်ရက်အကြာ သြဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီ သတင်းမှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ သတင်းတပုဒ် ကြားလိုက်ကြရပြီး အဲဒီကာလက ရပ်ကွက်ထဲ ရှားရှားပါးပါး တီဗွီရှိတဲ့ အိမ်များရှေ့မှာ စုရုံး ရောက်ရှိ နားထောင်နေကြတဲ့ ပြည်သူတွေရဲ့ ဟေးခနဲ အော်ဟစ် အောင်ပွဲခံသံ ထွက်လာပါတယ်။ အဲဒီသတင်းကတော့ လူကြမ်းမင်းသား ဦးစိန်လွင် သမ္မတအဖြစ်က နုတ်ထွက်သွားပြီဆိုတဲ့ သတင်းထူးပဲ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Be the first to comment