မောင်လွင်မွန် (ကသာ)
၈၈ သမိုင်းမှာ ဒီနေ့ စီဒီအမ်လို့ ခေတ်စားလူသိများတဲ့ Civil Disobedience Movement ဆိုတာ ရှိခဲ့သလားလို့ မေးစရာ ရှိနိုင်ပါတယ်။ အမှန်တော့ Civil Disobedience ဆိုတဲ့ စကားလုံးက ၁၈၄၈ ခုနှစ်ကတည်းက Henry David Thoreau ဆိုတဲ့ပုဂ္ဂိုလ် က စသုံးစွဲခဲ့ပြီး ဒီနည်းနာကို ဂန္ဒီကြီးတို့လည်း သုံးခဲ့တာ ဖြစ်လေတော့ ၁၉၈၈ မှာကို အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုလိုနီခေတ်နဲ့ ဖဆပလ၊ မဆလခေတ်အသီးသီးမှာ နိုင်ငံရေးလုပ်ဟန်အဖြစ် “သပိတ်မှောက်” ခဲ့ကြရာမှာ အာဏာဖီဆန်မှုဆိုတာ ရှိပြီးသားမို့ ၁၉၈၈ မှာလည်း CDM လှုပ်ရှားမှုလို့ အမည်မတပ်ခဲ့ပေမယ့် အာဏာဖီဆန်ပြီး ဆန့်ကျင်သပိတ် မှောက်ခဲ့ရာမှာ လမ်းပေါ်ထွက်၊ တန်းစီ၊ ချီတက်၊ ကြွေးကြော်၊ ရုံးမတက်၊ ကျောင်းမတက် အလုပ်မဆင်း စတဲ့ ဒီနေ့လှုပ် ရှားမှုများနဲ့ ထပ်တူ ဆောင်ရွက်ခဲ့ တာအပြင် ထူးထူးခြားခြား အလုပ်ဆင်း ရုံးတက်ပြီး အစိုးရနဲ့ပတ်သက်တဲ့အလုပ်ကို တခုမှ လုပ်မပေးဘူးဆိုပြီး အာဏာဖီဆန်နိုင်ခဲ့တာတွေပင် ရှိခဲ့ပါတယ်။
ဥပမာဆိုရင် ကျနော်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ ၃၀.၈ ၈၈ မှာ ဘဏ်သမဂ္ဂဖွဲ့ပြီးချိန်ကနေ ဘဏ် လုံးဝသပိတ်မှောက်ပြီး ပိတ်လိုက်တဲ့ ၈.၉.၈၈ ရက်နေ့အတွင်း တပတ်ကျော်ကာလမှာ ပြည်သူတွေရဲ့ ငွေကြေးကိစ္စတွေကိုပဲ ဆောင်ရွက်ပေးပြီး အစိုးရရဲ့ ငွေလွှဲ၊ ငွေပို့၊ ငွေထုတ်၊ ငွေသွင်းကိစ္စအာလုံးကို လုံးဝ လုပ်မပေးတော့ကြောင်း ကြေငြာပြီး ရပ်ဆိုင်းထားခဲ့ပါတယ်။ အဲဒီကာလမှာ ပြည်ပမှာ ဆေးသွားကုနေတဲ့ ဝန်ကြီးကို ငွေပို့ပေးဖို့ကိစ္စ၊ တရုတ်ပြည်ကို လေ့လာရေးခရီးသွားမယ့် အစိုးရရဲ့ အလုပ်သမားဌာနက အရာထမ်းများကို နိုင်ငံခြားငွေ ထုတ်ပေးမယ့်ကိစ္စတွေကို ဘဏ်ဝန်ထမ်းများသမဂ္ဂက ကန့်ကွက်လို့ လုပ်မပေးရတဲ့အပြင် ဒီလို ကန်ကွက်ခဲ့ကြောင်း သတင်းစာထဲ ထည့်ခဲ့ပါသေးတယ်။
သတင်းစာဆိုလို့ သတင်းစာတွေဘက်က လုပ်ခဲ့နိုင်ပုံကို ပြန်ပြောရရင် အဲဒီကာလက ပုဂ္ဂလိက နေ့စဥ်သတင်းစာ တစောင်မှမရှိသေးဘဲ လုပ်သား၊ ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ Working People နဲ့ Guardian သတင်းစာအားလုံးက နိုင်ငံပိုင်ဖြစ်ပါတယ်။ သတင်းစာဆရာများက တခြားဝန်ထမ်းများနည်းတူ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြရာကနေ ၁၉.၈.၈၈ မှာ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာတဲ့နောက် လက်ရှိ ဆန္ဒပြသတင်းများလို အမှန်ဖြစ်ပျက်နေသည်များကို ဖော်ပြခွင့်မရှိရင် သတင်းစာမထုတ်ဘူးဆိုကာ သြဂုတ်လ ၂၅၊ ၂၆၊ ၂၇ သုံးရက်ကို သတင်းစာများမထွက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ အစိုးရက ညှိနှိုင်းဆွေးနွေးပြီး ဆန္ဒပြသတင်းများလည်း ထည့်၊ အစိုးရရဲ့ ထုတ်ပြန်ချက်၊ ကြေငြာချက် စသည်များလည်းထည့်ဖို့ သဘောတူပြီးမှ သတင်းစာများ ပြန်ထွက်လာကာ နိုင်ငံပိုင်သတင်းစာများကနေ ဆန္ဒပြသတင်းများ၊ ဓါတ်ပုံများ၊ နိုင်ငံရေးဆောင်းပါးများ ဖော်ပြလာနိုင်တာ ဖြစ်ပါတယ်။ သတင်းစာတွေ ၃ ရက် သပိတ်မှောက်ထားတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ အရေးပေါ်လွှတ်တော် ခေါ်ယူကြောင်းနဲ့အတူ သမ္မတ ဒေါက်တာမောင်မောင်က မိန့်ခွန်းပြောခဲ့ရာမှာ နောက်ရက် သတင်းစာတွေမထွက်တော့ သမ္မတမိန့်ခွန်းက ပြည်သူ့ဆီ ပျံ့နှံ့ဖို့တောင် ခက်သွားခဲ့ပြီး မြန်မာ့အသံက အဲဒီ မိန့်ခွန်းကို တရက်တည်းမှာ ၁၁ ကြိမ်အထိ အသံလွှင့်ပေးခဲ့ပါတယ်။
အရေးပေါ်လွှတ်တော် ခေါ်ရာမှာလည်း ကားတွေ ရထားတွေ သပိတ်မှောက်ထားလို့ နယ်ဝေးက ကိုယ်စားလှယ်တွေကို အထူးလေယာဥ်နဲ့ ခေါ်ရပြီး လွှတ် တော်ဝန်ဆောင်မှုတွေကို မပေးကြောင်း ဆောက်လုပ်ရေးဝန်ထမ်းများသမဂ္ဂက ကြေငြာသလို စားသောက်ကုန်လုပ်ငန်းကလည်း ကိုယ်စားလှယ်များကို ကျွေးမွေးနေကျတာဝန်ကို သပိတ်မှောက်ပါတယ်။
ဒီလို အာဏာဖီဆန်မှုနဲ့ သပိတ်မှောက်မှုကို ၁၉၈၈ မှာ အစိုးရဌာနတွေထဲ ပထမဆုံး လုပ်ခဲ့တာကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ထူးခြားချက် က တပ်မတော်အရာရှိဟောင်းလည်းဖြစ်တဲ့ ညွှန်ချုပ် ဗိုလ်မှူးသန်းထွန်းဆိုသူက ဦးဆောင်လုပ်ခဲ့တာဖြစ်ပြီး VIP ဖုန်းလိုင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ဆက်သွယ်ရေးဌာန သပိတ်ခေါင်းဆောင်တဦးက ပြောပြဖူးပါတယ်။ ဒါပေမဲ့ ဒီပြတ်သွားတဲ့ဖုန်းလိုင်းတွေ အဲဒီကာလက အထွေထွေမန်နေဂျာဖြစ်တဲ့ ဦးစိုးသာက ပြန်သွယ်ပေးခဲ့ပါသတဲ့။ ဒီအတွက် ဦးစိုးသာဟာ ဆက်သွယ်ရေးညွှန်ချုပ်ဖြစ်လာရုံမက အစိုးရနှစ်ဆက် ဝန်ကြီးနဲ့ နောင်တော့ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌအထိ ၂၇ နှစ်လောက် သူကောင်းပြုခံရပြီး ၂၀၁၅ ကျမှ ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခဲ့ပါ တယ်။ ဘာပဲဖြစ်ဖြစ် VIP တွေ ဆယ်စုနှစ်များစွာ ကြီးစိုးခဲ့တဲ့ နိုင်ငံမှာ VIP ဖုန်းလိုင်းတွေ ဖြတ်ပစ်ခဲ့တယ် ဆိုတာကိုတော့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားတဲ့ ဦးဟန်သာမြင့်ဟာလည်း အစောဆုံး သပိတ်မှောက်ခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေး၊ အင်ဂျင်နီယာဌာနက တာဝန်ရှိ အင်ဂျင်နီယာ အရာထမ်းတဦးနဲ့ သပိတ်မှောက်ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။
အာဏာဖီဆန်မှုမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ပါဝင်ခဲ့ပုံကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ ၈.၈.၁၉၈၈ နေ့ညမှာ ပစ်ခတ်ပြီးတဲ့နောက် နောက်ရက်မနက်မှာ သတင်းကြေငြာနေကျ ဦးသိန်းလှမော်နဲ့ ဦးမောင်မောင်ညိန်းတို့က အလိမ်အညာသတင်းတွေ မကြေငြာနိုင်ကြောင်း ငြင်းဆိုတဲ့အတွက် အလုပ်မှ ထုတ်ပယ်ခံရပါတယ်။ နောင်တော့ လှုပ်ရှားမှု ဒီရေလှိုင်းတွေ တရိပ်ရိပ် တက်လာတာနဲ့အမျှ ကြေညာနေကျသူများ သပိတ်မှောက်သူမှောက်၊ ခွင့်ယူသူယူနဲ့ တညမှာတော့ ည ၈ နာရီ သတင်းကြေ ငြာမယ့်သူ မရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရုတ်တရက် အစားထိုး တာဝန်ပေး ခေါ်လာတဲ့ အမျိုးသမီးနှစ်ဦးကို ဖန်သားပြင် မြင်လိုက်ရတော့ ပရိသတ် လန့်သွားခဲ့ဖူးတယ်။ မိတ်ကပ်မလိမ်း မပြင်မဆင် ရုတ်တရက် ပေါ်ထွက်လာကြရရှာသကိုး။ ဒေါ်ခင်မာလေးနဲ့ ဒေါ်မေမေဇင် တို့ အဲဒီနှစ်ဦးမှာ ဒေါ်ခင်မာလေးက ၁၉၉၀ နှစ်များအထိ တာဝန်ထမ်းဆောင်ပြီး ပြည်သူ့မေတ္တာကို ခံယူသွားခဲ့ပါတယ်။ မြန်မာအသံဘက်ကလည်း ထိုစဥ် က ပြည်သူတွေ နားစွဲခဲ့တဲ့ အစီအစဥ်မှူးတွေဖြစ်တဲ့ ဒေါ်မြနှစ်၊ ဒေါ်သန်းနှစ်၊ ဦးဝင်းအောင်၊ ဆရာမ မြသဲဖြူ (မြန်မာ့အသံ) စတဲ့သူတွေအားလုံး အသံလွှင့်ရုံကို စွန့်လွှတ် ထွက်ခွာသွားကြပါတယ်။ မြန်မာ့အသံ ညွန်ကြားရေးမှူးဖြစ်တဲ့အပြင် ကျော်ဦး (မြန်မာ့အသံ) ဆိုတဲ့ စာရေးဆရာတဦးလည်းဖြစ်တဲ့ ဦးကျော်ဦးဟာလည်း သပိတ်မှောက်ရာမှာ ပါဝင်ပြီး သူ့ရာထူးကို စွန့်လွှတ်ခဲ့ရပါတယ်။
အဲဒီကာလက မီးရထား၊ ဘတ်စ်ကား၊ ရေကြောင်းပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ကုန်တိုက်၊ ဟော်တယ်၊ ရုပ်ရှင်ရုံ၊ ဓါတ်ဆီဆိုင်၊ တယ်လီဖုန်း၊ သတင်းစာ စတဲ့ အားလုံးက ပုဂ္ဂလိကလုပ်ကိုင်ခွင့် ပြုမထားဘဲ နိုင်ငံပိုင်ချည်းဖြစ်နေခဲ့တော့ ဒီလုပ်ငန်းတွေအားလုံး သပိတ်မှောက်ကြတဲ့အခါ မြန်မာပြည်ကြီးဟာ အနည်းဆုံး စုစုပေါင်း ၁၈ ရက်က ရက် ၂၀ အထိ သွားလာပို့ဆောင်မှု အကုန်ရပ်၊ အရောင်းအဝယ်တွေ ရပ်တန့်၊ ငွေပေးငွေယူတွေ လုပ်မရဘဲ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်း၊ ဘာမှ ဝယ်မရ ရောင်းမရ အားလုံးလိုလို လုပ်နေကျ အလုပ်တာဝန်များကို ရပ်ဆိုင်းပြီး လမ်းပေါ်ထွက် ဆန္ဒပြတာကိုသာ တညီတညွတ်လုပ်ခဲ့ကြတဲ့ အာဏာဖီဆန်မှု ကာလရှည်တရပ်ဟာ သမိုင်းတကွေ့မှာ အမှန်တကယ် ရှိခဲ့ပါကြောင်းလည်း မှတ်တမ်းတင်လိုပါတယ်။
အထက်မှာ ဒီနေ့ CDM ပုံစံအတိုင်း အာဏာဖီဆန်မှု သပိတ်မှောက်မှုတို့နဲ့ တိုက်ပွဲဝင်ခဲ့ပုံကို ဖော်ပြခဲ့ပါတယ်။ ဒီလိုတင်ပြရာမှာ ၈၈ ကာလကလည်း ဒီခေတ် လို စိတ်ဓါတ်မျိုးနဲ့ပဲ တိုက်ပွဲဝင်ခဲ့ကြတာမို့ မညံ့ခဲ့ကြပါဘူးလို့ ပြောလိုရင်းဖြစ်ပြီး ၈၈ ကာလက ပိုတောင် လုပ်နိုင်ခဲ့သေးတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ၈၈ နဲ့ အခုကာလက နောက်ခံ အ င်းအကျင်းနဲ့ ခေတ်ကာလ ကွာခြားချက်တွေ ရှိနေတော့ အခုကာလ လုပ်နေကြတာ တချို့ ၈၈ တုန်းကလုပ်ဖို့ မဖြစ်နိုင်ခဲ့သလို ၈၈ မှာ လုပ်ခဲ့တာမျိုးတွေကိုလည်း အခုကာလ လုပ်ဖို့မလွယ်တာတွေ အများကြီးရှိမှာပါ။
၈၈ မှာက တချို့ ရုံးဌာနများမှာ ရုံးဖွင့်ပြီးတောင် အာဏာဖီဆန်မှုတွေ လုပ်နိုင်ခဲ့တာကို ဖော်ပြခဲ့ပေမယ့် ဒီကာလမှာ အဲဒီလိုဆောင်ရွက်ဖို့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၈၈ မှာက သပိတ်မှောက်တဲ့ ဌာနတိုင်းမှာ ဝန်ထမ်းများက ယုံကြည်စွာ ရွေး ချယ်ခန့်အပ်ထားတဲ့ သမဂ္ဂများ အရင်ဖွဲ့စည်းပြီးမှ သူတို့ဦးဆောင်မှုနဲ့ လုပ်ပြတာမို့ စီမံခန့်ခွဲမှု အာဏာက သမဂ္ဂလက်ထဲ ရောက်သွားပါတယ်။ ဌာနအကြီးအကဲတွေဖြစ်တဲ့ ညွှန်မှူး၊ ညွှန်ချုပ်၊ ထွေ/ဂျာ စတဲ့သူများကလည်း သမဂ္ဂမှာ မပါရင်တောင် ဝန်ထမ်းအားလုံးဆန္ဒနဲ့ ဖွဲ့ထားတဲ့ သမဂ္ဂများနဲ့ ညှိနှိုင်းပြီး လုပ်ကြတာများပါတယ်။ သမဂ္ဂများမှာလည်း သူတို့ လေးစား ဂရုပြုရလောက်သူများ ပါဝင်လေ့ရှိတာကလည်း တကြောင်းဖြစ်ပါတယ်။
ပြီးတော့ အဲဒီကာလက ဌာနအကြီးအကဲများဟာ အရပ်သားပညာရှင်တွေများပြီး တပ်ကလာသူက သိပ်မများသေးပါဘူး။ ၁၉၈၃ လောက်မှာ မျက်မှန်ကြီးတင်ဦး အာဏာကျသွားတော့ သူခန့်ထားတဲ့ တပ်ကလာသူ ဌာနအကြီးအကဲတွေကို ၁၉၈၅ လောက်မှာ ဖယ်ရှားခဲ့လို့ လူလျော့သွားတာလည်း ပါနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ သမဂ္ဂများနဲ့ သပိတ်မှောက် ဦးဆောင်အဖွဲ့များမှာ အများလေးစားတဲ့ သြဇာရှိတဲ့ပုဂ္ဂိုလ်တွေ ပါနေတာပါ။ ဌာန အတော်များများမှာ ဒီလိုလူတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့ရာမှာ ဌာနအကြီးအကဲများနဲ့ ထိပ်တိုက်တွေ့တယ်၊ ပဋိပက္ခဖြစ်တယ်ဆိုတာတွေ အတော် နည်းခဲ့ပါတယ်။
ဥပမာ ကျန်းမာရေးဌာနအနေနဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမျိုးက ဆန့်ကျင်ကန့် ကွက်ရာမှာ ပါဝင်ခဲ့ပြီး ဒေါက်တာအောင်ခင်ဆင့်တို့၊ ဒေါက်တာ သက်ထားဝေတို့၊ ဒေါက်တာတင်မျိုးဝင်းတို့ ဦးဆောင် ပါဝင်ခဲ့တာမျိုးပါ။ အကောက်ခွန်ကဆိုရင်လည်း အရာရှိများ က ဦးဆောင်ခဲ့သလို ဆက်သွယ်ရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးတို့မှာလည်း လူကြီးတွေ ပါဝင်ဦးဆောင်ကြပါတယ်။
မီးရထားကဆိုရင် မြစ်ငယ်ဘက်က စ သပိတ်မှောက်တာပေမဲ့ ရုံးချုပ်မှာ သမဂ္ဂဖွဲ့ကြတော့ Senior အရာရှိကြီးများဖြစ်တဲ့ ဦးဂျိုဘမောင်တို့၊ ဦးဝင်းအောင် တို့ ပါဝင်ခဲ့ပြီး အဲဒီကာလက MD သို့မဟုတ် GM အဖြစ် ရှိနေပြီး နောင်တနှစ်ကျော်ကြာတော့ မီးရထားဝန်ကြီးဖြစ်လာတဲ့ ဦးဝင်းစိန်ကိုယ်တိုင် တာဝန်ပေးဖွဲ့ခဲ့တာလို့ အဆိုရှိပါတယ်။ မီးရထားက တက်တက်ကြွကြွလည်း တကယ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုပဲ တခြားနေရာတွေမှာလည်း ဥပမာ တက္ကသိုလ်မှာဆိုရင် ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ UTA မှာ ကထိက ဆရာဦးစံတင်တို့၊ ဆရာကိုဌေးလွင် (ထွန်းဇော်ဌေး) တို့အပြင် နာယကအဖြစ် ဆရာ တက္ကသိုလ်ဘုန်းနိုင်တို့ ပါဝင်ခဲ့တာပါ။
စီမံဘဏ္ဍာ ဝန်ကြီးဌာနက ဌာနတွေမှာဆိုရင် လ/ထညွှန်မှူးအဆင့်များ ပါဝင်ဦးဆောင်ကြတာများပြီး အခွန်ဦးစီးမှာဆိုရင် ဦးဇော်ညွန့်တို့၊ စီမံကိန်းဦးစီးမှာဆို ဦးမျိုးမြင့်တို့၊ ဦးစိန်ဌေးတို့၊ ဘတ်ဂျက်ဆိုရင် ဆရာဦးဝင်းငြိမ်းတို့ပါဝင်ပါတယ်။
ဘဏ်တွေကတော့ ရန်ကုန်မှာ ဘဏ်ကြီးလေးဘဏ်ဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့စိုက်ပျိုးရေးဘဏ် (နောင် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်) တွေမှာ သမဂ္ဂကြီး ၄ ခု ဖွဲ့တဲ့အပြင် ၄ ခုပေါင်းပြီး ဘဏ်ပေါင်းစုံသမဂ္ဂဆိုပြီး ထပ်ဖွဲ့ပါတယ်။ ဒါတင်မက မြန်မာ့စီးပွားရေးဘဏ်ရဲ့ ရုံးခွဲတိုင်းမှာ သမဂ္ဂတခုစီရှိပြီး သမဂ္ဂကိုယ်စားလှယ် တဦးစီကို ဘဏ်ပေါင်းစုံသမဂ္ဂမှာ တက်ရောက်ဆွေးနွေးခွင့် ပေးထားပါတယ်။ သမဂ္ဂခေါင်းဆောင်အများစုက ကြီးကြပ်ရေးမှူးအဆင့်တွေ များပြီး လက်ထောက်မန်နေဂျာ အနည်းအကျဥ်းပါပါတယ်။ ဒါက ရန်ကုန်ဘဏ် သပိတ်ကို ဆိုလိုတာဖြစ်ပြီး နယ်ဘဏ်တချို့ မှာတော့ ဘဏ်မန်နေဂျာကြီးများကိုယ်တိုင် ခေါင်းဆောင်ပါဝင်ခဲ့တယ်ဆိုတာ တောင်ကြီးက ဦးဝင်းမောင်၊ ဧရာဝတီတိုင်းက ဦးတင်အောင်၊ မန္တလေးက ဦးစောမောင် စတဲ့ အရာရှိကြီးများဟာ သပိတ်ခေါင်းဆောင်ခဲ့မှုနဲ့ နောင်မှာ အရေးယူခံရတာက သက်သေဖြစ်ပါတယ်။ (မန္တလေး ကွန်ပျူတာလောကမှာ ရှေ့ဆောင်ခဲ့သူတဦးဖြစ်ပြီး နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လာတဲ့ ဦးလှကောင်းဟာလည်း မန္တလေး ဘဏ်လောကရဲ့ သပိတ်ခေါင်းဆောင်တဦး ဖြစ်ပါတယ်။)
ဒီတော့ ဝန်ထမ်းသပိတ်ဟာ ဌာနတိုင်းကို ပိုင်ပိုင်နိုင်နိုင် ထိုးဖောက်ခဲ့ပြီး ပီပီပြင်ပြင် လုပ်နိုင်ခဲ့တာက ဌာနအကြီးအကဲတွေက သပိတ်ကို ဆန့်ကျင်တာ၊ ခြိမ်းခြောက်တာ၊ အရေးယူတာ စသည်များ မလုပ်သလောက်နည်းပြီး ကိုယ်တိုင်မပါဝင်ကြပေမယ့် မနိုင်လို့ လက်ပိုက်ကြည့်ရသလိုမျိုး ပူးပေါင်းဆောင် ရွက်ခဲ့ကြတာ များပါတယ်။
ဒီနေရာမှာ ဒီလိုလုပ်နိုင်ခဲ့ကြခြင်းရဲ့ အဓိကအချက်ကတော့ ဝန်ထမ်းများ သပိတ်မှောက်ကာလမှာ နိုင်ငံအကြီးအကဲ ဒေါက်တာမောင်မောင်က သူ့ရှေ့က ဦးစိန်လွင်လို အ ကြမ်းဖက် သတ်ဖြတ်မယ့်အစား တတ်နိုင်သလောက် ညှိနှိုင်း ဆောင်ရွက်ပြချင်တာကြောင့်လည်း ဖြစ်ပါတယ်။ သပိတ်အင်အားစုတွေ ဦးစီးတဲ့ သတင်းစာများ ကြီးကြပ်ရေးအဖွဲ့နဲ့ ဆွေးနွေးပြီး ဆန္ဒပြသတင်းတွေ နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြခွင့်ရခဲ့တာဟာ ဒီလို နိုင်ငံရေးအခင်းအကျင်းကြောင့်ဖြစ်ပါတယ်။
ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာများက မောင်းချပြီး ပုန်းနေတဲ့နေရာအထိ လိုက်ဖမ်းဆီးကာ ဝန်ထမ်းမတွေ့ရင် မိသားစု ခေါ်သွားတယ်ဆိုတဲ့ (စကစလို) အစိုးရမျိုးသာ အဲဒီကာလဖြစ်ခဲ့ရင်တော့ ဘယ်လိုပဲ သမဂ္ဂတွေဖွဲ့ဖွဲ့၊ ဘယ်သူတွေပဲ ဦးဆောင်ဆောင် အခုလို ရုံးဖွင့်ပြီး အာဏာဖီဆန်နိုင်ခဲ့တယ်လို့ မှတ်တမ်းသမိုင်းကျန်တဲ့ ဝန်ထမ်းသပိတ်မျိုးဖြစ်ခဲ့ဖို့ လွယ်ကူမယ် မထင်ကြောင်းလည်း ဖော်ပြလိုပါတယ်။
(ဆက်ပါဦးမည်)
Be the first to comment