မောင်လွင်မွန် (ကသာ)
ဆက်လက်ပြီးတော့ ၈၈ ကာလက အလုပ်မဆင်းတာ၊ စီတန်း လှည့်လည် ကြွေးကြော်တာ၊ ပိုစတာကပ်တာ စသည်များအပြင် အခြားပုံသဏ္ဌာန်နဲ့ အာဏာဖီဆန်မှုများလည်း ရှိကြောင်း စုစည်းတင်ပြလိုပါတယ်။ တကယ်တော့ ၈၈ကာလမှာ အပြင်းအထန် ပစ်ခတ် သတ်ဖြတ်ခဲ့တာက ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊၁၁ ရက်များဖြစ်ပြီး ၁၂ ရက်နေ့မှာ ဦးစိန်လွင် နုတ်ထွက်သွားတဲ့နောက် ပစ်ခတ်မှုတွေ လျော့သွားသလို ဆန္ဒပြမှုများလည်း အရှိန်တန့်သွားပါတယ်။ ၁၉ ရက်နေ့မှာ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာပြီး စစ်အုပ်ချုပ်ရေးကို ပြန်ရုပ်သိမ်းပေးလိုက်ပြီးနောက် ၂၂ ရက်နေ့မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေ ပြန်စတင်လာပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာအချို့နဲ့ တက္ကသိုလ်များ၊ ရုံးဌာနများမှာ နံရံကပ်ပိုစတာ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့လယ် သံစျေးနဲ့ လသာ သိမ်ကြီးစျေးဝန်းကျင်၊ မြေနီကုန်း၊ လှည်းတန်း၊ အင်းစိန် ဟီးနိုးဂိတ်စျေးအနီး၊ ပန်းဆိုးတန်း တရားရုံးချုပ်ရှေ့၊ ဘဏ်လမ်း၊ ဆေးရုံကြီး စတဲ့နေရာတွေမှာ နံရံကပ်ကြေငြာချက်တွေ၊ သတင်းတွေကို လူတွေ ဝိုင်းအုံဖတ်ရှုတာ တွေ့ရပါတယ်။ ရေးတဲ့ အကြောင်းအရာများနဲ့ ပုံသဏ္ဌာန်ကတော့ ဒီနေ့ ဖေ့စ်ဘွတ်နဲ့ ဆင်တူပါတယ်။ မိတ္တူကူးစက် ပေါ်နေပြီဖြစ်ပေမယ့် သိပ် ပေါပေါများများမရှိသေးဘဲ စာကူးစက်လို့ခေါ်တဲ့ ဖယောင်းစက္ကူနဲ့ လှိမ့်ထုတ်ရတဲ့ မိတ္တူကူးစက် (Cyclostyle) စနစ်ကို အသုံးများပါတယ်။ ဒါတောင် ကျောင်းသားလူငယ်များက စက်မသုံးနိုင်လို့ ဖယောင်းစက္ကူကို မီးချောင်းနဲ့ဖိပြီး တရွက်ချင်း လက်နဲ့ကူးတဲ့စနစ်နဲ့ ပွားယူကြရပါတယ်။
ကပ်ထားတဲ့စာ သုံးပုံတပုံလောက်က တရွက်ချင်း လက်ရေးနဲ့ ကူးရေးထားတဲ့စာတွေ ဖြစ်ပါတယ်။ အဲဒီမှာ ကာတွန်းတွေ၊ ကဗျာတွေ၊ သတင်းတွေ၊ နိုင်ငံတကာ ရေဒီယိုသတင်းများကို လက်နှိပ်စက်နဲ့ ပြန်ရိုက်ထားတဲ့စာတွေ၊ ကြေငြာချက်တွေ၊ လှုံ့ဆော်မှုတွေ၊ အစိုးရဌာနနဲ့ တပ်ထဲကခိုးထုတ်လာတဲ့ ညွှန်ကြားချက်တွေ၊ သတင်းစာဖြတ်ပိုင်းတွေ၊ နံရံကပ်ဆောင်းပါးတွေ စသဖြင့် တွေ့ရပါတယ်။
စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီး မကြာခင်မှာပဲ ရန်ကုန်မြို့လယ် လမ်းမကြီးတွေပေါ်မှာ “ဆန္ဒပြ ပြည်သူများကို ပစ်ခတ်ခြင်းမပြုရန် မေတ္တာရပ်ခံပါသည်” ဆိုတဲ့ နဖူးစည်း စာတမ်းကြီးတွေကို လမ်းဘေးဝဲယာ အမြင့်တိုက်ခန်းများက လမ်းမကြီးကို ကန်လန့်ဖြတ် ချိတ်ဆွဲကြ တာ ရန်ကုန်မြို့လယ်မှာ ဖွေးဖွေးလှုပ်သွားပါတယ်။ ပြည်လမ်းမပေါ်မှာလည်း လမ်းကို ကန့်လန့်ဖြတ်ပြီး ထုံးနဲ့ စာတွေရေးကြပါတယ်။ မှတ်မိတဲ့စာတကြောင်းက “တပ်မတော်ရေ၊ ကျားသေကို အသက်မသွင်းလိုက်ပါနဲ့” တဲ့။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ကျောင်းသားများအကြား ကြားဝင် ညှိနှိုင်းပေးလိုကြောင်း နံရံကပ်သတင်းများအရ သိရပါတယ်။ အလားတူ တပ်မတော်ရဲ့ ပထမဆုံး ဒုကာချုပ်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်စောကြာဒိုးကလည်း ကမ်းလှမ်းကြောင်း သိရပါတယ်။ အစိုးရက တုန့်ပြန်တာ မတွေ့ရပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုများက “မိမိတို့ခင်ပွန်းများ၊ ဖခင်များ၏ အသက်သွေးဖြင့် တည်ဆောက်ထားသော နိုင်ငံတွင် ထပ်မံ၍ သွေးမြေကျသောဖြစ်ရပ်များ မဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်ပေးပါရန်” မေတ္တာရပ်ခံစာတစောင် လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
အဲဒီရက်ပိုင်းမှာပဲ မဆလခေတ်အလံဖြစ်တဲ့ ကြယ်ဖြူ ၁၄ လုံး အလံကို ဇောက်ထိုးလွှင့်တဲ့ လှုပ်ရှားမှုတရပ် ရန်ကုန်မြို့လယ်လမ်းများမှာ စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး ဘားလမ်း၊ ၃၃ လမ်း၊ ၃၄ လမ်း ဝန်းကျင်မှာ အလံဇောက်ထိုး လွှင့်ထူမှုတွေ ရဲရဲတောက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကတဆင့် နောက်ပိုင်း ဆန္ဒပြမှု၊ စီတန်းလှည့်လည်မှုများမှာ အလံဇောက်ထိုး လွှင့်ထူမှုဟာ ခေတ်စားတဲ့အလေ့အထ ဖြစ်လာပါတယ်။ (အလံဇောက်ထိုး လွှင့်ထားတဲ့ လှုပ်ရှားမှု ပုံနှစ်ပုံကို ပူးတွဲဖော်ပြလိုက်ပါတယ်။ အွန်လိုင်းက ပုံများဖြစ်လို့ သက်ဆိုင်ရာ ပညာရှင်များကို ခရက်ဒစ် ပေးပါတယ်)။
စင်ထိုးပြီး ဟောပြောမှုများလည်း ခပ်စိပ်စိပ် ပေါ်ပေါက်လာပါတယ်။ ၁၀ ရက်နေ့က သေနတ်နဲ့အပစ်ခံရတဲ့ ရန်ကုန်ဆေးရုံကြီးဟာ စင်ထိုးဟောပြောမှုအတွက် အစောဆုံး လုစုဝေးရာ ဖြစ်လာခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း စပြောပါတယ်။ ဒီကတဆင့် သြဂုတ်လ ၂၆ ရက်နေ့မှာ ရွှေတိဂုံဘုရား အနောက်မုဒ်မှာ လူထုကို ဒေါ်စု မိန့်ခွန်းပြောမယ့်သတင်းဟာ ချက်ချင်းပျံ့နှံ့သွားပြီး လူတိုင်း အဖွဲ့အစည်းတိုင်း ရုံးတိုင်းက စုရုံးချီတက်ကြဖို့ ပြင်ဆင်ကြပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိက လှုံ့ဆော်ခဲ့သူတဦးအဖြစ် ၁၉၈၈၊ ဇူလိုင်၊ သြဂုတ်ကာလများမှာ လူထု လေးစားယုံကြည်မှု ရခဲ့ရာက ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်အောင်ကြီး ပြန်လည်လွတ်မြောက်လာပြီး ၂၅ ရက်နေ့ညနေမှာပဲ မြေနီကုန်း ပဒုမ္မာကွင်းမှာ ဟောပြောပွဲလုပ်ပါတယ်။ အားတက်သရော တက်ရောက်ခဲ့တဲ့ လူထုဟာ ဗိုလ်အောင်ကြီးရဲ့ “တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့” ဆိုတဲ့စကားကြောင့် စိတ်ပျက် သွားကြပြီး သူ့ကို လူထုထောက်ခံမှုလည်း လုံးဝ ကျဆင်းသွားပါတယ်။
သြဂုတ်လ ၂၆ ရက် ရွှေတိဂုံ အနောက်မုဒ်ပွဲကတော့ အကြမ်းဖက် ပစ်ခတ်လိမ့်မယ်၊ ဗုံးခွဲလိမ့်မယ်လို့ ကောလာဟလတွေ ထွက်နေတဲ့ကြားက အုတ်အော် သောင်းတင်း တက်ရောက်ကြရမှာ လူ ၅ သိန်း တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။ တကယ်တော့ ကွင်းထဲမှာ မဆန့်တော့လို့ မဝင်ရောက်နိုင်ဘဲ ဦးဝိစာရလမ်းတလျှောက် ပိတ်မိနေတဲ့ လူအုပ်စုကြီးကကို သိန်းချီ ရှိနေမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို နားထောင်ပြီး အားကိုးရာမဲ့နေတဲ့ ပြည်သူများဟာ ယုံကြည်အားကိုး မျှော်လင့်စရာ တွေ့လိုက်ရသလို အားရ ကျေနပ်သွားကြပါတယ်။
ဆက်လက်ပြီးတော့ စည်းရုံးလှုံ့ဆော်စာများနဲ့အတူ ၈၈ ကာလမှာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရရှိလာတာနဲ့အမျှ လက်ရေးနဲ့ ပုံနှိပ် သတင်း စာစောင်များ ထုတ်ဝေနိုင်ခဲ့မှုကို တင်ပြလိုပါတယ်။ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုကာလမှာ စာစောင်များ၊ လှုံ့ဆော်စာများ ထုတ်ဝေခဲ့မှုအကြောင်းကို တင်ပြဖို့ ရည်ရွယ်တဲ့အခါ ၈၈ ရဲ့ လှုံ့ဆော်စာများထဲမှာ အစောဆုံး ပျံ့နှံ့ခဲ့ပြီး ပြည်သူအကြား ရိုက်ခတ်မှုတွေရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ကြီးရဲ့ ၄၁ မျက်နှာပါ စာတမ်းနဲ့ နောက်ထပ်ရေးခဲ့တဲ့ စာတမ်းတွေကို ချန်လှပ်ထားဖို့ မသင့်ဘူးလို့ တွေးမိပါတယ်။ ၈၈ အလွန် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ဦးအောင်ကြီးဟာ လူကြိုက်နည်း ခေါင်းဆောင်တဦး ဖြစ်ခဲ့သလိုပဲ သူ့စာတမ်းများကို စိတ်ဝင်တစား ဖတ်ကြ၊ ဖြန့်ဝေကြ လုပ်တဲ့ကာလမှာတောင်မှ ဦးနေဝင်းဆီ လိပ်မူရေးသားတဲ့ ဒီစာတမ်းတွေမှာ “ဗိုလ်ချုပ် ဘာမှမသိဘူး၊ လက်ဝင်မရှိုပါနဲ့” ဆိုတဲ့လေသံနဲ့ နိုင်ငံတွင်း ဖြစ်ပျက်နေတာတွေကို ဖွင့်ချ တင်ပြရင်း ဒါတွေကို စိစစ်အရေးယူပေးဖို့ ဦးနေဝင်းကိုပဲ အားကိုး တိုင်တည်ထားတာကို မကြိုက်သူလည်း များစွာရှိခဲ့ပါတယ်။ ဦးအောင်ကြီးအနေနဲ့က ဦးနေဝင်းကို ထွက်ပေါက်ပေးပြီး ဖြေရှင်းဖို့ ရည်ရွယ်တာ ဒါမှမဟုတ် အဲဒီခေတ်ကာလမှာ ဒီလိုမျိုးတင်ပြမှပဲ ရမယ် လို့ စဥ်းစားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ၈၈ ရဲ့ ကနဦး လှုံ့ဆော်မှုလှိုင်းတွေထဲမှာ အခန်းကဏ္ဍတရပ်အနေနဲ့ ပါခဲ့တဲ့ သူ့စာတွေအကြောင်း သမိုင်းအချက်အလက်အနေနဲ့ တင်ပြလိုခြင်းမျှသာ ဖြစ်ပါတယ်။
၄၁ မျက်နှာစာတမ်းဟာ ဦးနေဝင်းဆီ လိပ်မူပို့တယ်လို့ သမိုင်းတွင်ပေမယ့် စာမှာတော့ ထိုစဥ်က ဒုတိယတန်းခေါင်းဆောင် ဦးစန်းယုနဲ့ ၇ ဦးခန့်အပြင် တော်လှန်ရေးကောင်စီဝင်ဟောင်းများကို လိပ်မူထားပါတယ်။ စာတမ်းမှာ ဦးနုတောခိုစဥ်ကိစ္စနဲ့ တပ်မတော် စတင်ဖွဲ့စည်းသည်မှ မဆလခေတ်အထိ သမိုင်းတလျှောက် သူပါဝင်ပတ်သက်ခဲ့ပုံ၊ အနစ်နာခံ ဆောင်ရွက်ခဲ့ပုံ၊ အများက အထင်လွဲစရာဖြစ်ခဲ့ပုံ၊ အစွပ်စွဲခံ သမိုင်းတရားခံ ဖြစ်ခဲ့ပုံတွေကို အသေးစိတ်ရှင်းပြထားပြီး ထိုကာလ (၁၉၈၈) မှာ တိုင်းပြည်က အမှန်တကယ် ဆင်းရဲတွင်းထဲကျနေပြီး ပြုပြင်ပြောင်းလဲရန် ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုနေပြီဆိုတာ ဖွင့်ချတောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီလိုစာမျိုး ထိုစဥ်ကရေးဖို့မှာ အန္တရာယ်များလှပြီး ဒီစာတွေကို စာတိုက်ကနေ တာဝန်ရှိသူတွေအားလုံးထံ တိုက်ရိုက်ပို့ပေးပြီး စာကိုလည်း ပြည်သူကြား ပျံ့နှံ့အောင် ဖြန့်ဝေခဲ့ပါတယ်။
ဒီစာတွေကို လက်နှိပ်စက်နဲ့ရိုက်ဖို့ အပ်တာ၊ စာတိုက်ကပို့တာ၊ စာကူးစက်နဲ့ကူးပြီး ပြည်သူအကြားမှာ ဖြန့်တာတွေကို အဓိက ဆောင်ရွက်ခဲ့သူကတော့ တပ်တွင်းမှာ ဦးအောင်ကြီးရဲ့ လက်အောက်အရာရှိ ဖြစ်ခဲ့သူရဲ့သား (ယခု ကွယ်လွန်သွားပြီဖြစ်တဲ့) ကိုမောင်မောင်ထွန်းရွှေ ဆိုသူဖြစ်ပြီး ၁၉၈၈ ဇူလိုင် ၂၉ ရက်နေ့မှာ ဗိုလ်မှူးချုပ်အောင်ကြီးကို ဖမ်းတဲ့အခါ သူ့ဖခင်လည်း ပါဝင်ခဲ့ပေမယ့် သူ့ပတ်သက်မှုက မပေါ်ပေါက်တဲ့အတွက် လွတ်မြောက်နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေမျိုးရင်းချာလိုဖြစ်တဲ့ ကိုမောင်မောင်ထွန်းရွှေဟာ ၄၁ မျက်နှာ စာတမ်းကို ထိုစဥ်က ရန်ကုန်ဆေးရုံကြီးမှာ မိခင်ကြီး ပြုစုနေတဲ့ ဒေါ်စုလက်ထဲကို အရောက်သွားပေးခဲ့ပါတယ်။ နောင်မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်လာချိန်မှာ ဆေးရုံပေါ်ရောက်နေတဲ့ ကိုမောင်မောင်ထွန်းရွှေထံ သတင်းလာမေးရင်း ၁၉၈၈ မှာ ဦးအောင်ကြီးပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဖယ်ထုတ်ပစ်လို့မရကြောင်း ပြောတဲ့အပြင် ၄၁ မျက်နှာစာတမ်းကို ဖြန့်ဝေခဲ့မှုဟာ လူထုလှုပ်ရှားမှုကို များစွာ အထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကိုမောင်မောင်ထွန်းရွှေဟာ မကွယ်လွန်မီမှာ ၄ ၁မျက်နှာစာတမ်းအတွက် ဆောင်ရွက်ပေးခဲ့မှု အသေးစိတ်ကို ကိုယ်တိုင် အသံသွင်းပြီး မှတ်တမ်းထားရစ်ခဲ့ပါတယ်။
၉.၅.၁၉၈၈ နေ့စွဲနဲ့ ရေးခဲ့တဲ့ အဆိုပါ ၄၁ မျက်နှာပါ စာအပြင် ဗိုလ်အောင်ကြီးဟာ ဦးနေဝင်းဆီလိပ်မူတဲ့ နောက်ထပ် စာငါးစောင် ထပ်ပြီး ရေးသား ပေးပို့ဖြန့်ဝေခဲ့ရာမှာ ၁၅. ၅.၁၉၈၈ နေ့စွဲနဲ့ “အခုတော့ ကောင်းကြသေးရဲ့လား” ဆိုတဲ့စာမှာ အာဏာသိမ်းပြီး ၂၆ နှစ်အကြာ တိုင်းပြည် ပျက်စီးခြင်းမက ပျက်စီးနေပြီး တာဝန်ရှိသူတို့ တာဝန်ယူရန်နှင့် မကြာမီ ဆန်ပြဿနာ ပေါ်တော့မည်ဖြစ်ကြောင်း သတိပေးထားပြီး ၈.၆.၁၉၈၈ နေ့စွဲပါ “အင်းလျားကန်ဘောင်ပြဿနာ” ဆိုတဲ့စာမှာ ၁၉၆၂ တက္ကသိုလ်သမဂ္ဂ ဖြိုခွဲမှုတရားခံမှာ မိမိမဟုတ်ကြောင်း ဖြေရှင်းထားပြီး တံတားဖြူအရေးအခင်းတွင် လူမသေ၊ ဒဏ်ရာရသူမရှိဟု သတင်းစာများက ဖော်ပြချက်မှာ လုံးဝမမှန်ဘဲ အများအပြားသေဆုံးပြီး ညတွင်းချင်း အလောင်းများမီးရှို့ကာ တလကျမှ မိဘများထံ အကြောင်းကြားစာ ပို့ခဲ့၊ ထောင်ထဲမှာလည်း လုံထိန်းများက ဝင်ရိုက်၊ မိန်းကလေးများကိုလည်း မုဒိန်းကျင့် နှိပ်စက် သတ်ဖြတ်မှုများကြောင့် ထောင်ထဲတွင် ၂၇၃ ဦး သေ ဆုံး စသည်များ ဖော်ပြခဲ့ရာ ဖတ်ရှုသူတို့ တုန်လှုပ် ဒေါသထွက်ခဲ့ကြပါတယ်။
အလားတူ ၂၂.၆.၈၈ နေ့စွဲပါ “စမ်းချောင်း မြေနီကုန်း ရတနာပုံ ရုပ်ရှင်ရုံများကိစ္စ” ခေါင်းစဥ်နဲ့ ၉.၇.၈၈ နေ့စွဲနဲ့ “ကျွန်တော်တို့ နှစ်ဦးတည်းအတွက်သာ ဖြစ်သည်” ဆိုတဲ့စာ၊ ၁၉.၇.၈၈ နေ့စွဲနဲ့ “လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးကိစ္စ” ခေါင်းစဥ်ပါစာများဟာ ယင်းကာလ ကျောင်းသားလှုပ်ရှားမှုနဲ့ ဥပဒေမဲ့ နှိပ်ကွပ်မှုများ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို တိတိလင်းလင်း ဖော်ပြထားရာမှာ ပြည်သူများအနေနဲ့ ၂၆ နှစ်အတွင်း မဖတ်ကြရဖူးတဲ့ စာမျိုးဖြစ်ပြီး စာရေးသူကိုယ်တိုင် လက်မှတ်ထိုးဖြန့်ဝေတဲ့ အာဏာရှင်အစိုးရကို ဝေဖန် တိုက်ခိုက်တဲ့စာများကို နှစ်သက်ကျေနပ်စွာ ပြန်လည်ကူးယူ ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီကာလမှာ ဦးအောင်ကြီးဟာ ပြည်သူတို့အတွက် သူရဲကောင်းတယောက် ဖြစ်ခဲ့သလို အစိုးရအတွက် အန္တရာယ်ဆူးတချောင်း ဖြစ်လာတော့ ၂၄.၇.၈၈ နေ့ ကျင်းပတဲ့ အရေးပေါ် ပါတီညီလာခံ ဒုတိယနေ့ (ဦးနေဝင်း ရာထူးမှနုတ်ထွက်ပြီး နောက်တရက်) မှာ တပ်မတော်ကိုယ်စားလှယ် ရဲဘော်မောင်သင့်က ၄၁ မျက်နှာပါ စာတမ်းကိစ္စ တင်ပြပြီး ဗိုလ်အောင်ကြီးကို ပြည်သူအုံကြွအောင် လှုံ့ဆော်သူ၊ တပ်မတော်နဲ့ ခေါင်းဆောင်များကို သွေးခွဲသူ၊ အာဏာရရှိရေး ကြံစည်နေသူ စသည်ဖြင့် စွပ်စွဲခဲ့ပါတယ်။ ဦးနေဝင်းကိုယ်တိုင်ကလည်း ဦးအောင်ကြီးခင်းထားတဲ့ လမ်းကိုမလိုက်ဘဲ သူ ရာထူးကနုတ်ထွက်တဲ့မိန့်ခွန်းမှာ ဦးအောင်ကြီးကို ဆန့်ကျင်တိုက်ခိုက်ပြောဆိုပြီး သမဂ္ဂဖောက်ခွဲမှု တာဝန်ရှိသူမှာ ဗိုလ်အောင်ကြီးသာဟု စွပ်စွဲခဲ့ရုံမက နောင်ဆို စစ်တပ်ဆိုတာ တည့်တည့်ပစ်မယ်လို့ လူထုကို ခြိမ်းခြောက်သွားခဲ့တာပါ။ ၂၉.၇.၈၈ နေ့မှာ ဦးအောင်ကြီးပါ ၁၀ ဦးကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းအစကနေ ဒေါက်တာမောင်မောင် အစိုးရတက်လာစ ကာလတလျှောက် ဦးအောင်ကြီးဟာ ပြည်သူအများစုအဖို့ အားကိုးလောက်စရာ သူရဲကောင်းတယောက်ဖြစ်ခဲ့ပြီး သူလွတ်မြောက်ရေးကို ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အထက်မှာဖော်ပြခဲ့သလို ၂၅.၈.၈၈ ရက်နေ့ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံအနောက်မုဒ် မိန့်ခွန်းပွဲ မတိုင်မီတရက်) မှာ ထောင်ကလွတ်မြောက်လာခဲ့ပြီး လွတ်လာလာချင်း စမ်းချောင်းမှာ ဟောပြောရာမှာ “တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့” ဆိုတဲ့ စကားတခွန်းနဲ့ပဲ ထောက်ခံမှု ကျဆင်းသွားခဲ့ရာမှာ မူလ ထောက်ခံမှုအနေအထားကို ဘယ်တော့မှ ပြန်လည် မရရှိခဲ့တော့ပါဘူး။ ဒါတောင်မှ ၈၈ လှုပ်ရှားမှုလှိုင်း ပြင်းထန်စဥ်ကာလတလျှောက်မှာ လူထုက သူ့ကို ခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုမှုတော့ ဆက်ရှိနေပါသေးတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၄ ရက်ခန့်မှာ ဗိုလ်အောင်ကြီးက အစိုးရရဲ့ ရွေးကောက်ပွဲအစီအစဥ်ကို လက်ခံပြီး အားလုံး သပိတ်လှန်ကြရန်၊ အစိုးရက ထပ်မံလိမ်လည်ပါက သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြမယ်လို့ ကြေငြာခဲ့ပါတယ်။ နောက် ၄ ရက်ခန့်အကြာ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဗိုလ်အောင်ကြီးရဲ့ အာမခံမှု သဲထဲရေသွန်ဖြစ်ပြီး သူ့ကို ပြည်သူရဲ့လက်ခံမှုလည်း ပိုမို ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ၈၈ အလွန်မှာ NLD ပါတီ ထူထောင်တဲ့အခါ ဦးအောင်ကြီးက ခေါင်းဆောင်တဦးအဖြစ် ပါဝင်တဲ့ကာလမှာ လူထု စိတ်ဝင်စားထောက်ခံမှု အတန်အသင့် ပြန်ရသော်ငြား နောင်မှာ NLD က ခွဲထွက်ပြီး သီးခြားပါတီ ထူထောင်ရာကနေ ၁၉၈၈ ခေတ်ဦးမှာ ရရှိခဲ့တဲ့ လူထုထောက်ခံမှုတွေက လုံးဝ ဆုံးရှုံးသွားခဲ့တာကို တွေ့ရပါတယ်။
( ဆက်လက်ဖော်ပြပါမည်)
Be the first to comment