၈၈ သမိုင်း မရိုင်းခဲ့ဖူးပါ (၅)

◼️မောင်လွင်မွန် (ကသာ)
အဲဒီကာလမှာ အစိုးရယန္တရား ရပ်တန့်နေလို့ စာပေစိစစ်ရေးမရှိတော့ ဒီမိုကရေစီ သတင်းများနဲ့ စည်းရုံးလှုံ့ဆော်စာတွေကို စာစောင်၊ သတင်းစာများစွာနဲ့ လွတ်လွတ်လပ်လပ် ဖော်ပြဖြန့်ချိခဲ့ရာမှာ ရန်ကုန်မှာ နေ့စဉ် အပတ်စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ် ၃၀၊ ၄၀ လောက် ထွက်ခဲ့သလို မန္တလေးမှာလည်း ၃၀ လောက် ထုတ်ဝေခဲ့ပါတယ်။ ဒီမိုကရေစီ ဆိတ်သုဥ်းခဲ့တဲ့ ၂၆ နှစ်ကျော်အလွန်မှာ ပထမဆုံး စာပေလွတ်လပ်ခွင့်ရခဲ့တဲ့ ကာလတိုလေးတရပ်လို့ ဆိုရမှာပါ။
ရန်ကုန်နဲ့ မန္တလေးထုတ် သတင်းစာနဲ့ ဂျာနယ်များထဲက လူသိများ ထင်ရှားနဲ့ မှတ်သားမိသလောက်က ပြည်သူ့အရေးတော်ပုံ၊ ပါတီစုံသတင်း၊ ပြည်သူ့ခေတ်၊ မီးမောင်း၊ လွတ်လပ်ရေး၊ ဒီမိုကရေစီညနေ၊ ပြည်သူ့အမြင်၊ ဗမာသစ်၊ လွတ်မြောက်ရေး ၊ ပြည်သူ့အသံ၊ ဒို့ခေတ်၊ ပြည်သူ့အားမာန်၊ ဂယက်သတင်းဂျာနယ်၊ ဒို့အရေး၊ အောင်ပွဲသစ်၊ အထောက်တော်လှအောင်ရဲ့ သတင်းမဂ္ဂဇင်း၊ ကျောင်းသားများထုတ်ဝေတဲ့ သမဂ္ဂ၊ မြန်မာနိုင်ငံ ပန်းချီနဲ့ကာတွန်း အနုပညာရှင်များအဖွဲ့ထုတ် အရောင်သစ်စာစောင်၊ မောင်မိုးသူဦးစီးတဲ့ ဝရဇိန်သတင်းစာ၊ မန္တလေး စာပေနှင့်အနုပညာအဖွဲ့ကထုတ်ဝေပြီး ဆူးငှက် အယ်ဒီတာအဖြစ် ဆောင်ရွက်တဲ့ ရှစ်လေးလုံး သတင်းစာတို့ ဖြစ်ပါတယ်။ ဒီသတင်းစာနဲ့ စာစောင်တွေဟာ အော့ဖ်ဆက်တို့၊ ခဲစာလုံးနဲ့စာစီပြီး ပုံနှိပ်တာတို့ရှိသလို လက်ရေးနဲ့ စာစီ၊ ဒီဇိုင်းလုပ်ပြီး ထုတ်တာလည်း ရှိပါတယ်။
အဲဒီခေတ် နာမည်ကြီး ကျူရှင်စာအုပ်တွေလို လက်ရေးနဲ့ရေးပြီး E-Wax လို့ခေါ်တဲ့ အီလက်ထရောနစ် ဖယောင်းဖေါက်ပြီး စာကူးစက်ကို ရောင်စုံမင်နဲ့ ကူးထုတ်တဲ့အခါ ပုံနှိပ်ထားတဲ့အလား သေသပ်တဲ့စာစောင်များ ဖြစ်တာလည်း ရှိပါတယ်။ စိစစ်ရေးမရှိတော့ သတင်းလွတ်လပ်မှုရှိသလို စျေးကွက်ပဲ အဓိကထားပြီး မသုံးသင့်တဲ့ ထိတ်လန့်ဖွယ် ဓာတ်ပုံတွေ သုံးတာမျိုးလို ကျင့်ဝတ်နဲ့မညီတဲ့ သတင်းစာတချို့လည်း ရှိခဲ့တာမို့ ဆရာဦးဝင်းတင်ကတော့ စီးပွားဖြစ် လုပ်တဲ့ အယ်ဒီတာတချို့လည်း ဒီကာလမှာ မြိုးမြိုးမြက်မြက်ရခဲ့ကြောင်း ဧရာ၀တီနဲ့အင်တာဗျူးမှာ ပြောပါတယ်။
ဒါပေမဲ့ ပြည်သူ့အသံကို သတင်းစာများကတဆင့် ကြားရပြီး အစိုးရကို ဘယ်လောက်မုန်းတယ်ဆိုတာ ပေါ်လွင် ကြောင်း၊ ပြည်သူက သူတို့ဒေါသကို ဒီတခါပဲ ထုတ်ဖော်ခွင့်ရကြောင်းလည်း ဆရာက ပြောပါတယ်။ ၁၉၈၈ မှာ နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း၊ Working People’s Daily နဲ့ Guardian သတင်းစာများဟာလည်း အလားတူ လွတ်လပ်ခွင့်ရရှိလို့ ဒီမိုကရေစီလှုပ်ရှားမှု သတင်းများကို လွတ်လပ်‌စွာ ဖော်ပြကြပုံကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ထူးခြားတာတချက်က တပ်မတော်က စတည်ထောင်ခဲ့တဲ့ ပြည်သူပိုင်အဖြစ် ရပ်တည်နေတဲ့ မြဝတီစာပေတိုက်ကလည်း သတင်းစာများနဲ့အတူ တက်တက်ကြွကြွ သပိတ်မှောက်ခဲ့ပါတယ်။ နောင်တော့ ၈၈ အလွန်မှာ နိုင်ငံပိုင်တိုက်တွေက သပိတ်မှောက် သတင်းစာဆရာ၊ အယ်ဒီတာနဲ့ ဝန်ထမ်းအများစုဟာ ထုတ်ပယ်ခံရပါတယ်။
ဒီအထဲမှာ သိရှိ မှတ်မိသလောက် ဂါးဒီးယန်းသတင်းစာမှ ဦးအုန်းကြိုင် (အောင်ဝင့်)၊ မြန်မာ့အလင်းက ဦးတင်ထွန်းအောင်၊ ဦးစိုးသိန်း (မောင်ဝံသ)၊ ဗိုလ်တထောင်မှ ဦးစိန်လှဦးတို့ပါဝင်ပြီး သူတို့ဟာ နောင်မှာ NLD ရဲ့ ၉၀ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဖြစ်လာပြီး နှစ်ရှည် ထောင်ကျသူများ ဖြစ်လာပါတယ်။ အခြား ထုတ်ပယ်ခံအယ်ဒီတာများက ကြေးမုံက ဦးကိုကိုကြီးနဲ့ ဂါးဒီးယန်းသတင်းစာက ဦးချိုထွန်းတို့အပြင် မြဝတီတိုက်အယ်ဒီတာ ကိုအောင်ကျော်ဦး (ပိန်ပိန်) နဲ့ မရွှေဝါတို့လည်း ပါဝင်ပြီး သူတို့က NLD ပါတီ ပြန်ကြားရေးကို ရောက်သွားကာ နောင်တော့ မရွှေဝါက အဖမ်းခံရပါတယ်။
ဒီလိုပဲ နိုင်ငံရေးအကျဥ်းသားဖြစ်လာတဲ့ ကိုမြင့်ဆန်း (စာရေးဆရာဌေးမောင်ရဲ့ သား) ဟာလည်း မြဝတီတိုက်က စာပြင်တဦးဖြစ်ပြီး ၈၈ တက်ကြွလှုပ်ရှားသူပါ။ ၁၉၈၈ သတင်းလောကမှာ ချန်မထားသင့်သူ တဦးကတော့ ဘီဘီစီဦးနေမင်းလို့ လူသိများတဲ့ရှေ့နေဖြစ်ပြီး ဘီဘီစီသတင်းထောက် ခရစ်စ်တိုဖာ ဂန်းနစ်စ်ကတဆင့် အဆက်အသွယ်ရပြီး သတင်းများကို အပျော်တန်း သတင်းထောက်သဖွယ် Eastern Star အမည်နဲ့ ကိုယ့်စားရိတ်ကိုယ်စား၊ ကိုယ့်တာဝန် ကိုယ်ယူပြီး ပို့ပေးခဲ့သူဖြစ်ပါတယ်။ ဦးနေမင်းဟာ အဖမ်းခံရပြီး ထောင် ၁၆ နှ စ် အပြစ်ပေးခံရပါတယ်။
၁၉၈၈ လှုပ်ရှားမှုကတဆင့် NLD ပါတီ ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ စာပေနဲ့ အနုပညာရှင်များကတော့ ဦးဝင်းတင်၊ မောင်သော်က၊ မောင်မိုးသူ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မသီတာ (စမ်းချောင်း)၊ ကိုမျိုးမြင့်ညိမ်း၊ ဦးတင်စိုး (စပယ်ဦး)၊ ဦးအောင်လွင် (ရုပ်ရှင်) တို့ဖြစ်ပြီး နောင်မှာ ထောင်နှစ်ရှည် သို့မဟုတ် ထောင်အကြိမ်ကြိမ်ကျသူများ ဖြစ်လာကြပါတယ်။
နိုင်ငံရေးနယ် မရောက်ပေမယ့် ၁၉၈၈ လှုပ်ရှားမှုမှာ တက်ကြွခဲ့လို့ အနုပညာအလုပ် လုပ်ခွင့်မရတော့သူတွေလည်း ရှိခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ထွန်းဝေ၊ အေးအေးသင်း၊ တင်နီလာဝင်း၊ မသန်းရွှေတို့ ရုပ်ရှင်ရိုက်ခွင့်မရသလို စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မောင်မိုးသူတို့လည်း စာရေးတာ ပိတ်ပင်ခံခဲ့ရပါတယ်။ ကာတွန်းဆရာကြီး ဦးဖေသိန်းဟာလည်း သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းပါ ၈.၈.၈၈ ကို ဖော်ရည်ညွှန်းတဲ့ ကာတွန်းကြောင့် ဘယ်တော့မှ ကာတွန်းဆွဲခွင့်မရတော့ဘဲ ပိတ်ပင်ခံရပါတယ်။ တေးသံရှင် စိုင်းထီးဆိုင်ကတော့ ၈၈ ကာလ အစောပိုင်းကတည်းက လမ်းပေါ်ထွက်ခဲ့လို့ လက်ခုတ်သံတွေရခဲ့ပြီး NLD ပါတီမှာလည်း ရှမ်းပြည်နယ် စည်းရုံးရေးတာဝန် ယူခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အနုပညာပိတ်ပင်ခံရမှု ဖိအားကြောင့် နိုင်ငံရေးကိုစွန့်ပြီး ဂီတနယ်ကို ပြန်ရောက်သွားပါတယ်။
၁၉၈၈ ရဲ့ တက်ကြွလှုပ်ရှား ကျောင်းသားတွေထဲမှာ နောင် ကာလရှည် ဒီမိုကရေစီခရီးကြမ်းထဲ ထောင်နှစ်ရှည် သို့မဟုတ် ထောင်အကြိမ်ကြိမ်ကျလို့ လူသိများသူတွေ များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအထဲမှာ မင်းကိုနိုင်၊ အောင်ဒင်၊ ကိုကိုကြီး၊ ဂျင်မီ၊ ဌေးကြွယ်၊ မြအေး၊ မင်းဇေယျတို့ အပါအဝင် ကျောင်းသားကျောင်းသူများစွာမို့ နာမည်အသေးစိတ် တွေ မဖော်ပြလိုတော့ပေမယ့် သူတို့ဟာ ကျောင်းသားဘဝ ပြန်မရတော့ဘဲ နိုင်ငံရေးခရီးရှည်ကြီး ထဲ စွန့်လွှတ်စွန့်စားပါဝင်နေကြောင်း မကြာသေးမီ နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုရဲ့ ရက်စက်မှုနဲ့ ကျဆုံးရတဲ့ ဂျင်မီ (၁၉၈၈) နဲ့ ဖြိုးဇေယျာသော် (၂၀၀၇) တို့က သက်သေဖြစ်ပါတယ်။
ဒီအကြောင်းတွေ စုစည်းဖော်ပြရတာက ၈၈ တော်လှန်ရေးကို စစ်အုပ်စုက အာဏာသိမ်း အဆုံးသတ်လိုက်ပေမယ့် ၈၈ မှာ ပါဝင်ခဲ့သူအများစုဟာ မပြီးသေးတဲ့ နိုင်ငံရေးတာဝန်တွေ ဆက်ထမ်းဖို့ ကြိုးစားရာမှာ သူတို့ရဲ့ ဖိနှိပ်မှုယန္တရားကို ထိပါးရင် သည်းမခံနိုင်တဲ့ စစ်အုပ်စုရဲ့ ရက်စက်စွာ ချုပ်နှောင် နှိပ်စက် ပိတ်ဆို့တာတွေကို နှစ်ရှည်လများ ခံကြ ရတာကို မြင်စေချင်လို့ ဖြစ်ပါတယ်။ တချို့သော အနုပညာရှင်များဟာ နိုင်ငံရေးခရီးမှာ ဆက်မပါရင်တောင် ၈၈ မှာပါခဲ့မိလို့ အနုပညာဖန်တီးမှု အပိတ်ပင်ခံရတဲ့အခါ စစ်အုပ်စုကို ဒူးထောက် တောင်းပန်ရမယ့်လမ်းကို မရွေးဘဲ မိမိမြတ်နိုး တန်ဖိုးထားတဲ့ အနုပညာကိုစွန့်ပြီး နေသွားခဲ့သူတွေလည်း ရှိပါတယ်။ တချို့ အနုပညာရှင်များကတော့ ၈၈ အလွန်မှာ ပြည်ပကို ထွက်ခွာသွားခဲ့ပြီး ပြည်တွင်းကို ပြန်မရောက်တော့ပါဘူး။ ဒီအထဲမှာ အဆိုတော်ပန်းအိစံတို့ နောင်မှာ Mr. Burma အမည်နဲ့ရေးဆွဲတဲ့ ကာတွန်းဝင်းထွန်းတို့ကို မှတ်မိပါတယ်။ နောင်တော့ ဆရာမောင်စွမ်းရည်လည်း ပါဝင်သွားပါတယ်။
ဆက်လက်ပြီးတော့ ၁၉၈၈ တုန်းက လက်နက်ကိုင်တော်လှန်‌ရေးကို မစဥ်းစားခဲ့ဖူးလားဆိုတဲ့ မေးခွန်းကို မကြာခန မေးတတ်ကြလို့ အနည်းအကျဥ်းတော့ ထည့်ပြောချင်ပါတယ်။ တကယ်တော့ ၁၉၈၈ မှာ ပြည်သူတွေက အာဏာရှင် နဲ့ သူတို့လက်ကိုင်တုတ် စစ်တပ်ကို ခွဲမြင်တဲ့သဘော ရှိနေပါသေးတယ်။ ၁၉၈၆ မှာ အာဏာရှင် မားကို့စ်ကို စစ်တပ် က မထောက်ခံတော့ ပြုတ်ကျခဲ့တာ၊ ၁၉၈၇မှာ တောင်ကိုရီးယား စစ်ဗိုလ်ချုပ်ဟောင်း ရိုတေ ဝူးက ပြည်သူ့အလိုကျ ရွေးကောက်ပွဲလုပ်ပြီး အာဏာရှင်စနစ် အဆုံးသတ်ခဲ့တာတွေက ပူပူနွေးနွေးရှိနေသေးတော့ မျှော်လင့်တဲ့သဘောလည်းရှိမယ်။
ဒါပေမဲ့ လူငယ်တွေကတော့ ၁၉၈၈ မတ်လက ဇွန်လအထိ စစ်တပ်က ရက်စက်မှုများကြောင့် ဒီစစ်တပ် ကိုဖယ်ဖို့ လက်နက်ကိုင်မှရမယ်လို့ ဇွန်လ မြေနီကုန်းအရေးအခင်း ကာလကတည်းက စဉ်းစားသူတွေ၊ ဆက်သွယ်ဖို့ ကြိုးပမ်းသူတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ မတိုင်ခင် ပြည်ချစ်တပ်မတော်ဖွဲ့ခဲ့တဲ့ ဦးနုအုပ်စုနဲ့ နီးစပ်သူတွေကလည်း နယ်စပ်မှာ အကူအညီရှာဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့ ကျောင်းသားတွေသာမက ကျောင်းသူတချို့ပါ အဆက်အသွယ်ရဖို့ ရန်ကုန်တိုင်းထဲက ပင်လယ်ထွက်ပေါက်ရှိရာ ဒေသများနဲ့ တနင်္သာရီ တိုင်းဒေသတွေဆီ သွားခဲ့ကြပါတယ်။ ၁၉၈၈ အကြိုကာလက လူသိများ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်ဆိုရင် အဲဒီကာလမှာပဲ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေကတဆင့် ထိုင်းနိုင်ငံအထိ ရောက်ခဲ့တာရှိပါတယ်။ ဒီလို ကြိုးစားကြတာတွေနဲ့ ပတ်သက်ပြီး အချက်အလက် တိကျပြည့်စုံစွာ မသိတာရယ်၊ တချို့ဖြစ်ရပ်တွေက ကြာခဲ့ပြီမို့ အစဖော်ဖို့ ခက်တာရယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြဖို့မရှိဘဲ ၁၉၈၈ မှာ ဘက်ပေါင်းစုံက စဉ်းစားခဲ့ပုံကိုပဲ ပြောလိုရင်းဖြစ်ပါတယ်။
ဒီလို ကြိုးစားခဲ့ ဆက်သွယ်ခဲ့တာတွေကြောင့်လည်း ၁၉၈၈ အလွန် စစ်အာဏာသိမ်းတော့ လွတ်မြောက်ဒေသသွားဖို့ လမ်းစတွေရှိနေခဲ့ပြီး ABSDF တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတပ်မတော် ကာလမှာလည်း စစ်အုပ်စုက တောခိုအုပ်စုထဲ ဒလန်တွေထည့်၊ ကျောင်းသားညီညွတ်မှု ပြိုကွဲပြီး သံသယဝင်အောင် ဖန်တီးမှုနဲ့ စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးပြဿနာ၊ ကျောင်းသားထုအကြား ဝါဒရေးရာ၊ ဖြတ်သန်းမှုနဲ့ အယူအဆ မတူရာက သွေးကွဲရတာတွေကြောင့် ရည်ရွယ်သလောက် မအောင်မြင်ပေမယ့် ကျောင်းသားတွေကို ချစ်ခင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရှိခဲ့ပြီး ကရင် လွတ်မြောက်ရေးတပ်မတော်ရဲ့ ကွန်မင်ဒိုသင်တန်းကို တက်ခွင့်ရသူတွေလည်းရှိသလို ရေးမြို့တိုက်ပွဲလို အောင်မြင်မှုတွေလည်း ရှိခဲ့ပါတယ်။
တနင်္သာရီဘက်မှာ ရေတပ်အုပ်စု ထူထောင်နိုင်ခဲ့ပြီး မှောင်ခိုလှေတွေကို စနစ်တကျ အခွန်ကောက်ကာ မိမိတပ်ကိုရော ကရင်တော်လှန်ရေး အင်အားစုကိုပါ အထောက်အကူပြုခဲ့တာလည်းရှိပါတယ်။ ဒီအချိတ်အဆက်တွေက ၂၀၂၁ မှာ ကရင်ဒေသဘက် ပြန်လည် ဆက်သွယ်ချိတ်ဆက်ရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီကတဆင့် တတိယနိုင်ငံကိုရောက်တဲ့ အင်အားစုများဟာလည်း နွေဦးတော်လှန်ရေးမှာ ငွေ၊ နည်းပညာ၊ စစ်ပညာနဲ့ သံတမန်ရေး အထောက်အကူပေးသူတွေ ဖြစ်လာပါတယ်။
ဆက်လက် တင်ပြလိုတာကတော့ ၁၉၈၈ မှာ နွေဦးတော်လှန်ရေးမှာလို တပ်မတော်က ဆက်သွယ် ပူးပေါင်းမှု ရှိသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တပ်မတော်က ပူးပေါင်းလာသူတွေရှိပေမယ့် ယနေ့ခေတ်လို တော်လှန်ရေးအင်အားစုများရှိရာ လွတ်မြောက်ဒေသ သို့မဟုတ် ဒုတိယနိုင်ငံကို လာရောက်တာမျိုး မဟုတ်ပါဘူး။ တော်လှန်ရေး အင်အားစု များက နိုင်ငံရေးနည်းသက်သက်နဲ့ ဆန့်ကျင်အုံကြွတာဖြစ်ပြီး မိမိအိမ်များကနေ ရုံးဌာနများ၊ စုရပ်များ၊ သပိတ်စခန်းများဆီကို နေ့စဥ် လာရောက်စုစည်းပြီးတော့ လှုပ်ရှားမှုများကို ဆောင်ရွက်ကြတာဖြစ်တော့ တပ်မတော် တပ်ခွဲ တပ်ရင်းများက လာ‌ရောက်ပူးပေါင်းတဲ့ စစ်သည်များဟာ မူလတပ်စခန်းကို ပြန်လို့ရတာရှိသလို ပြန်လို့ မရတော့တာလည်းရှိတော့ သူတို့ကို နေရေးစားရေး တာဝန်ယူပေးရတာတွေလည်း ရှိခဲ့ပါတယ်။
ဥပမာ ၅၀၂ လေတပ်စခန်းက ထွက်လာတဲ့ လေတပ်စစ်သည်တွေကို သရက်တောကျောင်း သပိတ်စခန်းမှာ နေရာချပေးခဲ့ရသလိုမျိုးပါ။ မှတ်မိသလောက်ပြောရရင် စက်တင်ဘာလ ၇ ရက် နေ့မှာ ခလရ ၁၆ က ဒုတပ်ကြပ် ကျော်ဝင်းစိန် ခေါင်းဆောင်တဲ့ တပ်သား ၁၆ ယောက် လာရောက်ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက်နေ့မှာ တပ်ကြပ်တင်ကြိုင် ဦးဆောင်ပြီး ၅၀၂ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းက စစ်သည် ၂၀၀ က ဆန္ဒပြစစ်ကြောင်းနဲ့ လာပူးပေါင်းပါ တယ်။ အဲဒီ စက်တင်ဘာ ၉ ရက်နေ့မှာ ဆန္ဒပြစစ်သည် ၅၀၀ ခန့် ရှိတယ်လို့ သတင်းစာများမှာ ဖတ်ရပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်သည်များလည်း ပါဝင်ပါတယ်။
ဒါ့အပြင် VOA ရဲ့ တပ်မှူးတပ်သားပြောစကား အစီအစဉ်မှာ တပ်မတော် (လေ) အရာရှိတဦး ပြောတာက မြောက်ဥက္ကလာပကို လေတပ်ကနေ ဗုံးကြဲ ပစ်ခတ်ဖို့နဲ့ ဗုံးမကြဲနိုင်လည်း ဗုံးအတုကြဲဖို့ အမိန့်ပေးခဲ့ပါသတဲ့။ လေတပ်အရာရှိ များက ဗုံးအတုဆိုတောင် လေယာဥ်ပေါ်ကကျရင် ဗုံးပဲလို့ ယူဆကြမှာမို့ ဗုံးကြဲတယ် အပြောမခံနိုင်လို့ မဖြစ်မနေ လုပ်ရမယ်ဆိုရင် ထွက်မယ်ဆိုပြီး စာတင်ကြလို့ အစီအစဥ် ပျက်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူစုမခွဲရင် ပစ်မယ်ဆိုတဲ့စာတော့ ကြဲပေးခဲ့ရပါတယ်တဲ့။ ဒါ့အပြင် အဲဒီကာလမှာ ရေတပ်နဲ့လည်း ငြိတဲ့အတွက် ရေတပ်ဌာနချုပ်ကို လုံခြုံရေးအကြောင်းပြပြီး ကြည်းတပ်က ဝိုင်းထားခဲ့ပြီး ရေတပ်အမြောက်များကလည်း အရေးကြီးအိမ်တွေကို ချိန် ထားတဲ့အထိ တင်းမာမှုတွေ ရှိခဲ့တယ်လို့ တပ် အရာရှိတဦးက ပြောပြတာလည်း ကြားရဖူးပါတယ်။
ဒါ့အပြင် တပ်မတော်ဆေးရုံမှာ တပါတီစနစ် ထောက်ခံလက်မှတ်ရေးထိုးဖို့ အဓမ္မဆုံးဖြတ်တဲ့ အစည်းအဝေး ဇွတ်လာလုပ်ရာကနေ မခံမရပ်နိုင်ဖြစ်ပြီး ဆေးတပ်အရာရှိများ လှုပ်ရှားမှုထဲပါဝင်လာကာ ပါရဂူဘွဲ့တက်နေတဲ့ ဗိုလ်ကြီးတဦး ယူနီဖေါင်းဝတ်နဲ့ မြို့တော်ခန်းမမှာ ဟောပြောခဲ့ပါတယ်။ တပ်မတော် ဆေးတပ်က ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ ဆရာဝန်များထဲမှာ ပါရဂူလောင်း ဗိုလ်ကြီး ဆရာဝန် (၄) ဦး (ကျား ၃၊ မ ၁)၊ ဆေးပညာပါရဂူ သမားတော် ဒုတိယဗိုလ်မှူးကြီးတဦး၊ ခွဲစိတ်ပါရဂူ ဗိုလ်မှူးနဲ့ သူ့ညီ ဆရာဝန်၊ သွားဖက်ဆိုင်ရာ ဆရာဝန် ဗိုလ်မှူးတဦး၊ လားရှိုး စစ်ဆေးရုံက ခွဲစိတ်ဆရာဝန် ဗိုလ်မှူးနဲ့ မေ့‌ဆေးဆရာဝန် ဗိုလ်မှူး၊ အနည်းဆုံး ဆယ်ဦး ပါဝင်ခဲ့ပြီး သူတို့ဟာ အဓမ္မ နုတ်ထွက် စေခြင်း (Forced to resign) နဲ့ အလုပ်ပြုတ်ပါတယ်။
အလုပ်ပြုတ်ပြီး ပြင်ပ ဆေးလောကမှာ အလုပ်ရှာရတဲ့အခါ တပ်မတော်ကို သစ္စာဖေါက်သူတွေမို့ အလုပ်မခန့်ရဲအောင် အမျိုးမျိုး နှောက်ယှက် ဆက်ဒုက္ခပေး ခဲ့ပါတယ်။ ဒါကြောင့် သူတို့က သိုသိုသိပ်သိပ် ဆေးလောကထဲ ပြန်ကျင်လည်ရင်း ၈၈ မှာ တက်ကြွပါဝင်ခဲ့ပုံ သမိုင်းတွေကို မှေးမှိန်ထားခဲ့ကြလို့ သူတို့အကြောင်း လူသိနည်းပါတယ်။ သူတို့ထဲက ဆရာဝန်ကြီးအချို့ ဒီနေ့ ဆေးလောကမှာ လူသိထင်ရှားရှိကြပေမယ့် ဒီသမိုင်းကို ပြန်မပြောကြပါဘူး။ တပ်မတော်ရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီး ၈၈ ကာလက တပ်မတော်ကို စည်းရုံးဖို့ မကြိုးစားကြဘူးလို့ ဝေဖန်သံတွေ ရှိခဲ့ပါတယ်။ တကယ်တော့ တပ်မိသားစုဝင်၊ တပ်အနွယ် လှုပ်ရှားတက်ကြွသူတွေ ကြိုးစားကြပါတယ်။ ဒီအထဲမှာ ထင်ရှားသူက ဆရာမောင်သော်ကဖြစ်ပြီး သူ့သူငယ်ချင်း ရေတပ်က ဗိုလ်မှူးကြီးသန်းညွန့်ဆီကို စာတစ်စောင်ပို့ခဲ့ရာမှာ တပ်မတော်ဖြိုခွဲဖို့ ကြိုးစားတဲ့စာအဖြစ် စွပ်စွဲခံရပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရ၊ ထောင် နှစ် ၂၀ ချမှတ်ခံရကာ ထောင်ထဲမှာ ကွယ်လွန်ခဲ့ရပါတယ်။
နောက်ဆုံးအပိုင်း ပြောလိုတာကတော့ အများသိတဲ့အတိုင်း ၁၉၈၈ တော်လှန်ရေးကို စစ်အုပ်စုက စစ်အာဏာသိမ်းမှုနဲ့ ဇွတ် အဆုံးသတ်ပစ်ခဲ့ရတာဟာ ဘာဖြစ်လို့လဲ ဆိုတာပါ။ ဒီမှာ စစ်တပ်က အာဏာသိမ်းမှဖြစ်တော့မယ်လို့ ယူဆစရာဖြစ်ခဲ့တဲ့ ဖြစ်ရပ်နှစ်ခုက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖဆပလရပ်ကွက်က နိုင်ငံရေးဟောပြောပွဲမှာ ဂုဏ်ထူးဦးသိန်းနိုင် ဟောပြောနေခိုက် မျက်နှာချင်းဆိုင် စစ်ရုံးထဲကနေ ဟောပြောပွဲကို ချက်ချင်းရပ်ပါ၊ မရပ်လျှင် သေနတ်နဲ့ပစ်ရပါလိမ့်မယ်လို့ လှမ်းပြောရာကနေ ဟောပြောပွဲ နားထောင်နေတဲ့ လူ ၁,၀၀၀ လောက် လူစုကွဲသွားပေမယ့် ခနအတွင်း လူ ၂,၀၀၀ လောက် ကြွေးကြော်သံများနဲ့ ရောက်လာချိန်မှာ ရွှေဂုံတိုင်ဘက်က တီအီးကား ၁၁ စီးနဲ့ စစ်သားတွေရောက်လာလို့ ပိုတင်းမာသွားပါတယ်။ ၁၀ မိနစ်လောက်အကြာ စစ်သားတွေ ပြန်ထွက်သွားပေမယ့် လက်နက်ကိုင် လူအုပ်ရော ကြွေးကြော်သံလူထုတွေပါ ကားတွေနဲ့ရောက်လာပြီး ရဟန်းပျိုတပါးက စစ်တပ်က မကြေလည်တဲ့ကိစ္စကို တွေ့ဆုံဆွေးနွေးဖို့ စပီကာနဲ့လှမ်းပြောပေမယ့် ဘာမှမတုံ့ပြန်ဘဲ တင်းမာနေခိုက်မှာ ကိုမင်းကိုနိုင်၊ သူရဦးတင်ဦး၊ ဦးအောင်ကြီးတို့ ရောက်လာပြီး ဖြောင့်ဖျ လူစုခွဲလိုက်ရပါတယ်။
နောက်ရက် ၁၇ ရက်နေ့မှာ ကုန်သွယ်ရေးဝန်ကြီးရုံးပေါ်က တပ်က လမ်းပေါ်က ဆန္ဒပြလူအုပ်ကို ပစ်ခတ်တဲ့အတွက် လူတွေ ရုံးကိုဝိုင်းပြီး ရုံးပေါ်အထိ တက်ကြတော့ နောက်ဆုံးမှာ တပ်က လူထုထံ လက်နက်ချခဲ့ပြီး သံဃာများက စစ်သားတွေကို စောင့်ရှောက် ခေါ်သွားရပါတယ်။ နောက်ရက်မှာ ခေါင်းဆောင်တွေ ညှိနှိုင်းချက်အရ လက်နက်တွေ တပ်ကို ပြန်အပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုကြောင့် တပ်က လန့်ပြီး အာဏာသိမ်းတယ်လို့ ယူဆစရာရှိပေမယ့် တကယ်က စက်တင်ဘာ ၁၆ ရက်ကတည်းက ဝန်ကြီးအဖွဲ့က ဝန်ထမ်းများ စက်တင်ဘာလ ၁၉ ရက်မှာ ရုံးပြန်တက် ဖို့နဲ့ ၂၆ ရက်နေ့မှ မတက်ရင် အရေးယူမယ်လို့ ကြေငြာခဲ့ပြီးမို့ အဲဒီကတည်းက အာဏာသိမ်းဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့ ၁၈ ရက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က ဦီးနေဝင်းနဲ့ ခေါင်းဆောင်များကို မနက် ၇ နာရီမှာ အခြေအနေရှင်းပြရပြီး ဒေါက်တာမောင်မောင်နဲ့ တိုင်ပင်လုပ်ဖို့ ဦးနေဝင်းဆီက အမိန့်ရတော့ အာဏာသိမ်းခံမယ့် သမ္မတ ဒေါက်တာမောင်မောင် နှုတ်တိုက်ချပေးတဲ့ အာဏာသိမ်းအမိန့်ကို အာဏာသိမ်းအစိုးရ အတွင်းရေးမှူးလုပ်မယ့် ဗိုလ်ခင်ညွန့်က လက်ရေးနဲ့လိုက်ရေးပြီး အဲဒီအမိန့်နဲ့ သိမ်းခဲ့ပုံကို နောင် ဗိုလ်ခင်ညွန့် အင်တာဗျူးစာအုပ်မှာ ဖတ်ရပါတယ်။ အာဏာအသိမ်းခံမယ့်သူက နှုတ်တိုက်ချပေးတဲ့အမိန့်နဲ့ သိမ်းခဲ့တဲ့ အစိုးရက အာဏာသိမ်းခံတွေကို ဟန်ပြလောက် တောင်မဖမ်းခဲ့ဘဲ အာဏာသိမ်းခံအစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေကိုပဲ လမ်းပေါ် တွေ့သမျှ ပစ်သတ်ပြီး ရှင်းလင်းပစ်တော့တာပါပဲ။
ပြည်သူ့ဒေါသကို အကြိမ်ကြိမ် ရန်စ ဆွခဲ့ပြီး ဥပဒေမဲ့ အလုပ်တွေလုပ်လာရင် အာဏာသိမ်းဖို့ သိက္ခာရှိဖို့ မျှော်လင့်ခဲ့ကြပုံရပေမယ့် ပြည်သူက ခေါင်းဆောင်တွေစကား နားထောင်ပြီး စည်းကမ်းသေဝပ်ကြလေတော့ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေသူတွေကိုပဲ အကြမ်းဖက် ရမ်းကားသူတွေအဖြစ် ပစ်သတ်ရင်း အရှက်မဲ့ အာဏာသိမ်းခဲ့ရတာပဲလို့ မြင်မိပါတယ်။ ဒီလို အမှားကြီး မှားခဲ့ဖူးတဲ့တိုင်အောင် ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးခဲ့ရာမှာ ဒေါ်စု၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင် စတဲ့ ခေါင်းဆောင်တွေကို ဖမ်းထားတဲ့ကြားက ဒီမိုကရေစီအင်အားစုက ၈၈ စိတ်ဓာတ်နဲ့ ရွေးကောက်ပွဲ အနိုင်ယူခဲ့ပြီး နိုင်ငံရေးအရ အဖြေရှာခဲ့ရာမှာ ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာ လုပ်ပေးခဲ့တဲ့ စစ်အစိုးရအဖို့လည်း သမိုင်းကောင်းတဲ့ အဖြေပါပဲ။
ဒါကို စစ်တပ်ကသာ လိုလားလက်ခံပြီး ကတိအတိုင်း အာဏာလွှဲခဲ့ရင် မြန်မာနိုင်ငံဟာ ယခုအချိန်မှာ ခေတ်မီ သာယာ ဝပြော စည်ပင်ရုံမက သိက္ခာရှိပြီး ပြည်သူ ချစ်ကြည်ညို တဲ့ တပ်မတော်မျိုးကို ပြန်လည်ပိုင်ဆိုင်ခွင့် ရလောက်ပြီလို့ ထင်မြင်မိကြောင်းပါခင်ဗျား။
စာဖတ်သူများကို လေးစားလျက်
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*