မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​စက်တင်ဘာ ၂၆ ကြာသပ​တေးနေ့ –
နေခြည်လင်းပွင့်တာမြင်လိုက်ရင် စိတ်က ကြည်လင်သွက်လက်သွားတယ်။ စိုစွတ်အေးမြတဲ့လေလေးကတိုးဝင်လာရင် လူကောစိတ်ကောလန်းဆန်းသွားတယ်။ တိတ်ဆိတ်သွေ့ခြောက်နေတဲ့ ခြံထဲဆင်းလာတဲ့အခါ လူဟာ တစုံတခုကိုသတိရသလိုလို အထီးကျန်မိပြန်တယ်။ မနက်ခင်းတွေဟာ တနေ့နဲ့တနေ့ ဆင်တူတာတွေရှိတယ်။ ကွဲလွဲတာတွေရှိတယ်။ လုံးဝခြားနားတာတွေရှိတယ်။ ဘယ်လိုမနက်ခင်းဖြစ်ဖြစ် ညအိပ်ရာထဲက လူးလွန့်နိုးထလာတဲ့လူတယောက်ကို ကြိုဆိုတဲ့အငွေ့အသက်လေးတွေတော့ ရှိနေသင့်တယ်မဟုတ်လား။
တခါတလေ ငှက်သံလေးတွေကို ဂရုတစိုက်နားထောင်ဖြစ်တယ်။ အမှတ်တမဲ့ကြားလိုက်ရတဲ့အသံတခုနောက်ကို ငေါက်ကနဲကောက်ပါသွားတဲ့စိတ်ကလေးကိုလည်း ကမန်းကတမ်းလိုက်သိမ်းရတဲ့အခိုက်အတန့်တွေလည်း ရှိခဲ့ပြန်တယ်။ ကြားနေကျအသံတခု ပျောက်ဆုံးနေတဲ့အခါ မနက်ခင်းဟာ တခုခုလိုနေသလို ဟာတာတာကြီးဖြစ်လိုဖြစ်နဲ့ပေါ့လေ။ မခေါ်တော့ဘူးဆိုတာသေချာနေတဲ့ ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်ရင်း အရာအားလုံး ရုတ်တရက်ရပ်တန့်သွားသလို သေဆုံးသွားရတဲ့မနက်ခင်းတခုဟာ မုန်းတီးစိတ်ပျက်စရာကောင်းလွန်းလှတယ်။
ဒီလိုနဲ့ပဲ စတင်ခဲ့ရတဲ့ခရီးတွေရှိတယ်။ ဆုံးအောင်လျှောက်ခဲ့ရတဲ့လမ်းတွေရှိတယ်။ မိုင်တိုင်တွေကို ရေတွက်တယ်။ လူသက်တမ်းတွေကို တာလီမှတ်တယ်။ သမိုင်းအဖြစ်အပျက်တွေကို ဇာတ်ညွှန်းခွဲတယ်။ စွန့်ပစ်ခဲ့ရတဲ့အရာတွေရှိတယ်။ ဆက်သယ်ဆောင်လာတဲ့ အထုပ်အပိုးတွေပါတယ်။ အမှတ်တရဆုပ်ကိုင်လာတဲ့ ဖဲကြိုးစတွေကို ခပ်တင်းတင်းချည်နှောင်မိတဲ့အခါ ရှေ့တိုးရတဲ့ခြေလှမ်းတိုင်းဟာ လေးလံလွန်းခဲ့ပြန်တယ်။ စက္ကူစွန်လေးတကောင်နောက်ကိုပြေးလိုက်ရင်း ပေါ့ပါးခဲ့ဖူးတဲ့ငယ်ဘဝရုပ်ပုံတွေဟာ လေမှာလှုပ်တဲ့သစ်ရွက်ကလေးတွေလို စိတ်ကိုတိုးဝှေ့လိုက် ငြိမ်သက်သွားလိုက်။
အားလုံးဟာ တနေ့ကျ ပြီးဆုံးသွားမှာပါ။ ရှာဖွေမှုတွေကတော့ ရပ်တန့်သွားမှာမဟုတ်ဘူးလေ။ ဘယ်အရာမဆို သူ့အသက်ဓာတ်ကလေးတွေနဲ့သူ ရုန်းထလာခဲ့ကြတာပဲ။ အခုအချိန်မှာ ပြောဖို့အခက်ဆုံးစကားလုံးက ချစ်ခြင်းမေတ္တာဖြစ်နေတဲ့အခါ အံ့ဩမင်သက်မိတာပါပဲ။ အားလုံးကြားမှာ အလိုအပ်ဆုံးအရာတခုကို ပျောက်ဆုံးနေမှန်းသိလိုက်ရတဲ့အခါ ဖြစ်တည်မှုတိုင်းမှာ ပြိုမှာလေလားမိုးရဲ့ ခဲသားတွေပျစ်ခဲလို့။ ပြန်ရကာနီးမှ ပြန်စရာအိမ်မရှိတဲ့အခါ။
■ အလေးထားစရာ သတင်းတိုထွာ
– အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အများပြည်သူရှေ့တွင် အမှု စစ်ဆေးခြင်းမရှိဘဲ သေဒဏ်ချမှတ် ကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က သတိပေးလိုက်သည်။
အကြမ်းဖက်စစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက်အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ ယန္တရားက ရရှိထားသည့် အချက်အလက်များအရ၊ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်ကြောင်း ၊တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ၎င်းက ထုတ်ပြန် သတိပေးသည်။
တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံး လက္ခဏာတစ်ရပ်မှာ အမျိုးသားလုံခြုံရေးကိုထိခိုက်နိုင်သည့် ခိုင်လုံသောအကြောင်းတစ်စုံတစ်ရာရှိသည့်အခါမှလွဲ၍ အများပြည်သူရှေ့မှောက်တွင် အတတ်နိုင်ဆုံး စစ်ဆေးစီရင်ရန်ဖြစ်ကြောင်း၊ အမှုများကို လျှို့ဝှက်စွာစစ်ဆေးစီရင်သည့်အခါ၊ ဘက်မလိုက်ဘဲ လွတ်လပ်သော ခုံရုံးဖြစ်ရမည်ဆိုသည့်အချက်ကဲ့သို့ တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိကြောင်း၊ ထိုအခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း IIMM အကြီးအကဲက ဆိုသည်။
တရားမျှတသောအမှုစစ်ဆေးစီရင်မှု၏ အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အား တရားစွဲဆိုထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိကြောင်း IIMM က ထုတ်ပြန်ထားသည်။
Khit Thit Media
– မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးပျောက်ဆုံးနေပြီး သိန်းနှင့်ချီသော ပြည်သူများ ရေဘေးဒဏ် ခံစားနေရဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ရေဘေးဒဏ်သင့် ပြည်သူများထံသို့ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကိုလည်း သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၊ တပ်ရင်းစစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များသည် စိုးမိုး ထိန်းချုပ်နယ်မြေများအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ငွေသား၊ ရိက္ခာခြောက်များ ပေးပို့ပေးနေကြောင်း သိရသည်။
Khit Thit Media
■ ဖတ်စရာမှတ်စရာ
“ခေတ်ပြိုင်ရုပ်ရှင်”
ပြာပုံထဲက ဆင်းထုတော်
တံတားပေါ် က ဖိနပ်ကလေး။
မြို့လယ်က ဓားပြမှု
အရပ်မှာတဲ့ မီးလောင်ပြင်။
စစ်ဘေးရှောင် ရွက်ဖျင်တဲ
စာသင်ကျောင်းထဲက ဗုံးခိုကျင်း။
ရေဘေးသင့် အသက်မဲ့ခန္ဓာ
မြေစာပုံအောက်က ရုပ်အလောင်း။
အဲဒီမှာ
ခေတ်ပျက် ပိတ်ကားပေါ်က
အနိဌာရုံ အပြည့်နဲ့
ရုပ် အရှင်တွေလေ
စိတ်အသေတွေနဲ့တော့ မကြည့်‌နဲ့ပေါ့။ ။
(တမာမြေဖြိုးဝေ)
“အကျိုးစီးပွားဟာ လက်တွေ့နိုင်ငံရေးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြတဲ့ ကိစ္စဖြစ်တာကြောင့်၊ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးအမြင်တွေကို လေ့လာအကဲခတ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ reality ကို ချန်လှပ်ထားလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျယ်ပြန့်တဲ့ နိုင်ငံတကာဆက်ဆံရေး နယ် ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတစ်ခု ဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ထိုက်ထိုက်တန်တန် ရှိနေရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းက လူမျိုးအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ကို အထူးလေးစားသလို၊ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်သော အချုပ်အခြာအာဏာကိုလည်း အထူးလေးစားကြဖို့ လိုကြောင်း ပြောကြားအပ်ပါတယ်”
နောက် ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့ လက်ရှိနိုင်ငံရေးရာသီဥတုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားကြရမယ့်ကိစ္စ တချို့ကို ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ Global Power Competition လို့ခေါ်တဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အား ပြိုင်မှုတွေ ကြားမှာ အမြဲတမ်း လူးသာလွန့်သာဖြစ်အောင် ကြိုးစားကြရပါတယ်။ အခုလို ပြည်တွင်း မှာ အင်အားစုတွေ အကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်/ စစ်ရေးအရပဲ ဖြစ်ဖြစ် အင်မတန် အကဲဆတ်တယ်လို ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးအရ အကြမ်းနဲ့ အနု / အမာနဲ့ အပျော့ / အပူနဲ့ အအေးဆိုတဲ့ ဝိရောဓိတွေကို သိမ်မွေ့စွာ ကိုင်တွယ်နိုင်ရေးအတွက် အလေးအနက်ထား လုပ်ဆောင်ဖို အထူးလို အပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ သဘောတရားရေးတစ်ခုဖြစ်တယ်လိုလည်း ပြောနိုင်ပါတယ်။ ဒေသတွင်း နိုင်ငံရေး ရာသီဥတု အခြေအနေတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် ဦးတည်စေတာမျိုး လုံးဝ ဖြစ်လို မရဘူးလို့ ပြောချင်ပါတယ်။”
(နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ)
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*