မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​စက်တင်ဘာ ၂၇ ​သောကြာနေ့ –
■ မနက်ခင်းအတွေး
မနက်မိုးလင်းတာနှင့် ယူကျု့က တရားခွေတွေ တန်းစီဖွင့်သည်။ လူကတော့ ရေအိမ်ဝင်လိုက်၊ ညကပန်းကန်တွေဆေးလိုက်၊ ခြံထဲဆင်း တံမြက်စည်းလှဲလိုက်နှင့် လုပ်စရာရှိတာတွေ လျှောက်လုပ်နေသည်။ အားလုံးပြီးတော့ လမ်းထိပ်မှာတခုခုသွားဝယ်ဖို့ ဆိုင်ကယ်လေးနှင့်ထွက်သွားပြန်သည်။ မေတ္တာသုတ်တွေ၊ အန္တရယ်ကင်းဂါထာတွေ၊ လာဘ်ခေါ်ကပ်ကျော်သီချင်းတွေကတော့ မရပ်မနား။
သူ့စိတ်ကူးနှင့်သူဆိုတော့လည်း ကိုယ်မကြိုက်တာလေးနှင့် အပြစ်သွားပြောလို့မရ။ မနက်စောစော အော်ဟစ်ကြိမ်းမောင်းဆဲဆိုသံတွေနှင့် နိုးထတတ်သည့် ပြည်တွင်းရုံးဟောင်းရှေ့က ကျူးရပ်ကွက်လေးကိုတောင် သတိရမိသေးသည်။ ဒီနေ့လည်း နံနက်ချိန်ခါတေးသံသာက ပုံမှန်ပဲဟေ့ဆိုလျှင် အားလုံးသဘောပေါက်သည်။ အိပ်ယာကနိုးတာနှင့် ကလေးတအုပ်က ခွေးတအုပ်က ရုံးရှေ့ကွက်လပ်မှာ တရုံးရုံးနှင့်ဆူညံနေပြီ။ မနက်စာဆိုတာ အရိုက်အပုတ်နှင့် အဆူအဆဲသာရှိသော သူတို့အိမ်ကုတ်ကုတ်ကလေးတွေကနေ ဗိုက်ဆာဆာနှင့် ပြေးထွက်လာကြတာလည်းဖြစ်သည်။
ဘက္ထရီဘီးလေးနှင့် စီဒီအမ်မုန့်သည်အသံက တန်းလျားလေးတွေရှေ့ ပတ်ကြားနေရသည်။ မိုးရွာရွာ နေပူပူ သူကတော့ ပုံမှန်ပင်။ လမ်းထဲကခွေးတအုပ်က သူ့ဘေးကနေ ခြံရံလိုက်ပါလာသည်။ ဘာတွေထားပစ်ခဲ့ရပြီး ဘယ်လိုပြေးလာရတာ၊ ဒီမှာ ဘယ်လောက်ခက်ခဲစွာရုန်းကန်ရတာ စသဖြင့် သူ့ပင်တိုင်ဇာတ်လမ်းရှည်ကြီးအပြင် တနေ့တမျိုးမရိုးရအောင် ပြောစရာပုံပြင်တွေကလည်း မထပ်စေရ။ မုန့်လည်းဝယ်ရင်း မနက်ခင်းသတင်းပလင်းအစုံ စုပြုံတိုးဝှေ့ပြောဆိုရင်း လမ်းကြားကလေးက အသက်ဝင်နေပြန်သည်။ ခဏနေရင်တော့ တခြားအခန်းတွေ အလုပ်သွားမယ့်သူတွေ ဆိုင်ကယ်လေးတွေဖြင့် အသီးသီးထွက်သွားကြသည်။ ကျန်ခဲ့သူတချို့က ကျွတ်ကျွတ်အိတ်အမဲနှင့်အမှိုက်ထုပ်လေးတွေဆွဲကာ လမ်းထိပ်ထွက်သွားကြသည်။
ဧည့်သည်တွေကို လမ်းညွှန်လျင် အမှိုက်ပုံးတွေတန်းစီချထားတဲ့လမ်းတွေ့ရင် ချိုးသာဝင်လာခဲ့ဟု မြင်သာအောင်ပြောရသည်။ အမှိုက်ပုံးတွေက အမြဲပြည့်နေတတ်သလို တခါတလေ ဘေးမှာပါ အမှိုက်တွေက ပြန့်ကျဲနေတတ်သည်။ ခပ်ဆိုးဆိုးခွေးတကောင်က ကိုက်ချီဖွထားလို့ လမ်းလယ်ခေါင်မှာ ပွင့်ကြဲနေသည့်အမှိုက်တွေကို ကွေ့ရှောင်သွားရတာလည်း တခါတလေ စိတ်ပျက်ဖို့ကောင်းသည်။ ဒါပေမဲ့သိပ်မကြာလိုက်၊ တွန်းလှည်းကလေးနှင့် စက်ဘီးအစုတ်ကလေးနှင့် ပုံမှန်ဖောက်သည်တွေရောက်လာတတ်သည်။ သူတို့လိုချင်တာလေးတွေ မွှေနှောက်ယူမည်။ ပွရွနေသည့် အမှိုက်ပုံးလေးတွေကို သေချာသပ်ရပ်အောင် ထားခဲ့မည်။ ပြီးတော့ ရှေ့လမ်းတွေ ရပ်ကွက်လေးတွေဆီ တရွေ့ရွေ့ထွက်ခွာသွားကြတော့သည်။
ဒီလိုနှင့် နေ့တနေ့ကို အစပြုသည်။ ရောင်နီတွေနဲ့တို့အတူလား။ အရှေ့တခွင်လုံးနီလား။
■ သတင်း
– ရန်ကုန်မှာ သန်းခေါင်စာရင်းကောက်ဖို့ ကူညီနေတဲ့ ရာအိမ်မှူးပစ်သတ်ခံရ
ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ အကူအညီပေးနေတဲ့ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီနေ့ ညပိုင်းက အောင်ဆန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ မင်းမင်းထွန်းဟာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်အဖြစ် စစ်သင်တန်းတက်ရောက်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
– စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ဖို့ ရန်ကုန်သပိတ်အင်အားစုများတိုက်တွန်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေး ရေဘေး ကြုံရချိန်မှာ အာဏာတည်မြဲဖို့အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို ဆန့်ကျင်ဖို့ ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေး အင်အားစုများနှင့်အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံးကာ ဆန့်ကျင်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားစေဖို့ ဆောင်ရွက်ခြင်း၊ စာရင်းကောက်ယူရာမှာ ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်၊ ပြည်သူလူထုအချင်းချင်းနဲ့ တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
– NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ နိုင်ငံတကာကို ကုလအရာရှိတိုက်တွန်း
မြန်မာ့အရေးအဖြေရှာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှတဆင့် နိုင်ငံရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဒုတိယမဟာမင်းကြီးက တိုက်တွန်းပြောကြားပါတယ်။ ဒုတိယမဟာမင်းကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှာ စစ်ကောင်စီကြောင့်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အဆုံးသတ်နိုင်ရေး ‘ချဥ်းကပ်မှုအသစ်’ ချမှတ်လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။ မြန််မာနိုင်ငံ အခြေအနေမှာ ဆင်းရဲဒုက္ခတွင်းထဲ ဆက်လက်နစ်မြှုပ်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကိုလည်း ဒုတိယမဟာမင်းကြီးက မီးမောင်းထိုးတင်ပြခဲ့တယ်လို့ သိရပါတယ်။
People’s Spring
■ ဖတ်စရာမှတ်စရာ
“လွန်ခဲ့သည့် ဆယ်ငါးနှစ်က ကျွန်တော်သည် အရှေ့တခွင်လုံးနီ ဟူသော အမည်ဖြင့် ဝတ္တုရှည်ကြီးတပုဒ်ထုတ်ဝေရန် ပုဂံစာအုပ်တိုက်မှ ကြော်ငြာခဲ့ဖူးသည်၊
သို့ရာတွင် ယခုထက်တိုင် ထိုဝတ္တုကို မရေးဖြစ်သေး၊ နောင်တွင်ဘယ်ခါမှ ရေးဖြစ်မည်ကိုလည်း မပြောနိုင်သေးပါ၊ ထိုဝတ္တုအတွက် ဇာတ်လမ်း ဇာတ်ကွက်နှင့် အရေးကြီးသော ဇာတ်ဆောင်တို့ကို ပုံဖော်ပြီးဖြစ်သည့်တိုင် အချက်အလက်များရှာချိန်မရသေးသဖြင့် ယခုထက်တိုင်မရေးနိုင်သေးခြင်းဖြစ်ပါသည်၊”
” ကျွန်တော့်ဝတ္တုကို ၁၈၈၅ ခု သီပေါမင်း နန်းကျခါနီး သပြေတန်းနှင့်အင်းဝ ခံတပ်များမှ မြန်မာတပ်များ ဆုတ်ခွာချိန်တွင် အစပြုပြီး ၁၉၄၈ ခုနှစ် လွပ်လပ်ရေးရချိန်တွင် အဆုံးသတ်မည်ဟု စိတ်ကူးထားပါသည်၊ ဗြိတိသျှတို့ သိမ်းပိုက်ချိန်မှစပြီး ဗြိတိသျှတို့ ဆုတ်ခွာချိန်ကာလအထိ မျိုးဆက်သုံးဆက်တို့၏ ဇာတ်လမ်းဖြစ်ပါသည်။ တနည်းပြောရလျှင် မြန်မာ့လွပ်လပ်ရေး ဆုံးရှုံးချိန်မှ မြန်မာ့လွပ်လပ်ရေူ ပြန်ရချိန်အထိ ဇာတ်လမ်းဖြစ်ပါသည်။
“ကျွန်တော်ဝတ္တုထဲမှ ဇာတ်လိုက်သည် အင်္ဂလိပ်တို့ထံလက်နက်ချရန် ညွှန်ကြားသော သီပေါဘုရင်၏ လွှတ်တော်မှ အမိန့်နှင့် နောက်ထပ်ထုတ်ပြန်သော သီပေါဘုရင်၏ အမိန့်ကို မကျေနပ်၍ ရရာလက်နက်ဖြင့် တောတောင်များဆီသို့ ဆုတ်ခွာသွားသော တပ်မူးကြီးတဦး၏ ကိုယ်ရံတော်ဗိုလ်ကလေးတဦးဖြစ်ပါသည်၊ ထိုကိုယ်ရံတော် ဗိုလ်ကလေး၏ နောက်မျိုးဆက်သုံးဆက်တွင် တွေ့ကြုံရသော ဇာတ်လမ်းများဖြစ်ပါသည်။”
ဤသည်မှာအရှေ့တခွင်လုံးနီဝတ္တုနှင့်ပတ်သတ်ပြီး ‘တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့’ ဆောင်းပါးရှည်ကြီးထဲတွင် ထည့်သွင်းဖြေရှင်းထားသော မြသန်းတင့်၏ ဖြေရှင်းချက်ဖြစ်၏။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*