ကျနော်သိတဲ့ ကော်ဘရာထဲက Lion

“ကျနော်သိတဲ့ ကော်ဘရာထဲက Lion”
◼️Simon
တော်လှန်ရေးကာလမှာ အချိန်အတိုင်းအတာတခု ကြာလာရင် လူတချို့က အီလာတယ်၊ စိတ်ဓာတ်တွေကျလာမယ် ဒါက အမှန်တရားပဲ။ တကယ်တော့ တော်လှန်ရေးအလုပ်ဆိုတာ တော်ရုံ သမာဓိအားမကောင်းဘဲနဲ့ လုပ်လို့ကို မရဘူး။
စိတ်ဓာတ်အတက်အကျ ကြမ်းသလို တက်ပြီဆိုရင်လည်း မျှော်လင့်ချက်တွေအပြည့်နဲ့ ကျပြီဆိုရင်လည်း အဝီဇိချိုး (ဂျိုး) ကပ်တဲ့အထိကို ဖြစ်ရော။ ဒီလို စိတ်ဓာတ်တွေကျလာရင် ဘာပြန်လုပ်ရလဲဆိုတော့ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေကို ကြည့်ပြီး ပြန်အားတင်းရတယ်၊ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ရတယ်။ ငါ့မှာ ခြေကောင်း၊ လက်ကောင်း ကျန်သေးတယ်၊ ကောင်းကောင်း အသက်ရှင်နိုင်သေးတယ်၊ ငါလိုကောင်က စိတ်ဓာတ်ကျနေရင် ငါ့ဘော်ဒါတွေကို ငါ ဘယ်လိုပြန်အားပေးမလဲ၊ ငါ ဘယ်လိုလုပ်ပြီး ကူညီနိုင်မလဲ စသဖြင့် ကိုယ့်ကိုယ်ကို မိုတီပြန်ပေးပြီး အားပြန်မွေးရသလို သူတို့ကိုလည်း ပြန်အားပေးရတယ်။
ဒီလိုအလေ့အကျင့်က ဘယ်ကနေရလာတာလဲဆိုရင် ကျနော့်ဘော်ဒါဖြစ်တဲ့ ကော်ဘရာထဲက Lion နဲ့ တွေ့တဲ့အချိန်မှာ ဒီလိုမျိုးစိတ်တွေ ဖြစ်လာတာ။
ဒီကောင့်ကိုတွေ့တော့ မဲဆောက်က ဆေးရုံမှာ။ အဲဒီတုန်းက Lionက ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ရောက်လာတာ> တော်တော်များများက ဒီကောင့်ကို လက်လွှတ်ရပြီလို့တောင် တွေးထားတာ။ ဘာကြောင့်လဲဆိုတော့ ဒဏ်ရာကြောင့် သွေးထွက်လွန်နေသလို ခြေထောက်တဘက်ကလည်း ဟောင်းလောင်းပေါက်ကြီးနဲ့ တွဲလောင်းကြီးဖြစ်နေပြီး ဖြတ်ရတော့မယ့် အခြေအနေထိ ဖြစ်နေပြီ။ စာနဲ့တောင် ရေးမပြတတ်ဘူးဗျာ၊ ကျနော့်ဘ၀မှာ ရှင်လျက်နဲ့ မြင်ဖူးတဲ့ အဆိုးဝါးဆုံး ဒဏ်ရာလို့တောင် ပြောရမယ်။
သို့သော် Lion က အကြောတင်းတယ်၊ အသက်ပြင်းတယ်၊ သေရွာကနေ ရအောင်ပြန်လာတယ်။ ဒါပေမယ့် Lion ခြေထောက်မှာ စတီးချောင်းတွေ ပတ်ပတ်လည်တပ်ထားပြီး အရိုးတွေကို စကူနဲ့ ကြပ်ထားရတယ်။ ခြေထောက်က ထောက်ဖို့မပြောနဲ့ လှုပ်လို့တောင်မရဘူး။ သူ့အရိုးတွေက မုန့်ကြွပ်ကို ခြေလိုက်သလို မွသွားတဲ့အနေအထားတခု ဖြစ်နေပြီ။ ဒါကို မဲဆောက်က ဆရာ၀န်တွေက ရအောင်ပြန်ဆက်ပြီး ခြေထောက်ကို ပြန်ကုပေးထားတယ်။ ဆရာဝန် တွေက ခြေထောက်ကို ဖြတ်ရမယ့်အလုပ်ထက် မဖြတ်ဘဲ ရအောင် ပြန်ကုနိုင်ဖို့ ဆုံးဖြတ်ထားကြတယ်။ တော်လည်း တော်ကြပါတယ်။
ဒါပေမယ့် ဒီလို အရိုးကို ပြန်ဆက်ပေးထားတဲ့အတွက် အကောင်းတိုင်းပြန်ဖြစ်ဖို့ အချိန်တခုတော့ စောင့်ရမယ်၊ ကြာလည်းကြာမယ်။
ဒီနေရာမှာ ပြဿနာရှိလာတာက Lion ။ ဒီကောင်က လက်နက်ကိုင်ပြီး အပွဲပွဲ နွှဲလာခဲ့တာဆိုတော့ အခုလို ဒဏ်ရာကြီးနဲ့ ဆေးရုံပေါ် လှဲနေရတဲ့အချိန်မှာ သူ့ကိုယ်သူ အားမရတော့ဘဲ တော်လှန်ရေးမှာ ငါက လူပိုကြီးလို ဖြစ်သွားပြီလားဆိုတဲ့ အတွေးတွေ စ၀င်လာတာပဲ။
ဒီနေရာမှာ ကျနော်အပါအဝင် သူ့ဘေးမှာ ရှိသမျှလူတွေက တော်လှန်ရေးအတွက် ကိုယ်လုပ်နိုင်တဲ့ဘက်က လုပ်နေချိန် Lion က ဆေးရုံကုတင်ပေါ်မှာ လှဲနေပြီး သူ့ဘဝက ရှင်လျက်နဲ့ သေသလိုကြီးဖြစ်နေတယ်လို့ ထင်မိတယ်ထင်ပါတယ်။
ကျနော်ကတော့ ဒီကောင့်စိတ်ကို နားလည်တယ်။ ကိုယ်တိုင်လည်း ဒါမျိုးဖြစ်ခဲ့ဖူးတယ်။ အထူးသဖြင့် မြို့ပေါ်မှာ ကျနော့်ဘော်ဒါတွေ သေတယ်၊ အဖမ်းခံလိုက်ရတယ်။ ဒီလိုအချိန်မှာ ကျနော်နဲ့ တခြားသူငယ်ချင်းတချို့ ကျန်ခဲ့ပြီး တချို့က တောထဲပြန်ဝင်ကုန်တယ်။ ကျနော်ကတော့ လက်ကျန်အဖွဲ့ထဲက လူတချို့နဲ့ မြို့ပေါ်မှာဆက်နေပြီး လုပ်စရာရှိတာလုပ်ဖို့ တွေးနေပေမယ့် တကယ်တမ်းက ကျနော်ကိုယ်တိုင်လည်း ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်နေခဲ့ဖူးတယ်။
အဲ့သည်တုန်းက ခံစားချက်က သေသူတွေကို အားကျတယ်။ ငါလည်း မင်းတို့လို သေသွားရင်ကောင်းမယ်ကွာ ဆိုတဲ့ အတွေးတွေ ဝင်လာမိတယ်။ ရှင်သန်ပြီး ကျန်နေခဲ့ရတာကိုက လူပိုကြီးတယောက်လို၊ အပြစ်ရှိသူတယောက်လို ခံစားမိလာတယ်။ ဒီလို စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ သူငယ်ချင်းတချို့ရဲ့ ကောင်းမှုကြောင့် UG ဘ၀ကနေ စာတွေပြန်ရေးဖို့ အားတွေရှိလာတယ်။
ဒီတော့ Lion အခုလို စိတ်ဓာတ်တွေကျနေတာကို မြင်တော့ ကျနော် ဒီကောင့်ကို ကိုယ်ချင်းစာတယ်။ ဒါကြောင့် နောက်တခါ ဒီကောင်နဲ့တွေ့တော့ သူ့ကို ကျနော်က မေးတယ်။
“ဟရောင် မင်းဘာလုပ်ချင်လဲ”
“ကျနော် ပုံတွေ ပြန်ဆွဲချင်တယ်တဲ့”
“အိုခေ ကောင်းပြီကွာ၊ မင်း ပုံတွေပြန်ဆွဲ၊ ငါ မင်းကို ကူညီမယ်” ဆိုပြီး ကျနော် ဒီကောင့်အတွက် ပုံတွေဆွဲရင် လိုအပ်မယ့်ပစ္စည်းတွေ ကျနော်နိုင်သလောက် ဝယ်ပေးပြီး ဒီကောင့်ကို စိတ်တည်ငြိမ်အောင် ပုံတွေဆွဲခိုင်းတယ်။
အစကတော့ Lion စိတ်ထဲမှာ ဒီလို ပုံတွေဆွဲတာက တော်လှန်ရေးအတွက် ဘာအထောက်အကူပြုမှာလဲဆိုပြီး တွေးနေမိသေးတယ်။ ဒါကိုလည်း ကျနော်က ရှင်းပြရတယ်။
“တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး တော်လှန်မှ တော်လှန်ရေး မဟုတ်ဘူးကွ၊ အနုပညာနဲ့လည်း တော်လှန်ရေးက လုပ်လို့ရတယ်” ဆိုပြီး တော်လှန်ရေးထဲက အနုပညာသမားတွေနဲ့ သူတို့လုပ်နေတာတွေကို ကျနော် သိသလောက် ရှင်းပြမိတယ်။
ဒီလိုနဲ့ နောက်ပိုင်း Lion ပုံတွေ ဆွဲလာတယ်< လက်ရာတွေလည်း တအားကောင်းလာသလို သင်တန်းတွေတက်၊ ဘ၀တူ ရဲဘော်တွေနဲ့တွေ့ပြီး သူကိုယ်တိုင်လည်း စိတ်ဓာတ်တွေ ပြန်တက်ကြွလာတယ်။
တကယ်တမ်း Lion ခုလို တက်တက်ကြွကြွဖြစ်လာတာ ကျနော့်ကြောင့်လည်း မဟုတ်ဘူး၊ တခြား ဘေးက ကူညီပေးကြတဲ့ သူတွေကြောင့်လည်း မဟုတ်ဘူး။ ကျနော်တို့ ပါဝင်ပတ်သက်မှုက သာမန်ပါပဲ။ တကယ်တမ်း သူကိုယ်တိုင် သူ့စိတ်ကို သူပြန်အားတင်းပြီး တော်လှန်ရေးအတွက် ငါရတဲ့ဘက်က ငါလုပ်နိုင်တာ လုပ်မယ်ဆိုတဲ့ စိတ်ကြောင့်သာ အခုလို ပြန်ပြီးတက်ကြွလာတာ။ သူ့ဘေးကလူတွေ ဘယ်လောက် အားပေးအားပေး သူကိုယ်တိုင်လည်း လုပ်ချင်ကိုင်ချင်စိတ်ရှိမှ ဖြစ်မှာလေ။
တနေ့က ကျနော်စာပို့တော့ ဒီကောင် ဝမ်းသာအားရ စာပြန်ပို့တယ်။ အခုနောက်ပိုင်းတော့ ကျနော်လည်း အလုပ်တွေ မအားတာကြောင့် သူနဲ့ စကားအေးအေးဆေးဆေး မပြောဖြစ်ဘူး။ အခွင့်သာတဲ့တနေ့တော့ သူနဲ့ အေးဆေးတွေ့ပြီး စကားတွေ အားရပါးရ ပြောရဦးမယ်။
တကယ်တော့ ကျနော်တို့ တော်လှန်ရေးထဲမှာ Lion လို တော်တဲ့၊ စိတ်ဓာတ်ကောင်းတဲ့ လူငယ်ရဲဘော်တွေ အများကြီးပဲ။ သူတို့ကို ကျနော်တို့က မေ့ထားလို့မရသလို သူတို့နဲ့လည်း အမြဲလို ထိတွေ့နေဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဒီတော်လှန်ရေးကြီးမှာ စိတ်ဓာတ်တွေ တက်ကြွလာပြီဆိုရင်လည်း တအားကို တက်ကြွပြီး ကျပြီဆိုရင်လည်း အဝီစိချိုး (ဂျိုး) ကပ်တဲ့အထိ ကျတတ်တာကြောင့်ပဲ။
ဒါကြောင့် ကျနော်တို့တွေ အချင်းချင်း ဖေးမဖို့နဲ့ အားပေးကြဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့မှာ ငါတို့ပဲရှိတာ မဟုတ်လား …
ဒီစာက ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ကျရောက်တဲ့ ကျနော့်ဘော်ဒါ Lion မွေးနေ့အတွက် အမှတ်တရအဖြစ် ရေးတဲ့ စာ။
အသက်ရှင်သမျှ ကာလပတ်လုံး အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူ့ဘက်ကို မျက်နှာမူတဲ့သူ ဖြစ်ပါစေကွာ။
About The Call 352 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*