“နက်ရှိုင်းမှုကနေ အပြန့်ကျယ်လာမယ့်စစ်”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
၂၀၂၅ ကို နှစ်ပတ်ကျော် ဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေးဟာ ရှမ်းမြောက်၊ ရခိုင် စသည်ဖြင့် တပြည်နယ်ထဲမှာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တဲ့ မြို့သိမ်း၊ တပ်ရင်း၊ စစ်ဗျူဟာနဲ့ စစ်တိုင်းတွေကိုသိမ်းတဲ့ ပြင်းထန်နက်ရှိုင်းမှုကနေ နိုင်ငံအနှံ့ ပြန့်ထွက်လာတဲ့သဘောကို တွေ့ရတယ်။ စစ်ဟာ နက်ရှိုင်းမှုကနေ ကျယ်ပြန့်မှုဘက်ကို ဦးတည်နေတယ်လို့ ပြောနိုင်တယ်။
‘ဘာကြောင့် ကျယ်ပြန့်လာသလဲ’
စစ်တပ်ကို တကယ် ပြင်းပြင်းထန်ထန်တိုက်နိုင်တဲ့ အင်အားအရင်းအမြစ် (လူ၊ လက်နက်၊ ငွေ) ဟာ FPNCC မှာ ပိုရှိတယ်။ ဝ၊ မိုင်းလားနဲ့ SSPP က လက်ရှောင်နေတဲ့အတွက် ဒီအင်အားစုမှာ ကျန်နေတာက ကေအိုင်အေနဲ့ မြောက်ပိုင်းညီနောင်တွေဖြစ်တယ်။ မြောက်ပိုင်းညီနောင် ၃ ဖော်မှာ ရှမ်းမြောက် ရမခ (လားရှိုး) စစ်တိုင်းနဲ့ ရခိုင် နပတ (အမ်း) စစ်တိုင်းတို့ ကျသွားပြီးတဲ့နောက် ရှမ်းမြောက်မှာ ဆွေးနွေးပွဲတွေမအောင်မြင်လို့ စစ်ပြန်ဖြစ်မယ်ဆိုလည်း အရင်လောက် စစ်ရှိန်ပြင်းမှာမဟုတ်သလို ရခိုင်မှာ စစ်တွေနဲ့ ကျောက်ဖြူကို တိုက်ဖို့အတွက် အေအေဘက်က အချိန်တခုယူကောင်းယူမယ်လို့ ယူဆရလို့ဖြစ်တယ်။
စစ်သတင်းတွေကို လေ့လာမယ်ဆိုရင် အမ်း (ဒီဇင်ဘာ ၂၀) နဲ့ ဂွ (ဒီဇင်ဘာ ၂၉) ကို အေအေသိမ်းယူခဲ့တဲ့နောက်ပိုင်း ပြင်းထန်တဲ့ မြို့သိမ်းဖို့ကြိုးစားတဲ့ တိုက်ပွဲတွေကို ဗန်းမော်နဲ့ မံစီမှာ ကေအိုင်အေဦးဆောင်တဲ့ တဖွဲ့ပဲ ဆက်လက်ဆင်နွှဲနိုင်တာ တွေ့ရတယ်။ ဒီလောက်မပြင်းထန်ဘူးဆိုပေမယ့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးစစ်တိုင်းတွေမှာလည်း တိုက်ပွဲတွေစိပ်နေသလို ချင်း၊ ကရင်နီ၊ ရှမ်းတောင်နဲ့ တနင်္သာရီဘက်မှာလည်း ပုံမှန်တိုက်ပွဲတွေ တွေ့ရတယ်။ ရခိုင် ဟာ ဧရာဝတီတိုင်းကို ဂွ၊ ငါးသိုင်းချောင်းကနေ ကမ်းရိုးတန်းအစပ်တလျှောက် ဆက်တိုက်နေတာ ရွှေသောင်ယံကမ်းခြေဘက်အထိ ရောက်လာတာမို့ မော်တင်စွန်းဘုရားဖူးဖို့ ကြိုးစားလိမ့်မယ်ဆိုတဲ့ ရခိုင်နိုင်ငံရေး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေ မှန်နိုင်မလားပဲ။
စစ်ပွဲတွေ ပြန့်ထွက်သွားရတဲ့ နောက်တကြောင်းက စကစဘက်က သဘောထားခံယူချက်ကြောင့် ဖြစ်တယ်။ စကစဟာ စစ်ရှုံးနေပေမယ့် ဗဟာဗျူဟာခံစစ် မတည်ဆောက်ဘဲ တနိုင်ငံလုံးမှာ ဖြန့်ကျက်နေရာယူထားဆဲ ဖြစ်တာကြောင့်ဖြစ်တယ်။ ဆိုလိုတာက စခန်းသေးလေးတွေကနေ စခန်းကြီးတွေကိုဆုတ်ပြီး ခံစစ်ပြောင်းတာကလွဲလို့ စစ်ပွဲကို သေချာတဲ့ခံစစ်နဲ့ ပြန် အထိုင်ချ တိုက်ခိုက်တာမျိုး သိပ်မတွေ့ရဘဲ ပိတ်ဆို့ခံထားရတဲ့နေရာတွေနဲ့ ဆုတ်လာတဲ့စစ်ကို လေကြောင်းပစ်ကူပေးပြီး ဆုတ်တိုက် တိုက်နေတာဖြစ်တယ်။
စကစဟာ ငါအစိုးရဆိုတဲ့ ဟန်ပြကို မြို့ပေါ်က ပွဲလမ်းသဘင်တွေမှာ လုပ်ပြနေသလို စစ်ပွဲတွေမှာလည်း မာန်မချနိုင်သေးဘဲ စစ်တိုင်းပြည်နယ်အားလုံး တတ်နိုင်သလောက် စစ်ဖြန့်ထားဆဲဖြစ်တယ်။ တကယ်တမ်း တိုက်ပွဲဝင်နိုင်စွမ်းမရှိတဲ့ ထုတ်လုပ်ရေးစစ်သည်၊ ထောက်ပို့စစ်သား၊ စစ်မှုထမ်းလူသစ်တွေကို အားဖြည့်ပေးတဲ့ တောက်လျှောက် ဆုတ်ပေးနေရတဲ့ ခံစစ်အရှင်ကလည်း စစ်ပွဲတွေကို ပြန့်ကျဲထွက်စေဖို့ တွန်းအားပေးနေတဲ့သဘော တွေ့ရတယ်။
‘စစ်ကိုင်း၊ မန်းမကွေး၊ ပဲခူး’
ဗမာစစ်တိုင်းတွေမှာ လက်ရှိ စစ်ပွဲတွေ ဖြန့်ကျက်နေပုံဟာ ဧရာဝတီမြစ်ကြောင်းကို အထိုင်ထားပြီးကြည့်ရင် မြင်သာမယ့်သဘောရှိတယ်လို့ ယူဆရတယ်။ ကချင်မြစ်ဆုံမှာ မြစ်ဖျားခံတဲ့ ဧရာဝတီမြစ်ဟာ လတ်တလော စစ်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော်ကနေ ရွှေကူကိုဖြတ်ပြီး စစ်ကိုင်းတိုင်း ကသာထဲကို ဝင်လာတယ်။ ကသာကနေ မန္တလေးကိုရောက်တဲ့အထိ ထီးချိုင့်၊ သပိတ်ကျဥ်း၊ စဥ့်ကူးနဲ့ မတ္တရာတို့ဟာ ၂၀၂၄ ထဲ တိုက်ပွဲတွေ စိပ်စိပ်ဖြစ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားနိုင်တဲ့ ဒေသတွေဖြစ်တယ်။
စစ်ကိုင်းတိုင်းထဲမှာ ကသာ၊ အင်းတော်ကနေ ပင်လယ်ဘူးကိုဖြတ်ပြီး ချင်းတွင်းဘက်ရောက်ခဲ့ရင်လည်း ချင်းတွင်းမြစ်ကြောင်းတလျှောက်က ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ ပြီးခဲ့တဲ့အပတ်တွေက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကနီတို့ကိုတွေ့ရမယ်။ ပြီးရင် မုံရွာတဝိုက်က ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး စတဲ့မြို့တွေဟာ တိုက်ပွဲတွေ အဆက်မပြတ်တဲ့ နယ်တွေဖြစ်တာ တွေ့ရတယ်။ ရေဦး၊ ရွှေဘို၊ စစ်ကိုင်းခရိုင်တွေဟာလည်း တိုက်ပွဲတွေရှိနေတာမို့ စစ်ကိုင်းတိုင်းဟာ တတိုင်းလုံးနီးပါး တော်လှန်ရေးအင်အားစုတွေ စီးနင်းထားတယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် နုဂျီက ရုံးစိုက်ဖို့ ယုံကြည်မှုရလာတာဖြစ်တယ်။ ဒါ့ကြောင့် စစ်တပ်မထိန်းချုပ်နိုင်တော့လို့ လိုကယ်အုပ်ချုပ်ရေးကြောင့် မတည်ငြိမ်တဲ့အသံတွေ အများဆုံးကြားရတဲ့တိုင်း ဖြစ်နေတာဖြစ်တယ်။
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ပေါင်းဆုံတဲ့ ရေစကြိုနဲ့ ပခုက္ကူဟာ မကွေးတိုင်းထဲကို ဝင်လာပြီဖြစ်တယ်။ ဧရာအနောက်ခြမ်း ပခုက္ကူတဝိုက်ကိုကြည့်ရင် မြိုင်၊ ပေါက် ဒေသတွေဟာ ကနဦး လူထုဆန္ဒပြပွဲတွေကနေ လက်လုပ်သေနတ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး ကူးပြောင်းခဲ့တဲ့ ဒေသတွေဖြစ်တယ်။ ပခုက္ကူရဲ့ ဧရာဝတီအရှေ့ပိုင်းဟာ မန်းတိုင်းအခြမ်းဖြစ်တယ်။ လတ်တလော အမြန်လမ်းပေါ်အထိ ကားတွေတက်စစ်နေတယ်လို့ နာမည်ထွက်နေတဲ့ မြင်းခြံ၊ နွားထိုးကြီးတို့ကို တွေ့ရမယ်။ ဆက်ဆင်းလာလို့ ကပစစက်ရုံတွေနဲ့ ဝါဇီစက်ရုံတွေရှိတဲ့ ဆိပ်ဖြူဟာ ချင်းမှာ သိမ်းခံလိုက်ရတဲ့ မင်းတပ်၊ ကန်ပက်လက်၊ ဆောကနေတဆင့် ကုန်းလမ်းမှာ တဆက်တည်းဖြစ်တယ်။
အဲဒီကနေ စလင်း၊ ပွင့်ဖြူကတဆင့် မင်းဘူးကိုရောက်မယ်။ မင်းဘူးဟာ စစ်တပ် အမ်းကို ထောက်ပို့လုပ်ဖို့ ကြိုးစားခဲ့တဲ့ အမ်းတိုက်ပွဲအတွင်း ထင်ရှားလာတဲ့ အမ်း-ပဒါန်းလမ်းနဲ့ တဆက်တည်းဖြစ်တယ်။ မင်းဘူးဟာ ဧရာဝတီမြစ်အနောက်ဘက်၊ မကွေးက အရှေ့ဘက်ဖြစ်တယ်။ မကွေးကမှ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ အရှေ့ကိုဆက်ရင် မန်းတိုင်းထဲဝင်ပြီး နေပြည်တော်ဟာ အတော်နီးကပ်လာတယ်။ ဧရာမြစ်ကြောင်းအတိုင်း ဆက်ဆင်းရင် မင်းလှ၊ ဆင်ပေါင်ဝဲ၊ သရက်၊ အောင်လံတို့ဖြစ်တယ်။
ဆက်ပြီး စုန်ဆင်းမယ်ဆိုရင် တောင်ကုတ်ကနေ အေအေလမ်းကြောင်းရှာနေတဲ့ ပြည်ကိုရောက်တဲ့အခါ ဧရာဝတီမြစ် ဟာ ပဲခူးတိုင်းထဲကို ဝင်ပြီဖြစ်တယ်။ မကွေးဟာ စစ်ကိုင်းလို တတိုင်းလုံး တော်လှန်ရေးဘက်က စီးထားနိုင်ဖို့ အချိန်တခုတော့ ယူရဖို့ရှိတယ်။ စစ်ကိုင်းတိုင်းဟာ ရှမ်းမြောက်နဲ့ ရခိုင်လို ခိုင်မာလာတဲ့အချိန်မှာ မကွေးဟာ စစ်ကိုင်း လက်ရှိအနေအထားကို ရောက်ရှိလာမယ် ယူဆရတယ်။ မကွေးက စစ်ကိုင်းဖြစ်လာတဲ့အခါ ပဲခူးက လက်ရှိ မကွေးနေရာကို ရောက်လာမယ်လို့ ခန့်မှန်းရတယ်။ ၆ လ၊ တနှစ် အခြေအနေတွေပေါ် မူတည်ပါလိမ့်မယ်။
‘၂၀၂၅’
မျှော်မှန်းထားသလို ၂၀၂၅ မှာ အိမ်ပြန်နိုင်ဖို့ ဖြစ်နိုင်ခြေကိုကြည့်ရင် ပထမဆုံးလိုအပ်ချက်က စစ်တပ်ဘက်က စစ်ကိုင်းနဲ့ မန်းမကွေးမှာ တော်လှန်ရေးဘက်ကူးပြောင်းမှုတွေ များများ ပေါ်ထွက်လာဖို့ဖြစ်တယ်။ ပြန့်ကျဲနေတဲ့ တအိအိစစ်က စစ်တပ်တွင်း အင်အားယိုစီးမှုတွေကို ဖြစ်စေမယ်။ မန်း၊ မကွေးဟာ ပိုပြီးအခရာကျတဲ့ စစ်တိုင်းတွေ ဖြစ်လာဖို့ရှိတယ်။ ၂၀၂၅ ဟာ ကြားခံနှစ်လား၊ ရွေးကောက်ပွဲလား၊ ဗမာစစ်တိုင်းတွေအတွင်း တိုက်ပွဲတွေ အရှိန်အမြင့်ဆုံးကို ကူးပြောင်းလာမလား။
Be the first to comment