
“ဆောင်းခိုငှက်များ ပျံသန်းခြင်း”အော်စွန်းမိုင်
မြေလတ်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းက မြို့တမြို့မှာ ရောက်နေတုန်း နောက်ကနေ ပုခုံးကို တို့ထိလိုက်လို့ လှည့်ကြည့်မိတော့ မောင်ရွှေအက မိုးကောင်းကင်ကို လက်ညှိုးထိုးပြတယ်။ ဒါနဲ့ မိုးကောင်းကင်ကို မော့ကြည့်လိုက်တာမှာ ဆောင်းခိုငှက်တအုပ် မြှားဦးသဏ္ဌာန် အုပ်စုဖွဲ့ ပျံသန်းနေကြတာကို မြင်တွေ့ရတယ်။ မြင်ကွင်းကနေ ဝေးသွား ဝေးသွားပြီး ပျောက်ကွယ်တဲ့အထိ ကြည့်နေမိတယ်။ ခဏနေတော့ နောက်တအုပ်တဖွဲ့ အနောက်ဘက်ဆီပဲ ပျံသန်းသွားကြတယ်။
မောင်ရွှေအက စကားမပြောတတ်ဘူး။ အိမ်က ထောင်ပေးထားတဲ့ မြင်းလှည်းမောင်းတယ်။ ကာလသားတချို့ ဝိုင်းနောက်ပြောင် စကြလို့ သူက မြင်းလှည်းမောင်းတဲ့ ကြာပွတ်ငယ်နဲ့ရိုက်ခဲ့တယ်။
အဲဒါနဲ့ပဲ ဒီကို ရောက်ရှိလာရတယ်။
ဆောင်းခိုငှက် တောဘဲတွေ၊ ကြိုးကြာတွေက ဆောင်းရာသီမှာ တွန်ဒြာရပ်ဝန်းဒေသထဲက အအေးသိပ်သည်း ထူထဲမှုဒဏ်ကို ရှောင်ရှားဖို့ အရှေ့ဖျားကို မိုင် ပေါင်းများစွာ ဖြတ်သန်းပြီး ပျံသန်းရောက်ရှိလာကြတယ်။ အစာရှာဖွေစားသောက်ဖို့ အဆင်သင့်တဲ့ အရပ်ဒေသတွေမှာ ရပ်တံ့ခိုလှုံကြပြီး အစာရေစာ စားနပ်ရိက္ခာရှိရာကို နေ့စဉ် ပျံသန်းသွားရောက်ပြီး အသက်ဆက် ရှင်သန်နေကြတယ်။ ညနေဆို ခိုနားရာအိပ်တန်းဆီ ပျံသန်းကြလို့။
မုတ်သုံရာသီကုန်ဆုံးပြီး ဆောင်းရာသီကို ဝင်ရောက်လာပြီဆိုရင် ဆောင်းတွင်းမှာသာ တွေ့ရလေ့ရှိတဲ့ ပျံလွှားငှက်တို့က အရင်ဦးဆုံး ရောက်လာကြတယ်။ တခြားမျိုးစိတ်ငှက်တို့က နောက်ကနေ တဖွဲဖွဲ မြင်ကွင်းထဲ ရောက်ရောက်လာကြတယ်။
နယူးယောက် Chanticlear ပုံနှိပ်တိုက်က ထုတ်ဝေဖြန့်ချိတဲ့ WESTERN BIRDS စာအုပ်မှာ ရာသီအလိုက် နေရာဒေသ၊ စားကျက်နယ်ပယ် ပြောင်းရွှေ့နေထိုင်ကြတဲ့ ငှက်တွေအကြောင်း ဖော်ပြထားတယ်။ တနေရာကနေ တနေရာဆီ ရွှေ့ပြောင်းကာ အသက်ကိုမွေး ရှင်သန်ကြရတယ်။ ပေါက်ဖွားကြတယ်။ မျိုးဆက်တွေ အသစ်အသစ်တွေ ပေါ်ထွန်းစေကြတယ်။
ဧရာဝတီမြစ်ဝှမ်းနဲ့ ရခိုင်ရိုးမဝန်းကျင်မှာတင်မက စစ်တောင်းမြစ်ဝမှာပါ ရွှေ့ပြောင်းငှက်မျိုးစိတ်တချို့ လာရောက်ကြတယ်။ နှုတ်သီးဝိုင်း ရေညှောင့်ငှက်တမျိုးပါ။ ရှားပါးနေတဲ့ စာရင်းဝင် ဇီဝမျိုးစိတ်ဖြစ်တယ်။ စစ်တောင်းမြစ်ဝက မြစ်ရေပြင်ပေါ်မှာ သူတို့ကြိုက်နှစ်သက်တဲ့ အစာအဟာရရှိတယ်။
ချင်းတွင်းမြစ်မှာဆိုရင်လည်း ဟင်္သာ၊ သောင်တင်း၊ ဒင်ကြီးငှက်တွေ အတွေ့ရများတယ်။ ရောင်စုံဟင်္သာတွေ ရေလှိုင်းစီးနေကြတာ၊ သောင်တင်းငှက်တွေ ဝဲပျံနေကြတာ၊ ဒင်ကျီးငှက်တွေ ရေငုပ် ငါးဖမ်းလိုက် ပြန်ပေါ်လာလိုက်တွေက နေရာအနှံ့ မြင်ရတဲ့ မြင်ကွင်းတွေပါ။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ငှက်ဘဝ နိုင်ငံတကာအသင်းရဲ့ စစ်တမ်းကောက်ယူချက်အရ ကမ္ဘာမှာ မြင်နေကျ တွေ့နေကျ ငှက်မျိုးတွေဟာ ဦးရေကျဆင်းလာကြောင်းနဲ့ အကြောင်းရင်း အများအပြားအနက်က သူတို့ရဲ့ စားကျက်မြေ ကွယ်ပျောက်ရခြင်းကလည်း တကြောင်းပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၀၄ ခုနှစ် စာရင်းဇယားနဲ့နှိုင်းစာရင် ဥရောပရဲ့ငှက်တွေက ၄၅%၊ ဩစတြေးလျရဲ့ ငှက်တွေက ၈၀% လျော့ကျသွားတယ်တဲ့။ ဥရောပမှာ မျိုးစိတ် ၁၂၄ မျိုးကို ၂၆ နှစ်ကြာကာလအတွင်း လေ့လာခဲ့ရာမှာ နိုင်ငံပေါင်း ၂၀ က မျိုးစိတ် ၅၆ မျိုးဟာ ဦးရေလျော့ကျတာ တွေ့ရှိရတယ်။ အထိပါးအခံရဆုံး၊ စိုးရိမ်ဖွယ် အကောင်းဆုံးက စိုက်ပျိုးမြေတွေမှာ ကျက်စားတဲ့ ငှက်မျိုးတွေဖြစ်နေတယ်။
ဆောင်းခိုငှက်တွေလိုပဲ ရွှေ့ပြောင်းကြရမယ့် ငှက်အပေါင်းတို့ရေ။ ရှင်သန်ဖို့၊ မျိုးစိတ် မျိုးဆက် မပျောက်ဖို့၊ မျိုးမသုန်းဖို့ ရင်ဆိုင်ကြရမယ်။ ပျံသန်းကြရမယ်။ စွန့်စားကြရမယ်။
ဇီဝမျိုးစိတ် ပွားများတဲ့ဖြစ်စဉ်နဲ့ အတက်အကျကို စောင့်ကြည့်နေရာမှာ ကမ္ဘာတဝန်းလုံး ငှက်မျိုးစိတ်တွေရဲ့ အခြေအနေပြ လမ်းကြောင်းတွေကို စုပေါင်းလေ့လာရတယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းထိခိုက်မှုဟာ ကြီးမားတဲ့ ထိပါးမှုဖြစ်တာကြောင့် ငှက်တွေသာမကဘဲ အခြား ဇီဝမျိုးစိတ်တွေကိုပါ ထိခိုက် တယ်။ ထိပါးရတဲ့ အကြောင်းတရားတွေက ရှုပ်ထွေးပါတယ်။ မြေကို အသုံးချပုံချနည်း၊ လယ်ယာမြေသစ် ထွင်ရုံသာမက သီးနှံအထွက်ကောင်းအောင်၊ မွေးမြူရေးဖြစ်ထွန်းအောင် ပဋိဇီဝဆေးသုံးတာတွေ စသဖြင့် များမြောင်လှတယ်။ လူသားရဲ့ပယောဂတွေပေါ့။
ငှက်တွေ ပေါက်ဖွားရာမြေကို နားလည်ရမှာဖြစ်သလို သူတို့ရဲ့ ဆောင်းခိုရာနယ်ပယ်ကိုလည်း နားလည်ကြရမယ်။
ဆောင်းခိုငှက်တို့ရဲ့ သဘောသဘာဝက တနေရာတည်း အတည်တကျ အခြေစိုက်နေတာမဟုတ်ဘူး။ ပြောင်းရွှေ့ ကျက်စား နေထိုင်နေကြတာ။ သူတို့မျိုးဆက်တွေ ဆက်လက်ပြန့်ပွားနေကြဖို့ မိုင်ပေါင်းထောင်ချီ ပျံသန်းနေကြတဲ့ငှက်တွေ။
Be the first to comment