
”၄ ကြိမ်မြောက် နွေဦးသို့ ရောက်ရှိခြင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
စစ်အာဏာသိမ်း ၄ နှစ်ပြည့်ကို ရောက်ရှိလာပြီဖြစ်တယ်။ စကစအတွက် တခြားဖိအားနဲ့ ရွေးချယ်စရာတွေ မရှိတဲ့အတွက် ဇန်နဝါရီ ၃၁ ရက်မှာ နောက်ထပ် သက်တမ်း ၆ လ တိုးသွားဖို့သာရှိတယ်။ အခြေအနေတွေပေါ် မူတည်လို့ စကစရဲ့ စဥ်းစားချက်ဟာ ၂၀၂၅ မှာ ရှမ်းမြောက် အပစ်ရပ်ဖို့ဖြစ်ပြီး ကျန်တဲ့ဒေသအားလုံးမှာ ဘယ်ဒေသတွေကို ဆက် အပစ်ရပ်နိုင်မလဲနဲ့ ဘယ်ဒေသတွေမှာ စစ် ပြန်ဆိုင်ထားနိုင်မလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ဒါဟာ တရုတ်အယူအဆနဲ့ နီးစပ်တဲ့သဘောလို့လည်း ပြောနိုင်မှာဖြစ်တယ်။
ဒါကြောင့် ရွေးကောက်ပွဲကို ၂၀၂၅ နှောင်းပိုင်းကနေ ၂၀၂၆ အစောပိုင်းလို့ ပြောင်းလဲလာတယ်။ သို့သော် သူတို့ရဲ့ ဒီရွေးကောက်ပွဲ ထွက်ပေါက်ဟာလည်း စစ်ရဲ့အကျိုးဆက်နဲ့ နယ်မြေထိန်းချုပ်နိုင်မှုကို ကြည့်ပြီး ပြောင်းလဲ သတ်မှတ်နေဦးမယ့် သဘောဖြစ်တယ်။
‘အပစ်ရပ်အနေအထား’
အပစ်ရပ်နဲ့ မြောက်ပိုင်း ၃ ဖော်ဟာ တရုတ်အတွက်ကြည့်ရင် မဟာဗျူဟာ လိုအပ်ချက်ဖြစ်တယ်။ ဒီမဟာဗျူဟာမှာ အဆင့် ၃ ဆင့်တွေ့ရပြီး ၁၊ နယ်မြေတည်ငြိမ်ရေး ၂၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ၃၊ ပထဝီနိုင်ငံရေး ဖြစ်တယ်။ ကိုးကန့်အပစ်ရပ်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့်ရဲ့ ပထမအစိတ်အပိုင်းဖြစ်ပြီး တအာင်းဝင်လာမှသာ အဆင့်နှစ်ဆင့်ဟာ ရုပ်လုံးကြွ အသက်ဝင်လာဖို့ရှိတယ်။
တအာင်းနဲ့ တရုတ် ထိစပ်မှုဟာ နမ့်ခမ်းနယ်စပ်ဂိတ် တခုတည်းရှိတာ တွေ့ရပြီး တအာင်းဟာ ကိုးကန့်လို တရုတ်ပေါ် လုံးလုံးလျားလျား မှီခိုထားမှုမျိုး မရှိဘူး။ အပစ်ရပ်နိုင်ရင် နယ်မြေတည်ငြိမ်ရေးက ချက်ခြင်း အသက်ဝင်လာပေမယ့် နောက်တဆင့် နယ်စပ်ကုန်သွယ်ရေးကတော့ အနည်းနဲ့အများ အချိန်ယူကြရဖို့ရှိတယ်။ ကိုးကန့်အတွက် တရုတ်နဲ့ ဝ ဘက်ကို လမ်းပွင့်သွားတာဟာ နယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော သူတို့အတွက် အကျိုးရှိသွားပေမယ့် စကစအတွက်တော့ မန္တလေး၊ လားရှိုး၊ မူဆယ် တကြောလုံး ပွင့်သွားဖို့လိုအပ်မယ်။
သို့သော် မန္တလေး၊ ပြင်ဦးလွင်နဲ့ မူဆယ် အစွန်းပွိုင့်တွေကလွဲလို့ ကြားမှာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေမရှိ။ ဒီ သုံးနေရာစလုံးသည်ပင်လျှင် အပစ်ရပ် ဖြစ်မလာဘဲ တော်လှန်ရေးအင်အားစုတွေ ဝန်းရံပေးထားတဲ့ မြောက်ပိုင်း ၃ ဖော်နဲ့ တကယ်တိုက်ကြမယ်ဆိုရင် ၂၀၂၅ (ပထမ ၆ လ) အတွင်း ကျသွားနိုင်ခြေရှိနေတာ တွေ့ရတယ်။
တအာင်း-စကစ ဆွေးနွေးပွဲမှာ တဘက်ကကြည့်ရင် နောင်ချို၊ ကျောက်မဲဟာ ဆွေးနွေးပွဲရဲ့ အရေးပါတဲ့ဒေသတွေ ဖြစ်လာဖို့ရှိပြီး တခြားတဘက်မှာ တရုတ်က နမ့်ခမ်းနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးဖို့ဖြစ်တယ်။ ဒီတော့မှ ကုန်သွယ်ရေးလမ်းကြောင်း တဝက်ဖြစ်တဲ့ မန္တလေး-လားရှိုးဟာ စကစထိန်းချုပ်မှုအတွင်း ပြန်လည်ရောက်ရှိဖို့ ဖြစ်လာမယ်။ လတ်တလော ဆုတ်ခွာဖို့ကြိုးစားနေတဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ TNLA ကြားမှာ စစ်ရေးကြားခံနယ်မြေ (buffer zone) တခု ပြန်လည်ရရှိနိုင်မယ့် သဘောဖြစ်တယ်။ သို့သော် TNLA ရဲ့ အသစ်သတ်မှတ်လိုက်တဲ့ တအာင်း ၅ ခရိုင်မှာ ကျောက်မဲခရိုင် ပါရှိနေပြီး လတ်တလောကိုပဲ ဂုတ်ထိပ်တံတားကို စစ်ဆေးတဲ့ သတင်းဓာတ်ပုံတွေ ထွက်ရှိလာတာကြောင့် စကစ-တအာင်း ဆွေးနွေးပွဲဟာ ကိုးကန့်လို တရုတ်ဖိအားနဲ့ ချက်ခြင်းပြေလည်နိုင်တဲ့ အပေးအယူမျိုးမရှိတာ တွေ့ရတယ်။
စကစဟာ ဆွေးနွေးပွဲမတိုင်မီ နောင်ချိုနဲ့ ကျောက်မဲကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် သူတို့ရဲ့ ဆွေးနွေးပွဲတွင်း မျှော်လင့်ချက်ကိုလည်း တဘက်တလမ်းက ဖော်ပြထားသလိုဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်အတွင်း လိုင်ဇာကို ဗုံးကျဲထားသလို ဗန်းမော်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အပြင် တရုတ်ရဲ့ မြေရှားလိုအပ်ချက်အတွက် စကစ-ကေအိုင်အေ ဆွေးနွေးပွဲဟာ တအာင်းနဲ့ ပြေလည်သည်ဖြစ်စေ မပြေလည်သည်ဖြစ်စေ တရုတ်ဘက်က ဆက်လက် ကမ်းလှမ်းလာဖို့ ရှိနေတယ်။
အေအေနဲ့ ဆွေးနွေးပွဲကတော့ ကျသွားတဲ့ဒေသတွေကို ပြန်တောင်းဆိုတယ် ဆိုတာထက် ကျန်ရှိတဲ့ ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ် အထူးစီးပွားရေးဇုံနဲ့ ပထဝီနိုင်ငံရေး ဆုံချက်ဖြစ်တဲ့ ကျောက်ဖြူတို့နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့သဘော တွေ့ရတယ်။
‘ပထဝီနိုင်ငံရေး’
ပထဝီနိုင်ငံရေးမှာ အတွင်းအပြင် နှစ်ပိုင်းပါဝင်မယ်။ အတွင်းပိုင်းမှာ တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ MNDAA၊ TNLA နဲ့ KIA တို့ကို တွေ့ရမယ်။ AA နဲ့ အပိုင်းက အပြင် ပထဝီနိုင်ငံရေးထဲ ထည့်သွင်း သတ်မှတ်ရတဲ့သဘော ဖြစ်တယ်။ သို့သော် မြောက်ပိုင်း ၃ ဖော်ချည်းသက်သက် ပတ်သက်နေတဲ့ အတွင်း ပထဝီနိုင်ငံရေးဟာ ဘင်္ဂလားပင်လယ်အော်ကနေ တရုတ်ဆီ သွယ်တန်းထားတဲ့ ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းဖြစ်တယ်။
ဒီတော့ အေအေ သို့မဟုတ် ရခိုင်ဒေသဟာ အတွင်းအပြင် ပထဝီနိုင်ငံရေး ဆုံမှတ်ဖြစ်သလို လူမျိုးစုရေးနဲ့ လူမျိုးရေးတွေ ပါဝင်ပတ်သက်နေတဲ့ အတွင်းအပြင် အမျိုးသားရေးလက္ခဏာ နိုင်ငံရေး (Identity Politics) ရဲ့ ဆုံမှတ်ဖြစ်နေတာလည်း တွေ့ရတယ်။ ရခိုင်ဒေသ တနည်းပြောရရင် နိုင်ငံရဲ့ အနောက်ဘက် မျက်နှာစာဟာ ၂၀၂၅ အတွက် အရေးကြီးတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ပထဝီနိုင်ငံရေး ပေါ်လစီတွေရဲ့ ဗဟိုချက်အဖြစ် တွေ့ရှိရတယ်။
အနောက်ဘက်မျက်နှာစာလို့ ပြောရင်အမေရိကန်၊ ဥရောပထက်စာရင် တော်လှန်ရေးအင်အားစုတွေ ကျော်ကြည့်နေတဲ့ အိန္ဒိယကို နီးကပ်စွာ တွေ့ရမယ်။ အိန္ဒိယရဲ့ ရပ်တန့်ထားရတဲ့ မြန်မာပြည်တွင်း စီမံကိန်းကြီး နှစ်ခုရှိတယ်။ တခုက ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနဲ့ နောက်တခုက အိန္ဒိယ-မြန်မာ-ထိုင်း ဟိုင်းဝေးပါ။ ကုလားတန်စီမံကိန်းက ရေလမ်း (ကိုးလ်ကတ္တားကနေ စစ်တွေ)၊ ကုန်းလမ်း (မီဇိုရမ်ကနေ ပလက်ဝကိုဖြတ်ပြီး စစ်တွေကိုလာရတဲ့ ကုန်းလမ်း-ရေလမ်း နှစ်ခုဆက်) နှစ်ပိုင်းစလုံးပါပြီး ကုန်းပိတ် အိန္ဒိယအရှေ့မြောက်က မီဇိုရမ်ပြည်နယ်ကို ရေလမ်းထွက်ပေါက်ပေးမယ့် စီမံကိန်း (ကျောက်ဖြူ-ကူမင်း သဘောတရား) ဖြစ်တယ်။
သုံးနိုင်ငံ ဟိုင်းဝေး (IMT = အိန္ဒိယ-မြန်မာ-ထိုင်း) က အိန္ဒိယရဲ့ အာဆီယံဝင်ပေါက် ဖောက်တဲ့ စီမံကိန်းဖြစ်တယ်။ မဏိပူရပြည်နယ် မိုးရေး-တမူးလမ်းနဲ့ မြဝတီ-မဲဆောက်လမ်းပိုင်း နှစ်ခုကလွဲလို့ ကျန်လမ်းတလျှောက်လုံးဟာ ယေဘုယျအားဖြင့် စစ်ကိုင်း (တမူး၊ ကလေးဝ၊ မုံရွာ)၊ မန္တလေး (မန္တလေး၊ မိတ္ထီလာ၊နေပြည်တော်)၊ ပဲခူး (တောင်ငူ၊ အုတ်တွင်း၊ ပဲခူး) နဲ့ ကရင်ပြည်နယ် (သထုံ၊ မော်လမြိုင်၊ ကော့ကရိတ်၊ မြဝတီ) ကို ဖြတ်သန်းမှာဖြစ်တယ်။
ရခိုင်မှာ လက်ရှိ စကစလက်ထဲက စစ်တွေနဲ့ ကျောက်ဖြူဟာ အပြင် ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအတွက် အချက်အချာကျတဲ့ မြို့တွေဖြစ်ပြီး မန္တလေးဟာ တရုတ်-အိန္ဒိယ စီမံကိန်းဖြတ်လမ်းတွေရဲ့ ဆုံချက်ဖြစ်တာကို တွေ့ရမယ်။
‘စစ်ရေး’
နည်းဗျူဟာပျောက်ကြားစစ် (၂၀၂၁-၂၀၂၃) ကနေ စစ်ဆင်ရေး (၂၀၂၃ နှစ်လယ် ကရင်နီမှာ မယ်စဲ့အကျကနေ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေး လားရှိုးကျတဲ့ ၂၀၂၄ သြဂုတ်အထိ) နှစ်ဆင့် ဖြတ်သန်းပြီးတဲ့နောက် နိုင်ငံရေးဟာ စစ်ရေးကို အထောက်အပံ့ပေးမယ့် မဟာဗျူဟာအဆင့်ကို မကူးပြောင်းနိုင်ဘဲ တော်လှန်ရေးရဲ့ ပကတိအခြေအနေတွေက စစ်ဟာ တပြည်လုံးကို စိမ့်ဝင် ဖြန့်ထွက်သွားမယ့် သဘောအဖြစ် မြင်တွေ့ရတယ်။
အနီးကပ် အိမ်နီးချင်းတွေရဲ့ သံတမန်ရေး၊ စီးပွားရေး၊ ပထဝီနိုင်ငံရေးအခြေခံ လှုပ်ရှားမှုတွေနဲ့အတူ တော်လှန်စစ်ဟာ ပြည်တွင်း ဆက်လက်အားပြုရင်း တနိုင်ငံလုံးကို ဖြန့်ကျက်ထွက်ရင်း ၂၀၂၅ ကို ပုံဖော်ပါလိမ့်မယ်။
#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ
Be the first to comment