
“ပင့်သက်များ”

အခန်း (၂)
လေတိုးသံနဲ့ သူတို့အချင်းချင်း ရောက်တတ်ရာရာတွေ ပြောနေတဲ့အသံတွေကို ကျမ ကြားရတယ်။ မျက်လုံးတွေကတော့ အဝတ်စည်းထားလို့ ဘာကိုမှ မမြင်ရ။ ကြောက်ရွံ့ရလွန်းတဲ့စိတ်က တဖြည်းဖြည်းနဲ့ ထုံပေပေဖြစ်စ ပြုလာပြီ။ ကြောက်နေရုံနဲ့ အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း ကျမ သဘောပေါက်လာပြီ။ အခုက သူတို့လိုသတ္တဝါတွေကြားမှာ ကျမက တယောက်ထဲ။ ကြောက်လန့်တကြားနဲ့ အသိ၊ သတိ မကပ်နိုင်ရင် ဘာဆက်လုပ်ရမှာလဲဆိုတာကို ကျမ သိနိုင်မှာမဟုတ်။ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်မှာ မဟုတ်။ စိတ်ကို တည်ငြိမ်အောင် ထားနိုင်မှဖြစ်မယ်။
စိတ်တည်ငြိမ်အောင် ကြိုးစားနိုင်ပေမယ့် စိတ်ကိုလုံခြုံအောင်ကျ ဘာနဲ့မှ မကာဆီးနိုင်။ စိတ်မလုံခြံမှုက အစေ့အပင် ပေါက်သလိုမျိုး ကျမနှလုံးသားဆီ အမြစ်တွယ်ရင်း တစစ ကြီးထွားလာနေတယ်။ သူတို့က ယောက်ျားတွေချည်းရယ် လို့ တွေးရုံနဲ့တင် ကြက်သီးက ဖြန်းခနဲ။ ကျမ အင်္ကျီကို အတင်းဆွဲချတယ်၊ ဂျင်းဘောင်းဘီကို ချက်အပေါ်ထိရောက်အောင် အတင်း ဆွဲတင်တယ်။
ကားက မရောက်နိုင်သလိုပဲ။ စိတ်ထင်တာကြောင့်ပဲလားမသိ။ ကျမကို ဘယ်ဆီများ ခေါ်သွားနေပါလိမ့်နော်။ ကားက တချက်ယိမ်းရင် ကျမခန္ဓာကိုယ်က တံခါးနဲ့ တခါပစ်ဆောင့်မိတယ်။ ကြာတော့ ပုခုံးတွေတောင် နာချင်လာတယ်။
ကျမနေရမယ့် အခန်းကိုရောက်မှ မျက်လုံးကအဝတ်ကို ဖြည်ပေးတယ်။ တကယ်တော့ ကျမကို ဒီအတိုင်း ခေါ်သွားလည်း လမ်းတွေ၊ နေရာတွေကို မမှတ်မိနိုင်ပါဘူး။ သူတို့နေရာကို လက်ထောက်ပြန်ချရလောက်အောင်အထိလည်း ကျမက တော်မနေဘူး။ ကျမက ပြည်သူ့ဝန်ထမ်းကောင်း တယောက်လေ။ စပိုင်မှ မဟုတ်တာ။ အခု ဒီလိုလုပ်တာက သူတို့နေရာကို သိမှာစိုးတာထက် ကျမကို သက်သက်မဲ့ အပြစ်သားလို ခံစားစေချင်တာဖြစ်လိမ့်မယ်။ စိတ်ထဲ နည်းနည်း ခံပြင်းသွားတယ်။
ကျမနေရမယ့်အခန်းက ကျဉ်းကျဉ်းလေး။ ၆ ပေ ၄ ပေ လောက်ပဲရှိမယ်။ အခန်းထဲဝင်လိုက်တာနဲ့ မှိုလိုလို မသတီစရာ အနံ့တမျိုးက ထောင်းခနဲ။ အခန်းထဲမှာ ကုတင်ခပ်သေးသေး တလုံးရှိတယ်။ ကုတင်ပေါ်မှာက ခေါင်းအုံး၊ စစ်စောင်နဲ့ စစ်ခြင်ထောင်ကို သေချာခေါက်ပြီး တင်ထားတယ်။ အခန်းက သံဇကာအပြည့်တပ်ထားတဲ့ ပြတင်းပေါက်တပေါက် ပါတယ်။ အုတ်တံတိုင်းတွေမှာသုံးတဲ့ သံဆူးကြိုးအကွက်တွေကို မျက်နှာကျက်မှာ တပ်ထားတယ်။ နံရံထက်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ ဆိုတဲ့စာနဲ့ အချုပ်သားတွေကို စည်းကမ်း ဘယ်လို ချမှတ်ရမယ်ဆိုတာမျိုး ရေးထားတဲ့စာတွေ ကပ်ထားတယ်။
အို … ကျမ အချုပ်ကျတာပါလား။ ကျမဘဝမှာ ဒီလိုအဖြစ်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ တခါမှတောင် ယောင်ရမ်းပြီး မတွေးဖူးခဲ့တဲ့ အဖြစ်။ ကျောင်းသူကောင်း၊ နိုင်ငံသားကောင်း၊ ဝန်ထမ်းကောင်း ပီသခဲ့တဲ့ကျမဟာ ဒီအခန်းထဲထိ ရောက်လာရတယ်လို့။ အဖေနဲ့အမေသာ ကျမကို ဒီလိုမြင်လိုက်ရရင် ဘယ်လောက်တောင် နာကျင်ကြလိမ့်မလဲ။ ကျမရင်ဘတ်ထဲလည်း ကျဉ်ခနဲ။ ရစ်ဝဲလာတဲ့ မျက်ရည်တွေကို သူတို့ သတိမထားမိအောင် ဟိုဟိုဒီဒီသာ လိုက်ကြည့်မိတယ်။
ပြတင်းပေါက်ကနေ လမ်းမဘက်ကို မြင်ရတယ်။ ဒါပေမယ့် ကျမအခန်းနဲ့ လမ်းမဘက်က အုတ်တံတိုင်းကြားမှာ ဘောလုံးကွင်း နှစ်ကွင်းစာလောက် မြေကွက်လပ်ရှိတယ်။ အချုပ်ခန်းဆိုတော့ ကျမအခန်းက အထဲမှာ ဂျက်မရှိဘူး။ အပြင်ကနေပဲ သော့ခတ်လို့ရတဲ့ ပုံစံမျိုး။ အထဲကနေ ဂျက်ပြန်ချလို့မရတဲ့ တံခါးတချပ်ရဲ့ လုံခြုံမှုမရှိပုံကို စိတ်မောပြီး ကျမ ပင့်သက်တွေပဲ ခဏ ခဏ ရှိုက်မိနေတယ်။
အာဏာမသိမ်းခင်ကအထိ ဒီအခန်းကို အမှားတခုခု ကျူးလွန်ခဲ့ဖူးသူတွေ ရောက်လာနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပြစ်မဲ့တဲ့သူတွေသာ ဒီအခန်းထဲရောက်ရတာ ဖြစ်နိုင်တယ်။ ကျမလို CDM ဝန်ထမ်းတွေ၊ ၅၀၅ ပုဒ်မ အတပ်ခံထားရသူတွေ၊ ပြီးတော့ အဓမ္မကို မလိုလားသူတွေ။ ကျမ မရောက်ခင် ဒီအခန်းမှာ တစုံတယောက် နေသွားလိမ့်မယ်။ သူလည်း ကျမလို ကြောက်ရွံ့ရ၊ နာကျင်ရ၊ ပင့်သက်ရှိုက်ရတွေ ခံစားခဲ့ရဦးမှာ သေချာတယ်။ အခုရော … သူ ဘယ်ကိုရောက်သွားပြီလဲ။ ပုဒ်မတခုခုပဲ အတပ်ခံရလို့ ထောင်ကျပြီလား၊ စစ်ကြောရေးထဲ အပို့ခံလိုက်ရပြီလား၊ ဒါမှမဟုတ် ပြန်လွတ်သွားတာလား။ ဘုရားမလို့ လွတ်မြောက်သွားတာပဲ ဖြစ်ပါစေ။ ကျမလည်း လွတ်မြောက်ချင်လိုက်တာ။
“ဖောင်တွေဖြည့်ရမယ် မြရီမိုရ်”
အရပ်ဝတ်တယောက်က ကျမနာမည်ကို ခေါ်ပြီး အနိမ့်အမြင့်မရှိတဲ့ ခပ်တန်းတန်းအသံနဲ့ ပြောတယ်။ သူတို့ဖာသာ ယူနီဖောင်းပဲဝတ်ဝတ်၊ သာမန်လူလိုပဲဝတ်ဝတ် မျက်နှာမှာ အကြည်ဓာတ်မရှိဘဲ ရွံစရာကောင်းနေတဲ့ တသမတ်ထဲသောပုံစံကို မြင်ရုံနဲ့တင် အဲဒါ သူတို့မှန်း သိပ်သိသာတယ်။
ဖြည့်ခိုင်းတဲ့ဖောင်က ဖောင်ဆိုတာထက် ခံဝန်နဲ့ ပိုတူသလိုလို။ မေးခွန်းတွေလည်း ထပ်မေးပြန်ပါတယ်။ များသောအားဖြင့်က လေဆိပ်မှာ မေးခဲ့ဖူးတဲ့ မေးခွန်းတွေ။ ကြာတော့ မေးခွန်းတွေကို အော်ဂလီဆန်လာတယ်။
“ဘာကြောင့် ဒီလိုတွေလုပ်ရတာလဲ။ ညည်းတို့တွေ သူများမြှောက်ပေးတာနဲ့ပဲ နိုင်ငံတော်ကို ပုန်ကန်လို့ရလိမ့်မယ် ထင်သွားတာလား။ ဒီလိုလုပ်ရင် ဒေါ်လာတွေ ရလိမ့်မယ်လို့ တကယ်ထင်နေတာလား”
သူ့မေးခွန်းအသစ်က ရင့်သီးတယ်။ ကျမတို့ ခံယူချက်ကို စော်ကားလွန်းရာကျတယ်။ မခံချင်စိတ်က ဝုန်းခနဲ ထကြွပေမယ့် ကျမ ဘာမှ ပြန်မဖြေလိုက်။ စိတ်ရှိတိုင်းသာ ပြောလို့ရမယ်ဆိုရင်တော့ “ခင်ဗျားတို့ အရည်အချင်းမရှိတာ၊ မတရားတာ၊ လက်နက်အားကိုးနဲ့ လူသတ်တာကို သူများမြှောက်ပေး၊ ပြောပေးမှ မြင်ရ၊ သိရမှာမဟုတ်ဘူး” လို့ ပြန်ဖြေဖြစ်လောက်တယ်။
“နိုင်ငံတော်နဲ့ စစ်တပ်က အတူတူပဲ။ တသားထဲပဲ။ စစ်တပ်လောက် နိုင်ငံအပေါ် ဘယ်သူကမှ စေတနာမရှိဘူး။ ညည်းတို့ အမေလို့ခေါ်နေတဲ့ မိန်းမဆီမှာလည်း မရှိဘူး။ နိုင်ငံတော်ကို ပုန်ကန်လို့မရသလို စစ်တပ်ကိုလည်း အာခံလို့မရဘူး။ အခု ထကြွနေတာတွေလည်း အလွန်ဆုံးဖြစ် နောက်တလပဲ။ အဲထက်မပိုဘူး။ အမြင်မှန်ရှိစမ်းပါ”
သင်းက သူပြောချင်တာတွေ ဆက်ပြောနေတယ်။ သူ့စကားတွေ နားထောင်ရင်းနဲ့ ရွံရှာလာလို့ သူ့အနောက်က စည်းကမ်းချက်တွေကိုသာ ကျော်ပြီး ကြည့်နေလိုက်တယ်။ စည်းကမ်းမလိုက်နာဆုံး အဖွဲ့အစည်းက စည်းကမ်းလို့ နာမည် တပ်ပြီး ချရေးထားတဲ့ အချက်တွေကိုပေါ့။
သူ့စကားတွေဟာ ရုံးက Non CDM အမတယောက်ရဲ့စာကို အမှတ်ရစေတယ်။ အာဏာသိမ်းပြီး ၂ ရက်လောက်က သူ့ Facebook မှာ တင်ခဲ့တဲ့ စာ။
“အခု လက်ထဲ အခွင့်အာဏာ ပြန်ရလာချိန်မှာ အဘတို့က တိုင်းပြည်ကို အမှန်တကယ် စေတနာရှိပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးပါနော်” ဆိုတဲ့စာ။
မသိရင်ဘဲ သူ့အဘတွေက မဲနိုင်ခဲ့တာလိုလို၊ အာဏာမရူးဘဲ၊ လူမသတ်ဘဲ စေတနာဗရပွနဲ့ တိုင်းပြည်အာဏာကို အသာတကြည် ရယူခဲ့တာလိုလို။ နိုင်ငံခေါင်းဆောင်တွေကို အဓမ္မဖမ်းဆီးပြီး ပုဒ်မတပ်မထားသလိုလို။
“ဖုန်း၊ ပါဝါဘန့်၊ Laptop အကုန်အပ်ပါ။ ပျင်းနေရင် ဖတ်ဖို့ စာအုပ်တွေ ပေးထားမယ်။ မနက်ဖြန် နေ့လယ်လောက် ပြန်ရင်လည်း ပြန်ရမယ်။ မပြန်ရင်လည်း မပြန်ရဘူး”
ကျမပစ္စည်းတွေရဲ့နေရာမှာ သောင်းဝေဦး၊ ကြေးမုံနဲ့ မြဝတီမဂ္ဂဇင်းတို့လို ဝါဒဖြန့်စာအုပ်တွေ ရောက်လာတယ်။ စာအုပ်အများစုက သူတို့ စစ်တပ်ကောင်းကြောင်းနဲ့ စစ်သားတွေ ဘယ်လို အနစ်နာခံရကြောင်း ဇာတ်နာပြီး ရေးထားတဲ့စာတွေ။ အဆိပ်အတောက်တွေ။ ကျမ မဖတ်ပါဘူး။ ကျမမှာ ဖတ်စရာ ဂျပန်စာအုပ်တွေ ပါတယ်။ စာမေးပွဲ ဖြေခွင့်မရတော့ပေမယ့် စာဆက်ဖတ်နေလို့ရတယ်။
ကျမပစ္စည်းတွေ ပြန်ရော ရပါ့မလား စိတ်ပူတယ်။ စိတ်ပူတာထက် နှမြောတာ။ ပျောက်ဆုံး ပျက်စီးရင်တောင် ဒီလောက် နှမြောမှာမဟုတ်။ ဆန္ဒပြ ကာလတွေတုန်းကဆိုရင် စစ်သားတွေက လူတွေရဲ့ ဆိုင်ကယ်တွေလု၊ ဖုန်းတွေခိုးနဲ့။ နောက်ကျ အဲဒီပစ္စည်းတွေကို သူတို့လည်းသုံးတယ်၊ ပြန်လည်းရောင်းတယ်။ ကျမဒေါ်လေးဆိုရင် အိမ်အနီးနားမှာ အစောင့်ကျတဲ့ စစ်သားတွေက သူတို့အိမ်ကို ဖုန်းဆက်ရင်း “ဘာဖုန်းလိုချင်လဲ၊ ဘာဆိုင်ကယ်လိုချင်လဲ” လို့ ပြောတာမျိုး ကြားဖူးခဲ့တယ်တဲ့။ တကယ့်စိတ်ပျက်စရာတွေ။
ကျမကို အခန်းထဲထားခဲ့ပြီး တံခါးကို အပြင်ကနေ သော့ခတ်သွားတယ်။ အခန်းထဲမှာ ကျမနဲ့ ကျမရဲ့ စိုးထိတ်မှု၊ အထီးကျန်မှု၊ စိတ်မလုံခြုံမှုတွေရယ်ပဲ ကျန်ခဲ့တယ်။ အိမ်ကိုလွမ်းလိုက်တာ။ အဖေနဲ့ အမေက ကျမကို လေယာဉ်နဲ့ပါသွားပြီလို့ ထင်နေကြမှာ။ ဒီအသိက ကျမကို ကြီးစွာ စိတ်မချမ်းမြေ့ ဖြစ်စေတယ်။ ရင်ဘတ်ထဲမှာ ဆို့နစ်နစ်ကြီး။
ကျမ ကုတင်ပေါ် တက်ထိုင်တယ်။ သူတို့ထားပေးတဲ့ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေကို စိတ်မသန့်လို့ ဘေးဘက် ကို တွန်းဖယ်ပြီး နံရံကို မှီတယ်။ အမှီတခုရှိမှ ကျမဟာ ဘယ်လောက်အထိ ပင်ပန်းနေလဲဆိုတာ သတိထားမိတယ်။ ကျမ မှေးခနဲပါ အိပ်ပျော်သွားတယ်။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသလဲမသိ။
ကျောက်ကမ်းပါးကနေ ပြုတ်ကျသွားသလို ဆတ်ခနဲဖြစ်မှ ကျမ လန့်နိုးတယ်။ ရုတ်တရက် ဘယ်ရောက်နေမှန်း ချက်ချင်းမမှတ်မိဘူး။ ခေါင်းတွေထဲ အုံခဲပြီး အသိတရားနဲ့ ပစ္စုပ္ပန်ကို တေ့တေ့ဆိုင်ဆိုင် မချိတ်ဆက်နိုင်တာ အကြာကြီးရယ်။ ဘေးမှာ အပုံလိုက်ဖြစ်နေတဲ့ စစ်စောင်နဲ့ ခြင်ထောင်ကိုတွေ့မှ အဖြစ်အပျက်တွေကို တခုချင်းစီ ပြန်မှတ်မိလာတယ်။
ဗိုက်ထဲကလည်း ဟာတာတာ။ သက်ပြင်းငွေ့ငွေ့ချရင်း ပြတင်းတံခါးဆီ အကြည့်ရောက်ချိန်မှာ ကျမ ထိတ်ခနဲ။ လန့်ပြီး တအား အော်ပစ်မိတော့မတတ်ပဲ။
ပြတင်းပေါက်ကနေ လူတယောက်က ကျမကို စပ်ဖြဲဖြဲနဲ့ ကြည့်နေတယ်။ သူက အသက် (၅၀) ကျော်လောက်ရှိမယ်။ ပြီတီတီ သူ့မျက်နှာက အဆီတဝင်းဝင်းနဲ့။ ရယ်နေတာထက် ဖြဲပြတာနဲ့ ပိုတူတဲ့ သူ့သွားတွေမှာ ကွမ်းဂျိုးက အထပ်ထပ်။ ရွံစရာအကောင်းဆုံးက သူ့မျက်လုံးတွေ။ ဖားတွေလို ရှေ့ကိုပြူးထွက်ပြီး ရဲတောက်နေတယ်။ အဲ့မျက် လုံးတွေရဲ့ အကြည့်က ရဲတင်းလွန်းတယ်။ သူ့အကြည့်တွေက ကျမရဲ့ အဝတ်အစားတွေကိုပါ ထိုးဖောက်ပြီး မြင်နေရသလိုမျိုး။ ကျမကို အကြည့်နဲ့တင် ပစ်မှားနေသလိုမျိုး။ ဘယ်အချိန်ကတည်းက ကျမကို သူ ဒီလိုကြီး ကြည့်နေပါလိမ့်။
ခြေမျက်စေ့အထိဖုံးတဲ့ ဂျင်းဘောင်းဘီခပ်ပွပွနဲ့ တီရှပ်လက်ရှည် ဝတ်ထားမိလို့ တော်သေးတယ်။ အချုပ်ခန်းထဲမှာသာမဟုတ်ရင် ကျမ အော်ငေါက်ပစ်မိမှာ သေချာတယ်။ အခုကျ ကြောက်တာတခုပဲ သိတယ်။ ကျမ အထိတ်တလန့် ဖြစ်နေတာကို ကြည့်ပြီး သူက တဟဲဟဲနဲ့ အသံထွက်အောင် ရယ်ပြတယ်။ သူ့အသံက ဆိတ်အော်သံလိုပဲ။ ဒုက္ခပါပဲ နော်။ ကျမ ဘာတွေများ ထပ်ကြုံရဦးမှာပါလိမ့်။
Be the first to comment