ပင့်သက်များ အပိုင်း (၃)

“ပင့်သက်များ”
◼️ခခ
အပိုင်း (၃)
အခန်းထဲမှာ မီးမရှိဘူး။
မီးသီး၊ မီးခလုပ်၊ ပလပ်ပေါက်၊ ဘာတခုမှမရှိဘူး။ ညမှာ အခန်းအပြင်က မီးလုံးဆီက မဝင်ချင့် ဝင်ချင် ဝင်လာတဲ့ အလင်းရောင် ခပ်သဲ့သဲ့ကိုပဲ ကျမ ရတယ်။ ပိုးစုန်းကြူလောက်တောင် မလင်းတဲ့ အခန်းငယ်က အမှောင်ကြောက်တဲ့ ကျမအတွက် ထိတ်လန့်ဖွယ်ရာ အခြေအနေ။ ကျဉ်းမြောင်းတဲ့ နံရံလေးဘက်ထဲ အလင်းမရှိဘဲနေရင်း ကျမ အသက်ရှူလို့တောင် မဝချင်။
မှောင်မဲနေလို့ ခြင်တွေက တဝီဝီ။ မသတီပေမယ့် ကျမ မဖြစ်မနေ ခြင်ထောင် ထောင်လိုက်ရတယ်။ အထပ်သားကုတင်မို့ တော်သေးတယ်။ စောင်နဲ့ အခင်းကိုဖယ်ပြီး အထပ်သားပေါ် ကျမ ဒီအတိုင်း ထိုင်တယ်။ အိပ်တဲ့အချိန် ကျောပိုးအိတ်ကို ခေါင်းအုံးမယ်။ ဒါပေမယ့် ကျမ မအိပ်ရဲဘူး။
အခန်းအပြင်က Open Space နေရာလွတ်တခုမှာ အစောင့်တွေ နေကြတယ်။ သူတို့ရှိနေတာက ကျမကို စိတ်မသက် မသာ ပိုဖြစ်စေတယ်။ သူတို့ဆီမှာ ဒီအခန်းရဲ့သော့ ရှိနေတယ်ဆိုတဲ့အသိနဲ့ နေ့လည်ကတွေ့ခဲ့တဲ့ နှာဗူးကောင်လည်း အပြင်မှာ ရှိနေသေးတယ်ဆိုတဲ့အသိက ကျမကို နေလို့ မကောင်းချင်လောက်အောင်အထိ အပြင်းအထန် ခြောက်လှန့်နေကြတယ်။ ကျမ ဘယ်လိုနည်းနဲ့မှ အိပ်လို့ရမှာမဟုတ်။ ကျမနဲ့အတူ အဝတ်အိတ် ရှိနေတာတောင်မှ အဝတ်အစားလည်း မလဲရဲ။ စိတ်တွေဟာ ဘယ်လိုမှ မလုံခြုံ၊ မအေးဆေးနိုင်ပါဘူး။
နေ့လယ်တုန်းက အဲဒီလူက ကျမ ကြောက်လန့်တကြား ဖြစ်နေတာကိုကြည့်ပြီး ရယ်တယ်။ ကျမကို “ငါက ကိုက်မစားပါဘူးဟ” လို့ ပေါချာချာ မြန်မာကားထဲက ဖန်တရာတေနေတဲ့ ဒိုင်ယာလော့တွေအတိုင်း ပြောသေးတယ်။
“ဒီနေ့မှ ရောက်တာလား”
ကျမ ပြန်မဖြေဘူး။ သိသိကြီးနဲ့ လာမေးနေတာကို။ သူက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ထပ်မေးတယ်။
“ယောက်ျားရှိလား” တဲ့။
ဒေါသစိတ်က ထောင်းခနဲ။ သူ့ကို ကျမ စူးစူးရဲရဲ ပြန်ကြည့်ပစ်လိုက်တယ်။ သူက တဟဲဟဲ ရယ်နေတုန်းပဲ။ ကျမ အိမ်ထောင်မရှိတာသိရင် ပိုဆိုးနေမှာကြောက်လို့ “ရှိတယ်” ပဲ ဖြေလိုက်တယ်။ “ကလေးရောရှိလား” လို့ ထပ်မေးတယ်။ ကျမ ခေါင်းငြိမ့်ပြလိုက်ရပြန်တယ်။
“နင့်ယောက်ျားတော့ နင့်ကို သတိရနေမှာပဲ”
ထွက်မသွားခင်မှာ ရိသဲ့သဲ့ ပြောဖြစ်အောင် ပြောသွားသေးတယ်။ တသက်လုံး တစိုးတစိမှ အပွန်းပဲ့ မခံခဲ့တဲ့ သိက္ခာကို ဒီကျက်သရေတုံးက ထိပါးချင်နေတာ စိတ်တိုစရာ။ ပုံစံကဖြင့် ဘာရာထူးတာဝန်မှ ကြီးကြီးမားမား ယူထားရတဲ့ရုပ် မဟုတ်။ တကယ်ကို မခံချိ၊ မခံသာဖြစ်တယ်။ ရွံလိုက်တာ။
ဒီအခန်းထဲကနေ မလွတ်မြောက်မချင်း သင်းရဲ့ အကြည့်ရဲရဲနဲ့ စည်းမရှိတဲ့နှုတ်ကို ကျမ ဘယ်လိုတောင် သတိထားပြီး ရှောင်ရှားရပါ့မလဲ။
နှာဗူးကောင်ကိစ္စအပြင် အိမ်သာသွားရတာက ကျမအတွက် နောက်ထပ်ကြုံရတဲ့ အခက်အခဲတခု။ အိမ်သာက အပြင်မှာသပ်သပ်။ အိမ်သာတခါသွားချင်ရင် တံခါးဖွင့်ပေးဖို့ တခါပြောရတယ်။ အိမ်သာက လုံလုံခြုံခြုံတော့ ရှိပါတယ်။ ပတ်ဝန်းကျင်မှာက ဘယ်နေရာကိုပဲ ကြည့်ကြည့် ယောက်ျားတွေချည်း ဖြစ်နေတာကြောင့် ကျမစိတ်က မရဲဘူး။ ဒါကြောင့် အိမ်သာတက်ရတဲ့ အခေါက်ရေနည်းအောင် တတ်နိုင်သလောက် ကျမ ရေမသောက်ဘူး။ ရေသိပ်ငတ်လာမှ ကျမနဲ့အတူ ပါလာတဲ့ ရေဘူးကိုပဲ အာစွတ်ရုံလောက် သောက်တယ်။
ထမင်းကိုလည်း စားတယ်ဆိုရုံပဲ စားတယ်။ သူတို့က ထမင်းကျွေးတယ်။ စိတ်မသန့်တာကြောင့်ရော သူတို့ကို မယုံတာကြောင့်ပါ သိပ်မစားဖြစ်။ စိတ်ဖိစီးနေတာကြောင့်လည်း ပါတာပေါ့။ အဆာပြေရုံလောက်သာ စားဖြစ်တယ်။ ခံတွင်းလည်း မတွေ့ပါဘူး။ ဟင်းရည်ဆိုရင် တစက်လေးမှ မတို့ထိဖြစ်ဘူး။ ထမင်းလာပို့တဲ့ တယောက်ကဆိုရင် ကျမကို “ဟင်းရည်ထဲ ငါတို့ ဘာမှမထည့်ထားပါဘူးဟ” လို့ စကားနာထိုးတယ်။ “ကျမက ဟင်းရည် မသောက်တတ်လို့ပါ” လို့သာ လီဆယ်လိုက်တယ်။ အိမ်မှာဆိုရင် ကျမက ဟင်းအရည်မပါရင် ထမင်းမစားတတ်။ ဟင်းအရည်မချက်ဖြစ်တဲ့နေ့တွေမှာတောင် ရေနွေးပွက်ပွက်ဆူထဲ ကြက်သားမှုန့်၊ ငရုပ်ကောင်းနဲ့ နံနံပင်ထည့်ပြီး သောက်သေးတာ။
ကျမ တညလုံး မအိပ်ပါ။ အိပ်ချင်စိတ်က တစိုးတစိမှ မပေါ်ဘူး။ အစောင့်တွေက အပြင်မှာ သောက်စားမူးရူးနေတယ်။ သူတို့က စကားတွေကို အော်ပြောလိုက်ကြ၊ အောက်လုံးတွေနဲ့ ဆဲဆိုလိုက်ကြနဲ့။ တချက်တချက် သံသေးသံညောင်နဲ့ ထအော်သေးတယ်။ သူတို့အသံတွေကို အတိုင်းသားကြားနေရလေ၊ ကျမက စိတ်မသက်မသာ ဖြစ်လေ။ အိပ်မရလေ။ မနက်ဖြန်လည်း ပြန်ရင် ပြန်ရမှာပါလေ ဆိုတဲ့အတွေးနဲ့ မိုးစင်စင်လင်းတဲ့အထိ တမှေးမှတောင် မမှေးဖြစ်။ ဟိုးအဝေးက ကားသံသဲ့သဲ့နဲ့ တချက်တချက် ထွက်ပေါ်လာတဲ့ အိမ်မြှောင်စုတ်ထိုးသံကို အဖော်ပြုရင်းသာ ညတာရှည်ကို ကျမ ကျော်ဖြတ်တယ်။
နောက်နေ့မှာ ကျမ ပြန်မလွတ်ပါဘူး။
မနေ့ကလိုပဲ အရပ်ဝတ်တယောက် လာပြီး စကားတွေပြောတယ်။ ကျမ ပြန်ဆပ်ရမယ့် ကိုဗစ်ချေးငွေကိစ္စအပြင် သူ အများဆုံးပြောတဲ့ စကားတွေက ကျမကို Brainwash လုပ်ချင်နေတာမျိုးလို။ စစ်တပ်ကသာလျှင် ကောင်းမွန်မှန်ကန် တဲ့ အဖွဲ့အစည်းဖြစ်ပြီး အင်အားကြီးမားတယ်ဆိုတဲ့ သူ့စကားတွေအတွက် အသင့်တော်ဆုံး ခေါင်းစဉ်ပေးရမယ်ဆိုရင် “ငါ့စကားနွားရ စကားတွေ” လို့ပဲ ကျမ ပေးဖြစ်လောက်တယ်။ သူက အမေစုကို တော်တော် မုန်းတီးနေတဲ့ပုံ။ အမေစုဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ မဲ့ကာ ရွဲ့ကာနဲ့ ပြောတယ်။ သူ့ကိုမြင်ရတာ ဇော်မဲလုံးရဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်နေရသလိုမျိုး။ ပါးစပ်ဟရုံနဲ့တင် အပုတ်နံ့က ထောင်းခနဲ။
ကျမကလည်း သူ့မျက်နှာကို အကြောင်သားကြည့်ပြီး ခေါင်းငြိမ့်၊ ခေါင်းယမ်းသာ လုပ်ဖြစ်တယ်။ မကောင်းတတ်လို့ ဟုတ်ကဲ့လို့ တခွန်းတလေ ဝင်ပြောတာကလွဲပြီး ဘာတခွန်းမှ ပို ပြန်မပြော။ စကားတွေပြောပြီး ပြန်သွားတဲ့အထိ ကျမလွတ်ကြောင်း သူ ဘာမှမပြောပါ။ ကျမလည်း မမေးရဲပါ။ မေးလိုက်မှ ရွဲ့ပြီး ပြန်မလွှတ်မှာ ကြောက်ရသေးတယ်။
အဲဒီထက် ပိုပြီးကြောက်ဖို့ကောင်းတာက ကျမပျောက်နေတာကို တယောက်ယောက် သတိထားမိပါ့မလား ဆိုတဲ့အသိကြောင့်။ စစ်တပ်ဘက်က ကျမအိမ်ကို ဆက်သွယ်လား၊ မဆက်သွယ်ဘူးလားဆိုတာကို ကျမ သိရတာမှ မဟုတ်ပဲ။ ကျမ သွားမှာ လာမှာကို သိထားကြတဲ့ သူငယ်ချင်းတွေရဲ့စိတ်ထဲမှာ ကျမကို သတိထားမိပါ့မလား ဆိုတာကလည်း မရေရာ။ ဒီလိုနဲ့ပဲ ကျမ လုံးဝ ပျောက်ဆုံးသွားရတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအတွေးတွေကြောင့် ထိတ်လန့်ခြင်းက ကျမရင်ကို နာကျင်အောင် ပြင်းပြင်းထန်ထန် စတင် နှိပ်စက်ပါတော့တယ်။ ထုံးစံမပြတ် ရင်တွေကတုန်၊ ခေါင်းတွေကမူး၊ ငိုလည်း ငိုချင်တယ်။
အဲလိုလည်း မဟုတ်လောက်ဘူး။ ထိုင်းရောက်ရင် မမို့နဲ့ ကျမ တွေ့ဖို့ချိန်းထားတာ ရှိတယ်။ မမို့ကို ကျမ အခုအချိန်ထိ မဆက်သွယ်တာဟာ ကျမ တခုခုဖြစ်နေလို့ဆိုတာကို မမို့ သဘောပေါက်လောက်ပါတယ်။ ကျမအိမ်ကလည်း အခုချိန်အထိ ကျမ ဖုန်းမဆက်တာကို စိုးရိမ်စရာတခုအနေနဲ့ မြင်လောက်ပါတယ်။ “ရောက်တာနဲ့ ချက်ချင်း မက်ဆေ့ပို့နော်” လို့ပြောထားတဲ့ ထွန်းမင်းကလည်း ကျမ အွန်လိုင်းပေါ် လုံးဝတက်မလာတာကို သတိထားမိနိုင်လောက်ပါတယ်။ သူတို့တွေ ကျမကို သတိရကြ၊ ရှာဖွေကြ လုပ်ကြမှာပါ။
ပူလောင်နေတဲ့စိတ်ကို ကျမ ကြိုးစားဖြေသိမ့်တယ်။ ဖြေသိမ့်လိုက်၊ ကိုယ့်ဖြေသိမ့်စကားပေါ် သံသယဝင်ပြီး ပြန်ပူလောင်လိုက်။ ကျမနှလုံးသားသာ ဖန်သားနဲ့ ပြုလုပ်ထားတာဆိုရင် အပူအအေး မမျှတတာကြောင့် သေချာပေါက် အက်ကွဲသွားလောက်ပြီ။
ဒါပေမယ့် ကျမဘက်မှာ ကံကြမ္မာက ရှိနေသေးတယ်။ ဘယ်လိုမှ ထင်မှတ်မထားပေမယ့် ကံကြမ္မာက ကျမကို တကယ်ပဲ မျက်နှာသာပေးလာတယ်။
ကျမ သိပ်ကံကောင်းတယ်လို့ ပြောရမယ်။ ဂျပန်စာအုပ် ထူထူတွေကြားထဲမှာ Tablet ထည့်ထားတာကို ညနေ တော်တော်စောင်းမှ ပြန်အမှတ်ရတယ်။ အမှတ်ရရချင်း စိတ်ထဲ လှိုက်ခနဲ။ မျက်ရည်ဝဲရလောက်အောင်အထိ စိတ်ထဲ ပျော်ရွှင်သွားပေမယ့် ခိုးသုံးလို့ ကောင်းပါ့မလားဆိုတာကိုပါ တဆက်ထဲ စဉ်းစားမိပြန်တယ်။ မိသွားရင် ဘယ်လိုလုပ် မလဲ။ ဒီထက်ပိုဆိုးတဲ့နေရာကို ပို့ပြီး အရေးယူမှာက သေချာသလောက်ရှိတယ်။
အို … လုပ်ချင်ရာကို ဇွတ်လုပ်ခဲ့လို့ ဒီအခန်းထဲထိတောင် ရောက်လာရပြီးပြီ။ ဘာ ထပ်မလုပ်ရဲစရာ ရှိသေးလို့လဲ။ ဇွတ်အတင်းပဲ ထပ်လုပ်ရမှာပေါ့။ သေချာ ပိရိအောင် ခိုးသုံးရင် မရဘူးလား။ တကယ်တမ်း ကျမ သတိထားစရာဆိုလို့ ကျမကို ဟိုကချောင်း၊ ဒီကချောင်း လုပ်တတ်တဲ့ နှာဗူးကောင်တကောင်သာ ရှိတယ်။
ရောက်ရောက်ချင်း ဖုန်းတွေအပ်ရချိန်က သူတို့နှုတ်ကထွက်တဲ့ ဖုန်း၊ ပါဝါဘန့်နဲ့ Laptop ကို ကျမ အပ်ဖြစ်လိုက်တယ်။ သူတို့နှုတ်က ထုတ်မပြောတဲ့ Tablet ကိုကျ အပ်ဖို့၊ ထုတ်ပေးဖို့ အမှတ်မရ။ ကျမကိုယ်တိုင်လည်း Tablet ပါတာကို မေ့နေခဲ့တယ်။ လေယာဉ်ပေါ်ရောက်ရင် Tablet နဲ့ စာဖတ်မယ်ဆိုပြီး စာအုပ်တွေကြား ကိုယ့်ဖာသာ ထည့်ခဲ့ပြီး ပြန်မေ့နေတာ။
ပိုက်ဆံအိတ်ထဲမှာ Sim Card အလွတ်နဲ့ Pin ပါတယ်။ အမလေး … အဆင်သင့်လိုက်တာ။ ကျမ ခြင်ထောင် ထောင်လိုက်တယ်။ စစ်ခြင်ထောင် ခပ်ထူထူဆိုတော့ အထဲကို တော်တော်လေး ပြူးဖြဲကြည့်မှ မြင်ရမယ်။ Tablet ကို အဆုံးထိ အလင်းလျှော့တယ်။ အသံကိုလည်း လုံးဝ ပိတ်ပစ်တယ်။ လိုအပ်ရင် စောင်ကိုပါ ခေါင်းမြှီးခြုံသင့်ရင် ခြုံမယ်။
ညအစောပိုင်း အစောင့်တွေ ခြေရှုပ်နေချိန်မှာ ကျမ မသုံးရဲသေး။ ၁၀ နာရီကျော်လောက် သူတို့ အရက်ဝိုင်း စဖွဲ့မှ ကျမ သုံးရဲတယ်။
ဒီ Sim Card က မသုံးဖြစ်တာ ကြာပြီ။ Package တွေက Expire ဖြစ်ကုန်ပြီး Bill ကလည်း ၄၀ လောက်ပဲ ကျန်တယ်။ ကျမရဲ့ Pay Account တွေကို ဒီ Tablet ထဲ ထည့်မထားဖြစ်။ ဘယ်လိုတောင် လုပ်ရပ။ စိတ်တွေက ညစ်ညူးရပြန်ပါတယ်။ အားကြိုးမာန်တက် လုပ်မယ်ကြံကာမှ ကျမအဖြစ်က အပိုင်း ၁ ဇာတ်သိမ်း ဆိုတာမျိုး ဖြစ်နေပြီ။
မထူးဇာတ်ခင်းပြီး အင်တာနက် ဖွင့်တယ်။ Viber ထဲဝင်တယ်။ ထိပ်ဆုံးမှာပေါ်နေတဲ့ မမရွှေရည်နဲ့ ထွန်းမင်းနဲ့ဆီကို “မိုရ်ပါ။ ဒီဖုန်းကို Bill ၁၀၀၀ လောက် ထည့်ပေးပါဦး” လို့ ပို့တယ်။ နောက်တယောက်ဆီ ထပ်ပို့မယ်လုပ်ချိန်မှာ “လက်ကျန်ငွေ ကုန်ဆုံးသွားပါပြီ” ဆိုတဲ့ မက်ဆေ့ဝင်လာတယ်။ ကျမစာတွေ သူတို့ဆီ ရောက်တောင် ရောက်ရဲ့လားမသိ။
စိတ်ပင်ပန်းစွာနဲ့ ကျမ လှဲအိပ်ပစ်လိုက်တယ်။ တောင်တက်ခရီးတခုကို မရပ်မနား တက်နေရသလိုမျိုး စိတ်ရောလူပါ ပင်ပန်းလှပြီ။ ဘယ်လောက်ကြာကြာ ဒီလိုကြီး နေရမလဲနော်။ ကြာရင် ကျမ ရူးသွပ်သွားမှာတောင် ကြောက်ရတယ်။
အပြင်ဘက် အရက်ဝိုင်းဆီက ဆူဆူညံညံအသံတွေလည်း ထွက်စပြုပြီ။ ခဏနေလောက်ကျရင် ဆဲကြ၊ ဆိုကြ၊ ဆူညံကြဦးမယ်။ စိတ်ညစ်ညူးစရာ … ဒါတောင် ကျမက ထောင်ကျတာ မဟုတ်သေးဘူး။ ကျမတောင် ဒီလောက်နဲ့တင် စိတ်ညစ်ညူးနေရတာ ထောင်ပါ ကျသွားတဲ့သူတွေဆိုရင် … ကျမ သက်ပြင်းရှည်ကြီး ချလိုက်တယ်။
ဘယ်သူမှ ကျမကို Bill ထည့်မပေးပါ။
၁၀ မိနစ်ကျော်တဲ့အထိ ဘာ Bill မှ ဝင်မလာတဲ့ Tablet က ကျမရှေ့မှာ အလောင်းကောင်လို ငြိမ်ငြိမ်သက်သက်။ မျှော်လင့်ချင်သလို ဖြစ်ခဲ့တဲ့စိတ်က ပင်ပန်းစပြုလာပြီ။ စာမရောက်ဘူးနေမှာ။ လက်လျှော့လိုက်မှနဲ့ တူတယ်။
ဘယ်လိုမှ ဖြေဆည်မရလောက်အောင် ကျဆင်းနေတဲ့စိတ်ဓာတ်နဲ့ လှဲအိပ်နေချိန် ရုတ်တရက် ကျမ Tablet က Notification ဝင်ပြီး လင်းလာတယ်။ ငွေ ၁၀၀၀ ကျပ် ဖြည့်ပြီးပါပြီ တဲ့။ မရှေးမနှောင်းမှာတင် မမရွှေရည်က Viber ကနေ “မိုရ် … ?” လို့ စာပို့တယ်။ တခါမှ Bill အချေးအငှါးမလုပ်ဘူးတဲ့ ကျမဆီက ဒီစာဝင်လာတာကို မမရွှေရည် သံသယဖြစ်တယ် ထင်ပါရဲ့။ အခု ကျမ ဟုတ်မဟုတ်ဆိုတာကို သူ Confirm လုပ်ချင်တာဖြစ်မယ်။
မမရွှေရည် ဘာသဘောနဲ့ပဲ မေးမေး ကျမ အာရုံမထားနိုင်ဘူး။ ဘေထည့်ပေးဖို့ကို ၁၀ မိနစ်ကျော်ကြာအောင် စဉ်းစားနေရသလားရယ်လို့လည်း စိတ် ခုမနေနိုင်အားဘူး။ အခုက အပြင်နဲ့ ဆက်သွယ်လို့ရပြီ ဆိုတဲ့အသိကြောင့် ပျော်ရွှင် သွားရတာကိုပဲ ကျမ သိပါတော့တယ်။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*