စက်ဘီးတစ်စီး၊ လူနှစ်ယောက်

‘စက်ဘီးတစ်စီး၊ လူနှစ်ယောက်’
◼️မေရီသော်
ကိုပေါက်စ အကြံအိုက်နေပြီ။
ဆရာမလေး မှာလိုက်တာက အထုတ် ၁၀၀။ အခုက အထုတ် ၄၀ စွန်းစွန်းပဲ ဝယ်လို့ရသေးတယ်။ သေချာတာတော့ ဒီရွာမှာလည်း တခြားဆိုင်ရယ်လို့ မရှိတော့ဘူး။
ကိုပေါက်စလည်း စိတ်ညစ်ညစ်နဲ့ ဘာလုပ်ရမလဲ ထိုင်စဉ်းစားနေတုန်း သည်လူက စက်ဘီးတစီးနဲ့ ကိုပေါက်စရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တာပဲ။
ကိုပေါက်စ တမင် ဆိုင်ကယ်ယူမလာခဲ့တာက မနေ့ညက မိုးကြီးသည်းသည်းရွာထားလို့ရယ်။ မိုးကြီးတဖြန်နှဖြန်ရွာပြီးသွားမှ မိုးအခါဝင်ကြောင်း သေချာတာလို့ ကိုပေါက်စတို့ဒေသမှာ ပြောလေ့ရှိကြတယ်။ ကိုပေါက်စလည်း သိပ်မဝေးတဲ့ တဖက်ရွာတင်ဆိုတော့ ခြေကျင်ပဲ ထွက်လာခဲ့လိုက်တာ။ မဟုတ်လည်း ရွှံ့ရုန်းရမှာကိုး။ လမ်းက စပါးခင်းတွေကြားက မြေလမ်းလေးဆိုတော့ အမြဲစိုစိနေတတ်တဲ့အပြင် မိုးရွာထားရင် ဗွက်ထကရော။ ဗွက်ထတဲ့လမ်းပေါ် နွားတွေ ဖြတ်သွားပြီးရင်ဖြင့် ဆိုင်ကယ်ဆိုတာ မောင်းလို့ကို မရတော့။ မောင်းလို့မရပုံကလည်း ဆိုင်ကယ်ဘီးတွေနဲ့ ဘော်ဒီကြားမှာ ရွှံ့စေးတွေ အခဲလိုက် ညပ်ပါလာပြီး ဘီးတောင် မလည်နိုင်တော့တာမျိုး။ ရှေ့ကို မရောက်တော့တာ။
ဒီတော့ ကိုပေါက်စတို့ ရွာနီးချုပ်စပ်က မိုးရွာပြီးပြီးချင်းဆို ခရီးသိပ်မသွားကြဘူး။ မဖြစ်မနေမို့ သွားရလည်း မဝေးရင် ခြေလျင်ပဲ။ ဆိုင်ကယ်နဲ့သွားရင် လူပိုပင်ပန်းပြီး လှည်းနဲ့သွားရင်လည်း နွားတွေ ပင်ပင်ပန်းပန်း ရုန်းရတာကိုး။ ရွာက နည်းနည်းခေါင်ပြီး လမ်းလည်း ဒီတလမ်းပဲ ရှိတော့ မတတ်နိုင်ဘူးပေါ့။
တိုင်းပြည်ကလည်း မတည်မငြိမ်ဖြစ်နေတော့ ဒီလမ်းကို ဘယ်သူလာပြင်ပေးမှာလဲဆိုတာ ဘယ်သူ့ကို သွားမေးရမှန်းလဲမသိ။ လမ်းက သွားလာမရအောင်ထိ ပျက်လာပြီဆိုရင်တော့ ရွာကလူတွေ တောအလုပ်နားပြီး တရက်လောက်စုပြင်လိုက်ကြတာပဲရယ်။ တရွာလုံး ‌ပိုက်ဆံပေါင်းပြီး လမ်းအသစ်လည်း မခင်းနိုင်တော့ မြေဖို့၊ ခဲဖို့လောက်ပေါ့။
“ကိုပေါက်စ၊ အထုတ် ၁၀၀ နော်။ တော် သယ်နိုင်ပါ့မလား။ ဆိုင်ကယ်မယူရင်တောင် စက်ဘီးတစီးလောက်ယူသွားပါဦး။”
မနက်က ဆရာမလေး ပိုက်ဆံပေးရင်းနဲ့ ပြောပေမယ့် ရွှံ့မကြောက်တဲ့ ကိုပေါက်စတယောက် ဖိနပ်ခါးထိုးပြီး ခြေကျင်ပဲ ထွက်လာခဲ့လိုက်တယ်။ သွားရမယ့်ရွာကို မရောက်ခင်လေးမှာ ချောင်းအသေးလေးတခုက ရှိသေးတော့ စက်ဘီးထမ်းပြီး ဖြတ်ရဦးမှာနဲ့ ‌ဝယ်ခြမ်းပြီးပြန်လာမယ့်အထုတ်နဲ့ နှစ်မျိုးဆိုရင် ရေထဲက ဖြတ်သယ်ဖို့ ပိုခက်ခဲမယ်လို့ ကိုပေါက်စက တွေးလိုက်တာကိုး။ မှာလိုက်တာ ဝယ်မယ် ပြီးရင် အဲ့အထုတ်ကိုပဲ သယ်ပြီး ပေါ့ပေါ့ပါးပါး ပြန်မယ်ပေါ့။
အခုကျ ဝယ်ရမယ့်ပစ္စည်းက ဆရာမလေး မှာလိုက်တဲ့ အရေအတွက်ထိ ဒီရွာမှာတင်မရတော့ တခြားရွာကို ဆက်သွားရတော့မယ်။ နောက်တရွာမှာတော့ သေချာပေါက် အကုန်ဝယ်လို့ရမှာပဲ။ ဒါပေမယ့် အဲ့ဒါက ရွာကြီးဖြစ်ပြီး ကိုပေါက်စ အခုရောက်နေတဲ့ရွာနဲ့ နည်းနည်းဝေးသေးတယ်။ ဒီရွာမှာ သူ့အသိမိတ်ဆွေကလည်း တယောက်မှ မရှိ။ ဒီလို စစ်တွေဖြစ်နေပြီး ဒုစရိုက်မှုထူပြောနေတဲ့ကာလမှာ မသိတဲ့လူတယောက်ကို ဘယ်သူမှလည်း စက်ဘီး၊ ဆိုင်ကယ် ငှားလိုက်ချင်မှာ မဟုတ်ဘူး။
ကိုပေါက်စ ဒီရွာရဲ့ တဆိုင်ထဲသော လက်ဖက်ရည်ဆိုင်မှာ ကော်ဖီချိုချိုတခွက် ဝင်သောက်ရင်းနဲ့ ဆိုင်ရှင်ကို ခွင့်တောင်းပြီး အလာလမ်း‌တုန်းက ခြေထောက်မှာ ကပ်လာတဲ့ ရွှံ့တွေကို ဝင်ဆေးလိုက်တယ်။
သူ ဝယ်ပြီးသလောက် အထုတ်ကို ကိုင်ပြီး လမ်းအတိုင်း ထွက်လာရင်း ရွာထိပ်က ဇရပ်ကတုံးမှာ ခဏ ဝင်ထိုင်တယ်။ နောက်တရွာထိ လမ်းလျှောက်သွားရင်တော့ မှောင်မှ ရွာပြန်လမ်းပေါ် ရောက်မှာ သေချာတယ်။ နေပူလာပြီဆိုတော့ ညနေ အပြန်နောက်ကျလေ၊ ချောင်းရေနည်းသွားလေ၊ ရွှံ့လမ်းကလည်း သွေ့သွားပြီး ‌ပြန်လို့ကောင်းလေ၊ ဖြစ်မှာပဲ။
ဆရာမလေးက အရေးကြီးတယ်လို့ ပြောပြီး အတိအကျ ဝယ်ခိုင်းလိုက်တာဆိုတော့ ဝယ်လို့ရသလောက်နဲ့လည်း ကိုပေါက်စက ပြန်မသွားချင်။ နောက်ဆုံးတော့ နောက်ကျလည်း ဘာအရေးလဲလို့ တွေးပြီး ဆိုင်စုံတဲ့ ရွာကြီးထိ ‌လမ်းလျှောက်သွားဖို့ ကိုပေါက်စ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကိုပေါက်စ ထိုင်နေတဲ့ လမ်းဘေးဇရပ်ရှေ့ကို စက်ဘီးတစီး ထိုးစိုက်ရပ်လာတာပဲ။ စက်ဘီးဆရာလူစိမ်းက သူ့စက်ဘီးကို မြေညီတဲ့နေရာမှာ သေချာဒေါက်ထောက်ရပ်လိုက်ပြီး ဇရပ်ထဲကို လှမ်းဝင်လာတယ်။ ဆောင်းထားတဲ့ ထန်းဖူးခမောက်ကို ချွတ်ရင်း စကားစတယ်။
“ဗျို့ ဆရာကြီးရေ၊ ×××××ရွာကို ဘယ်လောက်လိုသေးလဲဗျ”
သူမေးတာက ကိုပေါက်စတို့ရွာပဲဆိုတော့ ဝမ်းသာအားရ လမ်းညွှန်လိုက်တယ်။
“ဒီတရွာပြီး နောက်တရွာပဲဗျာ။ ရွာလယ်လမ်းအတိုင်း ဆက်သွားရင်း ဘုန်းကြီးကျောင်းနဲ့ ဘုရားဘေးက လမ်းလေးအတိုင်း မြောက်ဖက်ကို ပြန်ထွက်ရမှာ။”
ကိုပေါက်စ လမ်းကို သေချာ ခြေဟန်လက်ဟန်နဲ့ ညွှန်းပေးလိုက်တော့ လူစိမ်းက သဘောကျသွားပုံပဲ။
“ကျေးဇူးပဲ ဆရာကြီး။ ဒါနဲ့ ခင်‌ဗျားက ဒီရွာကပဲလားဗျ။”
“မဟုတ်ဘူး။ ကျုပ်က ခင်ဗျားသွားမယ့်ရွာကို ပြန်ရမှာ။”
ကိုပေါက်စ ပြောလိုက်တော့ လူစိမ်းမျက်နှာ ပိုဝင်းသွားတယ်။
“အဆင်သင့်တာပေါ့ဗျာ။ ကျနော်က ခင်ဗျားတို့ရွာက ကျောင်းဆရာကိုအောင်ခန့် ဆီကို သွားမလို့ဗျ။ ခင်ဗျားလည်း ပြန်မှာဆို တခါတည်းလိုက်ခဲ့‌ပေါ့။ အတူတူ သွားကြမယ်လေ။”
ကိုပေါက်စ ခေါင်းကို ကုတ်ရင်း စဉ်းစားတယ်။ ဖြစ်နိုင်ရင် သူလည်း နောက်ကျမှာဆိုတော့ တယောက်တည်း မပြန်ချင်ဘူး။
“ဒီလိုဗျို့။ ကျုပ်က ဈေးဝယ်ရင်းလာတာ။ ရွာက ကျန်းမာရေးဆရာမလေး ဝယ်ခိုင်းလိုက်လို့။ ဒါပေသိ မှာလိုက်တဲ့ ပစ္စည်းက ဒီရွာမှာတင် အကုန်မရလို့ ဟိုဖက်တရွာထိ ထပ်ကူးရတော့မှာ ဖြစ်နေတယ်။ အဲ့တော့ ကျုပ်က အခု တန်းပြန်လို့ မဖြစ်သေးဘူး။”
လူစိမ်းက ကိုပေါက်စ ပြန်ပြောတာကို နားထောင်ရင်း လွယ်အိတ်ထဲက ဆေးပေါ့လိပ်တလိပ်ကို ထုတ်ပြီး မီးညှိနေတယ်။
“ကျနော့် စက်ဘီး ယူသွားဗျာ။”
လူစိမ်းက အေး‌အေးဆေးဆေးပြောတော့ ကိုပေါက်စ စဉ်းစားရင်း ခေါင်းကုတ်နေတဲ့ လက်လည်း ရပ်သွားတယ်။ လူစိမ်းကို နားမလည်လို့ ပြန်မေးတယ်။
“ကျုပ်က ××× ရွာထိ သွားပြီး ဈေးဝယ်ရဦးမှာလေ။ ‌ခင်ဗျားစက်ဘီးငှားသွားရင် ခင်ဗျားက ဘယ်လိုသွားမှာလဲ။”
လူစိမ်းက ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်ရင်း ပြန်‌ဖြေတယ်။
“ကျနော်က ခင်ဗျား ဈေးဝယ်ပြီး ပြန်လာတာကို ဒီမှာ စောင့်မယ်လေ။ ပြီးမှ အတူတူ သွားကြတာပေါ့။”
ကိုပေါက်စ နည်းနည်းတော့ အံ့ဩသွားတယ်။ လူချင်းသိဖို့နေနေသာသာ တခါမှ တွေ့ဖူးမြင်ဖူးတဲ့သူလည်း မဟုတ်။ ဥပဓိပုံပန်းနဲ့ ပြောဟန်ဆိုဟန်ကြည့်ရတာ ဒေသခံတောင် ဟုတ်ပုံမရဘူး။ ဒါပေမယ့် သူ့စက်ဘီးကို ရက်ရက်ရောရော ငှားနေတယ်။ ကိုပေါက်စလည်း အခက်အခဲကြုံနေတဲ့အချိန်မို့ အားမနာတော့ဘဲ ကျေးဇူးတင်စကားကို အားရပါးရပြောလိုက်တယ်။ ပြီးတော့ စက်ဘီးနဲ့ နောက်တရွာကို တန်းထွက်ခဲ့လိုက်တော့တယ်။ လူစိမ်းကတော့ ထန်းဖူးခမောက်ကို မျက်နှာမှာ အုပ်ပြီး ဇရပ်ထောင့်တိုင်ကို ကျောမီရင်း နေခဲ့တယ်။
‌ရွာကြီး‌ဆိုတော့ ဆိုင်ကြီးတဆိုင်ပဲ ဝင်ရသေးတယ်။ လိုတဲ့ အရေအတွက် အကုန်ဝယ်လို့ရလိုက်တော့ ကိုပေါက်စ မြန်မြန်ပဲ ပြန်လာခဲ့လိုက်တယ်။ နည်းနည်းဝေးပေမယ့် စက်ဘီးကြောင့် အများကြီး အချိန်ကုန်သက်သာသွားတယ်။
စောစောက ရွာထိပ် ဇရပ်ကို ပြန်ရောက်တော့ လူစိမ်းက စောစောက နေရာမှာပဲ။ စာအုပ်တအုပ်ဖတ်ရင်း ဆေးပေါ့လိပ်ဖွာနေတာကို တွေ့ရတယ်။ ကိုပေါက်စ သယ်လာတဲ့အထုတ်ကို ကူချဖို့ ထလာမယ်လုပ်လို့ တယောက်တည်းနိုင်ကြောင်း လှမ်းပြောလိုက်ရသေးတယ်။
ကိုပေါက်စလည်း ဟိုဖက်ရွာ သွားဝယ်ရတဲ့အထုတ်နဲ့ စောစောက ဝယ်ထားပြီးသား အထုတ်ကို ဖွင့်တယ်။ အသင့်ယူလာတဲ့ ပီနံအိတ်(ဆာလာအိတ်)အသစ်တလုံးထဲမှာ ပလတ်စတစ်အကြည်ထပ်ခံပြီး အထုတ်တွေ အားလုံးကို ပေါင်းထည့်လိုက်တယ်။ ပြီးတော့ စနစ်တကျလေး ချည်ပိုးလိုက်တော့ အထုတ်ကြီးတထုတ်တည်းနဲ့ သယ်လို့ကောင်းသွားပြီ။ လူစိမ်းလည်း ဘာတွေလဲဆိုတာ စိတ်ဝင်စားသွားပုံရပြီး ထလာရင်း မေးတယ်။
“ဪ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေပါ။ မိုးတွင်းဆို ခင်ဗျားမြင်တဲ့အတိုင်း သွားရလာရခက်တယ်လေ။ လမ်းပန်းခက်တော့ ကျုပ်တို့ ရွာတွေထိ ကုန်စည်တွေ အရောက်မလာနိုင်ဘူး။ အဲ့တော့ ဆရာမလေးက ရွာက အမျိုးသမီးတွေအတွက် ဒီလို အမြဲ ဝယ်ထားပေးတတ်တယ်။”
လူစိမ်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေတယ်။
ကိုပေါက်စတို့ရွာဖက်ကို ဦးတည်ပြီး အပြန်လမ်းစတော့ ချောင်းလေးကို အရင်ဖြတ်ရတယ်။ ရေစီးက မနက်က ကိုပေါက်စ ဖြတ်လာတုန်းကလောက်ထိ မရှိတော့ဘဲ တော်တော်ကျသွားပြီ။ ကိုပေါက်စလည်း အရွယ်အစားကြီးပေမယ့် ပေါ့ပါးတဲ့ အထုတ်ကို သယ်ပြီး ချောင်းကူးရတာဆိုတော့ အေးဆေးပဲ။ လူစိမ်းလည်း သူ့စက်ဘီးကို မ,ရင်း အတူတူ ဖြတ်လာတယ်။ နေ့ခင်းက နေအတော်ပူထားတော့ ရွှံ့လမ်းလည်း နည်းနည်းခြောက်ပြီး သွေ့နေသလို ဆိုင်ကယ်၊ စက်ဘီးအချို့ ဖြတ်ထားပြီးတဲ့ ဘီးရာတွေမြင်ရတယ်။
အခုထိ သေချာတောင် မိတ်မဆက်ရသေးလို့ ကိုပေါက်စက အရင်စကားစလိုက်တယ်။
“ခင်ဗျားက ဆရာလေးအောင်ခန့် ဆီသွားမှာဆိုတော့ ရန်ကုန်ကပဲလားဗျ။”
လူစိမ်းက စက်ဘီးကို တွန်းရင်း ကိုပေါက်စနဲ့ ဘေးချင်းယှဉ်လျှောက်လာတာ။ သူက ကိုပေါက်စကို ပြုံးကြည့်ရင်း ပြန်ဖြေတယ်။
“ဆိုပါတော့ဗျာ။ ဒါပေမယ့် စစ်ဖြစ်ကတည်းက ကျနော်လည်း နေရာစုံ လွင့်နေတာပါပဲ။”
“နာ‌မည်ရော ဘယ်လိုခေါ်တုန်းဗျ။”
“နာမည်ရင်းကတော့ လူမော်ပါ။ ဒါပေမယ့် ကျနော့်ကို ဘော်ဒါသူငယ်ချင်း‌တွေ ရဲဘော်ရဲဘက်တွေကတော့ ‘ဟစ်ပီ’ လို့ ခေါ်ကြပါတယ်။”
“နာမည်က ဆန်းသားဗျို့။ တိုင်းရင်းသား နာမည်များလား။ အဖွဲ့အစည်းတခုခုထဲကလားဗျ။”
“မဟုတ်ပါဘူးဗျာ။ ကျနော်က ကဗျာလေးစာလေး မတောက်တခေါက်ရေးတဲ့ ကဗျာဆရာပါပဲ။”
ကဗျာဆရာဆိုတော့ ကိုပေါက်စလည်း သဘောပေါက်သွားပါတယ်။ သည်လူစိမ်းဧည့်သည် သွားမယ့် ကျောင်းဆရာကိုအောင်ခန့် ဆိုတာကလည်း စာသမားပေသမားကိုး။ ရန်ကုန်ကနေ ကိုပေါက်စတို့နယ်ဖက်ထိ ဝေးဝေးလံလံ တာဝန်ကျနေခဲ့တာ။
အာဏာသိမ်းတော့ ဆရာအောင်ခန့်လည်း ရန်ကုန်ကို မပြန်တော့ဘူး။ တခါတည်း စီဒီအမ်တန်းလုပ်ပြီး ရွာလူငယ်တွေနဲ့အတူ တက်တက်ကြွကြွကို လှုပ်ရှားခဲ့တာ။
ဒီဒေသတွေပါ စစ်မီးကူးတော့ ဆရာလေးကိုအောင်ခန့်ဆို အလုပ်တွေများချက်ပဲ။ ရွာနားမှာ တိုက်ပွဲတွေဖြစ်ရင် ရွာကလူတွေလည်း လွတ်ရာကျွတ်ရာ သူများရွာတွေဖက် ပြေးရတယ်။ တခြားရွာတွေနားမှာ စစ်ရေးလှုပ်ပြီဆိုလည်း ကိုပေါက်စတို့ရွာကို ပြေးလာ ရှောင်လာကြရတာပဲရယ်။
ဆိုတော့ ရွာမှာ တစ်နယ်မဟုတ် တစ်နယ်က စစ်ဘေးရှောင်တွေလည်း ရှိနေတတ်တယ်။
ဒါပေမယ့် ဆရာလေးတို့ လူငယ်တစုရဲ့ လုပ်သင့်တာကို တက်တက်ကြွကြွ လုပ်ဆောင်မှုကြောင့် အခုဆို ရွာဟာ အရင်ကထက်တောင် ပိုပြီး စနစ်တကျဖြစ်လာသေးတယ်လို့ ကိုပေါက်စထင်တယ်။
တိုက်ပွဲတွေကို ကြံ့ကြံ့ခံရင်း ရွာနေ လူထုဟာ အရင်ကထက် ပိုညီညွတ်လာပြီး ပိုသန်မာလာကြတယ်။ ရွာရဲ့ အစိတ်အပိုင်းတွေဟာ စစ်မက်ဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပေမယ့် ကိုယ့်အင်အားနဲ့ကိုယ် ပြန်တည်ဆောက်ခဲ့ကြတယ်။
လူမှုအဖွဲ့အစည်းတခုလုံးရဲ့ အသက်ရှင်သန်ရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့လာရတဲ့အခါ လူသားဆန်မှုဟာ လှလှပပ ရှင်သန်ဖူးပွင့်လာခဲ့တာပဲ။
အခုနောက်ပိုင်းဆို ကိုပေါက်စတို့ရွာကလေးမှာ စစ်မက်ဘေးကြောင့် အရပ်တပါးက တိမ်းရှောင်ပြေးလွှားလာရသူတွေကိုပါ စနစ်တကျ နေရာပေးစောင့်ရှောက်လာနိုင်ခဲ့တယ်လေ။
မီးလောင်သွားတဲ့ စာသင်ကျောင်းလေးကို ပြည်သူ့ကျောင်းအဖြစ် ရွာနေလူထုက တယောက်တလက်ဝိုင်းကူပြီး အစအဆုံး ပြန်တည်ဆောက်ခဲ့လိုက်တာ အခုဆိုရင် ကလေးတွေရဲ့ စာအံသံကို ပုံမှန် ပြန်ကြားနေရပြီ။
နှစ်ယောက်သား စကားပြောလိုက်၊ အတွေးကိုယ်စီနဲ့ လျှောက်လာလိုက်နဲ့ တဖြည်းဖြည်း ရွာဦးကို မြင်နေရပြီ။ ကိုပေါက်စလည်း ဆရာမလေးဆီကို အထုတ်ကြီးသွားပို့ရမှာမို့ ဧည့်သည်ကိုလူစိမ်းအား နှုတ်ဆက်ပြီး ဆေးပေးခန်းဖက် ဆက်ထွက်လာခဲ့တယ်။ သူကလည်း စာသင်ကျောင်းဘယ်ဖက်မှာလဲလို့ ကိုပေါက်စကို မေးပြီး ဆက်သွားတယ်။
ဒီလိုနဲ့ ၃ လလောက်ကြာသွားတော့ မိုးလေကင်းလွတ်လို့ ဆောင်းဝင်ကာစ လမ်းတွေပြင်ကြတဲ့ကာလတောင် ရောက်လာခဲ့ပြီ။
ကိုပေါက်စနဲ့ အရင်ဆုံးတွေ့ခဲ့ရတဲ့ ဧည့်သည်။ သူ့ဘော်ဒါတွေက ‘ဟစ်ပီ’လို့ ခေါ်ကြတယ်ဆိုတဲ့ ကိုလူမော် တယောက်လည်း အခုဆိုရင် ဆရာအောင်ခန့်နဲ့အတူ စာသင်ကျောင်းမှာ ဝိုင်းကူရင်း ရွာမှာ အသားကျနေပြီ။ ကလေးတွေရဲ့ “မင်္ဂလာပါ ဆရာကြီး”လို့ နှုတ်ဆက်သံမှာ ပီတိဖြစ်တတ်နေပြီ။
ဒီနေ့က ကိုယ်ထူကိုယ်ထ လမ်းပြင်တဲ့နေ့ဖြစ်လို့ ရွာထဲက လူတွေ လမ်းတလျှောက် လုပ်အားပေးနေကြတယ်။
ဆရာလေးကိုအောင်ခန့်နဲ့ ကိုလူမော်ကိုလည်း ပေါက်ပြားကိုယ်စီနဲ့ ချွေးတလုံးလုံး တွေ့နိုင်မယ်။ ဆံပင်ရှည်ကြီးကို သေချာစီးနှောင်ပြီး အားနဲ့မာန်နဲ့ မြေကြီးကို ‌ပေါက်နေတဲ့ လူမော့်နား ကိုပေါက်စ လျှောက်သွားတယ်။ လက်ထဲက မြေကြီးသယ်တဲ့တောင်းကို ပစ်ချရင်း ကိုပေါက်စ အားရပါးရ ‌ထိုင်ချလိုက်တယ်။
“ခဏနားဦးလေ ဆရာဟစ်ပီ”
“အင်းဗျာ အရှိန်ပါနေလို့”
ပေါက်ပြားကို ခဏချပြီး လူမော်လည်း ကိုပေါက်စဘေးမှာ ဝင်ထိုင်တယ်။ မီးခြစ်ကမ်းပေးလိုက်တော့ နားရွက်ကြားမှာ ညှပ်ထားတဲ့ ဆေးပေါ့လိပ်တိုကို မီးညှိပြီး ဖွာတယ်။
“ခင်ဗျား ကျုပ်နဲ့အတူ ရွာလိုက်လာတဲ့နေ့ကို မှတ်မိလား ဆရာဟစ်ပီ”
ကိုပေါက်စက တချက်ငဲ့ကြည့်ရင်း စကားစတယ်။
“မှတ်မိတာပေါ့ ဘယ်လောက်မှ မကြာသေးဘူးလေ” လို့ လူမော် ပြန်ဖြေတယ်။
“အဲ့ဒီတုန်းက ကျုပ် ဆရာဟစ်ပီ့ကို ကျေးဇူးတင်စကား သေချာ မပြောလိုက်ရဘူး”
ကိုပေါက်စက ဆက်ပြောတော့ လူမော် ပြုံးတယ်။
“အခုမှ တွေ့ဖူးတဲ့လူကို စက်ဘီးငှားလိုက်တာကိုလား။ ကိုပေါက်စ အဲ့ဒီတုန်းက ကျနော့်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ မမှတ်မိဘူးလား။” လူမော့်စကားအပေါ် ကိုပေါက်စ ခေါင်းယမ်းတယ်။
“မဟုတ်ဘူးဗျ။ ရွာထိ ပြန်လာတဲ့လမ်းမှာ တယောက်တည်း စီးသွားနှင့်လို့ ရရဲ့သားနဲ့ ကျုပ်ကို စောင့်ပြီး စက်ဘီးကို တွန်းရင်း အတူတူလမ်းလျှောက်ပြန်လာတာကို ပြောတာပါ။”
လူ‌မော် မထင်မှတ်တဲ့စကားမို့ အံ့ဩသွားတုန်း ကိုပေါက်စက လေးလေးနက်နက် ဆက်ပြောတယ်။
“တခါတလေ စက်ဘီးငှားပေးလိုက်တာထက် ကိုယ့်ကိုစောင့်ရင်း လမ်းအတူတူလျှောက်ပေးတာက ပိုကျေးဇူးတင်စရာကောင်းတယ်ဗျ။”
တိုသွားတဲ့ဆေးပေါ့လိပ်ကို မြေကြီးပေါ် ထိုးချေလိုက်ပြီး ကိုပေါက်စ ထသွားတယ်။
သူ့ကျောပြင်ကို လိုက်ကြည့်ရင်း ရွာလမ်းတဝိုက်မှာ တယောက်တလက် အလုပ်ရှုပ်နေကြတဲ့ ရွာသူရွာသားတွေကို လူမော် ဝေ့ကြည့်မိတယ်။
ဘေးချထားတဲ့ ‌ပေါက်ပြားကို အားပြုပြီး လူမော် ထိုင်ရာက ပြန်ထတယ်။
ချွေးစို့နေတော့ မြောက်ပြန်လေတချက်အသော့မှာ ခန္ဓာကိုယ်က ‌ချမ်းစိမ့်စိမ့် အအေးဓာတ်ကို ခံစားရတယ်။
ရင်ထဲမှာတော့ ပီတိအဟုန်ကြောင့် နွေးထွေးလို့ပါပဲ။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*