သူမတူအကျဉ်းသား (အခန်း၁၀)

■ အခန်း(၁၀)
တရားရေးဆိုင်ရာ မိုက်မဲမှုများ
++++++++

ကျနော် အင်းစိန်ထောင်ထဲ ရောက်ပြီး တလလောက် ကြာတော့ ကျနော့်ကို စွဲထားတဲ့ အမှုက အသက်ဝင်လာပါတော့တယ်။ တရားဝင်အားဖြင့် ကျနော့်ကို စွဲဆိုထားတဲ့အမှု မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ (၁၉၂၃) ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ထိန်းသိမ်းတယ်လို့ ဆိုပါတယ်။ ဒီဥပဒေကလည်း ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရက အစိုးရဝန်ထမ်းတွေကို ‘အစိုးရ နစ်နာစေမဲ့ လျှို့ဝှက်ချက်’ တွေကို မဖော်ထုတ်ရဲအောင် ပြဌာန်းခဲ့တဲ့ ဥပဒေပါ။ ဒါ့အပြင် ၁၉၄၇ က ထုတ်ခဲ့တဲ့ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ တခုနဲ့လည်း တရားစွဲဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ရယ်စရာကောင်းတာက သူတို့ မုန်းလှပါတယ်လို့ ဆိုတဲ့ ကိုလိုနီခေတ်ဥပဒေတွေနဲ့ ကျနော့်ကို တရားစွဲကြတာပါပဲ။
.
.
.
လျှို့ဝှက်ချက်အက်ဥပဒေအရ စစ်ရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေ ပါခဲ့ရင် ‌ထောင်ဒဏ် ၁၄ နှစ်အထိ အမြင့်ဆုံး ချနိုင်တယ်။ တခြား လျှို့ဝှက်ချက်တွေ ဆိုရင်တော့ ထောင်ဒဏ် သုံးနှစ် ချနိုင်ပါတယ်။ အမြင့်ဆုံး ထောင်ဒဏ်တွေကို ပြောပြရတာက အကြောင်း ရှိပါတယ်။ မြန်မာပြည်မှာ ထောင်ဒဏ် ခုနှစ်နှစ် အထက် ချနိုင်တဲ့ အမှုတွေကို အာမခံပေးလေ့ မရှိပါဘူး။ ကျနော့်ကိုစွဲထားတဲ့ အမှုတွေကြောင့် ကျနော်ဟာ တခါမှ အာမခံ မရခဲ့ပါဘူး။
.
.
၂၀၂၁ ဧပြီလအထိ ကျနော့် ဥပဒေအဖွဲ့က ပြည်တွင်းမှာ ရှေ့နေမငှားဖို့ အကြံပေးခဲ့ကြတယ်။ ကျနော့်ကို တရားရုံးကို ခေါ် သွားခဲ့ရင်လည်း ကျနော့်အနေနဲ့ ဘာအမှားမှ မလုပ်ထားခဲ့ကြောင်း ဆိုတာ ပြောပြဖို့၊ သူတို့မေးတာတွေကို ရိုးရိုးနဲ့ အမှန်အတိုင်း ဖြေဖို့ကို အကြံပေးကြတယ်။
.
တကယ်တော့ သူတို့ အကြံပေးချက်တွေဟာ အကောင်းမြင်လွန်းတဲ့ဘက်မှာ ရှိပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ ကျနော့် အမှုကို ကြားနာဖို့ ဆင့်ခေါ်တဲ့ သမ္မန်စာ ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ ပြည်တွင်းက ရှေ့နေတယောက် လိုကို လိုအပ်လာပါတော့တယ်။
.
.
တရားရုံးဆိုတာကလည်း တကယ်တော့ နာမည်လောက်ပါ။ ကွန်ကရစ်ကြမ်းပြင်မှာ ထိုင်ခုံတွေ၊ ခုံတန်းရှည်တွေ ချပြီး အခန်းတွေ ဖွဲ့ထားတယ်။ ခေါင်မိုးကို တွန့်လိမ်နေတဲ့ သွပ်ပြားတွေနဲ့ မိုးထားတယ်။ လူတွေကိုတော့ နေရာတိုင်းမှာ တွေ့ရတယ်။ ယူနီဖောင်းနဲ့လည်းပါတယ်။ အရပ်ဝတ်တွေလည်း ပါတယ်။ တချို့က လက်ထိတ်နဲ့။ တချို့ကတော့ ဟိုလျှောက်ဒီလျှောက် လုပ်နေကြတယ်။ အများစုကြည့်ရတာ ဘာကိစ္စ အထွေအထူးမရှိဘဲ ဒီအတိုင်း လာကြပုံရတယ်။ အတော့်ကို ပရမ်းပတာ နိုင်တယ်။ အပြင်ကလာတဲ့ ဆူညံသံတွေ၊ ခေါင်မိုးက သွပ်ပြားချင်း ရိုက်သံတွေကလည်း ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ ကျနော်လည်း သြစတြေးလျ တရားရုံးတွေရဲ့ တည်ဆောက်ပုံ၊ လုပ်ဆောင်ပုံတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့ဖူးပါတယ်။ အဲဒီနေ့က တရားရုံးပုံစံနဲ့တော့ လားလားမျှ မတူပါဘူး။
.
.
ကျနော်ဟာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ကြားနာမှုတွေကို ခြောက်ကြိမ်ထက်မနည်း လူကိုယ်တိုင် တက်ခဲ့ရပါတယ်။ ပြောရရင် အလွန်စိတ်ပျက်စရာကောင်းတဲ့ အချိန်တွေပါ။ ကျနော် ထောင်တွေထဲမှာ တရားဝင်နေခဲ့ရတဲ့ ကာလတွေမှာ ကိုယ်ထိလက်ရောက် စော်ကားခံရခြင်း မရှိပါဘူး။ အဲဒီ ရုံးထုတ်တဲ့ အချိန်တွေကလွဲလို့ပေါ့။
.
ကျနော်တယောက်တည်း ဒါမျိုး ကြုံရတာတော့ မဟုတ်ပါဘူး။ ဒီလို ရုံးထုတ်တိုင်းမှာ ကျနော်တို့လို အကျဥ်းသားတွေဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကို အနည်းနဲ့အများ ခံကြရပါတယ်။ အမှန်တော့ ကျနော်တို့ဟာ တရားဝင်အကျဥ်းသားတွေ မဖြစ်သေးပါဘူး။ အမှုကို စိစစ်ကြားနာနေဆဲကာလ အထိန်းသိမ်းခံထားရသူတွေပါ။ ဒါပေမဲ့ လူမဆန်စွာ ပြုမူဆက်ဆံတာကို ခံရပါတယ်။ လူ ၅၀ လောက်ကို လက်ထိတ်ခတ်ပြီး သံကြိုးနဲ့ တွဲထားတယ်။ ပြီးရင် လူ ၂၀ လောက်ပဲ ဆံ့တဲ့ ထောင်ကားပေါ်ကို အတင်း တက်ခိုင်းတယ်။ ဒီအဖြစ်အပျက်မျိုးဟာ အမျိုးသမီးငယ်တွေအတွက် အတော်ခံရခက်လှပါတယ်။ တချို့က ဆယ်ကျော်သက်သာသာ အရွယ်လေးတွေပါ။ အားလုံး အထိတ်တလန့် ဖြစ်ကြရတယ်။ ငါးသေတ္တာထဲက ငါးတွေလို ပြည့်သိပ်နေတော့ အထဲမှာ အလွန်ပူပါတယ်။ မျက်နှာပေါ်မှာ ချွေးတွေ ရွှဲနေကြတယ်။ တချို့က ငိုတယ်။ တချို့က အော်ဆဲတယ်။ တချို့က အန်ကြတယ်။ တချို့ကတော့ မူးမေ့သွားကြတယ်။ မူးမေ့သွားပေမဲ့လည်း သူ့တို့ရဲ့ ခန္ဓာကိုယ်တွေက လဲကျမသွားနိုင်ဘူး။ တခါတလေမှာတော့ လူအချင်းချင်း ပူးကပ်နေလို့ လဲကျစရာ နေရာမရှိလို့ပါ။ တခါတခါမှာတော့ ခန္ဓာကိုယ်ထဲက အသက်ထွက် မသွားရလေအောင် သူတို့ရဲ့ မိတ်ဆွေတွေက ဝိုင်းပြီး ပင့်တင်မပေးထားကြရတယ်။
.
အဆိုးဆုံး ခရီးစဥ် တချို့မှာတော့ မသန်စွမ်းတဲ့ လူလတ်ပိုင်း တယောက်ကို ထောင်ကားပေါ် ဒီအတိုင်း တင်ပေးလိုက်တယ်။ ပြီးတော့ လူ ၄၀ လောက်ကို ထပ်ပြီး ကားပေါ် တက်စေတယ်။ ကားဘရိတ် ဆောင့်အုပ်လိုက်တဲ့အခါမျိုးမှာ လူတွေက အဲဒီလူအပေါ် ပိကျသွားတယ်။ သူ့အပေါ် မပိအောင် ကြိုးစားပြီး နေသူတွေကလည်း သူ့ခြေနဲ့ သူ့လက်တွေပေါ် နင်းမိပြန်တယ်။ သူနာကျင်လို့ စူးစူးဝါးဝါးအော်သံ၊ သူ့အပေါ် လဲကျသွားသူတွေရဲ့ ဒေါသသံ၊ မခံမရပ်ဖြစ်ပြီး ပေါက်ကွဲသံ၊ ဆဲဆိုသံတွေက ကမ္ဘာပျက်မတတ်ပဲ။ ထောင်ကားပေါ်က ငရဲခန်းမြင်ကွင်းတခုပါ။
.
တနေ့မှာ အန်ဒရေယာနဲ့ သံရုံးအဖွဲ့ဟာ ဒီလို အဆိုးဆုံး ခရီးစဥ်တခုနဲ့ ပါလာတဲ့ ကျနော့်ကို တရားရုံးမှာ လာတွေ့ကြတယ်။ သူတို့က တရားရုံးက ကြားနာမှုကို အမြဲလာခွင့် မရှိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ သူတို့ ရောက်နေခဲ့တယ်။ ဆိုးဝါးလှတဲ့ ခရီးစဥ်ကြောင့် ဒေါသအလွန်ထွက်နေတဲ့ ကျနော်ဟာ ကားပေါ်က အဆင်းမှာ ကျနော့်တံတောင်ကို လှမ်းကိုင်ဖို့ ကြိုးစားတဲ့ ရဲတယောက်ကို လူတွေရှေ့မှာ တွန်းထုတ်လိုက်တယ်။
.
“မင်းတို့ ငါ့ကို မထိနဲ့။ မင်းတို့က သတ္တိမရှိတဲ့ကောင်တွေ။ လူမဆန်တဲ့ကောင်တွေ။ မင်းတို့ ထောင်ထဲ ထည့်ထားတဲ့လူတွေက လူကောင်းတွေကွ။ မင်းတို့ထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့သူတွေ” လို့ အော်ဟစ်ပြီး ပြောလိုက်တယ်။ ဘာမှတော့ ပြန်မပြောပါဘူး။ အန်ဒရေယာကို မြင်တော့ ကျနော်က ရဲတွေကြားကနေ သူ့ဆီ တိုးဝှေ့သွားပြီး “သိပ်တရားလွန်တယ်ကွာ” လို့ တိုင်လိုက်ပါသေးတယ်။ ကျနော်တို့ကို အင်းစိန်ထောင် ပြန်အပို့မှာတော့ သံရုံးအဖွဲ့က ထောင်ကားပေါ်က ကျနော့်ကို လက်ပြနှုတ်ဆက်ရင်း ထောင်ကား ဘယ်လိုကျပ်သိပ်နေတယ် ဆိုတာကို မျက်မြင်သက်သေအဖြစ် တွေ့ခွင့်ရလိုက်ပါတယ်။
.
.
ကျနော် မှတ်မိခဲ့တာတွေ အားလုံးက အဆိုးချည်းတော့လည်း မဟုတ်ပါဘူး။ ရမန်ယူပြီး အပြန်ခရီးစဥ်တခုမှာ အမျိုးသမီး အကျဥ်းသူတယောက်က ကျနော့်ကို မုန့်လေးတခု ကျွေးတယ်။ မနက်က သူ့အမေ့ တရားရုံးလာစောင့်ရင်း ပေးထားတာတဲ့။ ကျနော်တို့ လူဖြူတွေ ထုံးစံအတိုင်း ယဥ်ယဥ်ကျေးကျေးနဲ့ ငြင်းလိုက်မိတယ်။ ကျနော့်ထက် အခြေအနေဆိုးသူတယောက်ရဲ့ ရှားပါးအစားအစာကို ကျနော် မယူရက်ဘူး။ ဒီအကြောင်းကို ယာကွတ်နဲ့ တခြားသူတွေကို ပြောပြတော့ သူတို့က ကျနော့်ကို နားလည်ကြပါတယ်။ ဒါပေမဲ့ သူ့စေတနာကို မငြင်းသင့်ဘူးလို့ ဝိုင်းပြောကြတယ်။ ကျနော်လည်း မြန်မာပြည်မှာ အနေကြာတော့ မြန်မာဓလေ့နဲ့ ဖော်ရွေမှုတွေကို နားလည်သင့်သလောက် နားလည်ပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာတော့ မယူသင့်ဘူးလို့ ထင်လို့ပါ။ ဒီအတွက်လည်း ကိုယ့်ဘာသာတော့ နောင်တရမိတယ်။ ကံကောင်းတဲ့ တိုက်ဆိုင်မှုလို့ ပြောရမလားပဲ။ သူနဲ့ ကျနော် နောက်တကြိမ် ရုံးချိန်းမှာ ထပ်ဆုံကြပြန်တယ်။ ဒီတခါလည်း သူက ကျနော်ကို မုန့်ထပ်ကျွေးပြန်တယ်။ ဒီတခေါက်တော့ ကျနော် လိုလိုချင်ချင်နဲ့ သူ့မုန့်ကို ယူလိုက်တယ်။ သူ ကျနော့်ကို ပြုံးပြတယ်။ ကျနော် သူ့ကို ပြန်ပြုံးပြတယ်။ တချိန်တည်းမှာ ကျနော်ဟာ ဒီလို လူသားဆန်မှုနဲ့ ကျနော်တို့ရဲ့ ဒုက္ခတွေ အားလုံးအတွက် ငိုချင်မိတယ်။
.
.
______________________________
ဘာသာပြန် – ​အောင်မိုး ( A K Moe )

About The Call 716 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*