သူမတူအကျဉ်းသား (အခန်း၁၁)

■ အခန်း(၁၁)
နေပြည်တော်မှ အိမ်မက်ဆိုး
++++++++++++++++++

စက်တင်ဘာလ ၂၁ ရက် ၂၀၂၁ မှာတော့ ကျနော့်ကို နေပြည်တော်ကို ပို့လိုက်ကြပါတယ်။
.
.
ကျနော်လည်း လူထုအစိုးရ လက်ထက်မှာ အတော်ကြာကြာ နေခဲ့ဖူးတော့ ရေမီးပြည့်စုံတာတွေ၊ အခြားကောင်းမွန်တဲ့ အချက်အလက်တွေကို သဘောကျပါတယ်။ မြန်မာပြည်ရဲ့ အဆင့်အမြင့်ဆုံး မြို့လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ အခုလို အချိန်တော့ မသွားချင်ဘူး။ အထူးသဖြင့် မင်းအောင်လှိုင်အုပ်စုရဲ့ အကြမ်းဖက်မှု ဗဟိုဌာနချုပ် ဖြစ်နေလို့ကို မသွားချင်ဘူး။ အဲဒီကို ပို့လိုက်ခြင်းက မိစ္ဆာတကောင်ရဲ့ ပါးစပ်ထဲကို ထိုးသွင်းလိုက်သလိုပါပဲ။ နောက်ပြီး သံရုံးနဲ့လည်း ဝေးသွားမယ်။ ပြည်တွင်းပြည်ပ အကူအညီပေးနိုင်သူတွေနဲ့လည်း ဝေးသွားမယ်။ လူစုံလှတဲ့ ရန်ကုန်၊ တော်လှန်ရေးအတွက် အချက်အချာကျတဲ့ ရန်ကုန်နဲ့လည်း ဝေးသွားလိမ့်မယ်။
.
.
လွန်ခဲ့တဲ့ ခြောက်လ ကျနော်ရောက်လာတုန်းကထက်တောင် ခြောက်ခြားစေတယ်။ ကျနော့်ရဲ့ အမှုတွဲတွေကို တွေ့လိုက်ရလို့ပါ။ ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဦးဝင်စတန်ဆက်အောင် တို့ သုံးယောက်ကို လက်ထိတ်ခတ်ထားကြတယ်။ ဦးဝင်စတန်က မြန်မာပြည်ဖွံ့ဖြိုးတိုးတွက်ရေးအတွက် အဓိက ဦးဆောင်နေတဲ့ ပညာတတ်၊ အရည်အချင်းပြည့် ပြုပြင်ပြောင်းလဲရေးသမားတွေထဲက တဦးပါ။ ဒီလူသုံးယောက်နဲ့ ကျနော်ဟာ မြန်မာ့စီးပွားရေး နေရာမှန်ပြန်ရောက်ဖို့၊ တိုင်းပြည်တိုးတက်ဖို့ အလုပ်တွေ အတူတူလုပ်ခဲ့ကြတာ။ သူတို့က မြန်မာပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ သားကောင်းရတနာတွေပါ။ ဒီလို အခြေအနေမျိုးကို ဘယ်လိုမှ မရောက်သင့်ဘူး။ လက်ထိတ်ခတ်ခံထားရတဲ့ သူတို့ရဲ့ မျက်နှာကို ကျနော် ဒီတသက် မေ့နိုင်မှာ မဟုတ်ဘူး။ ကျနော့်အတွက်တော့ လက်ထိတ်ခတ်ခံရတာ ရိုးနေပါပြီ။ ဒါပေမဲ့ ကျနော်က ရဲတွေကို မကျေနပ်ကြောင်း ပြောလိုက်တယ်။
.
“မင်းတို့က တယ်လွန်တာပဲ။ ငါတို့ကို ထွက်ပြေးမယ်လို့ ထင်တယ်ပေါ့။ မင်းတို့လုပ်ရပ်တွေအတွက် ရှက်တတ်ရင် သိပ်ရှက်ဖို့ ကောင်းတယ်ကွာ”လို့ ကျနော်ပြောလိုက်တယ်။ ထုံးစံအတိုင်းပါပဲ။ အထက်က ပြောထားတဲ့အတိုင်း ဘာမှ ပြန်မပြောဘူး။ ကျနော့်ကိုတော့ ခပ်ပြင်းပြင်း တွန်းပြီး ကားပေါ်ကို တင်လိုက်တယ်။
.
.
.
ငါးနာရီလောက် မောင်းလာပြီး ဘယ်သူမှ အပစ်မခံလိုက်ရဘဲ ကျနော်တို့ဟာ နေပြည်တော်ရဲ့ နာမည်ကျော် လမ်း ၂၀ သွား လမ်းမကြီးပေါ်ကို ရောက်လာပါတော့တယ်။ နေပြည်တော်ကို ကျနော် အိမ်အဖြစ်နဲ့ ငါးနှစ်နီးပါး နေခဲ့တာဆိုတော့ ကိုယ့်မှတ်မိတဲ့ မြင်ကွင်းတွေကို ပြန်မြင်နေရတယ်။ အရင်ကတော့ ဒါတွေမြင်ရင် ကိုယ့်အိမ် ပြန်ရောက်သလို ခံစားရတယ်။ အခုတော့ ကြေကွဲစရာ၊ ခြောက်ခြားစရာ ကောင်းလှတယ်။ နေ့လယ်နေ့ခင်း ဆိုပေမဲ့ အဆောက်အအုံ အများစုက အထဲမှာ မှောင်နေကြတယ်။
.
.
.
ကျနော်တို့ရှေ့မှာ ခပ်ရှည်ရှည်၊ နိမ့်နိမ့် ဘန်ကာနဲ့ တူတဲ့ အခန်း ၁၀ ခန်း။ ကြည့်ရတာ ဆောက်တဲ့သူတွေက မြေကြီးထဲ မြှုပ်ဖို့ မေ့သွားတယ်နဲ့ တူပါတယ်။ ဒီအခန်းတွေကို သုံးမီတာလောက် မြင့်တဲ့ ကွန်ကရစ်နံရံတွေနဲ့ ပတ်လည်ကာပြီး ခြံခတ်ထားတယ်။ နံရံတွေရဲ့ အပေါ်မှာလည်း သံဆူးကြိုးတွေ အပြည့်နဲ့။ အဲဒီ ဝင်းခြံကနေ ကြည့်ရင် အချုပ်ထောင်ထဲက အခြားအဆောင်တွေရဲ့ အမိုးတွေပဲ မြင်ရတယ်။ အခန်းတွေရဲ့ ရှေ့မှာတော့ ဖုန်းဆိုးမြေ ကွက်လပ်တခုလည်း ရှိတယ်။ ထောင်ရဲ့ ထောင့်လေးထောင့်မှာ ကင်းမျှော်စင် လေးခု ရှိပြီး လက်နက်ကိုင် အစောင့်တွေ အမြဲရှိတယ်။ အရှေ့နံရံမှာ ကင်းတဲတခုလည်း ရှိတယ်။ ကင်းတဲရှေ့မှာ စက်သေနတ်ကြီး တလက်ကို တပ်ပြီး ထောင်ဘက်ကို ချိန်ထားတယ်။ မနက်မိုးလင်းလို့ အကျဥ်းခန်းတံခါးတွေ ဖွင့်ပေးရင် ကျနော် အရင်ဆုံးမြင်ရတာက အဲဒီ စက်သေနတ်ကြီးကိုပါ။ ဘယ်လောက်များ ကျက်သရေ တုံးလိုက်သလဲ လို့။
.
အခန်းတွေက အပြင်ကကြည့်ရင် နေချင်စရာ မရှိသလို အထဲမှာလည်း တိရစ္ဆာန်တောင် ထားဖို့ မကောင်းပါဘူး။ ကြမ်းပြင်မှာ ရေတွေအိုင်နေပြီး ပိုးလောက်လန်းတွေနဲ့။ မိုးရွာရင်လည်း မိုးယိုတယ်။ နံရံတွေက ညစ်ပေပြီး မှိုနံ့တွေ စွဲနေတယ်။ အင်းစိန်က အကျဥ်းခန်းတွေက ဒီအခန်းတွေထက် နှစ် ၁၀၀ လောက် စောပြီး ဆောက်ခဲ့ပေမယ့် အများကြီး နေပျော်သေးတယ်။ ပြောရရင် စစ်အစိုးရအဆက်ဆက်က အဆင့်မမီတဲ့ စံနှုန်းတွေနဲ့ ဆောက်ထားတဲ့ အဆောက်အုံတွေပေါ့။ ငလျင်များ လှုပ်ရင်တော့ ဒီအခန်းတွေအတွက် တွေးဝံ့စရာတောင် မရှိဘူး။
.
.
.
အချုပ်ထောင်ကို အုပ်ချုပ်တဲ့ပုံစံက ခပ်တင်းတင်း အုပ်ချုပ်တယ် ဆိုတဲ့ ပုံစံမျိုး။ ကျနော်တို့ကို အခန်းထဲ မသွင်းခင် စစ်ဆေးရေးတွေလုပ်တယ်။ ကျနော့်ရဲ့ ဖိနပ်ကို ယူသွားတယ်။ ကျနော် အမြတ်တနိုး သိမ်းထားတဲ့ ဘောပင်နဲ့ စာရွက်တွေလည်း ယူသွားတယ်။ အဆိုးဆုံးကတော့ ကျနော် ခက်ခက်ခဲခဲ ရွေးယူလာရတဲ့ စာအုပ်သုံးအုပ်ကို သိမ်းမယ်လုပ်တဲ့ အချိန်ပါပဲ။
.
“ဟာ မလုပ်ပါနဲ့ဗျာ။ ကျနော် ဒီစာအုပ်တွေ မရှိရင် နေလို့ မရလို့ပါ။ ဒါတွေက ကျနော့်အတွက် အစားအသောက်ထက် ပိုအရေးကြီးတယ်ဗျာ။ ကျေးဇူးပြုပြီး ဒီစာအုပ်တွေတော့ ချမ်းသာပေးပါ။ ဒါတွေ မရှိရင် ကျနော် ရူးသွားလိမ့်မယ်။ ဒီစာအုပ်တွေမှ ခွင့်မပြုရင် ကျနော့်ကို သတ်သာ သွားပါတော့” လို့ ပြောလိုက်တယ်။ အပိုပြောတယ် ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာ ကျနော်က အဲ့ဒီလိုကို ခံစားနေရတာ။ ဘဝမှာ အနိမ့်ကျဆုံး အချိန်တခုပါ။
.
ကျနော် အဲဒီလို ပြောလိုက်တော့ ဝင်စတန်က ဝင်ပြီး ဝိုင်းပြောပေးပါတယ်။ သူက တကယ့်ကို သတ္တိရှိတဲ့ လူကောင်း တယောက်ပါ။ အစောင့်တွေကို ချိုသာတဲ့ လေသံနဲ့ ဖျောင်းဖျောင်းဖျဖျ ဝင်ပြောပေးတယ်။ သူ ကျနော့်ကို ဒီလို ဝင်ကူညီခဲ့တာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ အဲဒီအကြိမ်မှာ မအောင်မြင်ခဲ့ပါဘူး။ ကျနော့်စာအုပ်တွေကို ယူသွားကြတယ်။
.
.
.
ကျနော့်အခန်းဘေးမှာက ရဲမင်းဦး။ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တက်သစ်စ လူငယ်တဦး။ အာဏာသိမ်းတဲ့ အချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ လျာထားခံရသူပါ။ အဲဒီနေ့မှာပဲ ကျနော်တို့ နှစ်ယောက် မိတ်ဆွေ ဖြစ်သွားကြတယ်။ သူက ခပ်တိုးတိုးနဲ့ ရှင်းပြတယ်။ ပုံမှန်အားဖြင့် အကျဥ်းသားတွေကို တနေ့ တနာရီ၊ နှစ်နာရီလောက် အခန်းပြင်ပေးထွက်တယ်။ ဒါပေမဲ့ ကျနော်တို့ ရောက်လာမှာဖြစ်လို့ အဲဒီနေ့က အပြင်ပေးမထွက်ဘူး။ ဒီဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ အရေးပါသူတွေ သီးသန့်ထားတဲ့ ဗီအိုင်ပီဝင်း တဲ့။ နေရတဲ့ အခြေအနေက ခက်ခဲပေမဲ့ အားလုံးက စိတ်ဓာတ်ခိုင်မာကြပါတယ်လို့ သူကပြောတယ်။ ကျနော်တို့ ရောက်လာတဲ့အတွက်လည်း အားလုံးက စိတ်လှုပ်ရှားနေကြတယ် တဲ့။
.
.
.
နေပြည်တော်မှာ ထောင်ကျတဲ့ကာလဟာ ကျနော့်ဘဝမှာ ပူလည်းပူ၊ စိုလည်း စိုထိုင်းတဲ့ ကွန်ကရစ်ဂူထဲမှာ အကြာဆုံး နေခဲ့ရတာပါပဲ။ ပူပါတယ်။ အလွန့်ကို ပူပါတယ်။ အင်းစိန်ထောင်မှာ ပူတဲ့ အကြောင်းလည်း ပြောပြခဲ့ပါတယ်။ နေပြည်တော် ပူတာက အင်းစိန်ထက် အများကြီး ပိုတယ်။ နေပြည်တော်ရဲ့ ဆောင်းရာသီနဲ့ မျှတတဲ့ ရာသီဥတုအကြောင်း လူတွေက ပြောတတ်ကြတယ်။ အရင်က အဲဒီလို ပြောတတ်တဲ့အထဲမှာ ကျနော်လည်း ပါခဲ့တယ်။ တကယ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ။ သက်သောင့်သက်သာလေး နေခဲ့ရလို့ ပြောနိုင်ခဲ့တာ။ အခုတော့ အင်မတန်ပူတယ်၊ တချိန်လုံးပူတယ်။ မိုးရွာနေတာတောင် ပူတယ်ဗျာ။
.
နေပြည်တော်မှာ မိုးရွာရင် မိုးက တော်ရုံ မစဲဘူး။ အတော့်ကို သဲသဲမဲမဲ ရွာတယ်။ မိုးတွင်းဆိုရင် ပိုဆိုးတယ်။ မိုးရွာရင် ကျနော်တို့ အခန်းတွေက ကြမ်းပြင်မှာ ရေတွေအိုင်လို့။ ကျနော်တို့ ရောက်ခါစကလည်း အခန်းထဲမှာ ရေအိုင်တွေ ရှိတယ်။ အရင်ရက်က ရွာထားတဲ့ မိုးကြောင့် စုနေတဲ့ ရေတွေ။ မိုးတကယ်ရွာပြီ ဆိုရင် ဒီအကျဥ်းခန်းတွေက နေလို့ကို မရဘူး။ အခန်းတိုင်းက ပုံစံတူတယ်။ အခန်း အနောက်နံရံမှာ ပြတင်းပေါက် သေးသေးတခု ရှိပြီး ငါးမီတာလောက် အမြင့်မှာ ရှိတယ်။ မိုးများ ရွာပြီဆိုရင် အဲဒီပြတင်းပေါက်က ရေတံခွန် ဖြစ်သွားတယ်။ မိနစ်ပိုင်းအတွင်းမှာ အခန်းထဲမှာ ရှိတာတွေ အားလုံး စိုကုန်တော့တာပဲ။ စောင်၊ အဝတ်အစား၊ အစားအသောက်။ အထူးသဖြင့် စာအုပ်တွေ။
.
ညဘက်များ မိုးရွာရင် ညအိပ်ဖို့ မစဥ်းစားနဲ့တော့။ အိပ်ရာက ထပြီး ကိုယ် ပိုင်ဆိုင်သမျှလေးတွေကို မိုးမစိုအောင် ခန္ဓာကိုယ်ကို တံတိုင်းလုပ်ပြီး ကာထားရတယ်။ ရှိသမျှကို ကိုယ်နဲ့ တင်းတင်းပွေ့ပိုက်ပြီး ကိုယ်တော့ မိုးအစိုခံလိုက်။ ကိုယ်စိုတာက ပြန်ခြောက်နိုင်တယ်လေ။ စာအုပ်နဲ့ တခြားဟာတွေ ရေစိုရင် ပျက်စီးကုန်မှာပေါ့။
.
.
.
ထောင်အာဏာပိုင်တွေက ကျနော်တို့ရဲ့ လွတ်လပ်ခွင့်ကို မတရားချုပ်ချယ်ကြတယ်။ သူတို့နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် တားမြစ်ထားတာတွေ အများကြီးပဲ။ ဥပမာတခု ပေးပါ့မယ်။ ကျနော် အင်းစိန်ထောင်မှာ သီချင်းဆိုတယ်၊ လေချွန်တယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ တရက်မှာ ကျနော်ဟာ တေးသွားတပုဒ်ကို ညည်းတွားနေတုန်း အစောင့်တယောက်က “သီချင်း မဆိုရဘူး”လို့ လာတားတယ်။ ပထမတော့ ကျနော်က သူ နောက်နေတယ် ထင်တာ။ အသံမကောင်းလို့ သီချင်းမဆိုပါနဲ့လား နောက်သလိုပေါ့ဗျာ။ မဟုတ်ဘူးဗျ။ အတည်ကို လာတားနေတာ။ ကျနော်လည်း နှစ်ရက်လောက်တော့ သူတို့တားမြစ်တာကို နားထောင်လိုက်ပါတယ်။ နောက်နေ့တွေတော့ အသံအကျယ်ဆုံး လေချွန်ပေးလိုက်တယ်။ ဒီလို အဓိပ္ပာယ်မဲ့ တားမြစ်တာတွေကို အကောင်းဆုံး ဖြေရှင်းတဲ့နည်းလမ်းပါပဲ။
.
.
.
ကျနော်တို့ ရောက်ပြီး နှစ်လလောက်ကြာတော့ ထောင်မှူးက အငြိမ်းစားယူတယ်။ တနေကုန်လည်း မူး၊ ကြားပေါက်ကလည်း ရှာဆိုတော့ အလုပ်လည်း ကောင်းကောင်း မလုပ်ဘူး။ နေပြည်တော်ထောင်ထဲက ဆိုးဝါးတဲ့ ဖြစ်စဥ်မှန်သမျှက သူ အသုံးမကျလို့ ဆိုရင် မမှားဘူး။ သူ့အိမ်က ထောင်အပြင်နားမှာ ရှိတယ်။ သံဆူးကြိုးတွေရဲ့ ဟိုဘက်ပေါ့။ သူက ညညဆိုရင် သူ့အပေါင်းအသင်း ထောင်အရာရှိတွေနဲ့အတူ မူးမူးနဲ့ ကာရာအိုကေ ဆိုလေ့ရှိတယ်။ အဲဒီလိုညမျိုးဆိုရင် ကျနော်တို့ အကျဥ်းသားတွေမှာ နားဒုက္ခ သိပ်ရောက်ပါတယ်။ အသံမကြားအောင်လည်း လုပ်မရတော့ အိပ်မရကြဘူး။ တညမှာတော့ သူ့မိန်းမက မိုက်ကို ဆွဲလုပြီး သူနဲ့ အရာရှိ အမျိုးသမီး တယောက်ကို ဖောက်ပြန်တယ်ဆိုပြီး စွပ်စွဲပါတယ်။ ပြီးတော့ ရန်တွေ ဖြစ်ကြတယ်။ ကျနော်တို့ အတွက် ဖျော်ဖြေရေးတခုပေါ့။
.
နောက်တခါမှာတော့ ဒုထောင်မှူး ‘နှစ်ပွင့်’ နဲ့ နောက်အရာရှိတယောက် ထိုးကြကြိတ်ကြတယ်။ ကျနော်နဲ့ ကျနော်တို့ မိတ်ဆွေတွေက ပွဲကြည့်ပေါ့။ ကျနော်တို့က ထောင်ဗူးဝမှာ တရားရုံး သွားဖို့ ကားစောင့်နေတုန်း အဲဒီလက်ဝှေ့ပွဲနဲ့ ကြုံလိုက်ရတယ်။ သူတို့ အဲဒီလို ဖြစ်နေတာ ကောင်းတာပေါ့လို့ ခင်ဗျားကတော့ ထင်ချင်ထင်လိမ့်မယ်။ ကျနော်တို့အဖို့မှာ အဲဒီလို မြင်လိုက်ရတာဟာ “ငါ့ကို ဖမ်းထည့်ထားတဲ့ စနစ်ကြီးက ငါတို့ကို လုံးဝ အကာအကွယ်ပေးမှာ မဟုတ်ဘူး၊ တခုခုဆို ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှာ” ဆိုတာကို တွေးမိစေတယ်။
.
.
.
သံရုံးနဲ့ အဆက်အသွယ်ရပြီး နောက်မှာတော့ အိမ်သူ ‘ဟာ’ ရဲ့ ချောပို့စနစ် ပြန်စပါတော့တယ်။ ကျနော့်မိတ်ဆွေ ကားတစ်စ်က ဦးဆောင်ပြီး စီစဥ်ပေးတယ်။ တခါတလေ သူကိုယ်တိုင် ငါးနာရီကြာ ခရီးကို ကားမောင်းလာပြီး ပါဆယ်တွေ လာပို့ပေးတယ်။ တခါတလေတော့ ရန်ကုန်-နေပြည်တော် အဝေးပြေးကားတွေနဲ့ ထည့်ပေးလိုက်တယ်။ နေပြည်တော်ထောင်ကို အရောက်ပို့ပေးဖို့တော့ မိတ်ဆွေတချို့က ကူညီကြပါတယ်။ အများစုက မေတ္တာနဲ့ ကူညီတာပါ။ ကြင်နာတတ်ပြီး သတ္တိရှိကြတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေပါ။ သူတို့ရဲ့ လက်ရှိအခြေအနေကို စာနာလို့ နာမည်တွေကို ထုတ်မပြောတော့ပါဘူး။ တခါတလေ သူတို့က ကျနော်စားချင်မယ်လို့ ထင်တာလေးတွေ ချက်ပြီး ပို့ပေးတတ်တယ်။ တခါမှာဆို လူငယ်သုတေသီတစုက ကျနော့်ဆီကို ပီဇာတချပ် ရောက်အောင် ပို့ပေးခဲ့တယ်။ သူတို့က စီးပွားရေးပညာမှာ ထူးချွန်ကြတယ်။ ဒါပေမဲ့ ဒီလို လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကျနော်က ပီဇာကို အတူနေအကျဥ်းကျ မိတ်ဆွေတွေနဲ့ ဝေမျှစားပြီး သူတို့ကို ချီးကျူးနေမိတယ်။
.
နေပြည်တော်ထောင်မှာ ရှိနေတုန်း သာမန်လူတွေဆီကလည်း လက်ဆောင်တွေ ရခဲ့ပါတယ်။ အသေးစိတ်တွေတော့ မပြောပါရစေနဲ့။ ကျနော် နေပြည်တော်မှာ နေခဲ့စဥ်က သိခဲ့တဲ့ ဒေသတွင်း ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေက ပို့ပေးကြတာ။ အစားအစာနဲ့ တခြားပစ္စည်းတွေပေါ့။ ကျနော့်အတွက်ပါသလို တခြားသူတွေအတွက်လည်း ပါတယ်။
.
.
.
တခါတလေလည်း ရောက်လာရမဲ့နေ့မှာ ရောက်မလာတတ်ဘူး။ အဲဒါကလည်း ခဏခဏပါပဲ။ အဲဒီလို နေ့မျိုးဆိုရင် ခရစ်စမတ်ဘိုးဘိုးဆီက စက်ဘီးလက်ဆောင်ရမယ်လို့ မျှော်လင့်ထားပြီးမှ ခြေအိတ်ပဲ ရလိုက်တဲ့ ကလေးတယောက်လိုမျိုး စိတ်ပျက်ရလေ့ရှိတယ်။
.
.
______________________________
ဘာသာပြန် – ​အောင်မိုး ( A K Moe )

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*