
‘ဒီနှစ်တွေမှာ ကိုယ်တို့ဘာတွေဆုပ်ကိုင်မိခဲ့ကြသလဲ’

ကိုယ်ဟာ နှင်းဆီရေမွှေးရဲ့ အမှောင်ဘက်အခြမ်းက မှန်ထဲမှာ
နှစ်ချို့ဝိုင်သောက်ရင်း သေသူတွေနဲ့ စကားစမြည်ပြောနေခဲ့
သူတို့ဆီက စကားလုံးတွေအစား သူတို့ပါးစပ်တွေ ဟလိုက်တာနဲ့
ဝေါခနဲ ပျံထွက်လာတဲ့ ယင်ကောင်စိမ်းစိမ်းကြီးတွေကိုသာ ကိုယ်ရခဲ့
နှစ်တွေကြာခဲ့ပြီးတာတောင် ဆက်လက်ရှင်သန်နေနိုင်တဲ့ ယင်စိမ်းကောင်ကြီးတွေပေါ့
တစ်ယောက်ယောက်ဟာ သူ့ရဲ့ဆံပင်တွေပေါ်က နှင်းတွေကို ဖယ်ဖို့ကြိုးစားနေတုန်း
နောက်ထပ် နှင်းသက္ကရာဇ်တစ်ခု ထပ်ရောက်လာသလို
ဘဝရဲ့ အထီးကျန်အေးခဲမှုကို အခုထိ နေသားမကျဖြစ်နေခဲ့
သစ်ကိုင်းကျိုးလို့ ပြုတ်ကျပြီး မသေဘူးဆိုတဲ့ငှက်မှာလည်း သူ့ဒဏ်ရာနဲ့သူ
ဝေလငါးတွေနဲ့ ယဉ်ပါးဖို့ ရေကူးကျင့်နေသူကလည်း သူ့စိုစွတ်မှုနဲ့သူ
တဖက်ကမ်းက မီးစိမ်းပွင့်ကလေးကို ဆုတ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ ဂက်(စ်)ဘီလို
ကိုယ်ဟာ ရေကူးကန်လှလှလေး တူးဖို့ စိတ်ကူးယဉ်နေခဲ့တာလည်း ရှိမှာပေါ့
ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့နောက်ဆုံးနေရောင်ခြည်အတွက်
ကျည်တစ်တောင့်ထက် စကားလုံးတစ်ခုပဲ လိုအပ်ခဲ့တာ။
Be the first to comment