ငှက်အိုမရဲ့ နောက်ဆုံးကဗျာ

“ငှက်အိုမရဲ့ နောက်ဆုံးကဗျာ”
◼️ညီလင်းအိမ်
[ကျမ ကဗျာတပုဒ်လောက် ရေးချင်တယ် ဆရာရယ်။ ဒါပေမဲ့ ကျမ မရေးတတ်နေတာ ခက်တယ်။ ကဗျာတပုဒ်ရေးရတာ မခက်ပါဘူး။ နှလုံးသားထဲက ထွက်ကျလာတဲ့ စကားလုံးတွေကို ရှာဖွေရတာသာ ခက်တာပါ။]
~~~~~~~~~~~~~~~~~~~~~~~~
ကဗျာဖွဲ့ဆိုမှုဆိုတာ ကိုယ့်နှလုံးသားထဲက ယိုစိမ့် စီးကျလာတဲ့ စကားလုံးတွေကို ပြန်ပြောင်း ထုဆစ်တာပဲမို့လား။ နူးညံ့ ပါးလျတဲ့ ကဗျာဆန်တဲ့စိတ်နဲ့ မြင်တတ်တဲ့အခါမှာ သူ့ဖာသာ ပြာနေတဲ့ ကောင်းကင်ပြင်ကြီးပဲဖြစ်ဖြစ်၊ နီလွင် စူးရဲနေတဲ့ နှင်းဆီနီကိုပဲဖြစ်ဖြစ်၊ သစ်ရွက်စိမ်းစိမ်းကလေးတွေ ယှက်သွယ် အုပ်မိုးနေတာကို မြင်ရတာပဲဖြစ်ဖြစ် ခံစားကျွမ်းဝင်နေသူရဲ့ စိတ်အလျဉ်ဟာ အခြားသောအမြင်တွေနဲ့ မတူနိုင်တော့ပါဘူး။ ကြမ်းရှ လောကကြီးထဲက နာကျင်ဖွယ်ရာတွေကို နိမိတ်ပုံများအဖြစ် ယှဉ်ထိုး မြင်တတ်လာမယ်။ ခိုင်းနှိုင်း ညွှန်းဖွဲ့ပြီး လောကအမောထဲက အရှိတရားတွေကို မေ့ပျောက်တတ်အောင် ရှင်သန်နေတတ်လာလိမ့်မယ်။ သဘာဝတရားရဲ့ ပကတိအလှတရားကို မြင်မိလာလေ ကဗျာချစ်မက်စိတ်နဲ့ မွမ်းမံသနေတဲ့ သူ့ရဲ့ နှလုံးသားငယ်ဟာလည်း အဲဒီအချိန်များမှာတော့ အရာအားလုံးကို မေ့ပျောက်နေမှာပါပဲ။ ဒါဟာ ကဗျာကပေးတဲ့ သုခဘုံတခုပေါ့။
အဘွားကြီးပေါက်စဘဝ ရောက်နေပြီဖြစ်တဲ့ အဘွားလေး ယန်က ကဗျာတွေ ရေးတတ် ခံစားတတ်တဲ့သူတယောက် ဖြစ်ချင်ပါသတဲ့။ ဒါကလည်း သူ့ကို ငယ်ငယ်တုန်းက စာသင်ပေးတဲ့ ဆရာမက နင်က ကြီးလာရင် ကဗျာဆရာမဖြစ်မယ့်သူလို့ ပြောဖူးတာကို စိတ်ထဲစွဲနေတယ်။ ဒါကြောင့် ခုလိုအရွယ်ရောက် မှ ကဗျာတွေ ရေးတတ်ချင်လာတာပါလို့ ဖြေရှာတယ်။ ဒါပေမဲ့လည်း ဘွားလေးယန် လက်တွေ့ဘဝက ကဗျာတွေ လွတ်လပ်စွာဖွဲ့ဆိုနိုင်ဖို့ အခြေအနေကောင်းတရပ်ကို ပိုင်ဆ်ုင်ထားတယ်လို့တော့ မထင်ပါဘူး။ သမီးတယောက်နဲ့ မြေးငယ်တယောက် ပိုင်ဆိုင်ထားတဲ့ ဘွားလေးယန်မှာ ခင်ပွန်းသည်ကလည်း တိမ်းပါးသွားခဲ့ပြီ။ သမီးဖြစ်သူကလည်း ဘူဆန်မှာ အိမ်ထောင်ကွဲဘဝနဲ့ သားကလေးကို သူ့ဆီထားပစ်ခဲ့ပြီး အလုပ်သွားလုပ်နေတာ။ ကြီးကောင်ဝင်စ လူပျို ပေါက်ဘဝ ရောက်နေပြီဖြစ်တဲ့ မြေးကလေးက လက်ရှိခေတ်မှာ တွေ့ရစမြဲဖြစ်တဲ့ ဒေါင့်မကျိုးတဲ့ ခလေးများလိုပဲ။ သူလိုချင်တာပဲ သိသူ၊ အပေါင်းအသင်းမက်လာသူ၊ သူ့ကို ပြုစုစောင့်ရှောက်ပေးထားတဲ့ အဖွားဖြစ်သူရဲ့ မေတ္တာတရားကို နားလည်ရကောင်းမှန်းမသိတဲ့ ကလေးတယောက်လိုမျိုးပေါ့။
အဖွားလေး ယန်မှာ ခုဆိုရင် အယ်လ်ဇိုင်းမား ရောဂါလက္ခဏာတွေ ပြနေပြီ။ နေ့စဉ်ဘဝမှာ ပြုမူသုံးစွဲနေကျ စကားလုံးတွေကို ပြောရင်း မေ့တတ်တာမျိုး ဖြစ်လာပြီ။ ဥပမာ ပိုက်ဆံအိတ်ကို ပြောမယ်လုပ်ရင်း အဲဒီအသုံးကို မေ့သွားတာတို့။ ဒါပေမဲ့လည်း သူ့ရဲ့ လက်ရှိဘဝ အနေအထားနဲ့ ဆေးလည်း မကုနိုင်ပါဘူး။ သူ့အလုပ်က အချိန်ပိုင်း အိမ်ဖော်အလုပ်။ မသန်စွမ်းဖြစ်နေတဲ့ ကြေးရတတ် မိသားစုတွေထဲက သက်ကြီးရွယ်အိုတွေကို ဝေယျာဝစ္စ သွားလုပ်ပေးရတဲ့ အလုပ်မျိုးပေါ့။ ခု ဘွားလေးယန် လုပ်နေတဲ့အလုပ်က လေတခြမ်းဖြတ်နေတဲ့ အဖိုးကြီးတယောက်ကို အချိန်ပိုင်း ပြုစုစောင့်ရှောက်ပေးနေရတာ။ သူ့ဘဝကလည်း အတိုင်းအတာတရပ်နဲ့ ငွေကြေးပြည့်စုံတဲ့ အနေအထားဆိုပေမဲ့လည်း လှောင်ချိုင့်ထဲက အတောင်ကျိုးငှက်ပါပဲ။ သား၊ ချွေးမနဲ့ မိသားစုတွေက သူ့ကို သီးသန့်အခန်းတခုမှာသာ ထားစေပြီး ကိုယ်လက်သုတ်သင်ဖို့နဲ့ အခြားသော ဗာဟီရတွေအတွက် ဖွားလေးယန်လို အိမ်ဖော်မျိုးနဲ့သာ ဖြည့်ဆည်းပေးထားတယ်။ အားလုံးက ငွေကြေးနောက်ကိုသာ အလျဉ်မီအောင် လိုက်နေကြတာမို့လား။ ဒီအခါမှာ အိုမင်းမစွမ်းရှိလာတဲ့ သက်ကြားအိုတွေဟာ မျက်မှောက်ကမ္ဘာမှာ အလိုလိုနေရင်း ဖယ်ကျဉ် ဝေးကွာသွားရတာမျိုး ဖြစ်လာရတယ်။
ဖွားလေးယန်မှာတော့ တိုက်ခန်း ချို့ချို့ငဲ့ငဲ့ကလေးထဲမှာ နေရေးထိုင်ရေး အလျဉ်မီ‌အောင် ဖြည့်တင်းနိုင်ဖို့ မြေးကလေးရဲ့ ကျောင်းကိစ္စတွေ အခြားတာဝန် ဆောင်တာတွေ ပြည့်မီစေဖို့အတွက် ဒီအလုပ်တွေကို အသက်အရွယ် ခြောက်ဆယ်ကျော်နေပြီ ဖြစ်သည့်တိုင်အောင်တောင် လုပ်ကိုင်နေရဆဲပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဖွားလေးယန်မှာ ငယ်ဘဝက မဖြစ်မြောက်ခဲ့ရတဲ့ ဘဝအိပ်မက်၊ လွမ်းအိပ်မက်တွေ။ ပြီးတော့ ခုတိုင်အောင် စိတ်အားကိုယ်အား မရှိလှသေးတဲ့ ဘဝမီးအိမ်ကြီးထဲကနေ ခေတ္တခဏ ငြိမ်းအေးဖွယ်ရာ ကမ္ဘာလေးတခုထဲကို ရောက်ရှိ သက်ဆင်းချင်စိတ်တွေ ဖြစ်လာပုံရတယ်။
ဖွားလေးယန်ဟာ ကောင်းကင်ပေါ်က ဖုန်ဖုန်ဖွာဖွာနဲ့ လွင့်မျောအုံ့ဖွဲ့နေတတ်တဲ့ မိုးတိမ်ထူထူတွေ၊ သစ်ရွက်စိမ်းကလေးတွေကို လှစ်ခနဲ နမ်းလှုပ်သွားတတ် တဲ့ လေပြည်ကလေးတွေရဲ့ အရိပ်အငွေ့တွေကို ရှာဖွေတတ်နေပြီ။ နောက် လမ်းနံဘေးမှာ ပွင့်ဖူးနေတဲ့ ပန်းပွင့်နီနီကလေးတွေ။ ဒီအရာတွေကို ငေးမောနေရချိန်မှာ သူ့ရဲ့ကမ္ဘာအိုကြီးကို မေ့ပျောက်သွားရသလို ခံစားနေပုံပေါ်တယ်။ အဲဒီကနေ ကူးလူးပေါက်ဖွားလာတဲ့ စ်ိတ်ခံစားမှုတွေကို စာအဖြစ် ချရေးချင်တယ်။ ဒါပေမဲ့လည်း သူ မရေးတတ်ဘူး ဖြစ်နေတယ်။ စိတ်ထဲမှာ နှစ်အဆက်ဆက် သပွတ်အူမျှင်တွေလို တွန့်လိမ်ရှုပ်ထွေးနေခဲ့တဲ့ သောကအမောတွေ၊ နွမ်းလျ ဒဏ်ရာတွေဟာ ဘယ်လောက်အထိတောင် နှလုံးသားအစုံအပေါ်မှာ ဖေးပိတ် ရစ်နှောင်ထားသလဲ မသိနိုင်ဘူး။ စကားလုံးတွေထွက်ကျဖို့ ခက်ခဲပိတ်ဆို့နေတယ်။ တစုံတရာက ကန့်လန့်ခံ တားဆီးထားသလို ဖြစ်နေတယ်။
ကြမ္မာဆိုးတွေကတော့ အဖွားလေးယန်ကို ဘယ်သောအခါမှ မျက်နှာသာပေးလိုပုံ မပေါ်ဘူးထင်ပါရဲ့။ တရက်သားမှာတော့ ဖွားလေးယန်ရဲ့မြေးကလေးတက်နေတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသူလေးတယောက် မုဒိန်းကျင့်ခံရတာကနေ တံတားပေါ်က ခုန်ချ သေသွားသတဲ့။ သူကလေးရဲ့ အလောင်းက မြစ်ထဲမှာ ပေါလောပေါ်ပြီး မျောလာတာကို တွေ့လိုက်ရသတဲ့။ ဆင်းရဲကြပ်တည်းပုံရတဲ့ မုဆိုးမ မိခင်ဖြစ်သူဟာ ကျန်ရစ်တဲ့ သူ့သားငယ်လေးနဲ့အတူ ဆေးရုံအဝမှာ အရူးတယောက်လို ဟစ်အော် ငိုကြွေးနေတာကို မြင်ခဲ့ရတယ်။ အဖွားလေးယန်မှာ စိတ်မကောင်းဖြစ်နေပုံပေါ်တယ်။ အိမ်ကမြေးကလေးကို မေးကြည့်တော့ မသိသလို အနေအထားနဲ့ ပြောနေတယ်။ နောက်ထပ် သိလိုက်ရချိန်မှာတော့ ပိုလို့ နာကျင်စရာပဲ။ လက်ရှိဖြစ်ရပ်မှာ သူ့မြေးကလေးလည်း ပါဝင်နေတယ်။ မြို့ ပေါ်က ကျောင်းသားဖော်တွေနဲ့ ပေါင်းသင်းပြီး အုပ်စုလိုက် မုဒိန်းကျင့်ကြတာဖြစ်တယ်။ ဒါပေမဲ့လည်း လက်ရှိကိစ္စကြောင့် ကျောင်းအုပ် ကြီးကလည်း ကျောင်းနာမည်ပျက်မှာကို ကြောက်နေတဲ့အတွက် ကာယကံရှင် မိဘတွေအနေနဲ့ သေသွားတဲ့ ခလေးမလေးရဲ့ မိခင်ကို လျော်ကြေးပေး အမှု ပိတ်ဖို့ အကြံပြုသတဲ့။ ဘွားလေးယန်မှာ ဘယ်ကပိုက်ဆံနဲ့ စိုက်ထုတ် လျော်နိုင်မှာတဲ့လဲ။
ခု ဘွားလေးယန် သွားတက်နေတဲ့ ကဗျာသင်တန်းက တလတည်းပဲ။ တလပြည့်တဲ့အခါမှာတော့ ကဗျာတပုဒ်စီရေးပြဖို့ သင်တန်းဆရာက မေတ္တာရပ်ခံတယ်။ ဘွားလေးမှာ ဘာကို ရေးပြရမလဲမသိ။ တကယ်က ဒီကဗျာသင်တန်းကို လာရောက်ကြတဲ့သူတွေဟာလည်း မွန်းပိတ်နေတဲ့ သက်ဆိုင်ရာဘဝ ကိုယ်စီကနေ ခေတ္တမေ့ပျောက်ခွင့်ရဖို့ လာရောက်နေကြတဲ့ သူတွေချည်းပဲလေ။ အဲဒီမှာ ကဗျာချစ်သူတွေ အုပ်စုဖွဲ့ပြီး မိမိသဘောကျတဲ့ ကဗျာဆရာရဲ့ ကဗျာတွေပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ကဗျာတွေပဲဖြစ်ဖြစ် အလှည့်ကျ ရွတ်ကြ၊ ခံစားရတာတွေကို ဖွင့်ဆို ဖလှယ်တာမျိုးတွေ လုပ်ကြတယ်။ ချစ်စရာသိပ်ကောင်းတဲ့ အချိန် တဒင်္ဂလေးတွေပေါ့။ သက်ဆိုင်ရာ ကဗျာကိုယ်စီမှာ လှပညက်ညောတဲ့ ခိုင်းနှိုင်းမှုတွေနဲ့ ရေးဖွဲ့ထားပေမဲ့လည်း နှိုင်းဆလိုက်တဲ့အခါမှာ သိပ်သည်းတဲ့ လေးလံမှုတွေနဲ့။ အားလုံးရဲ့ ဘဝတကွေ့စီမှာ သိပ်လှတဲ့၊ သိပ်နာကျင်ခဲ့ရတဲ့၊ သိပ်ကို လွမ်းမောချင်စရာ ကောင်းခဲ့ရတဲ့ အမှတ်တရ အခိုက်အတန့်တွေ ရှိခဲ့ကြတာပဲလေ။ မှောင်နေတဲ့ အခန်းထောင့်ထဲကနေ မြင်ရတဲ့ မြင်ကွင်းကလေးအကြောင်းတွေ၊ ပျော်ခဲ့ရတဲ့ အိမ်ထောင်ဦး ကြင်စချစ်စ နေ့ကလေးများအကြောင်းတွေ စလို့ပေါ့။ အားလုံးက တမ်းတမ်းရှရှနဲ့ ပြောဆိုဖလှယ်ကြတယ်။
ဘွားလေးယန်မှာလည်း အဲဒီအချိန်များမှာတော့ အရာအားလုံးနဲ့ ကင်းလွတ်ခွင့်ရသလိုပဲ။ ဒါပေမဲ့လည်း ခုတလောရက်တွေမှာ သူ မပျော်နိုင်တော့ဘူး။ သေသွားတဲ့ ခလေးမလေးရဲ့ မျက်နှာကလေး။ သူဟာ ပြီးပြည့်စုံတဲ့အရွယ်တောင် မရောက်ရှိသေးတဲ့ အနေအထားမှာ အတိပြီးတဲ့ ရက်စက်နာကျင်မှုများစွာကို ပိုက်ထွေးပြီးတော့ လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့ရတာ။ နောက် အိမ်ကမြေးကလေးရဲ့ မျက်နှာကို မြင်ယောင်မိလိုက်တိုင်းလည်း သူ့မျက်ဝန်းဝမှာ စွေမျက်ရည်တွေ ပြည့်ဖြိုးစိုရွှန်းလာရ။ တရှိုက်ရှိုက်နဲ့ ငိုမိနေရတယ်။ ဒီလိုဖြစ်လာရင် ဘွားလေးယန်ဟာ ဘတ်စ်ကားပေါ်ကိုတက်ပြီး ခလေးမလေး ခုန်ချခဲ့ပုံရတဲ့ တံတားဆီကို သွားတော့တာပဲ။
အဲဒီရောက်တော့ တံတားပေါ်ကနေ ရေတွေစီးနေတဲ့ အောက်ခြေဆွတ်ဖျားဆီကို ငေးရီနေမိတယ်။ ရုတ်တရက်ပဲ ကွက်ကြားမိုးတွေက ဗြုန်းခနဲ သက်ဆင်း ရွာချလာတယ်။ အဖွားလေးဆောင်းလာတဲ့ ဦးထုပ်ကလေးကလည်း လေထဲမှာ ဝဲပြီး အောက်ကို ပြုတ်ကျသွားလေတယ်။
အဖွားလေးယန်မှာ လုပ်စရာတွေလည်း အပြည့်နဲ့။ ဒီခလေးမလေးမိခင်ကို လျော်ကြေးလည်း ပေးရဦးမယ်။ ပြီးတော့ လျော်ကြေးပေးလိုက်တာနဲ့တင် ဒီကိစ္စဟာ မျှတတဲ့ ပေးဆပ်မှုဆိုတာ မှန်ကန်ပါရဲ့လား။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ပျက်ပြယ်ပျောက်ဆုံးသွားတဲ့ အပေါ်ယံ ဖြစ်ပျက်မှုတခုမှ မဟုတ်ခဲ့တာ။ နှလုံးသားတွေ၊ ပြည့်ပြည့်ပိုးပိုးနဲ့အတိပြီးတဲ့ စိတ်လက်အိတွဲ ညွှတ်ကိုင်းမှုတွေ၊ နာကျင်မှုတွေ တပြွတ်တသိပ်နဲ့ ထွက်စရာ သွေးစက်လက်တွေ မရှိတော့လောက်အောင် နက်ရှိုင်းဆိုးဝါးလွန်းလှတဲ့ သွေးမဲ့ဒဏ်ရာတွေလေ။ ဒါကို ထပ်တူညီတဲ့ နှလုံးသားထဲက ထွက်ကျလာတဲ့ မေတ္တာတရားနဲ့ပဲ ပြန်လည်ပေးဆပ်မှ ထပ်တူညီမှာမျိုးပေါ့။
ဒီအခါမှာ အဖွားလေးယန်ဟာ နှလုံးသားရဲ့အလုပ်လုပ်ပုံ ကဗျာတပုဒ်ရဲ့ အသက်ဝင်စေမှု အစိတ်အပိုင်းတွေအကြောင်း သွေးကြောမျှင်တွေအကြောင်းကို နားလည်သွားခဲ့ပြီထင်ပါရဲ့။ သူဟာ ကဗျာတပုဒ်ကို ချရေးခဲ့ပါတယ်။ ငှက်အိုမကြီးနဲ့တူနေတဲ့ ဘွားလေးယန်အတွက် ဒီကဗျာဟာ အကောင်းမွန်ဆုံးလက်ရာနဲ့ နောက်ဆုံးကဗျာတပုဒ်လည်း ဖြစ်နိုင်ပါတယ်။
Agnes’ song
by Lee Chang-dong
How is it over there?
How lonely is it?
Is it still glowing red at sunset?
Are the birds still singing on the way to the forest?
Can you receive the letter I dared not send?
Can I convey …
the confession I dared not make?
Will time pass and roses fade?
Now it’s time to say goodbye
Like the wind that lingers and then goes,
just like shadows
To promises that never came,
to the love sealed till the end.
To the grass kissing my weary ankles
And to the tiny footsteps following me
It’s time to say goodbye
Now as darkness falls
Will a candle be lit again?
Here I pray …
nobody shall cry …
and for you to know …
how deeply I loved you
The long wait in the middle of a hot summer day
An old path resembling my father’s face
Even the lonesome wild flower shyly turning away
How deeply I loved
How my heart fluttered at hearing faint song
I bless you
Before crossing the black river
With my soul’s last breath
I am beginning to dream …
a bright sunny morning …
again I awake blinded by the light …
and meet you …
standing by me.
“Agnes’ Song”
ဘယ်လိုများပြီးပျက်ခဲ့ပါလိမ့်
ဘယ်လောက်များ အထီးကျန်ရပါလိမ့်
နေဝင်ဆည်းဆာဟာ အလျှံရဲနေတုန်းပဲလား
တောအုပ်ဆီသွားတဲ့လမ်းပေါ်က
ငှက်ကလေးတွေက တေးကလေးတွေ
သီကျူးနေတုန်းပဲလား
ငါမပေးပို့ရဲတဲ့ စာတွေ
သင့်ဆီကို ရောက်ရှိပါရဲ့လား
ပေးမသိရဲတဲ့ ဝန်ခံချက်တွေကို
ပို့ဆောင်လို့ရနိုင်ပါရဲ့လား
အိုမင်းသွားတဲ့ အချိန်တွေနဲ့ နှင်းဆီတွေက
အရောင်ဖျော့သွားပြီလား
နှုတ်ဆက်စကားပြောဖို့ အချိန်တန်ပြီပေါ့
ယောက်ယက်ခပ် ဟိုဒီယိမ်းထိုးနေတဲ့
လေပြည်သွေးတွေလို
အမှောင်ရိပ်များလို
ဘယ်တော့မှရောက်မလာတော့မယ့်
ကတိသစ္စာများကို
ချိတ်ပိတ်အဆုံးသတ်သွားတဲ့
ချစ်ခြင်းမေတ္တာများဆီကို
ငါ့ခြေကျင်းဝတ်တွေကို
နမ်းရှိုက်နေကြတဲ့ မြက်ပင်စိမ်းများကို
ငါ့နောက်ကို လိုက်နေတဲ့ ပါးလျခြေတိုးသံ
သဲ့သဲ့ကလေးများကို
နှုတ်ဆက်စကားပြောဖို့ အချိန်တန်ပြီပေါ့
မှောင်မိုက်သလို ဖြစ်လာပြီ
ဖယောင်းတိုင်ကို တဖန် မီးစာညှိရတော့မလား
ဒီမှာ တောင်းဆုပြုနေပေါ့
ဘယ်သူမှ မငိုကြွေးလောက်ပါဘူး
နောက်ထပ်သိစေချင်တာက
ငါမင်းကို ဘယ်လောက်အထိ စူးနစ်စွာ
ချစ်မြတ်နိုးခဲ့တယ်ဆိုတာပါပဲ
ကျွမ်းမြတဲ့ နွေလယ်ရက်တွေကတော့ ရှည်လျားစွာ
ငိုက်မျဉ်းစောင့်မျှော်လို့
အဖေ့မျက်နှာနဲ့တူတဲ့ လမ်းဟောင်းတခု
တပ်ဆင်လို့
တောရိုင်းပန်းကလေးတွေတောင်မှ
ရှက်သွေးကြွပြီး အိပ်တန်းတက်ကုန်ကြပြီ
ငါဘယ်လောက်အထိ စူးနစ်စွာချစ်ခဲ့မိပါလိမ့်
ငါ့နှလုံးသည်းပွတ်ပေါ် ဘယ်လောက်အထိများ
မင်းကလေးရဲ့ တိုးလျသီချင်းသံတွေ
စည်းချက်မြည်နေခဲ့ပါလိမ့်
ငါ မင်းအတွက် ဆုမွန်ချွေပါတယ်
မဟူရာမြစ်နက်ကြီးကို
မကျော်ဖြတ်ခင် ခဏ
ငါ့ရဲ့ ဝိညာဉ်လိပ်ပြာ အတောင်ပံ မကြွေလျခင် ခဏ
ငါ့အိပ်မက်တွေ အစပြုခဲ့ရာက
နောက်တဖန် မိုးသောက်အလင်းရောက်တဲ့အခါ
တဖန်ပြန်လည်နိုးထလာတဲ့အခါ
အလင်းရောင်စဉ်တွေ ပိန်းပိတ်သွားတဲ့အချိန်များမှာ
ငါ မင့်ကို တွေ့ခဲ့ရ
မင်းဟာ ငါနံဘေးမှာ ရပ်လို့။
(အထက်ပါကဗျာအား ကျနော်ခံစားမိသလို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ အမှားပါရင် ဖြည့်တွေးပြီး ခွင့်လွှတ်ပေးကြပါလို့ …)
ရုပ်ရှင်ရည်ညွှန်း – Poetry Korean Movie (2010)
About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*