
“ငါးညံ့”ရဲခေါင်မဲမောင်
ကျနော်က ငါးတကောင်ဖြစ်ပါတယ်။ ဒါပေမယ့် သက်ရှိငါးတကောင်တော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကြည့်ဖူး ကြိုက်ဖူးခဲ့ကြတဲ့ Ghost ဇာတ်ကားထဲကလို ကိုယ်သေတာကို ကိုယ်ပြန်မြင်နေရတဲ့ ငါးတကောင်ပဲဆိုပါတော့။ ရှင်းရှင်းပြောရရင် ငါးဝိညာဥ်တကောင် ဆိုပါတော့ဗျာ။
ငါးသုံးကောင်ပုံပြင်ကို ခင်ဗျားတို့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုဗျာ။ တံငါသည်တယောက် မြစ်ထဲမှာငါးဖမ်းရင်း ငါးသုံးကောင်မိတာလေ။ အဲဒီလိုမိတော့ သေမှာကြောက်တဲ့ငါးက လွတ်မြောက်လိုလွတ်မြောက်ငြား ခဏခဏ ခုန်ခုန်နေတော့ တံငါက လွတ်သွားမှာစိုးတာနဲ့ ရိုက်သတ်လိုက်ပါရောလား။
နောက် ဒုတိယငါးကတော့ သူအခုလိုဖမ်းမိတာ အတိတ်က သူ့ရဲ့ကံကြောင့်ပဲ၊ ဒါ့ကြောင့် သေကံပါရင်သေမှာပဲ၊ သေကံမပါရင်တော့ ဘယ်လိုပဲ တံငါသည် ဆီမှာ ဖမ်းမိထား ထား၊ မသေဘဲ လွတ်မြောက်သွားမှာပဲလို့တွေးပြီး လှေထောင့်ကလေးထဲမှာ ငြိမ်ငြိမ်ကလေးပဲ နေနေတော့တယ်လေ။
တတိယငါးကတော့ ပထမငါးလို ဝီရိယလွန်ကဲပြီး တဖျတ်ဖျတ်ခုန်မနေဘူး။ ဒုတိယငါးလိုလည်း ကံကိုယုံပြီး လွတ်မြောက်ဖို့မတွေးမကြံဘဲ ငြိမ်ကုတ်မနေဘူး။ အခြေအနေနဲ့ အချိန်အခါကို စောင့်နေတယ်။ အဲဒီလိုအချိန်မှာ ရေလှိုင်းတခုက လှေရဲ့နံရံတဘက်ကို ခပ်ပြင်းပြင်းကလေး ဝင်ဆောင့်လိုက်တော့ လှေက တဘက်ကိုစောင်းသွားပြီး လှေနဲ့ရေပြင်နဲ့ တညီတည်းဖြစ်သွားတယ်။ အဲဒီအချိန်မှာ တတိယငါးက ရေထဲကို အသာကလေးပဲ ခုန်ဆင်းလိုက်တာနဲ့ တံငါသည်လက်က လွတ်မြောက်သွားပြီး အသက်ရှင်သွားခဲ့တယ်။ ကံကိုယုံကြည်တဲ့ ဒုတိယငါးလည်း အိမ်ရောက်တာနဲ့ တံငါသည်ရဲ့ မိန်းမလက်ချက်နဲ့သေရတာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အဲဒီနေ့က ကျနော်တို့ဖမ်းမိသွားတာလည်း သုံးကောင်ပဲဖြစ်နေပါတယ်။ ငါးသုံးကောင်ပုံပြင်ကိုသိထားတဲ့ ကျနော်ဟာ …..
“အင်း ငါတော့ ပုံပြင်ထဲက ပထမငါးလို လွတ်မြောက်လိုလွတ်မြောက်ငြား တဖျတ်ဖျတ်ခုန်မနေဘူး။ ဒုတိယငါးလိုလည်း ကံကိုယုံပြီး လွတ်မြောက်ဖို့မကြိုးစားဘဲ ထောင့်ကွေးထဲမှာ ငြိမ်မနေဘူး။ တတိယငါးလို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လှေအစောင်းမှာ လွတ်ကြောင်းရှာမယ်”
လို့ တွေးပြီး အခြေအနေကို အကဲခတ်နေလိုက်ပါတယ်။
အဲဒီမှာဗျာ တိုက်တိုက်ဆိုင်ဆိုင်မှ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျနော်တို့ အဖမ်းခံထားရတဲ့ ငါးသုံးကောင်ထဲက တကောင်ဟာ တဖျတ်ဖျတ်ထခုန်ပါတော့တယ်။ သူ ထခုန်နေတာကိုမြင်တော့ ကျနော်က ကျန်တဲ့ငါးတကောင်ကို လှမ်းကြည့်လိုက်ပါတယ်။ အဲဒီကောင်က လှေထောင့်ထဲမှာပဲ မျက်စိမှိတ်ပြီး ကွေးနေတာကိုမြင်ရတော့
“အင်း ပုံပြင်ထဲကအတိုင်းတော့ဖြစ်နေပြီ”
လို့ ကျနော်တွေးမိသွားပြီး ချက်ချင်းဆိုသလို “ငါတော့လွတ်မြောက်တော့မှာပဲ” ဆိုတဲ့အသိနဲ့ ကျိတ်ပြီး ဝမ်းသာနေမိပါတယ်။
အဲဒီလို ကျနော် ကျိတ်ပြီး ဝမ်းသာနေတုန်းမှာပဲ တံငါသည်က တဖျတ်ဖျတ်ခုန်နေတဲ့ငါးကို ကြည့်ပြီးတော့
“ဒီငါး ဒီလိုခုန်နေတာနဲ့ ကျန်တဲ့ငါးတွေလိုက်ခုန်ပြီး အကုန်လွတ်ကုန်တော့မှာပဲ” လို့ဆိုပြီး ကျနော်တို့သုံးကောင်စလုံးကို လှော်တက်နဲ့ ထုသတ်လိုက်တာပါပဲဗျာ။
အဲဒီတော့မှ ကျနော်လည်း ကျနော့်အလောင်းကို ငေးကြည့်ပြီး
“အင်း တကယ်တော့ ငါတို့သုံးကောင်စလုံးသေရတာ ငါ့ကြောင့်ပါလား။ ပထမ ငါး ထခုန်ကတည်းက ငါတားရမှာ။ ပြီးတော့ ပုံပြင်ထဲက ငါးသုံးကောင်အကြောင်းရှင်းပြပြီး အချိန်နဲ့အခြေအနေကြည့်။ ပြီးတော့မှ လှေစောင်းသွားတဲ့အချိန်မှာ သုံးကောင်စလုံး တပြိုင်နက်ခုန်လိုက်ရင် အားလုံးရှင်မှာပဲ။ အခုတော့ ငါတကောင်တည်း ရှင်ဖို့အတွက် အတ္တကြီးကြီးနဲ့ နေလိုက်မိလို့ အားလုံးသေရတာပဲ။ ငါးသုံးကောင်ပုံပြင်ဟာ တကောင်တည်းရှင်ရအောင်မဟုတ်ဘဲ သုံးကောင်စလုံး ရှင်ရအောင်ထားခဲ့တဲ့ သင်ခန်းစာပါလား”
လို့ တွေးမိသွားပါတယ်။
အဲဒီလို တွေးမိချိန်မှာတော့ ကျနော်ဟာ သေဆုံးနေပါပြီ။
Be the first to comment