မြန်မာစစ်အုပ်စု အခြေအနေကောင်းလာတာ ဟုတ်ရဲ့လား ?

“မြန်မာစစ်အုပ်စု အခြေအနေကောင်းလာတာ ဟုတ်ရဲ့လား ?”

▪️ဘာသာပြန်ဆိုသူ – ကျော်မိုး

(အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ – USIP အင်တာနက်စာမျက်နှာတွင် သြဂုတ်လ ၁၀ ရက်နေ့က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Priscilla A. Clapp နှင့် ရဲမျိုးဟိန်းတို့၏ “Is Myanmar’s Junta Turning a Corner?” ဆောင်းပါးကို ကျော်မိုးက ဘာသာပြန်ဆိုထားပါသည်။)

‘အာဏာနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တွေပေါ် ကောင်းမွန်စွာ နားလည်နိုင်ခြင်း မရှိသေးခင်ကာလအထိ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ဆောင်ချက်တွေကို သံသယနဲ့ ကြည့်သင့်ပါတယ်။’

အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်တွေကြားထဲမှာ စေ့စပ်ရေးလေသံတွေ ထွက်နေပြီလား? ဒါမှမဟုတ် ခုခံရေး အင်အားစုများစွာရဲ့ တိုက်ခိုက်မှုကို စစ်မြေပြင်မှာ ရုန်းကန် ခုခံနေရတဲ့အတွက် လှည့်စားမှုနဲ့ အာရုံလွှဲဖို့ လုပ်ဆောင်လာတာလား? သေချာပေါက်နီးပါး ဖြစ်နိုင်တာကတော့ ဒုတိယအချက်ပါပဲ။ သူတို့ရဲ့ တရားဝင်မှုကို ပြည်ပမှာ မြှင့်တင်ဖို့ စေ့စပ်ရေး လုပ်မလိုလို စစ်ဗိုလ်ချုပ်တွေ လေသံပစ်လာတာ ဒီတကြိမ်က ပထမဆုံးကြိမ် မဟုတ်ပါဘူး။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု၊ NLD ခေါင်းဆောင်တွေပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးမှုတွေကနေ ပြီး အခုလိုမျိုး ထင်မြင်ချက်တွေ ပေါ်လာတာပါ။ ရှေ့နှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအခင်းအကျင်းတချို့ ပေါ်လာအောင် လမ်းဖွင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးမှုတွေ စစ်တပ်ရဲ့ လှည့်စားမှုကနေတဆင့် ထွက်ပေါ်လာစေပါတယ်။ ဒါပေမယ့်လည်း အဲဒီလို တည်ငြိမ်ရေး ပေါ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေက ပျောက်ကွယ်သွားဖို့ များပါတယ်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်တဲ့ တိုက်ပွဲတွေမှာ စစ်ရေးအရ အရေးနိမ့်လာတာကို တန်ပြန်ဖို့အတွက် စစ်အုပ်စုက NLD ဖဲချပ်ကို ထုတ်သုံးလာတာပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကြောင့် အခြေခံကျကျ ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေသစ် ပေါ်ထွက်လာတာကို စစ်အုပ်စုခေါင်းဆောင်တွေ အသိအမှတ် မပြုမခြင်း စေ့စပ်ညှိနှိုင်းရေး၊ နိုင်ငံရေးအရ အဖြေရှာရေး အခြေအနေတွေ ပေါ်ထွက်လာဦးမှာ မဟုတ်ပါဘူး။ နိုင်ငံရေးကနေ ထွက်ခွာဖို့၊ အရပ်သား ထိန်းချုပ်မှုအောက်မှာ စစ်တပ်ကို ထားရှိဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ ဖွဲ့စည်းဖို့ သဘာတူညီမှသာ စေ့စပ်ညှိနှိုင်းမှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။

ခုခံရေးလှုပ်ရှားမှုတွင်းမှာ စွမ်းရည်မြှင့်တင်ထားတဲ့၊ ကွဲပြားစုံလင်တဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ စစ်အုပ်စု ရင်ဆိုင်နေရပါတယ်။ စစ်ဆင်ရေးဆောင်ရွက်မှု နယ်ပယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူမျိုးစုတပ်မတော်တွေဟာ တိုက်စွမ်းရည် ပိုမြင့်လာပြီး နယ်မြေထိန်းချုပ်မှုကို ချဲ့ထွင်လာသလို စစ်တပ်ကို စစ်မျက်နှာပေါင်းစုံမှာ တပြိုင်တည်း ဖိအားပေးလျက်ရှိပါတယ်။ အတိတ်ကာလ လူမှုရေးနဲ့ နိုင်ငံရေးပုံစံတွေနဲ့ အဆက်ဖြတ်ဖို့ ကွဲပြားစုံလင်မှုကို လက်ခံပြီး အဲဒီကနေ စွမ်းအားအဖြစ် ပြောင်းလဲမယ့် တိုင်းပြည် အနာဂတ်သစ် ထူထောင်ဖို့ ခုခံရေးခေါင်းဆောင်တွေက ဆုံးဖြတ်ထားပါတယ်။

ခုခံတွန်းလှန်ရေး လှုပ်ရှားမှုမှာ အတွင်းပိုင်း ဖိအားတွေလည်း ရှိနေပြီး လှုပ်ရှားမှုတခုလုံးကို ဖက်ဒရယ် ဒီမိုကရေစီ အစိုးရအဖြစ် အသွင်ပြောင်းလဲဖို့က အဓိကဇာတ်ကောင်တွေ၊ အုပ်စုတွေကြားမှာ ကာလရှည်ကြာပြီး ရှုပ်ထွေးတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ သေချာတာတခုတော့ ရှိနေပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ စစ်တပ် အာဏာချုပ်ကိုင်မှု ခိုင်မာအောင် လုပ်ဆောင်ပြီး နိုင်ငံရေးအဖြေရှာမယ်ဆိုတဲ့ အတွေးဟောင်း၊ ဗမာစစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တွေကြားမှာသာ စေ့စပ်မယ်ဆိုတဲ့ အတွေးဟောင်းတွေကတော့ အသုံးမဝင်တော့ပါဘူး။ အဲဒီလိုအတွေးရှိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဝင်တချို့ အနေနဲ့လည်း ဒီဖြေရှင်းနည်းဟာ မြန်မာ့အကြပ်အတည်းကို ပြေလည်စေမှာ မဟုတ်ဘူးဆိုတာ မကြာခင် သိမြင်လာရမှာပါ။

‘နေပြည်တော်ရဲ့ အပြောင်းအလဲ အရိပ်အယောင်များ’

ထပ်ခါတလဲလဲ သတ်တမ်းတိုးမြှင့်ထားတဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ခါနီးမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး နဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ အရပ်သားအစိုးရကို ဖြုတ်ချပြီးတဲ့ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပကိုယ်စားလှယ်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုဖြစ်ပါတယ်။ အဲဒီနောက်မှာ သူနဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ ထောင်ဒဏ်တွေကို အနည်းငယ် လျှော့ချပေးလိုက်ပြီး သူနဲ့ NLD ထိပ်တန်း ခေါင်းဆောင် အများစုကို နေအိမ်အကျယ်ချုပ် ရွှေ့လိုက်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာပါတယ်။

စစ်အုပ်စုက အရပ်သားနဲ့ စစ်ဘက်ခေါင်းဆောင်ပိုင်းတွေကိုလည်း အပြောင်းအလဲ လုပ်ဆောင်ခဲ့သလို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေကို နောက်ထက် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ထိန်းချုပ်နိုင်တဲ့နယ်မြေ အနည်းငယ်သာရှိတယ်လို့လည်း စစ်အုပ်စုက ဝန်ခံပြောကြားခဲ့ပါတယ်။

အဲဒီအချက်တွေကိုကြည့်ပြီး ပြင်ပက လေ့လာသုံးသပ်သူတွေအနေနဲ့ စစ်အုပ်စုက NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ စေ့စပ်တဲ့အခင်းအကျင်း လုပ်လာမယ်၊ နိုင်ငံတကာ ဖိအားလျော့အောင် လုပ်လာမယ်လို့ သုံးသပ်နိုင်ပါတယ်။ သူတို့ မသိမြင်နိုင်တာကတော့ စစ်မြေပြင်မှာ စစ်တပ်ကို လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေက ချေမှုန်းနေပြီဆိုတဲ့ အချက်ပါ။ စစ်ရေးပိုင်း ရှုံးနိမ့်မှုတွေကြောင့်လည်း စစ်တပ်က ဒီလိုအကွက်တွေ့ရွှေ့လာတာ ဖြစ်နိုင်ပါတယ်။ ခုခံရေးအင်အားစုတွေကြား သွေးကွဲအောင် NLD ကို အသုံးပြုလာတာ၊ အထူးသဖြင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကြား ကွဲထွက်သွားအောင် ကြိုးပမ်းတာပါပဲ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေက ၂၀၀၈ အခြေခံဥပဒေကို အသုံးချပြီး သူတို့အုပ်ချုပ်ရေးကို တရားဝင်အောင် လုပ်နေပါတယ်။ အခြေခံဥပဒေကို ချိုး‌ဖောက်ပြီး အာဏာသိမ်းတာ၊ နိုင်ငံတော် အရေးပေါ် အခြေအနေကြေညာဖို့ လိုအပ်တဲ့ လွှတ်တော် အတည်ပြုမှုကို မရယူတာ၊ အခြေခံဥပဒေ ကန့်သတ်ချက်ကာလထက် ကျော်လွန်ပြီး အရေးပေါ်အခြေအနေ ဆန့်ထုတ်နေတာက စစ်အုပ်စုပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်တာကာလအတွင်း အရပ်သားလူထုကို အစွန်းရောက် ရက်ရက်စက်စက် အကြမ်းဖက်တာ၊ စီးပွားရေး အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးလိုက်တာတွေကြောင့် မြန်မာလူထုက ၂၀၀၈ အခြေခံဥပဒေကို အခြေပြုထားတဲ့ အစိုးရတွင်း စစ်တပ်ပါဝင်ရေးကို လက်ခံဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အဓိက လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ခုခံ‌ရေးလှုပ်ရှားမှုကြားမှာလည်း ၂၀၀၈ အခြေခံဥပဒေက သေဆုံးသွားပြီဖြစ်ပါတယ်။ ပြန်လည် အသက်သွင်းဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ အားလုံးပါဝင်တဲ့ နိုင်ငံရေးပဋိဉာဥ်တခုနဲ့ အုတ်မြစ် သဘောတူညီချက်သစ်တရပ်ကို အနာဂတ်က တောင်းဆိုနေပြီ ဖြစ်ပါတယ်။

‘အာဏာသိမ်းမှုအလွန် အခြေအနေသစ်များ’

‘လူမျိုးစုလက်နက်ကိုင်များနှင့် ၎င်းတို့၏ နယ်မြေထိန်းချုပ်မှု ကြီးထွားလာခြင်း’

လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအာဏာ ကြီးထွားလာမှုဟာ တိုင်းပြည်ရဲ့ အခြေခံကျကျ ပြောင်းလဲသွားတဲ့ အခြေအနေသစ်တရပ်ဖြစ်ပါတယ်။ အာဏာသိမ်းမှုမတိုင်ခင်မှာ အဆိုပါအုပ်စုတွေနဲ့ ရွေးကောက်ခံ NLD အစိုးရကြား သဘောကွဲလွဲမှု များစွာရှိခဲ့ပါတယ်။ အဲဒီလို တင်းမာမှုတွေကြောင့် လူမျိုးစုအဖွဲ့တွေကို “ငြိမ်းချမ်းရေး ဖြစ်စဥ်” သစ်တခု၊ ဖက်ဒရယ်စနစ်လို့ နှုတ်ဖျားကသာ ကတိပြုမှု၊ အချိုးကျ ကိုယ်စားပြုမှုတွေ ကမ်းလှမ်းပြီး အလွယ်တကူ ထိန်းထားနိုင်လိမ့်မယ်လို့ စစ်အုပ်စုက ကနဦးမှာ တွက်ဆခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းမှုနဲ့ အရပ်သားတွေပေါ် အကြမ်းဖက်မှုတွေကြောင့် များစွာသော လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေဟာ သူတို့ရဲ့နိုင်ငံရေးကို ပြန်လည် နေရာချခဲ့ရပါတယ်။

လူမျိုးစုခေါင်းဆောင် အများစုဟာ အာဏာသိမ်းမှုကြောင့် ၂၀၁၁ ခုနစ်မှာ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် လုံးဝ ရပ်သွားပြီလို့ ရှုမြင်ခဲ့ပါတယ်။ တချို့ လူမျိုးစု ခေါင်းဆောင်တွေဆိုရင် သွေးစွန်းနေတဲ့ စစ်အုပ်ချုပ်ရေးကို ခုခံတွန်းလှန်ဖို့ သူတို့ရဲ့ အသိုင်းအဝိုင်းက ဖိအားပေးတာနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ လူမျိုးစုအဖွဲ့တွေဟာ ယေဘုယျအားဖြင့် စစ်အုပ်ချုပ်မှုကို လက်မခံပေမယ့် စစ်အုပ်စုနဲ့ တော်လှန်ရေးလှုပ်ရှားမှု ပေါ်ထားတဲ့ ၎င်းတို့ရဲ့ သဘောထားပေါ်လိုက်ပြီး အုပ်စုကြီး (၄) ခု အဖြစ် ပေါ်ထွက်လာပါတယ်။

ပထမအုပ်စုမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းနေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ ပါဝင်ပါတယ်။ အဲဒီထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးတို့ ပါဝင်ပါတယ်။

ဒုတိယအုပ်စုကတော့ ညီနောင် ၃ ဖွဲ့လို့ လူသိများပါတယ်။ ခုခံရေးလှုပ်ရှားမှုကို လူသိရှင်ကြားမဟုတ်ဘဲ ထောက်ခံအားပေးလျက်ရှိပါတယ်။ တချိန်တည်းမှာ ၎င်းတို့ရဲ့ အာဏာနဲ့နယ်မြေကို အခြေခိုင်အောင် တည်ဆောက်လျက်ရှိပါတယ်။ အဲဒီ ၃ ဖွဲ့ကတော့ ရက္ခိုင့်တပ်တော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ ဖြစ်ပါတယ်။

တတိယအုပ်စုကတော့ ၂၀၁၅ ခုနစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ရဲ့ အကြွင်းအကျန် အုပ်စုတွေပါ။ အဲဒီအုပ်စုဝင်တွေကတော့ စစ်အုပ်စုနဲ့ ဆွေးနွေးလိုက်၊ မဆွေးနွေးလိုက် လုပ်နေပါတယ်။

စတုတ္ထအုပ်စုကတော့ ကြားနေမှု ဆက်ထိန်းထားတဲ့ အုပ်စုပါ။ စွမ်းအားကြီးမားလှပြီး လွတ်လွတ်လပ်လပ် ရပ်တည်မှုကို အပြင်းအထန် ထိန်းထားတဲ့ သွေးစည်းညီညွတ်သော ဝ ပြည် တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ ဖြစ်ပါတယ်။ သူတို့ဟာ အခြေအနေကို စောင့်ကြည့်မယ်ဆိုတဲ့ သဘောထားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဂရုတစိုက် ထိန်းသိမ်းထားပါတယ်။

ကျနော်တို့ရဲ့ နောက်ဆုံး လေ့လာသုံးသပ်မှုအရ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ တပ်အင်အား ၁၃၀,၀၀၀ နီးပါး ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ လူအင်အား သိသိသာသာတိုးလာပြီး အဖွဲ့များစွာမှာ အဆင့်မြင့် လက်နက်တွေ ရှိနေပါတယ်၊ ရယူသုံးစွဲနိုင်တဲ့ လမ်းကြောင်းလည်း ရှိနေပါတယ်။

မဟာဗျူဟာရေးမှာ ကွဲပြားမှုရှိပေမယ့် တော်လှန်ရေးကိုကူညီပြီး စစ်တပ် အားနည်းစေဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နယ်မြေထိန်းချုပ်မှုကို ရယူဖို့ အဲဒီအဖွဲ့တွေမှာ သဘောထားရှိနေပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြား ပူးပေါင်းမှု၊ ညီနောင် (၃) ဖွဲ့ရဲ့ လူသိရှင်ကြား မဟုတ်တဲ့ မသိမသာ ပူးပေါင်းမှုတွေကြောင့် စစ်တပ်ဟာ တပ်အင်အားကို အလွန်အမင်း ဆန့်ထုတ်ထားရပါတယ်။

ပေါ်ထွက်လာတဲ့ ရလဒ်ကတော့ လူမျိုးစုအဖွဲ့တွေရဲ့ စစ်ကြောင်းပေါင်းစုံသော တိုက်ခိုက်မှုတွေအောက်မှာ စစ်တပ်ရဲ့ နယ်မြေထိန်းချုပ်မှု ကျဆင်းလာသလို လူမျိုးစုအဖွဲ့တွေရဲ့ ခွန်အားနဲ့ သြဇာလွမ်းမိုးမှု ကြီးထွားလာပါတယ်။ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လုံခြုံရေးဆိုင်ရာ တခွင်တပြင်လုံးဟာ NLD နဲ့ စစ်တပ်ကြား အားပြိုင်မှုကနေ လူမျိုးစု အဖွဲ့တွေ အဓိက ဇာတ်ကောင်သစ်အဖြစ် ပါဝင်လာတဲ့ ဘက်ပေါင်းစုံ အားပြိုင်ပွဲအဖြစ် အသွင်ကူးပြောင်းလာပါတယ်။

‘နိုင်ငံရေးအခင်းအကျင်း သိသိသာသာ ပြောင်းလဲသွားခြင်း’

နောက်ထပ် အခြေအနေသစ် တရပ်ကတော့ လူများစုဗမာတွေနဲ့ လူနည်းစု လူမျိုးစုတွေကြားမှာ နိုင်ငံရေးခေါင်းဆောင် မျိုးဆက်သစ် ပေါ်ထွန်းလာမှု ဖြစ်ပါတယ်။ သူတို့တွေဟာ အတိတ်ကာလ လူမှုရေးနဲ့ နိုင်ငံရေး မလိုမုန်းထားမှုတွေ၊ စစ်တပ်က ကန့်သတ်ထားတဲ့ အုပ်စုအသီးသီးကြား ထိတွေ့ဆက်ဆံမှုတွေကို စွန့်ပယ်လိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သူတွေပါ။ လူမျိုးပေါင်းစုံ ပူးပေါင်းမှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုက ပုံသွင်းပေးလိုက်ပါတယ်။ အဲဒီလို ဖြစ်မလာအောင် စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာကြာ အာဏာရှင်အုပ်ချုပ်ရေးမှာ ကြိုးပမ်းခဲ့ကြတာပါ။

ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေးအတွက်လည်း ကြားဖြတ်အုပ်ချုပ်ရေး ဖွဲ့စည်းမှုတွေကို ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေက လုပ်ဆောင်ထားပါတယ်။ သေသေချာချာပြောရရင် သူတို့တွေကြား ဖြေရှင်းရမှာတွေက အရမ်းရှုပ်ထွေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ များစွာသော လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကြားမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ အောက်ခြေအဆင့်မှာတော့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပိုမို ပေါ်ထွက်နေပါတယ်။အင်အားကြီးတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တချို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထူထောင်ထားတဲ့ လူငယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကြားမှာ ရှေ့တန်းစစ်မြေပြင်ဆိုင်ရာ ပေါင်းစည်းမှု ရရှိထားပါတယ်။

၂၀၀၈ သတ်မှတ်ချက်တွေထက် ကျော်လွန်တဲ့၊ အခြေခံဥပဒေသစ်တရပ် ထူထောင်ရေး အတွက်လည်း ဆွေးနွေးလျက်ရှိပါတယ်။

‘အခြေအနေသစ်ကို မဖြစ်မနေ လက်ခံရမည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု’

လက်ရှိ ပဋိပက္ခရပ်တန့်ရေး ကြိုးပမ်းမှု မှန်သမျှဟာ အချက် (၃) ချက်ကို ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။

(၁) လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အင်အားကြီးထွားလာမှု
(၂) အာဏာသိမ်းမှုအလွန်မှာ ကျင့်ဝတ်ပိုင်း သြဇာသက်ရောက်မှုကြီးမားလာသလို နိုင်ငံရေးအတွေ့အကြုံ ရရှိလာတဲ့ လူငယ်ခုခံရေး ခေါင်းဆောင်များ
(၃) စစ်တပ်ရဲ့ အင်အားချိနဲ့မှု၊ မဆင်မခြင် သုံးသပ်လုပ်ဆောင်ခဲ့တဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စစ်‌ရေးအရ အထိနာနေတဲ့ စစ်တပ်
အထက်ဖော်ပြပါ အာဏာသိမ်းမှုအလွန် အချက် (၃) ကို ထည့်သွင်းမစဥ်းစားဘဲ နေလို့မရပါဘူး။
လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်မယ်ဆိုရင် အောက်ပါ အဓိက အချက် (၄) ချက်ကို ထည့်သွင်း စဥ်းစားသင့်ပါတယ်။
(၁) စစ်အုပ်စုဟာ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူး၊ အာဏာသိမ်းမှုကြောင့် အလျင်အမြန် ပေါ်ထွန်းလာတဲ့ အခြေအနေကို ထိန်းနိုင်ခြင်း မရှိတော့ဘူး။ အသာစီး ပြန်ရဖို့လည်း မဖြစ်နိုင်သလောက် ဖြစ်နေပါတယ်။
(၂) အစဥ်အလာ စဥ်းစားချက်ဖြစ်တဲ့ ၂၀၀၈ ခုနစ် အခြေခံဥပဒေအောက်မှာ ဒါမှမဟုတ် ဗမာ NLD ဒီမိုကရေစီ အင်အားစုနဲ့ စစ်တပ် သီးသန့်ကြား နိုင်ငံရေးနေရာချထားမှုဟာ အသုံးမဝင်တော့ဘူး။
(၃) မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းကူညီလိုတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဲဒီအခြေအနေသစ်တွေကို လက်ခံရမှာဖြစ်ပြီး အဲဒီအချက်တွေနဲ့ ဘယ်လို အလုပ်လုပ်မလဲ ဆိုတာကို နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးနဲ့ စစ်ရေးပတ်ဝန်းကျင်မှာ ဗမာ အီလိ(တ်) အချင်းချင်းကြား စေ့စပ်ရေး ကြိုးပမ်းပေးတဲ့ နိုင်ငံတကာ သံတမန်တွေဟာ ရည်ရွယ်မထားတဲ့ ရလာဒ်တွေပဲ ရလာနိုင်ပါတယ်။
(၄) ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကြား စေ့စပ်ညှိနှိုင်းမှုကို ထောက်ပံ့ပေးခြင်းဖြင့် ပိုမိုကြီးမားတဲ့ ပူးပေါင်းလုပ်ဆောင်မှု ပေါ်ထွက်လာရေး အား‌ပေးမှုကသာလျှင် အနာဂတ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးမှုဖြစ်ပါတယ်။

အတိုချုပ်ရရင် စစ်အုပ်စုနဲ့ စွမ်းအားကြီးမားလှတဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ခုခံရေးအဖွဲ့ကြား ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စောလွန်းနေသေးပါတယ်။ အဲဒီလိုလုပ်ဆောင်ဖို့ သင့်တဲ့အချိန်ရောက်ပြီဆိုရင် ခုခံရေးအင်အားစုရဲ့ အဓိကအုပ်စုတွေနဲ့ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းလုပ်ဆောင်ပြီး အနာဂတ် အုပ်ချုပ်မှုပုံစံတရပ် အများသဘောတူ ပေါ်ထွန်းလာရေးမှာ ကူညီပေးသင့်ပါတယ်။

(မူရင်း – https://www.usip.org/…/08/myanmars-junta-turning-corner)

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*