
‘သမိုင်းရထားဟာ သွားနေတယ်’

သေသွားပြီဆိုတော့
တစ်ကိုယ်လုံးလားလို့ ဟာသနှောပြီး မေးမိတယ်
မလွမ်းအားဘူးလို့ညာပြီး
မော့မော့သောက်ရင်း မျက်ရည်တွေကျရ
ဖုန်းတွေ တရစပ်ခေါ်ရ
ချွဲသလိပ် စစ်ရတယ်
ဘရိတ်ကပ်မကပ် ကြည့်ရတယ်
နံရိုးကျိုးမကျိုး စမ်းရတယ်
ဝါယာကြိုး အနေအထား
မျက်လုံး ကန်းမကန်း
ဆီ ရေ လေ မှန်မမှန်
အင်္ဂါ စုံမစုံ
ဆေးစာအတု ဟုတ်မဟုတ်
ဘက်မှန် ကောင်းမကောင်း
ဘယ်လိုဆိုဆို
တရိပ်ရိပ်ကျန်ရစ်ခဲ့တာက
ရံွစရာဖလင်ကွက်တွေ
လူ့ပြည်ရောက်မလာသင့်တဲ့ သုက်ပိုးတွေ
စိန်ဖူးတော်လည်း
လောက်တွေအပြည့်နဲ့ချေးတွင်းထဲ ပြုတ်ကျခဲ့ရ
တရားဟာ တရားအနေနဲ့သာ
ခွေခွေလေးအိပ်နေရရှာ
ဘယ်လိုမှ မတတ်နိုင်
ရထားဟာ သွားနေတယ်
အထဲမှာ ငါတို့ဟာ မဆံ့မပြဲလူအုပ်ကြီးကြား
တကိုယ်စာအသက်ရှူသာရုံ
တလိမ့်ခေါက်ကွေး အလဲလဲအပြိုပြို
ပိသေတဲ့သူတွေက ဝိညာဥ်အဖြစ်နဲ့ လိုက်ပါကြရ
ငိုသံအော်ဟစ်သံတွေနဲ့ လုံးထွေး ငရဲခန်းလိုမှောင်မိုက်ရင်း
ဘုရားတရင်း ဆဲဆိုရင်း ဆုတောင်းရင်း
စိုက်ခင်းတွေ တောင်ယာတွေကို ဖြတ်ရင်း
ရွာပျက်တွေ မြို့ပျက်တွေကို ဖြတ်ရင်း
ကန္တာရတွေ ပိရမစ်တွေကို ဖြတ်ရင်း
ရထားဟာ သွားနေတယ်
တွယ်တက်ရင်း ပြုတ်ကျနေတဲ့သူတွေကို
တစ်စစီကြိတ်နင်းပြီး သွားနေတယ်
ခလုတ်တိုက်ပြုတ်ကျသွားတဲ့
စက်ခေါင်းမောင်းသမားကိုလည်း
ဖြတ်ကြိတ်ပြီး သွားနေတုန်းပဲ
သွားနေတယ်ဆိုတာကို သူမသိပေမယ့်
သွားနေတယ်
ဆက်ပြီးသွားနေတယ်
အချိန်ရဲ့မျဥ်းကိုကျော်လွန်နိုင်မလား
မသိဘူး ဆက်ပြီးသွားနေတယ်
နောက်ဆုံး
မှုန်ဝါးပျောက်ကွယ်သွားရင်တောင်
ငါတို့မသိနိုင်ခြင်းဆီအထိ
ဆက်ပြီးသွားနေဦးမှာပဲ။ ။
Be the first to comment