
“အရွယ်ရှိတုန်း” ရုပ်ရှင်

ညတွေ အချိန်တွေ ဒလဟော ပြေးသွားရာနောက်မှာ ကျနော်ဟာ ရပ်ကြည့်သူ သက်သက်လို။ ဒီအတွက်လည်း ကျနော့်ရဲ့တည်ရှိပုံက အများသူငါအမြင်မှာ ဘယ်လိုပိုင်းဖြတ်မှုမျိုး ရှိနေမလဲ ကျနော် လိုက်မတွေးဖြစ်အားတော့။ ဘဝရဲ့ ကျရှုံးမှုဗလပွနဲ့ အင်တာဗျူး ဖြေနေရှာသူ ဆယ်လီတယောက်က ဒီအချိန်ကျမှ ဘုရားရဲ့အရိပ်ကြောင့် ကျနော် လူဖြစ်နေရမှုက ခိုင်ခန့်နေရတဲ့အကြောင်းပြောရင်း မျက်ရည်စမ်းစမ်းကလေးနဲ့ ကင်မရာဆီကို လက်အုပ်ချီနေတယ်။ ပြီးနောက်မှာ အရွယ်ရှိတုန်း ကြိုးစားကြ၊ ငါ့တုန်းက မိုက်ခဲ့ပျော်ပါးခဲ့တယ်၊ ခုမှပဲ ဒါကို နောင်တရမိတယ်လို့ မချိတင်ကဲဆိုတော့ ကျနော့်မှာ အရွယ်ရှိတုန်းဆိုတဲ့ စကားအတွက် အပြေးအလွှား အဖြေရှာရတယ်။ မကြာသေးတဲ့နှစ်က မအလစစ်သားတွေရဲ့ရှေ့မှာ လက်နှစ်ချောင်းထောင်ရင်း သေသွားကြတဲ့ လူငယ် နှစ်ယောက်မှာရော နုပျိုအံ့ဆဲဆဲမှာပဲ ခုလို ဘဝနိဋ္ဌိတံသွားရမှုအတွက် အရွယ်ရှိတုန်းဆိုတဲ့ စကားတွေကို တွေးချိန်ရခဲ့မလား။ နိုင်ငံရေးလုပ်လို့ဆိုပြီး ဒီလို ဖအေမျိုးရဲ့သမီးကို သဘောတူ ခွင့်မပြုဆိုတော့ သူတို့ဖခင်ဟာ အရွယ်ရှိတုန်းမှာ နိုင်ငံရေးဆိုတာကြီးကို လုပ်ခဲ့တာကရော မိုက်မဲမှု တခုလေလား။
ကျနော်ဟာ တောင်တောင်အီအီတွေးရင်း ထိစပ်နေရတဲ့ လက်တွေ့လောကထဲမှာ ဘယ်သူတွေများ ကွက်လပ်တွေဖြစ်နေကြသလဲ ကြည့်တော့ အားလုံးက ဘဝကိုယ်စီနဲ့ ဖြစ်နေကြတယ်။ တိမ်တွေဆိုင်းနေပါလည်း နေကာမျက်မှန် အမည်းကြီးကို တပ်ထားလေ့ရှိတဲ့ အဲဒီအဖိုးကြီးတောင်မှ ဖရဲသီးလေးတွေရောင်းရင်း အဓိပ္ပါယ်ရှိလှတဲ့ အိမ်ပြန်ချိန်ကလေးတွေ ရှိနေသေးတယ်။ ကျနော်တယောက် ဟိုမေးစမ်း ဒီမေးစမ်းနဲ့ စက်ရုံဂိတ်ဝကိုလွန်တော့ မင်းအတွက် ပေးစရာအလုပ်မရှိသေးလို့ ပြောလိုက်လို့ ခေါင်းငိုက်စိုက် လှည့်ပြန်ခဲ့တယ်။ ထမင်းတွေဆာလာတော့ ခွက်တလုံးနဲ့ သူတောင်းစားလုပ်ကြည့်ချင်တဲ့ ပေါကြောင် ကြောင်အတွေးတွေ ဝင်လာသော်လည်း ကျနော့်မှာ သူတပါးပြည်က ခိုးဝင်လာသူဖြစ်လို့ သူတောင်းစားလိုင်စင်မရှိ။ တွေးရင်း ရယ်ချင်မိပြီး ဒီ အိန္ဒိယရုပ်ရှင် ဇာတ်လမ်းရဲ့ ရှေ့ကိုပဲ ပြန်ရောက်ခဲ့တယ်။
ဒီထဲမှာလည်း အရွယ်ရှိတုန်း ဆိုတဲ့စကားနဲ့ ချင့်ထိုးမိရတဲ့ ဘဝတွေက တသီတတန်း။ ကျနော်ဟာ နေကြာစေ့ကလေးကို ခွာစားရင်း ဇိမ်ခံအိမ်ကြီးထဲက ညှို့အားပြင်းလှသော ဇာတ်ရုပ်များကို ငေးကြည့်ရခြင်း၊ မိမိမပိုင်သော ဘဝထဲကနေ ခေတ္တခိုစီးမိခြင်း အလုပ်ကို ငြီးငွေ့တတ်ခဲ့ပါပြီ။ ဒါကမှ ဘဝစစ်စစ် မဟုတ်လား။ ကျနော်တို့မှာ အရွယ်ရှိတုန်း ဆိုခြင်းအတွက် ဘယ်လိုမှ စစ်တမ်းတရပ် ဖော်ထုတ်ဆွေးနွေးနိုင်ခွင့် မရ။ ရုပ်ရှင်ထဲက အိန္ဒိယပြည်ရဲ့ လူလှိုင်းကြီးကိုကြည့်ရင်း အလိုလို မောပန်း မွန်းကြပ်လာခဲ့တယ်။ ဒီလူတွေမှာ နိစ္စဓူဝဘဝအတွက် ဘယ်အချိန်မှာများ အသက်ဝဝ ရှုရှိုက်ဖူးခဲ့သလဲ။ အရွယ်ရှိတုန်းမှာ ငွေကြေးအမြောက်အမြား ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ လူတန်းစားတွေလို ပင်လယ်လေသန့်သန့်ကို ရှုရှိုက်ဖို့ အခွင့်အရေး ရှိခဲ့ကြပါသလား။ အရက်ကောင်းကောင်းတခွက်ကို အရသာခံ သောက်သုံးရင်း လသာညတွေကို ငေးမောချိန် ရှိခဲ့ကြပါသလား။ လိ_င်ဆက်ဆံပြီးလို့ ဆစ်ကလက်တဖွာကိုရော ရှုရှိုက်ရင်း မှုတ်ထုတ်ခဲ့ကြဖူးတဲ့ ကာလတွေ ရှိနိုင်ကြမလား။
ဘူတာကြီးနဲ့ ပလက်ဖောင်းစင်္ကြန်လမ်းတွေမှာ များမြောင်လှတဲ့ လူသားတွေက ရောင်စုံပူဖောင်းလုံးများ မျောနေသလို ဥဒဟို ရွေ့လျားနေကြရဲ့။ အမှိုက်သရိုက်တွေနဲ့ ပိတ်ဆို့နေရလို့ တရွေ့ရွေ့သွားနေရတဲ့ မြောင်းပုတ်ကြီးကို မြင်နေရသလို မွန်ဘိုင်းရဲ့ မြို့ပြလမ်းတွေမှာ လူနေကျဲပါးတဲ့အချိန်ရယ်လို့ မရှိ။ ကိုယ်ပိုင်ဘဝပေါင်းစုံနဲ့ ခရီးနှင်နေကြတဲ့ ဒီလူအုပ်ကြီးမှာ ဘယ်ကနေ ဘယ်ဆီဝယ်ကို ဦးတည်နေကြသလဲ။ ဘယ်အချိန်မှ ခေါင်းချပြီး ဘယ်အချိန်မှာ အိပ်ရာက ထကြသလဲ။ အဲဒီ လောကရိပ်မြုံကြီးထဲမှာ သင့်အတွက် တနေရာစာရော ကျန်ရှိနေရဲ့လား။ ဇာတ်အိမ်ထဲက သူနာပြုအမျိုးသမီး နှစ်ယောက်ကတော့ အဲဒီ မွန်ဘိုင်းမြို့ကြီးထဲမှာ ဘဝရှင်သန်ခွင့်ရဖို့ ရပ်တည်နေကြရတဲ့ သူတွေ။
မနက်လင်းတာနဲ့ အလုပ်လုပ်တဲ့ဆေးရုံကို သွားကြရတယ်။ စိတ်ပင်ပန်း ရှုပ်ထွေးစရာကောင်းတဲ့ လူတန်းစားပေါင်းစုံနဲ့ ထိတွေ့ ပြောဆိုရတယ်။ ဒီလိုနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ တရက်တာ လွန်မြောက်ပြီးတဲ့နောက်မှာ ဘူတာကိုသွားပြီး ရထားစီးရတယ်။ ရထားစီးပြီးမှ တိုက်ခန်းကျဉ်းကျဉ်းကလေးဆီကို ပြန်ရတယ်။ ရေပေါ်ဆီ ရုပ်ရှင်ထဲကလို ဘယ်သူဌေးသား မင်းသားမှ မလာ။ တချို့ရက်တွေမှာ ရပ်ကွက်ထဲကလူတွေနဲ့ အုပ်လိုက်ကြီး ကခုန်ပိုင်ခွင့်မရ။ အခန်းပြန်ရောက်တာနဲ့ မိုးတွေ တပြိုက်နှစ်ပြိုက် ရွာကျနေတတ်တဲ့ မြို့ပြလမ်းမဘက်တွေကို ခဏငေးကြည့်မယ်။ ပြီးရင် စားစရာရှိတာစား။ အိပ်ရာဝင်။ မနက်ရောက်ရင် အလုပ်ပြန်သွားပေါ့။ ခြင်ထောင်ထဲမှာ ပျံဝဲရင်း ကိုက်ခဲစရာ ခြေသလုံးတဘက်ကို လိုက်ရှာရင်း သက်တမ်းကုန်ဆုံးရတဲ့ ခြင်တွေလိုပဲပေါ့။
တကယ်တော့ သူမမှာလည်း ဘဝမျှော်လင့်ချက်ရယ်လို့တော့ ရှိခဲ့တယ်။ လွန်ခဲ့သောနှစ်တွေတုန်းက လက်ထပ်ခဲ့ပြီးတဲ့ ယောက်ျားတယောက် ရှိခဲ့တယ်။ ခုတော့ ဂျာမနီကို အလုပ်လုပ်သွားတယ်ဆိုပြီး ပေါ်မလာတော့။ ဘာပဲဖြစ်ဖြစ် လူတယောက်ဆီတိုင်းမှာ အချင်းချင်းခိုမှီလို့ရတဲ့ ပုခုံးတခုစီတော့ လိုအပ်ရတာမို့ သူမအနေနဲ့လည်း သတိရမိရုံမှတပါး ဘာမှမတတ်နိုင်ပါဘူး။ တဘက်သားကမှ မေတ္တာပျက်ပြယ်သွားပြီဖြစ်နိုင်လို့ မဆက်သွယ်တော့တာမျိုး မဟုတ်ဘူးလား။ သူမနဲ့အတူနေတဲ့ ဂျူနီယာ နာ့စ်မလေးကတော့ ငယ်ကလည်းငယ်သေးတော့ ခြင်ထောင်ထဲရောက်ရတဲ့ ခြင်တကောင်ဘဝထဲတော့ အဖြစ်ခံနိုင်ပုံ မရ။ ဒီကောင်မလေးက ငယ်ကလည်း ငယ်သေးတော့ သွက်သွက်လက်လက် ဖြတ်ဖြတ်လပ်လပ် ရှိလှ။ အလုပ်သင်ရင်း ရည်းစားသနာလည်း ထားတတ် နေပြီ။
ချစ်မိတဲ့ ရည်းစားကလည်း တကယ့် ရိုမီရိုနဲ့ ဂျူးလိယက်။ မွတ်ဆလင်ဘာသာဝင်ဆိုတော့ လူမှုရေးပြဿနာများအရ သူတို့တွေချင်း ပေါင်းစည်းရဖို့ဆိုတာ အခက်အခဲတွေ တသီတတန်း။ ဒါပေမဲ့လည်း ချစ်တဲ့စိတ်ဆိုတာ အဟုန်ကြီးမားလာရင် အရာအားလုံးကို ကျော်လွှားပစ်ရဲကြတာပဲ မဟုတ်လား။ ဒါကြောင့် ကောင်မလေးက အလုပ်ပြီးချိန်ဆိုရင် အဲဒီကောင်လေးနဲ့ ချိန်းတွေ့လေ့ရှိတယ်။ ရထားအတူ ပတ်စီးရင်း ရပ်ကွက်ကြို ရပ်ကွက်ကြားက ဘောလုံးကွင်းဘေးမှာ အတူထိုင်ရင်း ချစ်တင်းနှီးနှောတတ်ကြစမြဲ။ ရုပ်ရှင်ငေးသူ ကျနော်က သူတို့နှစ်ဦးသားဘဝကို ကြည့်ရင်း အဲဒီ အရွယ်ရှိတုန်းဆိုတာကို ဆက်တွေးတယ်။ အရွယ်ရှိတုန်းမှာ နှောင်းသက်ကြီးလာမယ့် ဘဝအတွက် ရည်စူးဖို့ဆိုတာ ဒီလိုဘဝတွေမှာ စဉ်းစားနိုင်စရာ လမ်းကြောင်းရှိပါ့မလား။ သူတို့မိတ်ဆွေတွေထဲက ဆေးရုံမှာ စားဖိုမှူးလုပ်ကိုင်သူ အမျိုးသမီးကြီးခမျာမှာတောင် သူနေတဲ့တိုက်ခန်းကို ဆက်လက်နေပိုင်ခွင့် မရှိ။ စာရွက်စာတန်း မပြည့်စုံလို့ဆိုပြီး သက်ဆိုင်ရာက မောင်းချလို့ ရွာပြန်ရချိန်မှာ အိမ်ယာစီမံကိန်းအတွက်ဆိုပြီး ထုတ်ထားတဲ့ ဆိုင်းဘုတ်ကြီးကို ခဲနဲ့ပစ်ပြီး ထွက်ပြေးကြရုံမှတပါး ဘာမှ မတတ်နိုင်ကြ။ သူရို့ဆီက ရုပ်ရှင်ထဲကလို ဗလကောင်းကောင်းနဲ့ မင်းသားက ထွက်လာပြီး အဲဒီလူကြီးမင်းတွေကို ဆော်ပလော်တီးပေးနိုင်တာမျိုး မရှိ။
ရပ်တည်ရရုံ ခုအလုပ်ကလေးနဲ့ပဲ ဖြည်းဖြည်းကလေး အသက်ကြီးကြရရုံ။ ဒီခြေတွေလက်တွေ အလုပ်မလုပ်နိုင်တော့တဲ့အခါမှာ နှလုံးခုန်တာ ရပ်တန့်သွားမယ့်အချိန်ကို စောင့်ရုံမှတပါး သူတို့တွေ ကျနော်တို့တွေမှာ ဘာတတ်နိုင်ကြမှာလဲ။ နာ့စ် အငယ်မလေးကတော့ ချစ်စိတ်ရဲ့ ပင့်မမှုနဲ့ပဲ ဒီကောင်လေးနဲ့ပဲ ရအောင်ပေါင်းဖက်ပြီး ဘဝကို ရှေ့ဆက်မယ်ပဲ တွေးမှာပေါ့။ ဆိုတော့ လှောင်အိမ်ကြီးထဲက ဘဝတွေအတွက် ကျနော်တို့တွေမှာ ဘာတွေများ ဖြန့်ကျက် တွေးနိုင်ဖို့ အကြောင်းရှိမှာတဲ့လဲ။ အရွယ်ရှိတုန်း ဆိုတဲ့စကားအောက်မှာ ကျနော်ကတော့ ဖြည့်စရာကွက်လပ် ပျောက်နေရတဲ့ လူသားသက်သက်ဆိုတာ သိလိုက်ရတယ်။ ကျနော့်မှာ ခြေထောက်တွေပါသော်လည်း ပြေးမရ။ မျက်ရည်တွေပါသော်လည်း မျက်လုံးက ငိုလို့မရ။ ခုလို မျောချင်ရာမျောနေတဲ့ အတွေးတစငင်များနဲ့ ရစ်ပတ်ကူးလူးနေရင်း အိန္ဒိယရုပ်ရှင်ထဲက အမျိုးသမီးနှစ်ယောက်ကတော့ ရွာကိုပြန်ရတော့မယ့် မိတ်ဆွေနဲ့အတူ လိုက်ပါသွားတာကို မြင်ရတယ်။
အဲဒီရွာကလေးကလည်း ကန္တာရထဲက သစ်ခြောက်ငုတ်တခုရယ်သာ ဖြစ်ပါတယ်။ လျှပ်စစ်မီးရယ်လို့ မရှိ။ ပင်လယ်နဲ့ မနီးမဝေးမှာရှိတဲ့ ခုရွာကလေးမှာ တပိုတပါးသွားဖို့ အိမ်သာကလေးရယ်လို့တောင် မရှိကြ။ ဒီလိုဒေသမှာ လူသားတွေဟာ ဘယ်လို မျှော်လင့်ချက်တွေနဲ့များ ရှင်သန်ခဲ့ကြသလဲ။ အရွယ်ရှိတုန်းဆိုတဲ့ အတွေးတွေရော သူတို့မှာ ရှိကြသလား။ ကျနော်ဟာ ဒီဇာတ်ကောင် အမျိုးသမီးနှစ်ယောက်နဲ့အတူ တသားတည်းဖြစ်သွားရင်း ရုပ်ရှင်ထဲမှာ ကျနော်က ရုပ်ရှင်ဇာတ်ကားတခုကို ပြန်ရိုက်မိနေပါတယ်။
ဇာတ်သိမ်းမှာ လူအများကြီးက လက်ခုပ်လက်ဝါး လာမတီးကြ။ ကျနော့်ရဲ့ ရုပ်ရှင်မင်းသား ဖြစ်နေမှုအပေါ်ကို အထင်ကြီး အားကျတာမျိုး မရှိကြ။ ကျနော့်ရဲ့ ရုပ်ရှင်ဇာတ်လမ်းစစ်စစ်ထဲက ဆွေမျိူးညာတိတွေက ကျနော့်ဆီကလာမယ့် နှုတ်ဆက်စကားတွေအတွက် အထိတ်တလန့် တိမ်းရှောင်လျက်သား ဖြစ်နေရင်း ရွံကြောက်ကြီး ကြောက်နေကြတယ်။ ထိုအခါမှာ ကျနော်တတ်နိုင်ခြင်းအဖို့က ခုလိုရုပ်ရှင်ထဲကနေပဲ အရာရာကိုရှုမြင်ရင်း အရွယ်ရှိတုန်းဆိုတဲ့ အရာထဲက နုပျိုနေတုန်းပဲဖြစ်တဲ့ စိတ်ခံစားမှုတွေထဲကို မျှောချ မေ့ဖျောက်ဖို့ပဲ ရှိပါတယ်။ သို့ပေတဲ့လည်း ကျနော် ကြည့်နေ ကြိုက်နေရတဲ့ ရုပ်ရှင်တွေက လက်တွေ့ဘဝတွေထက် လက်တွေ့ဘဝ ပိုမိုဖြစ်လွန်းနေခဲ့တာ။ ကျနော့်ရဲ့ ဘဝပျောက်မှုများအတွက် ခါးစည်းခံရင်း ဒါဟာ ဘဝပဲလို့ ပကတိအသိကိုသာ သိစေလိုက်တာ စလို့ လူတကိုယ်လုံးကို ဖနောင့်ကြီးကြီးနဲ့ ပေါက်ချလိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ။ သို့ပေသော်လည်း ကျနော် ပျော်ရွှင်ရပါတယ်။ စင်စစ် သော အနုပညာတွေဟာ ဘဝအစစ်ကြီးထဲကို ပြုတ်ကျပြီး ရောက်ရှိလိုက်ခါကျမှ ထပ်တူ နားလည်လိုက်ရတဲ့အကြောင်း စလို့ ရင်နာနာနဲ့ နားလည်ချိုမြိန်ရတဲ့ အကြောင်းမျိုးရယ်ပေါ့။
All We Imagine as Light ရုပ်ရှင်ကို ပိတ်လိုက်တော့ ည နှစ်နာရီကျော်။ CB က Reply မှာတော့ မင်းတို့လိုကောင်တွေကို ဘယ်သူက အလုပ်ခန့်မှာလဲ၊ ဘာကိစ္စ ငါ့အိမ်က ပိုက်ဆံထုတ်ပေးရမှာလဲ ဆိုတဲ့ စာတစောင်။ ကျနော် ဖုန်းကိုပိတ်လိုက်ရင်း As We Imagine As Light ဇာတ်သိမ်းကို ပြန်ရစ်လိုက်တော့ ကမ်းစပ်က မီးရောင်သဲ့သဲ့ကလေး။ ပင်လယ်ကမ်းအနားသ_တ်က စားသောက်ဆိုင်ကလေး။ ကြယ်ရောင်တွေ တောက်ပနေတဲ့ ညကလေးထဲမှာ ဆိုင်ကလေးကလည်း ရောင်စုံမီးတွေနဲ့အတူ လင်းလဲ့လို့နေတယ်။ သီချင်းသံ သဲ့သဲ့ကလေးလည်း ထွက်ပေါ်လျက်သား ရှိနေတယ်။ ဒီလိုနဲ့ပဲ ညက နက်ရှိုင်းတိုးတိတ်လာလေတော့ ကျနော့်အဖို့လည်း ငေးမောရင်း မျက်လုံးတွေမှိတ်ပစ်ရုံပဲ ရှိတော့တာမျိုးပေါ့။
Be the first to comment