မင်းကိုရှာလိုက်ရတာ အပိုင်း (၃) ဇာတ်သိမ်းပိုင်း

“မင်းကိုရှာလိုက်ရတာ”
◾ပေး
​အပိုင်း (၃)
ဇာတ်သိမ်းပိုင်း
​သူပြတဲ့ ဖုန်းစခရင်ပေါ်က ဝါကျင့်ကျင့် အဖြူအမဲ ဓာတ်ပုံတစ်ပုံက သူ့ဘေးနားမှာရှိနေရတဲ့ မသက်သောင့်မသက်သာဖြစ်မှု၊ ဘာမှန်းမသိ ကြောက်ရွံ့မှုတွေကို ငါဆီကနေ ချက်ချင်းဆိုသလို လွင့်ပြယ်သွားစေခဲ့တယ်။
ဓာတ်ပုံကိုကြည့်ရင်း အံသြမှုနဲ့အတူ နှစ်သိမ့်မှုတစ်ခုကို ငါခံစားလိုက်ရတယ်။ ဒီဓာတ်ပုံကို တခြားသူငယ်ချင်းတွေသာ မြင်ရင်နင်ဘယ်တုန်းက ရိုက်ထားတာလဲလို့ မေးရလောက်အောင်ပဲ။
ငါ ဝတ်လေ့ရှိတဲ့ ရှပ်အင်္ကျီ၊ ပုဆိုးပုံစံမျိုးနဲ့ ငါဆံပင်ပုံစံအတိုင်း ငါ့နဲ့ချွတ်စွပ်နီးပါးတူတဲ့ ကောင်လေးတစ်ယောက်၊ သူ့ပခုံးကို လက်တင်ထားတဲ့နေကာမျက်မှန်တပ်ထားတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်၊ သူတို့နှစ်ယောက် သစ်ပင်ကြီးတစ်ခုရှေ့မှာ မတ်တတ်ရပ်နေတဲ့ ဓာတ်ပုံတစ်ပုံ။ ငါ့မှာ ဒီလိုအမှတ်တရမျိုး မရှိခဲ့တာကြောင့် ဒါဟာ ငါမဖြစ်နိုင်ဘူးဆိုတာ ငါသိတယ်။
တခြားသူတစ်ယောက်ဆိုရင်တော့ ဒါငါပဲလို့ထင်မှာ။
​ဓာတ်ပုံဆီကအကြည့်ကို သူဆီကို ရွှေ့လိုက်မိတော့ သူ့မျက်လုံးတွေမှာ ဝမ်းနည်းမှုအစား စိတ်သက်သာရာရမှုတစ်ခုကို မြင်လိုက်ရတယ်။ နောက် သူ့ရဲ့ဖုန်းစခရင်ကို လက်လေးနဲ့ ဖြတ်ခနဲ ရွှေ့လိုက်တယ်။
နောက်ထပ် ဝါကျင့်ကျင့် အဖြူအမဲ ဓာတ်ပုံတစ်ပုံ။ အွန်းလိုင်းပေါ်၊ ဆိုရှယ်မီဒီယာအပေါ် တင်ပြီး အချင်းချင်းရှယ်လေ့ရှိတဲ့ ၈၈ဆန္ဒပြပွဲမှတ်တမ်းပုံတွေထဲက ဓာတ်ပုံတစ်ပုံ လိုမျိုး။ ဒီမတိုင်ခင် ဒီဓာတ်ပုံကို ငါ မြင်ဖူးခဲ့လားတော့ မသေချာဘူး။
အဲဒီဓာတ်ပုံထဲမှာလည်း လက်သီးလက်မောင်းတန်းပြီးလမ်းလျှောက်နေတဲ့ လူအုပ်တွေကြားမှာ ငါနဲ့တူတဲ့ ကောင်လေးတစ်ယောက်။ အဲဒီကောင်လေးက သွားလေးတွေပေါ်အောင်ရယ်မောနေပြီး သူ့လက်တစ်ဖက်ကို တခြားလက်တစ်ဖက်က ဆွဲကိုင်ထားတယ်။ ဒါပေမဲ့ လက်တစ်ဖက်ကနေ လွှဲပြီးကိုင်ထားတဲ့သူဟာ လမ်းလျှောက်နေတဲ့ လူအုပ်ကြားကွယ်နေတယ်။
​”ဒီဓာတ်ပုံကို မတွေ့ခင်အထိ ခုနပုံက ညီလေးနဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံပဲ။ ဒီပုံကိုတော့ လိုင်းပေါ်ကတွေ့လို့ အစ်ကိုဆေ့ဗ်ထားတာ” လို့သူက ရေရွတ်သလို ပြောလိုက်တော့ ငါသူ့ကိုကြည့်မိသွားတယ်။
သူ့ကိုယ်သူ အစ်ကိုလို့ သုံးလိုက်တဲ့ သူ့ရဲ့မျက်နှာအသွင်အပြင်ဟာ တင်းရင်းနေသေးပေမဲ့ အရေးအကြောင်းတွေ ပေါ်စပြုနေပြီဖြစ်တာကြောင့် ငါ့အတွက်တော့ ဦးရွယ်လောက်ရှိနေပြီ ထင်တယ်။ “ခုနကပုံမှာ မျက်မှန်နဲ့က အစ်ကိုပဲလေ၊ ဒီပုံထဲမှာတော့ ကိုယ်မပါဘူး၊ ဒါပေမဲ့သူ့ကိုတွဲထားတာလက်က အစ်ကိုပဲ” လို့ သူဆက်ပြောလိုက်တယ်။
သူ့စကားအဆုံးမှာ ငါ့တွေးနေမိတာက ပါးရိုးတွေအထိ ဖုံးနေတဲ့နေကာမျက်မှန်အောက်က မျက်နှာအကျနဲ့ အခုမြင်နေရတဲ့ သူ့မျက်နှာကို တူလည်းမတူဘူး ဆိုပြီးတော့ပေါ့။ အရွယ်တွေအများကြီးကွာသွားပြီပဲ ဘယ်တူတော့မလဲ။
​အရင်ကအကြောင်းတွေကို ပြန်တမ်းတပြီး ပြောနေသလိုမျိုးနဲ့ အခုလက်ရှိအကြောင်းတွေကိုပါရောယှက်ပြီး အစီအစဉ်မကျတဲ့စကားတွေကို သူဆက်ပြောတယ်။
ငါ့အကြောင်းပြောနေတာလား၊ သူ့အကြောင်း ငါ့ကိုပြောနေတာလား မကွဲပြားတဲ့ သူ့ရဲ့ စကားတွေ။စကားပြောနေရင်းနဲ့ သူဘယ်နှခါလောက် ဝမ်းနည်းသွားပြီး ဘယ်နှခါလောက်က ရှက်သွားလဲ၊ ဘယ်နှခါလောက်က ရယ်နေလဲဆိုတာတော့ငါ သေချာတော့ မမှတ်မိတော့ဘူး။ သူ့ရဲ့ အစီအစဉ်မကျတဲ့ စကားတွေကိုတော့ ငါ့မှတ်မိနေသေးတယ်။
​”အဲဒီအချိန်က ညီနဲ့ နောက်ဆုံးရှိခဲ့တာပဲ”၊ “အဲဒီတုန်းက အစ်ကို့လက်တွေကို ဘယ်အကြောင်းရင်းနဲ့မှ မလွတ်ခဲ့သင့်ဘူး”၊ “အဲဒီတုန်းကကြုံခဲ့ရတဲ့ အဖြစ်ပျက်တွေထက် ညီ့ကိုပြန်မတွေ့တော့တာက ပိုပြီးထိတ်လန့်ဖို့ကောင်းတယ်ဆိုတာကို သိရင် အစ်ကိုဘယ်တော့မှ လွတ်မိမှာမဟုတ်ဘူး”၊ “အဲဒီကတည်းက ညီ့ကို မတွေ့တော့တာ”၊ “ဖမ်းဆီးခံရတဲ့ သတင်းတွေမှာ ညီမပါခဲ့ဘူး”၊ “သေဆုံးစာရင်းထဲမှာ ညီမပါခဲ့ဘူး”၊ “ညီပျောက်ဆုံးနေတာ”၊ “မရေရာသတင်းတွေနဲ့ အတည်မပြုနိုင်တဲ့စာရင်းတွေကြား ညီ့ကို အစ်ကိုရှာနေတာ အဲဒီကတည်းက ဒီနေ့အထိပဲ”၊ “ဦးနှောက်ကသိတယ် ဒါမဟုတ်မှန်း ဒါပေမဲ့ အစ်ကိုလက်မခံနိုင်ဘူး”၊ “ညီက ညီမှ ညီပဲလေ၊ အခြေအနေတွေကအတူတူပဲဆိုတော့ ပထမတော့ မျှော်လင့်လွန်းတဲ့ စိတ်ဇောကြောင့် အမြင်မှားတာပဲလို့ထင်တာ”၊ “နှစ်ပေါင်းသုံးဆယ်ကျော်လုံးလုံး အစ်ကိုတို့မှတ်မိတာက ဒီပုံစံ ဒီပုံရိပ်ပဲ၊ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သိပေမဲ့ မပြောင်းလဲသေးတဲ့ ညီ့ကိုပြန်တွေ့တာ”၊ “မှော်ဆန်တဲ့ဖြစ်ရပ်တစ်ခုကို ကြုံနေရတာလို့ စိတ်ရူးပေါက်ပြီး အစ်ကိုယုံကြည်လိုက်မိတယ်ထင်တယ်”၊ “ဒီတစ်ခေါက်မှာ ညီ့ကို ထပ်မပျောက်ဆုံးချင်တော့ဘူး”၊ “အစ်ကိုနည်းနည်းလွတ်သွားတယ်ထင်တယ်”၊ “တကယ်တော့ အစ်ကို ညီ့ကိုတောင်းပန်ရမှာ ဟုတ်တယ်မဟုတ်လား”၊ “ညီလည်း တော်တော်လန့်သွားမှာပဲ”၊ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”၊ “ဒါပေမဲ့ ညီက အစ်ကိုရဲ့ညီ မဟုတ်ဘူးဆိုတာကို လက်ခံဖို့ အစ်ကို့အတွက် ခက်တယ်”၊ “အဲဒီနေ့က ညီ မပျောက်သွားရင် ကောင်းမယ်ဆိုတဲ့စိတ်နဲ့ ညီ့ကိုရှာနေရတဲ့ နေ့တွေကို အစ်ကို ဆုံးသတ်ချင်ပြီ”၊ “တကယ်ပါ တောင်းပန်ပါတယ်”၊ “တစ်ချိန်တည်းမှာပဲ ညီဟာ အစ်ကိုရှာနေတဲ့ ညီမဟုတ်ဘူးဆိုတာကိုလည်း အစ်ကိုသိနေတာပဲ”၊ “ဘယ်တရားနဲ့မှ ဖြေလို့မရတဲ့ နောင်တတွေ အပြစ်မကင်းတဲ့စိတ်တွေ”၊ “အစ်ကို ရူးနေတာ မဟုတ်ရင် တစ်ခုခုပဲလို့ ညီထင်နေမှာပေါ့”။
​မရပ်မနားပြောနေတဲ့ သူ့ရဲ့ စကားတွေကို ကြားဖြတ်ပြောဖို့ ငါ့မှာစိတ်ဆန္ဒမရှိခဲ့သလို သူ့ရဲ့စကားတွေကို အာရုံလွှဲပစ်ဖို့လည်း စိတ်ဆန္ဒမရှိခဲ့ဘူး။
ပြန့်ကျဲနေတဲ့ သူရဲ့စကားတွေက ငါ့ကို စိတ်ဝင်တစားဖြစ်စေတယ်။ သူ့ကို ဘယ်လိုစကားတွေက နှစ်သိမ့်ပေးနိုင်မလဲဆိုတာကို ငါတွေးနေမိပြီး သူ့ရဲ့ စကားတွေအဆုံးမှာ သူ့ကို တုံ့ပြန်ဖို့ ငါမှာ စကားတွေ အဆင်သင့်ဖြစ်နေခဲ့တယ်။
ငါဘယ်တုန်းကမှ ဘယ်သူကိုမှ မပြောခဲ့ဖူးတဲ့ စကားတွေကို ငါသူ့ကို ပြောမိသွားတယ်။ ဘယ်ကနေဖတ်ခဲ့၊မှတ်ခဲ့၊ကြားခဲ့တာလဲ ဆိုတာကို မသိတဲ့ စကားလုံးတွေ။ ပုံမှန်ဖြစ်လွန်းတဲ့ ငါ့အတွက် သိပ်ကို ကြီးကျယ်နေမလားလို့ ထင်စရာကောင်းတဲ့ စကားလုံးတွေ။ ငါ့ကိုငါလည်း အံသြရတဲ့ စကားလုံးတွေ။ဒါပေမဲ့ ဒီစကားလုံးတွေက သူကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင်မယ့်စကားလုံးတွေလို့ ယူဆပြီး ငါသူ့ကို ပြောဖြစ်ခဲ့တာ။
​”ဦးလေး”လို့ခေါ်ပြီး ငါ့ရဲ့စကားကို စလိုက်တယ်။ တကယ်တော့သူသုံးတဲ့ “အစ်ကို”ဆိုတဲ့နာမ်စားကို သုံးရင်ကောင်းမလားလို့ စဉ်းစားမိလိုက်သေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲ သူ့ကိုနှစ်သိမ့်ပေးချင်နေပါစေဦးအဲဒီအထိ ငါ့အတွက် သူက သူစိမ်းပဲမို့ အဲဒီနာမ်စားကို ငါမသုံးချင်ဘူးဖြစ်ခဲ့တယ်။ ဦးလေးရွယ်မို့ ဦးလေးလို့ခေါ်တာပဲ ငါမမှားဘူးလေ။
ငါ့ရဲ့ခေါ်သံအဆုံးမှာ သူ့ကို ပထမဆုံးအကြိမ်ပြောတဲ့ ငါ့ရဲ့ စကားတွေကိုကြားဖို့အတွက် သူက အဆင်သင့်ဖြစ်နေတဲ့ပုံနဲ့ ငါ့ကို ကြည့်နေတယ်။အဲဒီမှာ ငါဆက်ပြောခဲ့တယ်။
​”ဟိုတုန်းကတည်းကနေ အခုထိ ဦးလေး ရှာနေတာက ဦးလေးရဲ့ညီကို မဟုတ်လောက်တော့ဘူး။ ဦးလေးရှာနေတာ ဦးလေးညီ ဘာဖြစ်သွားတာလဲ၊ သူဘာတွေဖြစ်ခဲ့တာလဲ ဆိုတဲ့ တိကျသေချာတဲ့ သတင်းတစ်ခုပဲ။ အဲဒီသတင်းပေါ်မှာမူတည်ပြီး ဦးလေးဟာ ဝမ်းနည်းကြေကွဲချင်ခဲ့တာ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက် အပြစ်တင်ချင်ခဲ့တာ၊ နောင်တတွေနဲ့ ယူကြုံးမရဖြစ်ချင်ခဲ့တာ၊ သူနဲ့ပတ်သက်တစုံတယောက် ဒါမှမဟုတ် တစုံတယောက်ထက်ပိုတဲ့ အဖွဲ့အစည်းတစ်ခုကို အပြစ်ပုံချပြီး မုန်းနေချင်ခဲ့တာ။ ဒါပေမဲ့ ဒါတွေအားလုံးကို ဦးလေးအနေနဲ့ ဘာမှခံစားဖော်ထုတ်ခွင့်မရဘဲ ပိတ်မိနေတာဖြစ်မှာ။ အဲဒီအတွက် သူ့နဲ့ပတ်သက်ပြီး မဆုံးသတ်နိုင်သေးဘဲမျှော်လင့်ချက်တစ်ခုနဲ့ ရှာဖွေနေရတာ ဦးလေးပင်ပန်းနေလောက်ပြီပေါ့။ ဦးလေး လွှတ်ချလိုက်သင့်ပြီ။ လွတ်မြောက်မှုကိုရှာရမှာ။ လူ့အခွင့်အရေးအရဆိုရင်လည်း သူ့အတွက် တရားမျှတမှုကို ဦးလေးက ရှာရမယ်ထင်တယ်။ သူကိုမဟုတ်တော့ဘူး။ သူသေဆုံးသွားတယ်ဆိုရင်လည်း ဘယ်လိုပုံစံမျိုး သေဆုံးခဲ့ရတာလဲ၊ ဘယ်မှာသူ့ကိုသင်္ဂြိုလ်ခဲ့တာလဲ၊ ပျောက်ဆုံးနေရင်လည်း ဘယ်လိုပုံစံမျိုးနဲ့ ပျောက်ဆုံးခဲ့ရလဲဆိုတဲ့ အမှန်တရားကို ဦးလေးရှာဖွေရမှာ။ ကျနော်ပြောတာ ဟုတ်တယ်မဟုတ်လား။” ဆက်တိုက်ဆိုသလို ခေါင်းထဲပေါ်လာတဲ့ စကားတွေကို ခပ်မြန်မြန်ပြောခဲ့မိတာတွေက တကယ်အလုပ်ဖြစ်ပြီး သူ့ကို နှစ်သိမ့်မှုဖြစ်စေခဲ့လား ငါမသေချာပေမဲ့ အသက်ရွယ်ကြီးရင့်တဲ့ ယောက်ကျားကြီးတစ်ယောက် မျက်ရည်တွေကျပြီး အသံထွက်ရှိုက်ငိုနေတာကိုတော့ ငါအသေအချာ တွေ့လိုက်ရတယ်။
သူ့ရဲ့ ရှိုက်သံတဖြည်းဖြည်းနဲ့ ရပ်သွားသလို အခန်းထဲမှာ ကိုယ့်အဖွဲ့နဲ့ကိုယ် တီးတိုးတီးတိုး ပြောနေတာတွေလည်း ရပ်သွားတယ်။တိတ်ဆိတ်သွားတဲ့အခြေအနေတစ်ခုက အချင်းချင်းကြားအပြန်အလှန်အကဲခတ်ဖို့ ဖြစ်စေခဲ့တယ်။
အခန်းထဲက တိတ်ဆိတ်ငြိမ်သက်နေတဲ့လူတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်တာက သေနတ်ပစ်ဖောက်အသံတွေ။ အခန်းရှေ့ပြတင်းပေါက်နဲ့ နီးသူတွေရဲ့ စိတ်မသက်မသာစွာနဲ့ ရေရွတ်သံတွေကြောင့် အခန်းထဲမှာရှိတဲ့ လူအားလုံးနီးပါးဟာ အဲဒီပြတင်းပေါက်နားကို ရွေ့ပြီးချောင်းကြည့်ဖို့ ဖြစ်သွားခဲ့တယ်။ ငါအပါအဝင်ပေါ့။
မြင်ရတဲ့မြင်ကွင်းက ဘုရားတမိလောက်အောင်ပဲ။ငါမသေသေးဘူးဆိုရင် ဒါဟာ ငါအရှင်လတ်လတ်နဲ့ မြင်ခဲ့ရတဲ့ ငရဲပဲ။ ကွန်ကရစ်လမ်းပေါ် ဖြာခနဲ ဖြာခနဲ စီးကျနေတာက မက်မန်းဝိုင်တွေလား။ မဟုတ်ဘူး။ ဒါတွေဟာ သွေးတွေ။ ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်ခံရတဲ့ လူတစ်ယောက်ကနေ ယိုစီးလာတဲ့ သွေးတွေ။ ဘယ်အတိုင်းအတာထိများ ဆက်ပြီးလုပ်ကြဦးမှာလဲ။
နာကျင်မှုတွေကြောင့် မထနိုင်တော့တဲ့ နောက်ထပ်တစ်ယောက်၊ နောက်ထပ်တစ်ယောက်၊ သုံးလေးငါးယောက်။
​ဒါဟာ ငါ့ရဲ့သေကြောင်းကြံစီမှု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါလွတ်မြောက်သွားနိုင်တာရော မဖြစ်နိုင်ဘူးလား။
ဒါဟာ မိုက်ရူးရဲဆန်မှုလို့ ခေါင်းစဉ်တပ်ကောင်းတပ်နိုင်တယ်။ ဒါကို ငါကိုယ်တိုင်တောင် ရဲရင့်မှုလို့ ခေါင်းစဉ်မတပ်ချင်ခဲ့ဘူး။ ငါရူးသွပ်သွားတာဖြစ်မယ်။ ငရဲတစ်ခုကို ရှင်လတ်လတ်မြင်ခဲ့ရလို့ ငါ လုံးဝရူးသွားတာဖြစ်မလား။ အဲဒီငရဲကို ဆက်ပြီးမမြင်ချင်တော့လို့ ရူးပစ်လိုက်တာဖြစ်မလား။တစ်ခုခုတော့ တစ်ခုခုပဲ။
ဒီလိုအခြေအနေမျိုးမှာ သက်တံ့ရောင်ခြယ်အလံတစ်ခုကို ကိုင်ပြီး ကွန်ကရစ်လမ်းတွေပေါ်ကို ထွက်ဖို့ ငါအဆင်သင့်ဖြစ်နေခဲ့ပြီ။
​”ညီပြောခဲ့တာတွေကို အစ်ကိုနားလည်တယ်၊ အနည်းဆုံးတော့ ဒီအချိန်မှာ ညီတစ်ခုခုမဖြစ်သွားရင် အစ်ကိုစိတ်သက်သာရာ ရမယ်ထင်တယ်” လို့ ပြောလိုက်တဲ့အသံနဲ့အတူ ငါ့ရဲ့လက်ကို ဆွဲလိုက်တာကြောင့် ငါ့ခြေလှမ်းတွေ တန့်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်တော့ သူကို တွေ့လိုက်ရတယ်။
“အစ်ကိုလည်း လိုက်ခဲ့မယ်” လို့ သူကဆက်ပြောတယ်။ ငါ့လက်ကို သူဘယ်တော့မှ မလွတ်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်မျိုးနဲ့ ငါလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်လို့ ငါထင်တယ်။
​”ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့ ငါတို့နှစ်ယောက်ရဲ့ကြွေးကြော်သံတွေက လမ်းထဲပျံ့လွင့်သွားသလို ငါတို့နောက်က လိုက်လာတဲ့ စစ်ဖိနပ်အသံတွေကလည်း တစ်လမ်းလုံးကို ဆူညံသွားစေခဲ့တယ်။
ငါထမ်းထားတဲ့ အလံက လေထဲမှာ တလွင့်လွင့် ဖြစ်နေသလိုသေနတ်ထဲက ထွက်လာတဲ့ ကျည်ဆန်တွေလည်း လေထဲ ဝဲပျံနေမှာပဲ။ ရော်ဘာကျည်လား၊ ကျည်ဆံအစစ်လား ငါတို့မသိ။ ငါတို့ကိုယ်ခန္ဓာအထဲ ဖောက်မဝင်သေးဘူးဆိုတာတော့ သိတယ်။
ငါတို့နဲ့ဘယ်လောက်နီးနီးကပ်ကပ်အထိ သူတို့ရောက်နေပြီလဲ။ အနောက်ကနေ ဘယ်လိုချိန်ရွယ်ပစ်နေမလဲ ဆိုတာကို ငါတို့အာရုံစိုက်ဖို့ထက် ငါတို့ရဲ့ ပြေးနှုန်းတွေ နည်းနည်းလေးမလျော့သွားဖို့ကို ငါတို့အာရုံစိုက်နေရတယ်။ ငါတို့ပြေးနှုန်းတွေ မလျော့သွားဖို့လိုတယ်။ ဘယ်အချိန်မှလွတ်မြောက်မလဲမသိပေမဲ့ လွတ်မြောက်တဲ့အထိ ငါတို့ပြေးရမယ်လို့ ငါတို့သိထားတယ်။
​မိုးပေါ်ကနေ ငါတို့အပေါ် အဖြူရောင်အမှုန်လေးတွေ ပြန့်ကျဲ ကျဆင်းလာခဲ့တယ်။ နှင်းတွေများလား။ မဖြစ်နိုင်ဘူးဆိုတာ ငါသိတာပေါ့။ ရန်ကုန်လို အပူပိုင်းဒေသရဲ့ နွေဦးမှာ ဘယ်လိုလုပ်နှင်းတွေရှိနေမှာလဲ။
ငါ အားကုန်သုံးပြီး ပြေးနေရသေးတာပဲ။ မသေခင်မှာတောင် ထင်ယောင်ထင်မှားတွေ မြင်နေရပြီလား။ မဟုတ်ဘူး။ ဒါက တကယ်ဖြစ်ခဲ့တာ။ ဘယ်ဘုရား၊ ဘယ်နတ်သိကြားကမှ ငါတို့ကို ကယ်တင်ဖို့မကြိုးစားကြပေမဲ့ လူတွေကတော့ ငါတို့ကို ကူညီဖို့ ကြိုးစားခဲ့ကြတယ်။
အထပ်မြင့်တိုက်ခန်းတစ်ခုပေါ်ကနေ ဂျုံမှုန့် ဒါမှမဟုတ် ထုံးမှုန့်လိုမျိုး အဖြူရောင်အမှုန့်တွေကို ကျဲချလိုက်တာဖြစ်မှာ။ ကျေးဇူးတင်တယ်လို့ အကျယ်ကြီးတောင် အော်ပြောချင်ခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့အင်အားတွေကို ငါ့ရဲ့ ပြေးနေခြင်းမှာပဲ ငါသုံးရမှာလေ။
အနောက်ကလိုက်နေသူတွေကို မျက်ခြေဖြတ်နိုင်ဖို့ သူတို့က ငါတို့ကိုကူညီပေးလိုက်တာဖြစ်တယ်။ ငါတို့ အမှန်တကယ်ပဲ မျက်ခြေဖြတ်နိုင်လားမသေချာပေမဲ့ သူတို့ရဲ့ကူညီပေးမှုက ငါတို့ရဲ့ အရှိန်တွေကို မြှင့်တင်ဖို့ ခွန်အားတွေကို ရစေခဲ့တယ်။ သူတို့လည်း ငါတို့ လွတ်မြောက်မှာကိုအလိုရှိနေကြတယ်လို့ ငါယုံကြည်မိတယ်။
​အဖြူရောင်အမှုန်တွေ လေထုထဲ ပျံ့လွင့်ဝေ့ဝဲနေတုန်းနောက်ထပ် ရောင်စုံအမှုန့်တွေ ပြန့်ကျဲကြဆင်းလာပြန်တယ်။ အိန္ဒိယဟိုလီနွေဦးပွဲတော်မှာ ဆော့ကစားကြတဲ့ ရောင်စုံအမှုန့်တွေ ဖြစ်မယ်ထင်တယ်။ ငါတို့ပတ်ပတ်လည်က လေထုဟာ ရောင်တွေစုံသွားခဲ့တယ်။
အရှိန်ပြင်းတဲ့ ငါ့ရဲ့ ပြေးနှုန်းမှာ ငါထမ်းထားတဲ့ သက်တံရောင်အလံဟာ ရောင်တွေစုံတဲ့ လေထုထဲ တဖျပ်ဖျပ် လွင့်ခါနေခဲ့တယ်။ ငါတို့ရဲ့ မြင်ကွင်းထဲ ကားတစ်စီး ထိုးရပ်လာခဲ့ပြီး ကားရဲ့ဘေး ဆလိုက်တံခါးဟာလည်း တဖြည်းဖြည်းချင်းပွင့်သွားခဲ့တယ်။
ငါတို့ပတ်ပတ်လည်က ရောင်စုံလေထုကိုခွင်းပြီး ပြေးနေတဲ့ ငါတို့ရဲ့ခြေလှမ်းတွေ ပိုမြန်သွားခဲ့တယ်။ ကားပေါ်ကိုရောက်ရင် ငါတို့လွတ်မြောက်ပြီလို့ ငါယုံကြည်သလို ကားပေါ်ကို ငါတို့နှစ်ယောက်လုံးရောက်မယ်လို့လည်း သံသယကင်းစွာ ငါယုံကြည်ခဲ့တယ်။
​ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သံသယတွေထက် ယုံကြည်ရခြင်းတွေကို ငါ ပိုကြိုက်တယ်။
About The Call 605 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*