ရင်ကွဲဘူတာ

“ရင်ကွဲဘူတာ”
◼️ညီလင်းအိမ်
အရေးအသား အင်မတန်ကောင်းတဲ့ စာရေးဆရာတယောက်ယောက်ရဲ့ ဇာတ်လမ်းတပုဒ်ပုဒ်များ ဖတ်ရပြီဆိုရင် ဇာတ်လမ်းက ဘာမှ အချိုးအကွေ့၊ အတက်အကျတွေမပါလည်း သူပုံဖော်ထားတဲ့ နောက်ခံအခင်းအကျင်းတင်ပြမှု အရေးအသားမှာတင် ကိုယ်ပါ ဇာတ်အိမ်ထဲကို ပြုတ်ကျသွားပြီး မျောပါသွားရသလိုပါပဲ။ ရုပ်ရှင်တွေမှာလည်း ကင်မရာခိုင်းစေမှု နိုင်နင်းတဲ့အခါမှာ ဇာတ်အိမ်က စာရေးကောင်းသူရဲ့ ပုံဖော်မှုလိုပဲ ကိုယ့်မျက်လုံးအိမ်ထဲမှာ ချက်ချင်းကြွတက်ပြီး ပရိသတ်ဖြစ်သူ ကိုယ်တွေပါ ရုပ်ရှင်ထဲက အနံ့အသက်တွေ ရလာသလို ခံစားရတာမျိုးဖြစ်တယ်။
ယခုရုပ်ရှင်ကလည်း အထက်က ကျနော်ညွှန်းဖွဲ့သလိုပဲ။ ပထမအဖွင့်မှာတင် ဘရာဇီး ရီယိုဒီဂျနေးရိုးရဲ့ မြို့ပြပုံရိပ်တွေထဲကို ရုတ်ချည်း စီးဆင်းသွားစေပါတယ်။ လူတန်းစားပေါင်းစုံ ဝင်ထွက်သွားလာနေတဲ့ ဘူတာရုံကြီး။ ဈေးသည်တွေ၊ ခရီးသွားတွေ၊ စတိုးဆိုင်သေးသေးလေးတွေ၊ တိုလီမုတ်စ အရောင်းသည် တွေ၊ သူဖုန်းစားတွေ၊ ဘူတာတခုလုံးက ဒီလူအုပ်ကြီးနဲ့ပဲ ပျားပန်းခပ်မျှ ရှုပ်ထွေးနေတယ်။ သူတို့တွေကို တခဏလောက် မြင်လိုက်ရတာတင် မြို့ပြရဲ့ စရိုက် လက္ခဏာတွေကို ခဏချင်း သိနိုင်တယ်။
ဆင်းရဲသား သာမန်လူတန်းစားတွေပဲ များတဲ့ ဒီမြို့မှာ မြင်ရတဲ့ ခရီးသွား နားနေရာ အဆောက်အဦးတွေကစလို့ တောက်ပြောင်စွာ မရှိ။ ဒီလူအုပ်ကြီးကြား စီးပွားလုပ်စားနေသူတွေမှာလည်း ကိုယ်ပိုင်ဥပဒေတွေနဲ့ သူတို့ပစ္စည်းကို ခိုးယူသွားတဲ့သူဆိုရင် ကလေး လူကြီးမရွေး တွေ့‌တဲ့နေရာတင် ကျည်ဆန်တတောင့်နဲ့ပဲ သင်ခန်းစာပေးလိုက်ကြတာတွေ။ ဒီလိုဘဝမျိုးထဲမှာပဲ ဒိုရာဆိုတဲ့ သက်လတ်ပိုင်း အန်တီကြီးက ကျောင်းဆရာမအလုပ်ကနေ နုတ်ထွက်ပြီး စာပို့ဝန်ဆောင်မှုကို ပြောင်းလဲ လုပ်ကိုင်နေတယ်။ သူ့အလုပ်ဌာနကတော့ ဒီဘူတာရုံကြီးပဲပေါ့။
စာမတတ်ကြတဲ့ လူအများစုအတွက် ဒိုရာတို့လိုလူတွေ လိုအပ်တယ်လေ။ သူမရဲ့စားပွဲကလေးရှေ့ ထိုင်ပြီးတော့ပဲ သူတို့စိတ်ထဲက စကားလုံးတွေဖွင့်ဟရင်း ပေးပို့လိုသူရဲ့ နေရပ်ဌာနေကိုပါ ပြောပြကြရတယ်။ အန်တီဒိုရာက သူတို့ပြောသမျှကို လိုက်ရေးပေးတယ်။ သူတို့ရေးခိုင်းသမျှ ကုံလုံသွားပြီဆိုရင်တော့ ရေးခအပြီးအစီး အခငွေကြေး ဘယ်လောက်ဆိုပြီး ဝန်ဆောင်မှုယူတယ်။ ပြီးရင် သူမကိုယ်တိုင်ကပဲ စာတိုက်ကနေ စာထည့်ပေးရတယ်။ ညနေရောက်ရင်တော့ အလုပ်သိမ်းပြီး ရထားနဲ့ပဲ အိမ်ကိုပြန်တယ်။
ရထားဥဩသံတွေ၊ စက်သံဂျုံးဂျုံးဂျက်ဂျက်တွေ တုန်မြည်နေတတ်တဲ့ ရထားလမ်းနံဘေးက ခနိုခနဲ့ တိုက်ခန်းကလေးက သူမရဲ့ ကွန်းခိုရာပါပဲ။ အောက်ထပ် မှာတော့ မိတ်ဆွေ ကျောင်းဆရာမတယောက် ရှိတယ်။ အိမ်ပြန်ရောက်တဲ့ ညတွေတိုင်းမှာ သူမတို့နှစ်ဦးသားက နိစ္စဓူဝ ဖြတ်သန်းရပုံတွေကို စကားစမြည် ပြောကြရင်းနဲ့ ပေးပို့ရမယ့် စာအိတ်တွေကို ထုတ်စစ်ကြတယ်။ ကျောင်းဆရာမဖြစ်ပေမဲ့ စာပို့သမားတယောက် ထိန်းသိမ်းစောင့်စည်းရမယ့် ကျင့်ဝတ်တွေကိုလည်း အရေးထားပုံမရှိတဲ့ အန်တီကြီး ဒိုရာက စာအိတ်တွေကို ဖောက်ပစ်လေ့ရှိသလို စာတွေလည်း ပို့ချင်မှ ပို့လေ့ရှိပါတယ်။
အခုလည်း ကြည့်။ သားအမိနှစ်‌ယောက်က ချစ်လှစွာသော ခင်ပွန်းသည်နဲ့ ဆုံချင်လို့ သူမကို အားကိုးပြီး စာတွေအရေးခိုင်း အပို့ခိုင်းတာကို ဆရာမကြီး ဒိုရာက စာရေးခိုင်းတဲ့ သူ့စကားထဲကတင် သိလိုက်ရတဲ့ ယောက်ျားဖြစ်သူရဲ့ အကျင့်စရိုက်တွေအရ စာကို အရောက်ပို့ပေးဖို့ စိတ်ဆန္ဒ မရှိပါဘူးတဲ့။ ညည်းနှယ် စဉ်းစားကြည့်၊ ဒီလို အမူးသမား အရက်သမား ယောက်ျားကိုများ ဆက်ပြီး ပေါင်းဖက်ချင်သေးသတဲ့၊ မွေးထားတဲ့ သားကလေးရှေ့ရေးလည်း ငဲ့ပါဦး၊ အဲသလို ဖအေလက်ထဲ ဆက်မွေးချင်သလား စလို့ မဲ့ကာရွဲ့ကာနဲ့ပဲ မပို့ပေးနိုင်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါသတဲ့။
ခက်တာက အဲဒီသားအမိက နောက်နေ့လည်း သူမထံကိုရောက်လာပြီး စာတွေအရေးခိုင်းတာပဲ။ ဆယ်နှစ်ကျော်အရွယ်ပန်းမျှ ရှိနေတဲ့ သားကလေးကတော့ သူမကို အမြင်ကြည်ပုံမရ။ သူ့အမေရဲ့ စိတ်ဆန္ဒကို အလေးအနက် ထားပုံမရှိမှန်း ရိပ်မိနေတဲ့ပုံ။
သားကလေးကို လက်တသပ်သပ်လုပ်နေတဲ့ မိခင်ဖြစ်သူက စာမတတ်ရှာသလို မျက်ဝန်းအိမ်ထဲမှာလည်း အားငယ်ရိပ်တွေနဲ့။ သူတို့သားအမိနှစ်ယောက်မှာ ဘယ်လိုသောကတွေနဲ့ ဘဝကို ခါးစည်းခံ ဖြတ်သန်းနေသလဲ မသိနိုင်။ ဒိုရာကတော့ ဘဝအနိမ့်အကျများစွာနဲ့ အပူဘုံကြီးထဲ လူးလားခပ်နေရတဲ့ လူမှုဘဝကြီးကို နေ့စဉ်ထိုထို မြင်သိဖြတ်သန်းနေရလို့ ကရုဏာ မုဒိတာ စိတ်စေတနာတွေဟာလည်း ဒီအပူတွေအောက်မှာပဲ ရောပါသွားပြီ ထင်ပါတယ်။ သူမ ပိုက် ဆံရဖို့ပဲ ခေါင်းထဲထည့်ထားတဲ့ပုံ။ သားအမိနှစ်ယောက်ဘဝကို စိတ်ကျေနပ်အောင်ရေးပေး ပိုက်ဆံယူပြီးရင် စာကိုမပို့ဘဲ ထားပစ်တာနဲ့ပဲ သူရို့အပေါ်ကို လူသားချင်း စာနာထောက်ထားမှုဝတ္တရား ကျေပြီလို့ပဲ သတ်မှတ်ထားပုံ ရပါရဲ့။
အဲလိုနဲ့ပဲ သားကလေးကို လက်ဆွဲရင်း ညှိုးငယ်နေရှာတဲ့ မိခင်လုံမခမျာ ဘတ်စ်ကားတစီးက သူ့မြင်ကွင်းရှေ့မှာတင် ရက်စက်စွာ တက်ကြိတ်ပစ်လိုက်လေတယ်။ ခုတော့ အားမနာလျှာမကျိုး စွက်ခနဲ စွက်ခနဲ မေးတတ်တဲ့ ကောင်လေးခမျာ ရုတ်ချည်းပဲ မိဘမဲ့ ဖြစ်သွားပြီ။ သွားစရာနေရာမရှိတော့။ ဘူတာရုံထဲမှာပဲ မျက်ရည်တဝဲဝဲနဲ့ လမ်းဘေးရောက်သွားရှာပြီ။
ဖခင်ထံကို စာပေးမပို့ခဲ့တဲ့ ဒိုရာမှာ ယင်းကလေးကို ဘူတာထဲမှာ မမြင်ချင်အဆုံး တွေ့ရပေါ့။ ဘူတာထဲမှာလည်း ပျံကျဈေးသည်တွေ၊ အဲဒီကလေးလို မိဘမဲ့ဖြစ်သွားရာကနေ စရိုက်အပျက်ဘုံထဲ ရောက်သွားတဲ့ လူဆိုးသူခိုးတွေကလည်း ဘူတာကြီးထဲမှာပြည့်လို့။ ကြုံရင်ကြုံသလို အလစ်သုတ်ကြရင်း ပိုင်ရှင်က မိတဲ့အခါမှာ ခြောက်လုံးပြူးနဲ့ အသက် စ်ခါတည်းကုန်အောင် စီရင်ခြင်းကို ခံကြရတယ်။
ဒီလိုလောကကြီးထဲမှာ ဒီကလေး ဘယ်လို ဆက်ပြီးရှင်သန်ပါ့မလဲ။ ဒိုရာ လှမ်းကြည့်ရင်း တွေးမိသွားပုံပေါ်တယ်။ သူမကိုကြည့်ရတာ တဒင်္ဂလောက်တော့ သနားစိတ် ဖြစ်သွားပုံရတယ် ထင်ပါရဲ့။
*********************
ကျူးဘားသူရဲ‌ကောင်း ချေတို့ ငယ်ဘဝကို ရိုက်ကူးထားတဲ့ မော်တော်ဆိုင်ကယ် ဒိုင်ယာရီကနေ (ယင်းဆောင်းပါးကိုလည်း The Call မဂ္ဂဇင်း အပတ်စဉ် စာမျက်နှာမှာ ဖော်ပြခဲ့ပြီး) ကျနော့်မှာ ယင်းရုပ်ရှင်ဖန်တီးသူ ဘရားဇီးလ်ဖွား ဒါရိုက်တာ Walter Salles ရဲ့ လက်ရာတွေကို ဆက်လက်ကြည့်ချင်စိတ် နိုးကြွလာတာနဲ့အတူ ဒီရုပ်ရှင်ကို ကြည့်လိုက်မိတာ ဖြစ်ပါတယ်။ ကြည့်ပြီးပြီးချင်းပဲ မျက်ရည်ဝေသလိုလို တခုခုကို တမ်းတလွမ်းမောသလို ကျန်ရစ်ခဲ့ရပါတယ်။
ယခုရုပ်ရှင်ထဲမှာ အင်မတန်မှ လှတဲ့ Tracking Shot တွေကို မြင်ရနိုင်ပါတယ်။ ဆိုပါစို့ ဘူတာရုံထဲက လူအုပ်ကြီးကြားမှာ ပြေးလွှားသွားနေတာကို ရိုက်ပြတဲ့ Shot တွေ။ ပြီးတော့ သိမ့်သိမ့်ညိမ့်ညိမ့်ကလေးနဲ့ပဲ ဘရားဇီးလ် တနံတလျားကို ဆွဲခေါ်သွားတဲ့ ရိုက်ချက်တွေ။ အမျိုးသမီးကြီး ဒိုရာနဲ့ ယင်းကောင်လေးတို့ နှစ်ယောက်အကြားက လေးလံတဲ့ သောကအထုပ်အပိုးတွေကနေ ဘရာဇီးလ်ရဲ့ ပကတိအလှတရားတွေ၊ လူနေမှုတွေကိုပါ ပိုက်ထွေးခံစားခဲ့ရပါတယ်။
အထူးသဖြင့် အောက်ခြေလူတန်စားတွေရဲ့ ဘဝမှန်ကူကွက်များပေါ့လေ။ ဖြတ်ခနဲ ရွေ့သွားတဲ့ အကန့်တွေထဲမှာ ကွဲအက်နေတဲ့ အဝါရောင်ဖန်မီးအိမ်ရှေ့က ပင့်ကူမျှင်ကဲ့သို့ အစင်းရာများ ပမာပ။ ခရစ်တော်ကို လှိုက်လှဲစွာ ကိုးကွယ်ယုံကြည်ကြပုံတွေ။ ဘုရားသခင်ဆီကို မရောက်နိုင်မှန်း သိလျက်နဲ့တောင် စာကလေးတစောင်ရေးပို့ ရင်ဖွင့်ချင်ကြတဲ့ ဆင်းရဲသားလူတန်းစားတွေ။ သူတို့စကားတွေ၊ အပြုံးတွေမှာ ချိတ်ငင်လျက်သားပါနေတဲ့ ဘဝထဲက လေးလံမှုတွေက ပျားရည်များ ယိုစိမ့်နေမှုသဖွယ်ပါပဲ။ အပြုံးတွေနဲ့အတူ မျိုချပစ်ကြတာကို မြင်ကြရ။
ဒီရုပ်ရှင်ကနေ ကျနော်တို့ တွေ့နိုင် ရနိုင်တာ ဘာပါလဲ။ ငွေကြေးမဟုတ်၊ ဘဝများထဲက နာကျင်ဖွယ် အထွေထွေကို လက်ဆင့်ကမ်း သင်ခန်းစာယူဖို့ ကရုဏာသက်‌ပေးဖို့ မဟုတ်ပါဘူး။ မေတ္တာတရားရဲ့ အဓိပ္ပါယ်ကို ကျနော်တို့တွေ ဘယ်လို ဘာသာပြန်ကြည့်ကြမလဲ ဆိုတာကိုပဲ ချင့်တွေးနေခဲ့မိတာပါ။
မေတ္တာတရား ကိုယ်ချင်းစာတရား၊ လူလူချင်း ဖေးမစောင့်ရှောက်မှုတရား မရှိတော့တဲ့ လူ့အဖွဲ့အစည်းဟာ ခဏချင်း ပြိုပျက်ရတာပဲ။ နောက်ဆုံးပေါ် နည်းပညာတွေ၊ ငွေကြေးတွေ၊ စွမ်းအားမြင့် အဖျက်လက်နက်ဆန်းတွေ စလို့ အဲဒါတွေက လူ့အဖွဲ့အစည်းကို ကာကွယ်နိုင်မယ် မြှင့်တင်နိုင်မယ်လို့ ယုံကြည် ထားပါသလား။ ကျနော်တော့ မထင်ပါဘူး။ မေတ္တာနဲ့ ဖောက်ပြီးမှ ဆက်သွားတဲ့ လမ်းမလောက်တော့ ဘယ်နေရာမှ ကာကွယ်ပေးနိုင် စိတ်ချနိုင်မယ် မထင်ပါဘူး။ လူလူချင်း ဖေးမခြင်း၊ မေတ္တာဖြင့် တည်သောစိတ်ဖြင့် စောင်မကြည့်ရှုခြင်း၊ နားလည် ခွင့်လွှတ်ပေးတတ်ခြင်းတို့ကသာလျှင် လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေမယ့် စွမ်းအားထက် လက်နက်များဖြစ်ပါတယ်။ အဲဒီအရာတွေ ပျက်သုဉ်းသွားပြီး မိမိတို့တကိုယ်ရည် အတ္တနဲ့ မိမိနဲ့ သက်ဆိုင်ပတ်သက်ရာ အဖွဲ့အစည်းလောက်ကိုသာ ကြည့်တတ်တဲ့ လူတန်းစားတွေ အားကောင်းလာတဲ့အခါမှာ ဘာတွေ ဖြစ်သွားစေသလဲ။ လူအဖွဲ့အစည်းကို ဘယ်လိုအပြောင်းအလဲ ဖြစ်စေပါသလဲ။ လက်ရှိ ဖြစ်ပျက်ခံစားနေရတဲ့ ကျနော်တို့တိုင်းပြည်က သက်သေပဲမဟုတ်ပါလား။ မိမိတို့ တကိုယ်ရည် တည်တံ့ခိုင်မာဖို့ အတွက်သာ ရှေု့ရှုခဲ့ကြတဲ့၊ မိမိတို့ ရပ်တည်လို့ရရင် ပြီးရော ဘယ်သူဘာဖြစ်ဖြစ် စလို့ အမုန်းတရားတွေ၊ အစွန်းရောက် ဖိနှိပ် ခွဲခြားမှုတွေနဲ့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးခဲ့တာတွေကြောင့် လက်ရှိမျိုးဆက်မှာ ယင်းအရာတွေကို ခါးစည်း ခံစားရရင်း နောက်ထပ်မကြုံရစေဖို့ ဘဝတွေပေး အသက်တွေပေးရင်း တွန်းလှန်နေကြရတာကို ပကတိ ရုပ်ရှင်စစ်စစ်အဖြစ် အားလုံး မြင်ကြရပါလိမ့်မယ်။
ဒီရုပ်ရှင်မှာပဲ ကြည့်ပါ။ မေတ္တာတရား၏ အဓိပ္ပါယ်ကို တနံတလျား မြင်သိပိုက်ထွေးလိုက်ရတဲ့အခါ အမြဲတစေ ငြူစူ ပိုက်ဆံရပြီးရောသာ သွားနေ ခရီးဆက် နေတဲ့ အန်တီကြီး ဒိုရာ ခရီးပန်းတိုင် တဘက်အလှမ်းမှာတော့ ဘယ်လောက်အထိ ပြောင်းလဲ လှပသွားသလဲဆိုတာ။ ရင်ကွဲဘူတာမှာ မေတ္တာငတ်မွတ်နေရှာတော့တဲ့ ကောင်လေးကို မိခင်တယောက်လို တန်ပြန်မေတ္တာတွေ ဝေမျှပြီး ဖေးမ နွေးထွေးလိုက်စေတဲ့အခါမှာ သူတို့နှစ်ယောက်အကြားက ပေါ်ထွန်းလာခဲ့တဲ့ မေတ္တာရိပ်မြုံကလေးက မြင်ရတာ ဘယ်လောက်လှသလဲ။ ပီတိမျက်ရည်‌တွေ စိုစွတ်စေသလဲ။ ဒါဟာ နာကျင်ရတဲ့မျက်ရည်များ မဟုတ်ပါဘူး။ ဆေးဖက်ဝင်တဲ့ မျက်ရည်။ သေအံ့ဆဲဆဲ ငါးကလေးတကောင်အပေါ်ကို ရွာကျပေးတဲ့ မိုးရေစက်များ ပမာပ။ သို့အတွက်‌ကြောင့် ဒီလိုရုပ်ရှင်တွေကို ခံစားပြီးကြတဲ့အခါမှာ နှလုံးသည်းပွတ်ထဲက ယိုစိမ့်လာတဲ့ မိမိတို့စိတ်ရဲ့ အသံကို နားထောင်ရင်း မြင်အောင် ကြည့်စေချင်ရဲ့။ ဒီလိုမျိုး မေတ္တာတွေနဲ့ ရစ်ပတ်ခရီးဆက်ကြတဲ့ လူသားတို့ရဲ့ ဘဝခရီးပန်းတိုင်တွေက ဘယ်မျှအထိ လှပရသလဲ ဆိုတာကိုလေ။
ရုပ်ရှင်ရည်ညွှန်း – Central Station Movie (1998)
About The Call 617 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*