
“တော်လှန်ရေးဦးတည်ရာနဲ့ ရလဒ်”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဒီအပတ်အတွင်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက မြို့တွေဖြစ်တဲ့ အရာတော်၊ ဝက်လက်၊ မြင်းမူ၊ ကနီ၊ မင်းကင်း၊ ကလေးဘက်တွေကို တနယ်မဟုတ်တနယ် နေ့စဥ်ဆိုသလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်။ စစ်ကိုင်းနဲ့အပြိုင် မန္တလေးအထက်ပိုင်းက သပိတ်ကျဥ်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တွေလည်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ပါဝင်တာကိုတွေ့ရတယ်။
ဒါကြောင့် အင်းတော် ကျသွားပြီးတဲ့နောက်ပိုင်း စကစဟာ စစ်ကိုင်းနဲ့မန်းကို ပြန်ပြီး တင်းထားဖို့လိုတယ်လို့ ယူဆထားပုံရတယ်။ တချိန်တည်းမှာ အင်းတော်အနီးက ကသာကို စစ်အင်အားအများအပြား ဖြည့်တင်းလာတယ်။
‘အာဆီယံ အသံထွက်’
စစ်ကိုင်းငလျင်ကို မန္တလေးငလျင်လို့ နာမည်ပြောင်းချင်တယ်ဆိုပြီး အသံထုတ်လာတဲ့ စကစဟာ စစ်တပ်အကြီးအကဲ မိသားစုလိုက် တောင်ကြီးမှာ ထီးတော်တင် ယတြာချေတဲ့အပြင် ရုံးတချို့ ရန်ကုန်ကို ပြန်ရွှေ့ပြောင်းဖို့ စီစဥ်လာတဲ့အတွက် ငလျင်ဒဏ်ရဲ့ ရိုက်ခတ်မှုဟာ နေပြည်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ရေးယန္တရားအပြင် စစ်တပ်အကြီးအကဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေပါ ရှိနေမယ်လို့ ယူဆနိုင်တယ်။
တဘက်မှာ စစ်ကိုင်းငလျင်ဟာ အာဆီယံကို လူသားချင်းစာနာမှု အထောက်အကူ ဆိုတဲ့ခေါင်းစဥ်နဲ့ မြန်မာကို အာဆီယံ မူ ၅ ချက်ထဲ ပြန်ထည့်ဖို့ အခါပေးတဲ့သဘော ဖြစ်လာတယ်။ အာဆီယံဟာ မြန်မာကို ခုလို ဘာမှ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက် မပေးနိုင်တဲ့အတွက် သံတမန်ရေးအရကော အဖွဲ့အစည်းအရပါ စွမ်းဆောင်ရည်မဲ့တယ်ဆိုတဲ့ နာမည်ဆိုးကို ၄ နှစ်ကြာလာအောင် သယ်ယူလာခဲ့ရတဲ့ သဘောဖြစ်တယ်။
မလေးရှား ဥက္ကဋ္ဌဖြစ်တဲ့ ဒီနှစ်မှာ အာဆီယံဟာ စကစနဲ့နီးစပ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားက အစိုးရပြုတ်တွေဖြစ်တဲ့ သက်ဆင်နဲ့ ဟွန်ဆန်ကို အထူးကိုယ်စားလှယ်အနေနဲ့ ခန့်အပ်ထားတာ တွေ့ရတယ်။ သင်္ကြန်အပြီး ထိုင်းကို ဒုတိယအကြိမ်သွားပြီး မလေးဝန်ကြီးချုပ်နဲ့ မအလ တွေ့မှာဖြစ်တဲ့အတွက် ငလျင်ဒဏ်မိပြီး စစ်ရှုံးနေတဲ့ မအလကို ဒီတခါတော့ နားသွင်းနိုင်လိမ့်မယ်လို့ ယူဆထားပုံရတယ်။
ဒါပေမယ့် အခြေအနေတွေကို ပြန်ကြည့်ရင် တရုတ်က လားရှိုး (ကိုးကန့်) နဲ့ အသံနည်းနည်း ထွက်လာတဲ့ မိုးကုတ် (တအာင်း) ကို နယ်မြေတွေ ပြန်ဆုတ်ခိုင်းရင်း နယ်နိမိတ် အကြမ်းသတ်မှတ်ချက်နဲ့အတူ နယ်မြေတည်ငြိမ်ရေးနဲ့
ရှမ်းမြောက်၊ ကေအင်ယူနဲ့ ကေအိုင်အေ တရုတ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးမယ်၊ ရှေ့တဆင့် တက်နိုင်ရင် ဆုတ်သွားတဲ့ နယ်မြေတွေမှာ နောင်တချိန်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို မြို့ပေါ်တွေမှာ အနည်းဆုံး ဟန်ပြလုပ်မယ့်သဘော မှန်းဆထားပုံရတယ်။
ဆိုလိုတာက တရုတ် ဖိအားပေးတည်ငြိမ်မှုကို ရှမ်းမြောက်မှာ အကောင်အထည်ဖော်၊ အာဆီယံ လူသားချင်းစာနာမှုကို စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်မှာ လုပ်နိုင်ဖို့အတွက် စကစ လိုအပ်လာတဲ့နေရာတွေဟာ စစ်ကိုင်းနဲ့မန္တလေးကို မြို့တွေမှာ ငြိမ်အောင် ပြန်ထိန်းထားနိုင်ဖို့ဖြစ်တယ်။ တပြိုင်တည်းမှာ နုဂျီကို အာဆီယံဘက်က ကမ်းလှမ်းချက်တစုံတရာ ဒီလထဲထွက်လာဖို့ ကြိုးစားမယ့်သဘောဖြစ်တယ်။ ဧပြီ ၂၄ ရက်ဟာ ဂျာကာတာမူ ၅ ချက်ရဲ့ ၄ နှစ်ပြည့်မြောက်နေ့ဖြစ်တယ်။ မလေးရှားနဲ့ စကစရဲ့ ဒီတွေ့ဆုံပွဲမှာ ရိုကိစ္စတွေပါ ပါဝင်လာမယ်ဆိုရင် ရခိုင်ဟာ ဒီနည်းဗျူဟာနဲ့ အစီအစဥ်တွေထဲမှာ တနည်းနည်းနဲ့ ပတ်သက်လာရဖို့ ရှိနေတယ်။
စကစဘက်က သံတမန်ရေးကို ပုံစံတမျိုးနဲ့ ပြန်အသက်သွင်းနေချိန်မှာ နုဂျီနဲ့ ဒေသဆိုင်ရာ တော်လှန်ရေးတပ်တွေကြားက အဟကို ဘေးဝိုင်းတီးပေးနေကြတဲ့ သတင်းတွေကိုလည်း တမျိုးမဟုတ်တမျိုး တွေ့နေရမှာဖြစ်တယ်။ ပုံမှန်မှာ ညီနောင် ၃ ဖော် ငြိမ်နေရင် ကချင်နဲ့ ကရင်ဘက်က တိုက်ပွဲသံတွေ ပြန်ကြားလာရတဲ့ သဘောရှိတယ်။ ဒီရက်ပိုင်း ကော့ကရိတ်ဘက်ကို KNLA တွေ တိုက်နေတဲ့အတွက် မကြာခင်မှာ ကေအိုင်အေဘက်က ဗန်းမော် သို့မဟုတ် ကချင်-စစ်ကိုင်း ထိစပ်နေတဲ့နယ်တွေမှာ သေနတ်သံတွေ ပြန်ကြားလာရဖို့ ဖြစ်နိုင်ခြေရှိတာ တွေ့ရတယ်။
‘အခြေအနေ၊ လားရာနဲ့ ရလဒ်’
တော်လှန်ရေးတရပ်ကို လေ့လာတဲ့ ကျွမ်းကျင်သူတွေဟာ တော်လှန်ရေးကို အပိုင်း ၃ ပိုင်းခွဲပြီး သုံးသပ်လေ့ရှိတာကို တွေ့ရတယ်။ ပထမပိုင်းက တော်လှန်ရေးဖြစ်ပေါ်စေမယ့် အခြေအနေတွေ (Situations)၊ တော်လှန်ရေးဦးတည်နေတဲ့ လမ်းကြောင်းတွေ (Trajectories) နဲ့ တော်လှန်ရေးက ထွက်ပေါ်လာမယ့် ရလဒ်တွေ (Outcomes) ဆိုပြီး ဖြစ်တယ်။
ဒီနေရာမှာ ပထမပိုင်းဖြစ်တဲ့ တော်လှန်ရေးဖြစ်ပေါ်စေမယ့် အခြေအနေတွေဟာ တော်လှန်ရေးရဲ့ ရလဒ် အနိုင်အရှုံးနဲ့ ချိတ်ဆက်မှု မရှိဘူးလို့ ဆိုတယ်။ ဒီအပိုင်းဟာ ဘယ်အခြေအနေတွေမှာ တော်လှန်ရေးတွေ ဖြစ်ပေါ်တတ်သလဲလို့ လေ့လာကြည့်တဲ့ သဘောသာဖြစ်တယ်။ တော်လှန်ရေးသွားနေတဲ့ လမ်းကြောင်းတွေကတော့ တော်လှန်ရေးရဲ့အဖြေနဲ့ တိုက်ရိုက် ပတ်သက်နေတာဖြစ်တယ်။
နွေဦးတော်လှန်ရေးဟာ ပြောက်ကျားစစ်၊ စစ်ဆင်ရေးတွေနဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲတွေကို အဆင့်ဆင့်သွားကြရာမှာ ပြည်နယ်တွေ (ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကရင်နီနဲ့ ကချင်) တနည်း အီးအေအိုတွေသွားတဲ့ လမ်းကြောင်းကို ဗမာစစ်တိုင်းတွေက လိုက်နေကြတဲ့သဘော တွေ့ရတယ်။ တနည်းပြောရရင် ဗမာစစ်တိုင်းတွေအတွင်းမှာ စစ်ဆင်ရေးတွေနဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲတွေဟာ အချိန်ယူကြရလေ့ရှိတာကို တွေ့ရတယ်။ ဒီအချိန်ကို ရှေ့မှာ ကောင်းစွာ လျှော့ချနိုင်လိမ့်မယ်လို့ အင်းတော်အတွေ့အကြုံအရ၊ အင်းတော်မှာပြခဲ့တဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး တွက်ချက် သုံးသပ်မှုတွေကိုလည်း သတင်းတွေမှာ တွေ့ရတယ်။
‘ရလဒ်နဲ့ ယူနီတီ’
လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေပိုင်ဆိုင်မှု၊ လက်နက်ရရှိမှု၊ စစ်အင်အားနဲ့ တိုက်ရည်ခိုက်ရည်တွေဟာ ကောင်းစွာ တိုးတက်လာကြတာ အမှန်ဖြစ်တယ်။ ၄ နှစ်ကျော် ကြာလာတဲ့ ခရီးအတွင်းမှာ အလံတော် တခုတည်းအောက်ကသွားမယ့် တော်လှန်ရေးတပ်ပေါင်းစုနဲ့ အမိန့်ပေးစနစ်ဆိုတာဟာ ခက်ခဲနေဆဲဆိုတာကလည်း ပကတိ အမှန်တရားဖြစ်တယ်။
ဒီမိုကရေစီက လူတဦးချင်းစီ၊ အဖွဲ့အစည်း တခုချင်းစီနဲ့ လူမျိုးစုတခုချင်းစီရဲ့ မတူကွဲပြားတဲ့ အယူအဆနဲ့ လွတ်လပ်မှု (Diversity) ဆိုပေမယ့် တော်လှန်ရေးကတော့ အဲဒီ လွတ်လပ်တဲ့ အတွေးအခေါ် အယူအဆတွေကို စုစည်းပုံဖော်ကြခြင်း (Unity) ဖြစ်တယ်။ ရလဒ် အနီးအဝေးဟာ ယူနီတီ အနီးအဝေးပေါ်မှာ မူတည်မှာဖြစ်တယ်။
Be the first to comment