
“ပိုက်ကွန်ထဲကငါး”

The Net (2016) ရုပ်ရှင်က ကကြီး အင်ဒီး ဒါရိုက်တာ ကင်ဒီဒုတ်ရဲ့ ကြွေလွင့်ခါနီး နောက်ပိုင်းဆဲဆဲမှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တယ်။ ကိုးဗစ်ရဲ့ သေမင်းတမန်တွေဟာ ဒါရိုက်တာ ကင်ကီဒုတ်ကိုပါ လူ့ကမ္ဘာထဲကနေ ဆွဲခေါ်သွားခဲ့ပါတော့တယ်။ သူမသေခင် ရိုက်ပြသွားခဲ့တဲ့ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်က ကျနော်တို့ဘဝတွေကို ပြန်ပြောင်း သတိရစေတယ်။ တချက်တချက်မှာ ရယ်ချင်စရာကောင်းပြီး တချက်တချက်မှာ သနားစရာကောင်းတယ်။ နောက် တော့လည်း ကင်ရဲ့ ထုံးစံအတိုင်း ကျနော်တို့တွေကို ထွက်ပေါက် မပေးပြန်ပါဘူး။
ရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ပုံဖော်မှုက မြောက်ကိုရီးယား နိုင်ငံသားတယောက်ကို အခြေခံထားတယ်။ သူက စစ်မှုထမ်းဟောင်းဖြစ်ပြီး ဇနီးနဲ့ သမီးတယောက် ပိုင်ဆိုင်ထားတယ်။ စားဝတ်နေရေးအတွက် မြောက်ကိုရီးယားစစ်တပ်က ခွင့်ပြုထားတဲ့ ရေပြင်ဧရိယာမှာ ငါးဖမ်း အသက်မွေးတယ်။ ဒီလိုနဲ့ တနေ့မှာတော့ လှေရဲ့ စက်အင်ဂျင်မှာ ငါးဖမ်းပိုက် ဝင်သွားပြီး နယ်ခြားစောင့်တပ်တွေ တားဆီးတဲ့ကြားကနေ တောင်ကိုရီးယားနိုင်ငံထဲကို မျောပါသွားတယ်။ ရိုးသားအေးဆေးပြီး မိသားစုနဲ့အတူပဲ ဘဝကို ဖြတ်သန်းချင်တဲ့ တံငါသည်ကြီးခမျာမှာ တောင်ကိုရီးယားရောက်တော့လည်း သူလျှိုလို့ ထင်ခံရပြီး နှိပ်စက်ခံရတယ်။ အဲဒီမှာ သူလျှိုမဟုတ်တော့မှန်းသိလို့ နိုင်ငံသား ဖြစ်ခွင့်ပေးပေမဲ့ မိသားစုကိုပဲ တန်ဖိုးထားတဲ့သူက မြောက်ကိုပြန်ပို့ဖို့ပဲ ခွင့်တောင်းလို့ မရတဲ့အဆုံး ပြန်ပို့လိုက်ရပြီးနောက် မြောက်ကိုရီးယားကို ပြန်ရောက်ပြန်တော့လည်း တခါ စစ်တပ် အလိုတော်ရိတွေကနေ တောင်ကိုရီးယားမှာ ဘာသတင်းတွေ ပေးခဲ့သလဲဆိုပြီး နှိပ်စက်ခံရပြန်တဲ့ ဒေါသဖြစ် ရင်နင့်ဖွယ် လူတယောက်ရဲ့ဘဝ ဆိုပါတော့။
ဒီတော့ သူ့ကိုကြည့်ရင်း နှိုင်းယှဉ်တွေးမိတာကလည်း ကျနော်တို့အကြောင်းတွေပဲ။ စစ်အာဏာရှင်ရဲ့ Brain Wash ပြီး လင်းပွင့်အတွေးအခေါ်တွေ ဖြစ်မလာအောင်၊ ခြင်းတောင်းထဲက စားကြက်တွေလို အချိန်မရွေး လိုအပ်တိုင်း ဆွဲငင် ရိုက်ချက်စားလို့ရစေမယ့် ဘဝမျိုးဖြစ်အောင် ပုံသွင်း ထိန်းချုပ်ထားမှုတွေထဲမှာ ကြီးပြင်းခဲ့ရတာပဲလေ။ အမိမြန်မာပြည်ကြီးကပဲ အာရှတိုက်ထဲမှာ အသာလွန်ဆုံး သာယာမှုအပြည့်ဝဆုံး တိုင်းပြည်လို့ မှတ်ထင်မိတာတို့၊ ထိုင်းနဲ့ မြန်မာ ဘောလုံးကန်လို့ ရှုံးရတိုင်း အရင်က မြန်မာတွေနယ်ချဲ့တာ ခံခဲ့ရလို့ ဒိုင်က ဘက်လိုက် အနိုင်ပေးတယ်ပဲ ထင်မိတာတို့၊ စင်ရော်မောင်မောင် ရိုက်ပြတဲ့ တိုင်းရင်းသားတပ်တွေကို နှိမ်နင်းရေး အောင်ပွဲခံတဲ့ မြန်မာစစ်ကားတွေကပဲ အခမ်းနားဆုံး ရုပ်ရှင်တွေအဖြစ် ဂုဏ်ယူမိတာ၊ နောက် ဗိုလ်ချုပ်ခင် ညွန့် ထောက်လှမ်းရေးက ကြားဖူးနားဝဖြစ်တဲ့ စီအိုင်အေတို့ ဘာတို့ထက်တောင်ကျော်ပြီး အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့လို့ ထင်မှတ်မိတာတို့၊ ဆယ်တန်းအောင်ပြီးလို့ ရှိရင် စစ်သားကြီးဖြစ်မှပဲ လူ့လောကမှာ လူရာအဝင်ဆုံး ယောက်ျားကောင်းကြီး ဖြစ်တာလို့ အဲလိုအဆိုတွေကို ထောက်ခံမိနေတာဖြစ်တယ်။
ကင်ရဲ့ဇာတ်ကောင် ကိုတံငါကလည်း မြောက်တိုင်းပြည်မှာ ဘယ်လောက်တောင် ဖိနှိပ်ခံခဲ့ရလဲ မသိပါဘူး။ တောင်ကိုရီးယားရောက်တော့ မျက်စိဖွင့်ကြည့်တာနဲ့ ရာဇဝတ်မှု ကျူးလွန်တယ် ထင်မှာစိုးလို့ ဖွင့်တောင် မကြည့်ရဲရှာဘူးတဲ့။ နောက် အယောင်ယောင်အမှားမှားနဲ့ ကြောက်လန့်နေတဲ့ အမူအယာနဲ့ မျက်စိဖွင့်ကြည့်မှ အင်မတန် ဖွံ့ဖြိုးတိုးတက်နေတဲ့ တောင်ကိုရီးယားရဲ့ ရှုမျှော်ခင်း တိုက်တာတွေကို မြင်လိုက်ရတယ်။ သူ့အနေနဲ့ မြောက်မှာတုန်းက ဘယ်တုန်းကမှ စားဖူးပုံမရတဲ့ အစားအစာတွေကို လမ်းဘေးမှာ ပစ်ထားတာကို မြင်လိုက်ရတော့ ပါးစပ်အဟောင်းသား။ အမေရိကန် ကော်မီဒီယမ် ရုပ်ရှင်ထဲက Mr Bones ဇာတ်ကောင် မြို့ပေါ်ကို ရောက်လာလို့ တလွဲဖြစ်နေတဲ့ ဇာတ်ကောင်ကို မြင်ရသလို။ သူတို့ ထိတွေ့ပိုင်ခွင့်မရှိတဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေကို ဒီမှာတော့ အမှိုက်ပုံထဲတောင် လွှင့်ပစ်ထားတာကို တွေ့လိုက်ရတယ်။ တောင်ကိုရီးယားက တာဝန်ရှိသူတွေကလည်း မြောက်က ကိုတံငါ အခုလို ပါးစပ်အဟောင်းသား ဖြစ်နေတာကို နှစ်ထောင်းအားရ ဖြစ်နေတယ်။ သူတို့ပေါ်လစီကိုက မြောက်ကပြည်သူတွေ ဒီကိုလွင့်လာရင် လက်ခံသိမ်းသွင်းရမယ်၊ အာဏာရှင်စနစ်အောက်က မတူကွဲပြားပြီး သက်တောင့်သက်သာ အနေအထား ခမ်းခမ်းနားနားနဲ့ ရှင်သန်ကြီးပြင်းနေကြရတဲ့ သူရို့တိုင်းပြည်က လူနေမှုဘဝတွေကို သူတို့တွေ သိစေ အားကျစေရမယ်ဆိုတဲ့ မူဝါဒကို ချမှတ်ထားလို့ ဒီ ကိုတံငါကို ပြည်တော်မပြန်ဖို့ပဲ နားချရတာပေါ့။
ကိုတံငါက Brain Wash ခံထားရပြီး ရိုးအလှပေမဲ့ စစ်သင်တန်းတွေ တက်လာခဲ့သူဆိုတော့ အတွေးအခေါ်က အရမ်းကြီး ဝေးတဲ့အထဲမှာ ပါတာတော့ မဟုတ်ဘူး။ သူ့မှာ ဒီနေရာမှာပဲ အခြေချချင်စိတ်တွေ ပေါ်လာတာတော့ မြင်လိုက်ရတယ်။ ဒါပေမဲ့ မိသားစုကို တန်ဖိုးထားသူဖြစ်ပြီး မြောက်ကိုရီးယားက စစ်သင်တန်းကျောင်းထဲမှာ ဘယ်လောက်အထိ ရိုက်နှက် ပုံပြောင်းထားသလဲ မသိ။ သူဟာ သစ္စာခံယူချက်အတိုင်း မြဲမြံရမယ် ဆိုတာကိုပဲ ခံယူပိုက်ထွေး ထားပုံပါပဲ။ ဘယ်လိုပဲ ပြောဆို သိမ်းသွင်းပါစေ သူ့ပြည်ကိုပဲ ပြန်ပို့ဖို့ ဆန္ဒပြခဲ့တယ်။
ဒီနေရာမှာ ကင်ထည့်သွင်းထားတဲ့ စကားတွေက မှတ်သားစရာကောင်းတယ်။ ကိုတံငါက မြို့ထဲမှာပဲ ညငှက်မလေးတကောင်ကို ကူညီရင်း သိကျွမ်းသွားတော့ အံ့ဩသွားတယ်။ ခုလိုတိုင်းပြည်မှာ ဒီအလုပ်ကို လုပ်စားရလောက်အောင် ခက်ခဲသလားတဲ့။ ဒီတော့ သူ့ကို ခင်တွယ် ကရုဏာသက်နေရှာတဲ့ ရဲအရာရှိကလေး ပြောတဲ့စကားတွေက စင်စစ် လူ့သရုပ်ကို ထင်ဟပ်စေတဲ့ စကားလုံးတွေ ဖြစ်လာစေတယ်။
ဘယ်နိုင်ငံပဲ စ်ဖြစ် အလင်းရိပ်ကြီးလေ၊ အမှောင်ထုကလည်း ကြီးမားလာလေပဲ။ လွတ်လပ်မှုရှိတာနဲ့ ပျော်ရွှင်မှုလည်း ရှိလာမယ်လို့ အာမခံလို့ ရတာမှ မဟုတ်တာပဲလေ တဲ့။
နေဝင်း၊ သန်းရွှေတို့ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ ကျနော်တို့ မျိုးဆက်တွေဟာ အလင်းရိပ်မရှိတဲ့ အမှောင်ထုထဲက လူသားတွေ၊ သူတို့ အချိန်မရွေး ရိုက်ချက် စားလို့ရတဲ့ ခြင်းဆောင်းထဲက အသားစားကြက်တွေ။ သူတို့ရဲ့ မိတ္တူကူးစက်ဖြစ်တဲ့ မအလကလည်း ဒီနည်းအတိုင်းပဲ။ ကျနော်တို့တွေကို ခြင်းတောင်းထဲ ပြန်ထည့်ရမလား လုပ်ကြည့်တာပဲ။ ခက်တာက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မျိုးဆက်က သူထင်သလို မဟုတ်တော့။ လူ့ဘဝဆိုတာ အမှောင်ထဲမှာချည်း ရှင်သန်ရတဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုတာကို သိလာကြပြီ။ ဘဝရဲ့ အဆိုးအကောင်း၊ အကျိုးအကြောင်းဆိုတာကိုလည်း ဘယ်သူ ဘယ်သူရယ်လို့မှ စီမံထားလို့ မရဘူး၊ မိမိဘာသာလျှင် ရွေးချယ် လျှောက်လှမ်းရမယ် ဆိုတာကို တဒင်္ဂမျှ လှစ်ပြူသွားတဲ့ ခေတ်ကာလ အဟကလေးမှာ လူငယ်ထုရော ပြည်သူ အများစုရော သိရှိသွားကြတယ်။ ကျနော်တို့တွေဟာ စစ်အာဏာရှင်စနစ်အောက်မှာ ကျန်တဲ့အရာတွေ မပြောနဲ့၊ အခြေခံ လူအခွင့်အရေးကလေးဖြစ်တဲ့ သုံးရေ၊ လျှပ်စစ်မီးကလေးတောင်မှ လောက်ငအောင် သုံးစွဲနိုင်ခွင့်မရတဲ့ လူတွေ၊ မျက်မှောက်ခေတ်ကြီးထဲမှာ အရာရာ လူ့အောက်လူ့နောက်ကျပြီး ပိပြားနေတဲ့ ဘဝတွေ ဖြစ်နေတယ်ဆိုတာကို သိလာကြတဲ့အခါမှာ မအလရဲ့ အကြောက်တရားဗဟိုပြုပြီး ဖိနှိပ် အနိုင်ကျင့်တဲ့ အုပ်ချုပ်မှုကို ပြန်ပြောင်းတော်လှန်ကြတော့တာ ဘာဆန်းမလဲ။ ယခုလည်း တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ချဉ်းကပ်တဲ့ မူဝါဒက မြောက်ကပြည်သူတွေ ဒီမိုကရေစီစနစ်ကပေးတဲ့ တကိုယ်ရည် လွတ်လပ်စွာ နေထိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်နဲ့ ကုံလုံပြည်စုံသော လူနေမှုဝန်းကျင် တည်ဆောက်ထားမှုကို မြင်သိခံစားရတဲ့အခါမှာ ကွန်မြူနစ်များရဲ့ ဖိနှိပ်ပိပြားထားမှုအောက်မှာ ဘယ်လောက် ကွာခြားသလဲဆိုတာကို သိစေရင်းနဲ့အတူ ဆန့်ကျင်လိုတဲ့ စိတ်တွေကို ပျံ့နှံ့ကူးစက်စေလိုတာဖြစ်တယ်။
ကိုတံငါကြီး ပြည်တော်ပြန်ခရီးထွက်ခွာတော့ ဂိတ်ဝကနေ သူရဲကောင်းကြီးပမာ ပန်းကုံးတွေစွပ် ကြိုဆိုပေမဲ့ ပြီးလည်းပြီးရော အလိုတော်ရိ စစ်ကြောရေးက လူစုတ်ပဲ့တွေဟာ သူ့ကို ဖမ်းဆီးနှိပ်ကွပ်ရင်း တောင်ကိုရီးယားဘက်က လက်ဆောင်ထည့်ပေးလိုက်တဲ့ ပိုက်ဆံတွေကိုပါ လုယက်ထားလိုက်တော့တယ်။ ကိုတံငါမှာ ဒဏ်ရာ ဗလပွနဲ့ အိမ်ပြန်ရောက်တော့ အလှဆုံးပြင်ဆင်ပြီး ခင်ပွန်းသည်ကို ပြုစုပေးဖို့ စောင့်နေရှာတဲ့ ဇနီးသည်ကို တို့ဖို့ထိဖို့တောင် စိတ်တွေ ပေါက်ဖွား မသက်ဆင်းနိုင်ရှာ။ ပကတိအားဖြင့်က ခုလို ဝေးကွာပြီးတဲ့ ကာလကနေ ပြန်လည်ဆုံတွေ့ကြရမှုမှာ ဆူပွက်ထနေတဲ့ ချဉ်ခြင်း ရမ္မက်တွေနဲ့ အဲဒီညထဲကို ပျော်ဝင်ပစ်လိုက်ပြီး ဖြစ်လာခံစားခဲ့ရသမျှတွေကို လျှော့ချပစ်ရမှာ မဟုတ်ဘူးလား။
ကင်က သူ့လက်ရာအတိုင်းပဲ လူ့သဘာဝရဲ့ နောက်ခံ ကန့်လန့်ကာတွေကို လှစ်ပြူရခြင်းကိစ္စကို မချန်လှပ်ဘူး။ ဇနီးဖြစ်သူက တင်းရင်း ပြည့်မို့နေတဲ့ သားမြတ်အစုံကို လှစ်ပြူရင်း ချစ်ရတဲ့ ကိုတံငါရဲ့ မျက်နှာနားကို ကပ်ပေးရှာတယ်။ ဒါဟာ အော်လီဗာစတုန်း လက်ရာထဲက မတရား ဖမ်းဆီးခံရတဲ့ ချစ်သူကို သနားလွန်းလို့ သံတိုင်တွေကြားကနေ သားမြတ်ကို ကိုင်ဆုပ်ခွင့်ပေးတဲ့ ချစ်သူ ကောင်မလေးရဲ့ ဇာတ်ကွက်ကို သတိရစေတယ်။ ကျနော်တို့ လူ့သဘာဝရဲ့ ဘဝအမောတွေကို လျှောကျစေခြင်း ကုထုံးမှာ ချစ်ခင်တပ်မက်ရတဲ့ ဆန့်ကျင်ဘက်လိင်နဲ့အတူ ချစ်တင်းနှီးနှောလိုက်ရခြင်း အခိုက်အတန့်က Reset ချပေးလိုက်တဲ့ Phone Device တခုလို ပြန်လည် ပေါ့ပါးစေတာမျိုးလေ။ မာတင်စကော့ စဆေးလ်ရဲ့ ဂန်းစတား ရုပ်ရှင်ကားတကားမှာ နှစ်ရှည် ထောင် ကျနေကြတဲ့ ခင်ပွန်းချစ်သူတွေကို ထောင်ဝင်စာတွေ့ကြရင်း လူတွေရှိနေတာတောင် နှုတ်ခမ်းနဲ့ သာယာမှုပေးပေးတာတွေ။
အခုတော့ ကိုတံငါမှာ သူဖြစ်ရတဲ့ လူ့ဘဝထဲကပေးတဲ့ ခါးသီးရက်စက်မှုတွေက အပေါက်ဖွားအလွယ်ဆုံးဖြစ်တဲ့ လိင်စိတ်ဆန္ဒကိုတောင် ပေါ်မလာတော့တဲ့အထိ ဖြစ်သွားရတာဆိုတော့ ငေးမိနေရတဲ့ ကျနော်တို့ပါ ဒီလို အာဏာရှင်မိစ္ဆာကို တွန်းလှန်ရင်း နေ့စဉ်ရက်ဆက်သလို သေကြေနေကြရတဲ့ အပြစ်မဲ့ တိုင်းသူပြည်သားတွေကို ငေးရင်း မသေသေးဘဲ ကျန်နေကြရတဲ့ ကျနော်တို့မှာလည်း တခုမှားတာလိုလို၊ အပြစ်ရှိသလိုလို၊ မိမိတို့မှာ ခုလို လွတ်မြောက် နေသေးတာကိုပဲ ကံကောင်းနေသလိုလို စတဲ့ မလုံလဲမှုတွေ၊ စိတ်နာကျင် ပိတ်ဆို့မှုတွေ၊ မျှော်လင့်ချက်မဲ့ရတဲ့ အခြေအနေများကြောင့် လေလွင့်စိတ်ပျက် နေရတဲ့ ဖြစ်တည်မှုများကနေတဆင့် ဒီထဲက ကိုတံငါလိုပဲ သွေးသားဆန္ဒတွေတောင် ငုံ့သျှိုး ပျောက်ကွယ်သွားသလို ကြုံကြရတာမဟုတ်လား။
ကိုတံငါက နောက်ဆုံးမှာတော့ လူ့ဘဝကြီးကို ဆလံသပြီး အော်ဟစ်လိုက်တော့တယ်။ သူ့နောက်ကျောဘက်မှာက ငါးဆက်ဖမ်းရင် ပစ် သ_တ်ဖို့ သေနတ်နဲ့ ချိန်ထားကြတဲ့ မြောက်ကိုရီးယား စစ်သားတွေ။
“ငါ့ကို နှောင့်ယှက်နေကြတွေကို တော်ကြပါတော့၊ မင်းတို့ ပစ်ချင်လည်း ပစ်ကြ။ ငါ့မိသားစုကို စောင့်ရှောက်ဖို့အတွက်က ငါးဖမ်းဖို့ နည်းလမ်းတခုပဲ ရှိတာကွ” တဲ့။
ခဏအကြာမှာတော့ ပင်လယ်ကမ်းစပ်ကနေ သေနတ်သံနှစ်ချက်ကို ကြားလိုက်ရတယ်။ ကျနော့်မှာ ဆို့နင့်တဲ့ သက်ပြင်းမောများနဲ့အတူ တောင်ကိုရီးယားမှာပဲ ကိုတံငါပြောခဲ့တဲ့ စကားတခွန်းကို သတိရလို့နေပါတယ်။
“ငါတို့က ပိုက်ကွန်ထဲမှာ မိနေတဲ့ငါးတွေ၊ မိပြီးပြီဆိုတာနဲ့ ဘယ်တော့မှ ရုန်းထွက်လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး။”
ရုပ်ရှင်ရည်ညွှန်း – The Net, Korean Movie (2016)
Be the first to comment