လိမ္မော်နုရောင် ရေငွေ့နှင့်အတူ (His Side)

“လိမ္မော်နုရောင် ရေငွေ့နှင့်အတူ (His Side)”
◼️အိမ့်ဘုန်းစစ်သော် (ကျောင်းသားလက်ရုံးတပ်တော်)
“မြေမှုန့်တွေ လွင့်ပျယ်နေတယ်။ ဆောင်းတွင်းနွေဟာ သိပ်ပူမှန်း အမှန်တကယ်သိခဲ့ရတဲ့‌နေ့ပါပဲ။ ကျ​နော် အများကြီးမမျှော်လင့်တော့ပါဘူး။ ကျ​နော့်ရဲ့ အပြာရောင်ရေငွေ့လေး အဆုံးမသတ်သွားသ၍ လုံလောက်ပြီ။ တော်လှန်ရေးပြီးလို့ ကျ​နော်တို့အိပ်ခန်းလေးထဲ ဆေးအတူသုတ်နိုင်ခဲ့ရင် လုံလောက်ပါပြီ။”
လက်ရှိမှာ ကျနော်ရင်ဆိုင်နေရတဲ့ အခက်ခဲတခုပါပဲ။ ကျနော်တို့နိုင်ငံဟာ အင်မတန် ဖျား‌နာနေခဲ့တယ်။ ပြည်သူလူထုက ဒုက္ခရောက်နေတယ်။ ကျနော် ကြည့်နေရတယ်။ ကျနော် ကြည့်နေမိတယ်။ သည့်ထက်ပိုပြီးတော့လည်း ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ရဲဘော်တွေအတွက် ပြည်သူ‌လူထုက ရှိနေ‌ပေးခဲ့တယ်။ ပြည်သူကျွေးတဲ့ ထမင်းကိုစားပြီး တော‌တောင်လျှိမြောင်တွေကြားက ရေကိုသောက်နေရတဲ့ ကျနော်က ရင်ဘတ်ကိုဖိပြီး ငိုင်နေရုံကလွဲရင် ဘာမှမတတ်နိုင်ခဲ့ဘူး။ မျက်ရည်စကို လွှမ်းခြုံအိပ်စက်ခဲ့ရတဲ့ ညတွေမှာ အနည်းဆုံးတော့ သူရှိနေခဲ့လို့ တော်ပါသေးတယ်။
ကဗျာဆန်ဆန်ပြောရရင် ကျနော့်ရဲ့လမင်းပေါ့။ ဒါမှမဟုတ် လူသတ်လက်နတ်ကိုင်တဲ့ သွေးစွန်းနေတဲ့ ကျနော့်လက်ကို ဆုတ်ကိုင်ပြီး ကျနော်နဲ့အတူ သွေးစွန်းခံခဲ့တဲ့လူ။ ကျနော်နဲ့သူမက အမှောင်ခေတ်ရဲ့ ရိုက်ခတ်မှုတ၏စ်ခုမှာ တွေ့ဆုံခဲ့ကြရတာပါ။ လက်နက်ကိုင်တော်လှန်မယ့်လမ်းကို ရွေးချယ်ခဲ့မိကြပြီး အခုချိန်ထိ ဆက်လျှောက်နေကြသူတွေပေါ့။ ဘ၀မှာ တခါမှမတွေးမိဖူးတဲ့ စုတ်ပြတ်သတ်နေတဲ့ အချိန်ကာလတွေမှာ သူက ကျနော့်ဘေးနား ရှိနေခဲ့ပါတယ်။ ငရဲလို သုံးလတာ စစ်သင်တန်းမှာ ကျနော်နဲ့သူက အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ ပြီးတော့ ကျနော်တို့ အများကြီး နီးစပ်ခဲ့တယ်။ မုန်တိုင်းတွေကြားက လေနုအေးသေးသေးလေးကို ကျနော် အဲ့သည့်နေ့မှာ ရှာတွေ့ခဲ့တယ်လေ။
“ခံစားချက်ကို ဦးစားပေးလို့မရဘူး” တဲ့၊ ဟုတ်တယ်။ ကျနော်က စစ်သားလေ။ ပြီးတော့ နိုင်ငံတော်သစ်တခုဖြစ်အောင် တိုက်ယူရမယ့် သွေးချွေးစတေးပွဲတွေမှာ ပါ၀င်ရမှာ။ ကျနော် ငိုလို့မရဘူး။ ကျနော် ငြင်းဆန်ပိုင်ခွင့်မရှိဘူး။ ကျနော်က စစ်သားမို့ ပြည်သူကို ကာကွယ်ရမှာမို့။ ကျနော် ကလေးဆန်လို့မရဘူး။ အထူးသဖြင့် အသက်နဲ့ခန္ဓာကို လောင်းကြေးထပ်ထားတဲ့ နား၀င်သိပ်မချိုတဲ့ လူသတ်ပွဲတွေမှာပေါ့။ အထက်ကပေးအပ်လာတဲ့ အမိန့်နဲ့တာ၀န်ကို ကျေပွန်အောင် ထမ်းဆောင်ရမှာ။ ကျနော် သိတယ်လေ။ ကျနော် ဘာမှမတောင်းဆိုဘူး။ ကျနော် သေရမှာကိုလည်း မကြောက်ဘူး။ တခုပဲ၊ ကျနော့်အချစ်နဲ့ ဝေးရမှာကိုပဲ ကြောက်တာ။ ကျနော် သိပ်ကြောက်တာ။
ကျနော် စစ်ဆင်ရေးဖော်ဆောင်မှုတခုမှာ ပထမဆုံး ပါ၀င်ရတဲ့နေ့က သူ့ဆီက အဖြေရတဲ့နေ့လောက် ရင်ခုန်စရာမကောင်းဘူး။ “စစ်ပွဲတစ်ပွဲက ယောကျာ်းတွေကို ပိုလိုအပ်ပြီး ယောကျာ်းတွေ စစ်ပွဲကိုအောင်နိုင်ဖို့က မိန်းမတယောက်ရဲ့အချစ် လိုတယ်” တဲ့။ ဒါက သိပ်မှန်တာပဲ။ အစစအနန အက်ကွဲနေတဲ့ ကျနော့်ဘ၀ထဲမှာ သူ့ပေးတဲ့ ပန်းနုရောင် အချစ်လေးတခုနဲ့ ဆက်ရှင်နေရတာ။ ကျနော်တို့ရဲ့ဘ၀က မီးပုံကြားထဲမှာ ခြေဗလာနဲ့ ကခုန်နေကြသလိုပဲ။ ဒါပေမယ့် နှစ်ယောက်အတူ လက်ချင်းတွဲထားလို့မို့ ကျနော်တို့ ပြုံးနေကြရတာ။ ကခုန်နေလို့ တချက်တချက် ဝဲလွင့်သွားတဲ့ သူ့ဆံနွယ်လေးတွေ မီးလောင်ကုန်တာသိပေမယ့် ကျနော် ဖယ်မပေးနိုင်ခဲ့ဘူး။ ကျနော့်လက်လည်း မီးလောင်နေတာလေ။
သူက အပြာရောင်မီးပွားဖြစ်ပြီး ကျနော်က လိမ္မော်နုရောင် ရေခိုးရေငွေ့တဲ့။ ဆရာမကြီးရယ် ဘယ်စာအုပ်ထဲက ဖတ်လာပြန်လဲဆိုတော့ ကျနော့်လက်မောင်းကို ဖွဖွရိုက်ပြီး မျက်စောင်းတချက် ထိုးလိုက်တယ်။ တချက်လေးထဲပါပဲ။ ဒါပေမယ့် ထိသွားတာက ဒီကောင့်ဘ၀ကြီး တခုလုံးကို။
အခုချိန်မှာတော့ မသိသာတော့ပေမယ့် ကျနော်တို့ဘ၀တွေက ကြမ်းတမ်းလွန်းပါတယ်။ တော်လှန်ရေးလုပ်နေတဲ့ မိန်းကလေးတယောက်ပေါ့။ ကျနော် သူ့ကို သိပ်သနားတယ်။ သူ အများကြီး ပင်ပန်းနေလောက်မှာ။ ကျနော်ကိုယ်တိုင် ဟောဟဲဆိုက်ပြီး တက်နေရတဲ့ တောင်တက်ခရီးလမ်းမှာ သူ ကျနော့်ကိုပြုံးပြနေပေမယ့် သူ သိပ်ပင်ပန်းနေမှာကို ကျနော်သိပါတယ်။ သိပ်ဖြူစင်တဲ့ ကလေးမလေးက Aniverssary နေ့တွေမှာ ကျနော်ခူးပေးတဲ့ တောပန်းလေးတပွင့်အတွက် ပျော်နေလေရဲ့။ သူပြန်ပေးတဲ့ အနမ်းလေးတပွင့်ကလည်း ကျနော့်အတွက်တော့ လုံလောက်တာထက် ပိုပါတယ်။ မပြည့်စုံမှုတွေကြားမှာ ကျနော်တို့ ရယ်မောခဲ့ကြတယ်။ ဒါက အချစ်ပဲထင်ပါရဲ့လေ။
ရှေ့တန်းစစ်မျက်နှာ‌ပြင်က ကြမ်းတမ်းကောင်း ကြမ်းတမ်းမှာပါ။ ဒါပေမယ့် သူနဲ့ခွဲရတာလောက် ‌မပင်ပန်းဘူးရယ်။ ဒါက ကျနော့်ရဲ့ တပ်သားဖြစ်ပြီးနောက် ပထမဆုံးစစ်ပွဲပါ။ ကျနော်တို့ ဖုန်းလိုင်းတွေမရှိတဲ့အတွက် အဆက်သွယ်မရခဲ့ဘူး။ အသံလေးပဲဖြစ်ဖြစ် ကြားချင်ခဲ့ပေမယ့် ရပါတယ်လေ။ တော်လှန် ရေးလုပ်နေတာပဲကို ဒီလောက်တော့ သည်းခံရမှာပေါ့။ ကျနော်တို့အပတ်စဉ်က ရဲဘော်တယောက် ကျတဲ့နေ့မှာ ကျနော် ကြိတ်ငိုခဲ့မိတယ်။ အဲဒီအတွက်လည်း စစ်ခွေးတွေကို လက်စားချေမှာ။ သွေးကြွေးအတွက် ကျိန်းသေပြန်ယူမှာပါ။ ပင်ပန်းလွန်းလို့ လောကထဲက ထွက်သွားချင်တဲ့အချိန်တိုင်း သူ့မျက် နှာလေးကို မြင်ယောင်မိတယ်။ “မင်းသာမရှိရင် ကိုယ်သေမှာ၊ မင်းကြောင့် တောင့်ခံနေခဲ့တာပါ။” ဒါက ကျနော် သူ့ကို ပြောဖူးခဲ့တဲ့ စကားတခွန်းပေါ့။ အဲဒီတုန်းက ကျနော့်အချစ်က ကျနော့်ကို နွေးထွေးစေခဲ့ပါတယ်။ အခုရော ဒီတိုင်းပဲ အားတင်းထားရုံပေါ့။
ကျနော်တို့စစ်ကြောင်း ရှေ့ထွက်ဖို့အတွက် သင်တန်းတွေ ထပ်တက်လိုက်၊ အနားယူလိုက် လုပ်နေတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ပြည်သူတွေရဲ့သတင်းတွေ တက်လာတယ်။ ငလျင်တဲ့။ တချို့သောရဲဘော်တွေရဲ့ မိသားစု၀င်တွေရော ဒီငလျင်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။ ဟိုးအရင်က စကားပုံတွေက အလကားရှိနေခဲ့တာ မဟုတ်ဘူးဘဲ။ အစောထဲက ရေနစ်နေခဲ့တဲ့ ကျနော်တို့နိုင်ငံကြီးကို ထပ်ပြီး ဝါးနဲ့ ထိုးချလိုက်တာပါပဲ။ ဘာပြောရမလဲ။ ကျေးဇူးတင်ပါတယ်ပေါ့။ တကယ်ဆို ကျနော်တို့က လူငယ်တွေလေ။ ပြီးတော့ ကျောင်းသားတယောက်။ တကယ်ဆို ဒီလိုမျိုး သေနတ်ကိုင်ထားရမှာမှမဟုတ်တာ။ ဘော့ပင်ကိုင်ပြီး စာရေးနေရမယ့်အရွယ်တွေ။ ဒီဒဏ်ရာတွေကို မလိုချင်ကြောင်း၊ လောကကြီးကို မကျေနပ်ကြောင်းတွေ ဘယ်သူ့ကို ပြေးတိုင်ရပါ့မလဲ။
မြေမှုန့်တွေ လွင့်ပျယ်နေတယ်။ ဆောင်းတွင်းနွေဟာ သိပ်ပူမှန်း အမှန်တကယ်သိခဲ့ရတဲ့နေ့ပါပဲ။ ကျ​နော် အများကြီးမမျှော်လင့်တော့ပါဘူး။ ကျ​နော့်ရဲ့ အပြာရောင်ရေငွေ့လေး အဆုံးမသတ်သွားသ၍ လုံလောက်ပြီ။ တော်လှန်ရေးပြီးလို့ ကျ​နော်တို့အိပ်ခန်းလေးထဲ ဆေးအတူသုတ်နိုင်ခဲ့ရင် လုံလောက်ပါပြီ။။ စဉ်းစားကြည့်မိတယ်။ အကယ်၍ ကျ​နော်တို့ လွတ်မြောက်‌သွားတဲ့အချိန်မှာရော ကျ​နော်တို့ရဲ့နိုင်ငံတော်သစ်ကရော ပြန်ကျန်းမာလာနိုင်ပါ့မလား။ ထပ်ပြီး ထပ်ပြီးဘာတွေဖြစ်လာဦးမှာလဲပေါ့။ ကျ​နော်အများကြီး မမျှော်လင့်တော့ပါဘူး။ ကျ​နော့်အချစ်နဲ့အတူရှိနေချင်ရုံပါ။ သိပ်သနားစရာကောင်းတဲ့ ကျ​နော့်အချစ်က မိသားစုဘ၀ကိုသေချာမရခဲ့ဘဲ မေတ္တာငတ်ခဲ့ရှာတာ။ သူ မရခဲ့တဲ့ဘ၀လေးကို ကျ​နော်ဖြည့်ဆည်းပေးချင်ရုံပါ။
အကယ်၍များ ကျနော်တို့ အဲ့သည့်ချိန်ထိ အတူရှိခဲ့မယ်ဆိုရင်၊ ကျနော်တို့နိုင်ငံက မဖျားနာတော့ဘူးဆိုရင် ကျနော်တို့ လက်ထပ်မယ်။ အိမ်လေးတလုံး ၀ယ်မယ်။ ခွေးလေးတကောင်နဲ့ပေါ့။ ကျနော်တို့ကလေးလေးက သားလေးပဲဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် ကျနော် အများကြီး ချစ်ပေးမယ်။ ကလေးလေးက ကျနော်နဲ့တူခဲ့ရင် ခန့်ပြီး ချောမှာဗျ။ သူနဲ့တူရင်တော့ သိပ်ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ ညှို့ယူနိုင်တဲ့ မျက်၀န်းနက်နက်လေး ရှိလိမ့်မယ်။ သူဝါသနာပါတဲ့အရာတွေ သူလုပ်ချင်တာတွေအကုန် ကျနော် ဖြည့်ဆည်းပေးမယ်။ ကျနော့်ရဲ့ အဖေနဲ့ အမေက သူ့ရဲ့ အဖေနဲ့ အမေပဲပေါ့။ သူ သိပ်ခေါ်ချင်နေတဲ့ မေမေ၊ဖေဖေဆိုတဲ့ နာမ်စားကို ခေါ်ခွင့်ရမှာ။ သူနဲ့အတူ ဆိုင်ကယ်ပတ်စီးမယ်။ ဆေးလိပ်တလိပ်ကို နှစ်ယောက်အတူသောက်တိုင်း တော်လှန်ရေးကိုသတိရမယ်။ ကလေးလေးရတဲ့အခါ ကျနော် သူ့ကို အများကြီး ချစ်ပေးမယ်။ ပြီးတော့ သူ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာစေရမယ်။ “အဖေနဲ့အမေက ဒီနိုင်ငံကြီး လွတ်လပ်ဖို့ ကြိုးစားခဲ့တာကွ” လို့ ဂုဏ်ယူ ဝမ်းမြောက်ရင်း ပြန်ပြောပြမယ်။ အဖြူစိမ်း၀တ် ကျောင်းသားလေးတွေက ကျနော်တို့ကို ကျေးဇူးတင်နေလောက်မှာ။ အဓိပတိလမ်းမပေါ်မှာ ချစ်ရသူတွေက လက်ကိုတွဲလို့ ပျော်မြူးနေလောက်မှာ။ အကယ်၍များ ကျနော် ရှင်သန်နေခဲ့ဦးမယ်ဆိုရင် ဒီပျော်ရွှင်မှုတွေကို ကျနော် ရနိုင်မှာပါ။ ကျနော့်အချစ်နဲ့ အတူပေါ့။
လူတွေသေနေတာကိုလည်း မမြင်ချင်ခဲ့ဘူး။ ကျနော်တို့ရဲ့ ဆယ်ကျော်သက်အရွယ်ဟာ ဘာကြောင့် ဒီလိုဖြစ်နေရတာတဲ့လဲ။ နွေဦးရဲ့ လေနုအေးလေး တိုက်ခတ်လာတယ်။ ကျနော် သေနတ်မကိုင်ချင်ခဲ့ဘူး။ ကျနော် လူမသတ်ချင်ခဲ့ဘူး။ တကယ်ဆို ကျနော်က ကျောင်းသားတယောက်ပါ။ ပြီးတော့ လူငယ်တယောက်ပါ။
About The Call 626 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*