ဖြေဆေး

“ဖြေဆေး”
◼️Simon
လွန်ခဲ့တဲ့ ရက်သတ္တပတ်က နိုင်ငံခြားဝတ္တုတိုလေးတခု ဖတ်ဖြစ်တယ်။ နိုင်ငံခြားဝတ္တုတွေ ဘာတွေ ဖတ်ဖြစ်တယ် ဆိုလို့ ကျနော့်ကို ပညာတတ်အသိုင်းအဝိုင်းကလို့ မထင်ပါနဲ့။ ပထဝီမေဂျာနဲ့ ဒုတိယနှစ်မှာ ၃ ခါတိတိကျပြီးနောက်ပိုင်း ကျောင်းဆက်မတက်ဘဲ ထွက်ထားတဲ့ကောင်ပါ။ အင်္ဂလိပ်လို ပြောတတ်ဆိုတတ်ပေမယ့် ဂရမ်မာ တအားညံ့ပြီး အသံထွက်ကလည်း ငါးပိသံပါ။ ဒီတော့ နိုင်ငံခြားဝတ္တုဆိုပြီး စာရဲ့အရှေ့မှာ အစချီထားတာကြောင့် ကျနော့်ကို ပညာတတ်ကြီးလို့ ထင်နေမှာစိုးတာကြောင့် ရှင်းပြတာပါ ။ တကယ်တော့ ကျနော်ဖတ်တာက ဘာသာပြန်ပါ။
ကဲ … ကျနော့်ရဲ့ ပညာရှိမှုကြီးကို ရှင်းပြပြီးတဲ့နောက် ဖတ်ဖြစ်ခဲ့တဲ့ ဝတ္တုတိုလေးအကြောင်း ပြန်ဆက်ပါမယ်။
ဝတ္တုက ဒီလိုပါ …
ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ် တောရွာလေးတရွာမှာရှိတဲ့ အိမ်လေးတအိမ်ကို မူးရူးပြီးရောက်လာတဲ့ ဂျာမန်စစ်သားနှစ်ဦးက သူတို့ကို ရွံရှာစက်ဆုတ်တဲ့အကြည့်နဲ့ ကြည့်နေတဲ့ ပြင်သစ်အဘိုးကြီးတဦးနဲ့ စကားများကြပြီး ဂျာမန်စစ်သားထဲက တယောက်က အဘိုးကြီးရဲ့မျက်နှာကို ထိုးချလိုက်တယ်။ ဒါ့အပြင် အဘိုးကြီးရဲ့ သမီးကိုလည်း မူးမူးရူးရူးနဲ့ သူ့မိဘတွေရှေ့မှာပဲ အဓမ္မ ကျင့်ပစ်လိုက်တယ်။
ဇာတ်က အစမှာထဲက မကောင်းဘူးနော်။ အားလုံးရဲ့အမြင်မှာ ဂျာမန်စစ်သားကို စက်ဆုတ်ရွံရှာပြီး မုန်းတီးကြပါလိမ့်မယ်။ ကျနော်လည်း ခင်ဗျားတို့ နည်းတူပါပဲ။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူဗျ။
နောက်ရက်ကျတော့ မနေ့က မူးရူးပြီး ယုတ်မာခဲ့တဲ့ ဂျာမန်စစ်သားနှစ်ယောက်ထဲက အဘိုးကြီးကိုရော၊ မိန်းမပျိုလေးအပေါ်ကိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့တဲ့ ဂျာမန်စစ်သားတယောက်ဟာ တဲအိမ်လေးဆီပြန်လာပြီး သူကျူးလွန်ခဲ့တဲ့ အမှုအတွက် လာပြီး တောင်းပန်ရှာတယ်။
သူဟာ ဂျာမန်စစ်သားတယောက် ဖြစ်တယ်ဆိုပေမယ့် ပညာတတ် ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကဖြစ်သလို ကိုယ်တိုင်လည်း တက္ကသိုလ်ကျောင်းသားဖြစ်ပြီး လူကောင်း၊ သူကောင်းလေးဖြစ်ကြောင်း ရှင်းပြပြီး မနေ့က သူ အမူးလွန်၊ သွေးဆိုးပြီး အဘိုးကြီးနဲ့ မိန်းမပျိုလေးအပေါ်မှာ ကျူးလွန်မိခဲ့သမျှကို ခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ရှာတယ်။
သူက ဒီလိုတောင်းပန်ရှာတော့ အဘိုးကြီးနဲ့ အဘွားကြီးက ကြောင်အမ်းအမ်းဖြစ်ပြီး အသိအမှတ်ပြုတာလည်း မဟုတ်သလို အသိအမှတ်မပြုတာလည်း မဟုတ်ဘဲ နေကြပေမယ့် မိန်းမပျိုလေးကတော့ အဆိုပါ ဂျာမန်စစ်သားလေးအပေါ် ဘယ်လိုမှ ခွင့်လွှတ်လို့မရဘဲ စက်ဆုတ်နာကျဥ်းမှုတွေလည်း ရှိနေသေးတယ်။
ဒီလိုနဲ့ အဆိုပါ ဂျာမန်စစ်သားလေးဟာ စစ်ကြီးကြောင့် စားနပ်ရိက္ခာရှားပါးနေတဲ့ ကောင်မလေးတို့မိသားစုဆီ နေ့စဥ်နီးပါးလာပြီး သူရတဲ့ရိက္ခာတွေကို ကောင်မလေးတို့မိသားစု စားဖို့ လာပေးရှာတယ်။ ဒီလိုနဲ့ သူဟာ လူကောင်းတယောက်ဖြစ်ကြောင်း သက်သေပြပြီး ကောင်မလေးမိဘတွေနဲ့ ရင်းနှီးမှုကို တည်ဆောက်ပါတယ်။
ဒီလို သူ့ဘက်က ကြိုးစားနေပေမယ့် ကောင်မလေးဘက်က သူ့ကို ပိုပြီးစိတ်နာရမယ့် အကြောင်းကလည်း ပေါ်လာပါသေးတယ်။ ဒါကတော့ ကောင်မလေးရဲ့ချစ်သူဟာ အခုဖြစ်နေတဲ့ စစ်ကြီးမှာပဲ ဂျာမန်နဲ့ တိုက်ခိုက်နေရင်း ရှေ့တန်းမှာ သေဆုံးသွားတယ် ဆိုတဲ့သတင်းပါ။
ဒီသတင်းကြောင့် ကောင်မလေးဆီကနေ ရင်းနှီးမှုကြိုးစားနေတဲ့ ဂျာမန်စစ်သားလေးရဲ မျှော်လင့်ချက်တွေဟာလည်း ထပ်ပြီး ပျက်စီးသွားခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့ အဓမ္မပြုကျင့်ခဲ့မှုကြောင့် ကောင်မလေးမှာ သူနဲ့ရတဲ့ ရင်သွေးလေး ရှိလာခဲ့ပါတယ်။
ဒီအကြောင်းကို သိသိချင်း ဂျာမန်စစ်သားလေးဟာ ကောင်မလေးကို တရားဝင်ထိမ်းမြားပြီး လက်ထပ်ဖို့နဲ့ ကောင် မလေးနဲ့ သူ့ဗိုက်ထဲက သူ့ရဲ့ရင်သွေးလေးကိုပါ တာဝန်ယူပါ့မယ် ဆိုတဲ့အကြောင်းကို ကောင်မလေးမိဘတွေကို ပြောပြပါတယ်။
သူကိုယ်တိုင်လည်း တပ်ကထွက်ပြီး ကောင်မလေးနဲ့ လက်ထပ်မယ့်အကြောင်း သူ့မိဘတွေရှိတဲ့ ဂျာမဏီကိုလည်း စာလှမ်းပို့ပါတယ်။ ဒါ့အပြင် ကောင်မလေးဆီလည်း နေ့စဥ်လာပြီး သူ့အတွက် လိုအပ်တာတွေ လုပ်ပေးတဲ့အပြင် ကောင်မလေးမိဘတွေဖြစ်တဲ့ အဘိုးကြီးနဲ့ အဘွားကြီးကိုလည်း သူတတ်နိုင်သလောက် ကူညီစောင့်ရှောက်ပါတယ်။
အစက သူ့ရဲ့အမှားအတွက် ကောင်မလေးကို တောင်းပန်ဖို့ လာရောက်ခဲ့တဲ့ ဂျာမန်စစ်သားလေးဟာ အချိန်အတိုင်းအတာတခုကို ရောက်လာချိန်မှာတော့ ကောင်မလေးအပေါ် တကယ်ကို မေတ္တာသက်ဝင်တဲ့စိတ်တွေ ဖြစ်လာခဲ့ပါတယ်။
ကောင်မလေးဘက်ကလည်း အစပိုင်းမှာ ခါးခါးသီးသီးရှိခဲ့ပေမယ့် အချိန်တခုကို ရောက်လာချိန်မှာတော့ ဂျာမန်စစ်သားလေးကို မေးထူးခေါ်ပြောအဆင့်ကနေ တဖြည်းဖြည်းအဆင့်တက်ပြီး စကားအပြန်အလှန် ပြောဆိုတဲ့အထိ ဖြစ်လာခဲ့သလို ကောင်မလေးမီးဖွားမယ့် အချိန်ကလည်း ဖြည်းဖြည်းချင်း နီးကပ်လို့လာခဲ့ပါပြီ။
ဒီလိုနဲ့ … (ဇာတ်လမ်းရဲ့ အမြင့်ဆုံးအချိန်ကိုရောက်ပြီ စိတ်ကိုခိုင်ခိုင်ထားပြီး ဆက်ဖတ်ကြမယ်။)
ဒီလိုနဲ့ တရက် ထုံးစံအတိုင်း ဂျာမန်စစ်သားလေးဟာ ကောင်မလေးဆီကို ရောက်လာခဲ့တယ်။ သူရောက်လာတော့ အဘွားကြီးက ကောင်မလေး ကလေးမွေးပြီဆိုတဲ့ အကြောင်းကို ပြောပြတယ်။ ဒါနဲ့ ကောင်မလေးနဲ့ သူ့ကလေးက ဘယ်မှာလဲဆိုပြီးမေးတော့ အိမ်ထဲမှာပဲရှိကြောင်း အဘွားကြီးက ပြောလိုက်တယ်။
ဒီလိုနဲ့ ဂျာမန်စစ်သားက အိမ်ထဲမှာဝင်ရှာတော့ မတွေ့ဘူး၊ ကောင်မလေးရော၊ သူ့ကလေးကိုရော မတွေ့ဘူး။ ဒီလိုနဲ့ သူ အိမ်ထဲမှာ ပတ်ရှာနေတုန်း ကောင်မလေးက အပြင်ကနေ ပြန်လာတယ်။
ကောင်မလေးကိုမြင်တော့ ဂျာမန်စစ်သားလေးက သူ့ကလေးကို မေးရှာတယ်။
“ဘယ်မှာလဲ မင်းမွေးလိုက်တဲ့ ငါ့သားလေး”
ဂျာမန်စစ်သားလေးရဲ့ အမေးကို ကောင်မလေးက အခုလိုမျိုးပဲ ဖြေရှာတယ်။
“ရှင့်သားလေးလား ရှိတယ်၊ ဆံပင်ရွှေအိုရောင်နဲ့ ရှင့်အတိုင်းပဲ တထေရာတည်းတူတယ်၊ ဒါပေမယ့် အသက်ကတော့ တော်တော်ပြင်းတာရှင်၊ သူ့ကို သေအောင် မနည်း ရေနှစ်ပြီးသတ်ရတယ်၊ တော်တော်နဲ့ မသေဘူး။”
+++++
ဇာတ်လမ်းက ဒါပါပဲ။
ကျနော်ကတော့ ဇာတ်သိမ်းပိုင်းကိုဖတ်ပြီး ဆွံ့အသွားတယ်။
ဂျာမန်စစ်သားလေးကတော့ ကောင်မလေးဆီက ဒီလိုစကားကိုကြားပြီး သူရုးတကောင်လို ဖြစ်သွားရရှာတယ်။
ဒီလုပ်ရပ်အတွက် ကောင်မလေးကို အပြစ်ရှိတယ်လို့ သတ်မှတ်ကြမလား။
ဒီလို သတ်မှတ်ကြမယ်ဆိုရင်လည်း ကောင်မလေးဘက်က ပြောပြစရာတွေ အများကြီးရှိတယ်။ ကောင်မလေးအနေနဲ့လည်း ဂျာမန်တွေကို မုန်းတယ်၊ လူမျိုးရေး၊ နိုင်ငံရေးအရပါ မုန်းတီးတဲ့အပြင် မျိုးချစ်စိတ်အရပါ မုန်းတီးတယ်။ သူ ဒီလို မုန်းတီးပါတယ်ဆိုတဲ့ ဂျာမန်တွေက သူ့မိဘကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တယ်၊ သူ့ချစ်သူကောင် လေးရဲ့ အသက်ကိုလည်း ယူသွားတယ်၊ ဒါ့အပြင် သူကိုယ်တိုင်လည်း သူ အရမ်းမုန်းတီးပါတယ်ဆိုတဲ့ ဂျာမန် ကောင်ရဲ့ ရင်သွေးကိုလည်း လွယ်ထားရတယ်။
ကောင်မလေးနေရာကလည်း စဥ်းစားကြည့်။
ဥပမာ ကျနော်တို့တွေ စစ်ခွေးတွေကို မုန်းတီးနေသလိုမျိုးပေါ့။ ဒီလို ကိုယ်မုန်းတီးပါတယ်ဆိုတဲ့ စစ်ခွေးရဲ့ ရင်သွေးသာ ကျနော်တို့ဗိုက်ထဲမှာ ရှိနေခဲ့ရင် ခင်ဗျားတို့ရော ဘာလုပ်မလဲ။
ဂျာမန်စစ်သားလေးကတော့ အမြင့်ဆုံးထိရောက်အောင် မြှင့်တင်ပေးတာကို ခံရပြီးတော့မှ အောက်ဆုံးထိ ပြုတ် ကျသွားအောင် ရိုက်ချတာ ခံလိုက်ရတယ်။ သူ လူစိတ်ပျောက်ချိန်မှာ ရက်ရက်စက်စက်ပြုမူခဲ့တဲ့ လုပ်ရပ်ကြောင့် သူ့ဘက်က ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပေးပါတယ် ဆိုဦးတော့ သူ့ကို ကောင်းတယ်လို့ လက်ခံပေးလို့ မရတော့ဘူး။
ဒီဝတ္တုက လက်ရှိ အပြင်မှာဖြစ်နေတဲ့ ကျနော်တို့ဘဝနဲ့ တထပ်တည်းပါပဲ။ ကျနော်တို့တွေ အကြမ်းဖက်စစ်တပ် ကို မုန်းတယ်၊ လက်ရှိ တော်လှန်ရေးမှာပါ လာပြီး ရန်ငါစည်းပြတ်ကြတဲ့ သူတွေအတွက် ပြင်သစ်ကောင်မလေးက ဂျာမန်စစ်သားတွေကို မုန်းတီးသလို ကျနော်တို့လည်း အကြမ်းဖက်စစ်တပ်ကို ရွံရှာစက်ဆုတ်စွာ မုန်းတီးကြတယ်။ ဒါတောင် ဂျာမန်စစ်သားလေးက ကောင်မလေးအပေါ် စိတ်ရင်းနဲ့ ပြန်ပြီး ကောင်းပေးရှာပါသေးတယ်။
ဒီကောင်တွေကို မုန်းတီးတဲ့စိတ်က ဘယ်လောက်တောင်မှ ပြင်းထန်လဲဆိုရင် နေပြည်တော်လိုနေရာမှာ မြေငလျင်ဒဏ်ကြောင့် သေဆုံးသွားတဲ့သူတွေအကြောင်း ကြားရတာတောင် ကျနော်တို့မှာ လူသားချင်း ကိုယ်ချင်းစာတဲ့စိတ်ကို မွေးလို့မရတဲ့အထိ ဖြစ်မိတယ်။
သေဆုံးတာ ပြည်သူတွေပါဆိုပြီး ကိုယ့်စိတ်ကိုပြန်ပြီး သတိပေးနေလည်း နေပြည်တော်ဆိုတာ Non CDM ဝန်ထမ်း၊ စစ်ခွေးမိသားစု စတဲ့သူတွေ အများဆုံးနေတဲ့နေရာ ဆိုတဲ့စိတ်က အသည်းထဲစွဲနေတာကြောင့် ကျနော့်အနေနဲ့ ဘယ်လိုမှ လူသားဆန်ပြီး သနားညှာတာပေးလို့ကို မရဘူး၊ ဒါကို ဝန်ခံတယ်။
ကျနော်လိုလူမျိူးတောင် စစ်တပ်ကို ဒီလောက်မုန်းတီးနေရင် ကျနော်တို့ထက် အဆပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူတွေဆိုရင် ဒီကောင်တွေကို ဘယ်လောက်တောင် မုန်းတီးနေမလဲဆိုတာ မြင်အောင်ကြည့်စေချင်တယ်။
ဒီတခါရေးတဲ့စာက နှစ်ဘက် အမုန်းတရားကြီးထွားအောင် ရေးတာမျိုးမဟုတ်ပေမယ့် စစ်တပ်နဲ့ ပတ်သက်လာရင် ထရော်မာရှိဖူးတဲ့ လူတိုင်းရဲ့ရင်ထဲမှာ တကယ်ဖြစ်နေတဲ့ ခံစားချက်တွေကို ထုတ်ပြတာပါ။
နောင်တချိန်တော့ မသိပေမယ့် လက်ရှိမှာတော့ ဒီကောင်တွေနဲ့ ပတ်သက်လာရင် ကျနော်တို့မှာ ဖြေဆေးမရှိသေးဘူးဆိုတာကို ပြောပြချင်တာပါ။
About The Call 652 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*