တော်လှန်ရေး ဘယ်တော့ပြီးမလဲ

“တော်လှန်ရေး ဘယ်တော့ပြီးမလဲ”
◼️နေဘုန်းလတ်
တော်လှန်ရေး ဘယ်တော့ပြီးမလဲ ဆိုတဲ့ မေးခွန်းတခု ရှိပါတယ်။
ကိစ္စရပ်တခု ပြီးပြတ်တယ်ဆိုတာဟာ အဲဒီကိစ္စတခုအတွက် သတ်မှတ်ထားတဲ့ ပန်းတိုင်၊ ဦးတည်ရာတွေဆီကို ရောက်ရှိသွားခြင်းဖြစ်တယ်လို့ ဒီလိုပဲ မှတ်ယူပါတယ်။ ဒါ့ကြောင့် အထက်ကမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေပေးကြတဲ့နေရာမှာ ပန်းတိုင် သို့မဟုတ် ဦးတည်ရာ သတ်မှတ်ပုံ မတူညီခြင်းတွေအပေါ်မှာ အခြေခံပြီး အဖြေတွေ ကွာခြားသွားနိုင်မယ် ထင်ပါတယ်။
အခု ဒီဆောင်းပါးမှာတော့ လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားက ဘုံသဘောထား ရပ်တည်ချက် တွေကို အခြေခံပြီး ဒီမေးခွန်းကို ဖြေကြည့်ချင်ပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေးရဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဦးတည်ချက် (၆) ချက်ကို ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒီ ဦးတည်ချက် တွေဆီကို ရောက်တဲ့တနေ့ တော်လှန်ရေးပြီးတဲ့နေ့ပဲလို့ နားလည်ပါတယ်။ အဲဒီဦးတည်ချက်တွေက ဘာတွေလဲ။
(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
(ခ)လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
(ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဌာန်းရန်
(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(စ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊ မအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန်ဆိုတာတွေ ဖြစ်ပါတယ်။
ဒီ ဦးတည်ချက် (၆) ချက်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ (Chin Brotherhood)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက် အပိုဒ် (၅) မှာ ထည့်သွင်းထားတာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့နဲ့ (၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးမှာ ဒီပူးတွဲထုတ်ပြန်ချက်ကို မှတ်တမ်းတင်ပြီး ထောက်ခံကြောင်း ပြခဲ့ပါတယ်။
ဒီဦးတည်ချက်တွေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲ တော်လှန် တိုက်ပွဲဝင်နေကြသည့် အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်” ထဲမှာလည်း ပါဝင်တာ တွေ့ရပါတယ်။ နောက်ဆုံးအချက်ထဲမှာ “လိင်နှင့် ကျား၊ မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” ဆိုတဲ့စာသား မပါတာတခုပဲ ကွဲလွဲမှုရှိပါတယ်။
အဲဒီ ဘုံသဘောထားရပ်တည်ချက် အဆုံးမှာတော့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကိုယ်စားလှယ်တွေရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ဖို့အတွက် ဖော်ပြထားတာကို တွေ့ရသလို ဒီ ဘုံသဘောထား ရပ်တည်ချက်ဟာ ဒီ (၄) ဖွဲ့တည်းရဲ့ သဘောထားရပ်တည်ချက်သာမကဘဲ အမည်မဖော်လိုတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ထပ်ပါသေးတယ် ဆိုတဲ့သဘောလည်း သိရပါတယ်။ ဒီ ဘုံသဘောထား ရပ်တည်ချက်ကိုလည်း ၂၀၂၄ ဖေဖော်ဝါရီလ (၁) ရက်နဲ့ (၂) ရက်နေ့တို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ် အစည်းအဝေးကနေ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဆိုတော့ကာ အမည် ထုတ်ဖော်ပြောကြားထားခြင်း မရှိတဲ့ အဖွဲ့အချို့ ပါဝင်နေသေးတယ် ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ၊ တရားဝင်လွှတ် တော်နဲ့ အခြားသော တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေ အကုန်လုံးနီးပါးက ဒီ ဦးတည်ချက် (၆) ရပ်ကို ဘုံသဘောထား တခုအဖြစ်နဲ့ လက်ခံထားပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ဒီ ဦးတည်ချက် (၆) ရပ်စလုံးဟာ မြန်မာနိုင်ငံက ပြည်သူလူထုတရပ်လုံး လိုလားတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခြင်း ဆိုတဲ့ အဆိုးကြော့သံသရာ ထပ်မလည်စေဖို့အတွက်လည်း မဖြစ်မနေ လိုအပ်တဲ့အချက်တွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထား ရပ်တည်ချက်ထဲမှာဆိုရင် ဒီဦးတည်ချက်တွေဆီကို အရောက်သွားဖို့ ဘယ်လို လုပ်ကြမှာလဲဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ဆိုတဲ့ ခေါင်းစဉ်ပါ ပါဝင်ပြီး အဲဒီခေါင်းစဉ်အောက်က အပိုဒ် (ခ) မှာ “မြန်မာစစ်တပ် တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ် များအတွက် ဆွေးနွေးခြင်း” ဆိုတာကိုပါ ထည့်သွင်း ရေးသားထားပါတယ်။
ဒီ နိုင်ငံရေးဦးတည်ချက် (၆) ရပ်နဲ့ ဒီ လုပ်ငန်းစဉ် (ခ) တို့နဲ့ပတ်သက်ပြီး ဝေဖန်မှုနှစ်ခု ရှိနေတာကိုလည်း တွေ့ရပါတယ်။ တခုကတော့ ဒီဦးတည်ချက်တွေဟာ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဘက်က ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်တဲ့အချက်တွေ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ နောက်တခုကတော့ လုပ်ငန်းစဉ် (ခ) ဟာ စစ်တပ်နဲ့ ဆွေးနွေးဖို့ စကားလမ်းကြောင်းတာလားဆိုတဲ့ ဝေဖန်ချက်ဖြစ်ပါတယ်။
အပေါ်ဆုံးက မေးခွန်းကို ပြန်ကောက်ချင်ပါတယ်။ တော်လှန်ရေး ဘယ်အချိန်ပြီးမှာလဲ။ အထက်မှာဖော်ပြခဲ့တဲ့ တော်လှန်ရေးရဲ့ ဦးတည်ချက် (၆) ချက်စလုံးဆီကို ရောက်ပါမှ တော်လှန်ရေးက နောက်ကြောင်းပြန်မလှည့်သော၊ အဆိုးကျော့သံသရာ မလည်သော ပြီးဆုံးခြင်းသို့ ရောက်မှာပါ။ ဒါပေမယ့်
တော်လှန်ရေးရဲ့ ဦးတည်ချက် (၆) ချက်စလုံးဟာ အခြေအနေတခုမှာ အားလုံးကို တပြိုင်နက်တည်း ရသွားမယ့်သဘောမျိုးတော့ ဟုတ်မနေပါဘူး။ တော်လှန်ရေးနဲ့ တပြိုင်နက်တည်း ပြင်ဆင်ဆောင်ရွက်နေရတာလည်း ရှိသလို တဆင့်ပြီးတဆင့် လုပ်ရမှာတွေလည်း ပါဝင်နေပါတယ်။ ပြည်သူတွေအတွက်တော့ အဲဒီဦးတည်ချက်တွေထဲက ပထမအချက်ရဲ့ ပထမအပိုင်းဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားနိုင်ခဲ့ရင်ကိုပဲ တော်လှန်ရေးဟာ ၈၀% ကျော် ပြီးပြီလို့ ပြောနိုင်ပြီး ကျန်တဲ့ကိစ္စတွေကတော့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား အသွင်ကူးပြောင်းရေးကာလမှာ ဆက်လုပ်သွားရမယ့်ကိစ္စတွေလို့ မြင်ပါတယ်။
အခုအချိန်ကာလကတော့ တော်လှန်ရေးအောင်ဖို့အတွက်၊ ဘုံဦးတည်ချက်တွေဆီ ရောက်ဖို့အတွက် ၂၀၂၄ ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်ထဲက လုပ်ငန်းစဉ် (က) ဖြစ်တဲ့ စစ်ကောင်စီ/မြန်မာစစ်တပ်အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း၊ ပြည်ပ) ဖိအားပေးခြင်း ဆိုတဲ့အလုပ်ကို အားလုံး ဖိလုပ်နေကြရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်နက်အားကိုးပြီး အနိုင့်ကျင့်တဲ့စရိုက် စွဲကပ်နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို သူကြောက်တဲ့ စစ်ရေးဖိအားကို အဓိကထား၊ နောက် အခြားသောဖိအားတွေလည်း ဆက်တိုက်ဆိုသလိုပေးပြီး ဦးတည်ချက်တွေဆီကို ဆက်သွားကြရမှာပဲဖြစ်ပါတယ်။
တော်လှန်ရေး ဘယ်တော့ပြီးမလဲ ဆိုတဲ့မေးခွန်းကို မေးကြသလိုပဲ တော်လှန်ရေးပြီးဖို့ ငါရော ဘာလုပ်နေလဲ ဆိုတဲ့မေးခွန်းကိုလည်း ကိုယ့်ကိုယ်ကို ပြန်ပြီး မေးကြည့် ဖြေကြည့်ကြတဲ့အခါ အလုပ်လုပ်နေကြသူတွေ များတယ်ဆိုရင် တော်လှန်ရေးကြီးပြီးဖို့ ပိုနီးပါလိမ့်မယ်။
၂၄၊ မတ်လ၊ ၂၀၂၅
၁၇း၁၇
About The Call 652 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*