
“မမျှော်သာသည်”

တီတီ… တီတီ… တီတီ… နာရီနှိုးစက်သံကြောင့် နေလင်း အိပ်ရာမှ နိုးလာသည်။ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သော်လည်း နေလင်းသည် အိပ်ရာစောစော ထလိုသဖြင့် ယမန်နေ့ညကတည်းကပင် နာရီနှိုးစက်ကို နံနက်၅နာရီခွဲတွင် အသံမြည်စေရန် အချက်ပေးသံ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ သာမန်စနေနေ့များတွင် နေလင်းသည် နံနက် ၁၀ နာရီ ကျော်မှ အိပ်ရာမှထလေ့ရှိသည်။ ယနေ့တွင်မူ နေလင်းစောစောထရပေမည်။ သူ၏ချစ်သူ ပန်း၀တ်မှုန်၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်၏။ သူမ၏မွေးနေ့တွင် သူတို့ ချစ်သူနှစ်ဦး သီဟိုဠ်ရှင် ဘုရားသို့သွားကာ ကောင်းမှုကုသိုလ်များပြုရန် တိုင်ပင်ထားပြီး ဖြစ်၏။
နေလင်းနှင့် ပန်း၀တ်မှုန်တို့ ချစ်သူနှစ်ဦးသည် ပခုက္ကူ တက္ကသိုလ်မှ မြန်မာစာအထူးပြုကျောင်းသားများ ဖြစ်ကြသည်။ နေလင်းသည် ရေစကြိုဒေသမှ ဖြစ်ပြီး ပန်း၀တ်မှုန်သည် ပေါက်ဒေသမှ ဖြစ်သည်။
သူတို့နှစ်ဦးသည် တက္ကသိုလ်သို့ရောက်စ နှစ်မှာပင် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ နေလင်းရော ပန်း၀တ်မှုန်ပါ ဝါသနာအရ မြန်မာစာကို အထူးပြုဘာသာရပ်အဖြစ်ယူကြပြီး နှစ်ဦးစလုံး တက္ကသိုလ်ကထိက ဖြစ်သည်အထိ ကြိုးစားကြရန် ရည်မှန်းထားကြသည်။ ဝါသနာနှင့် ရည်မှန်းချက်တူကြသူများ ဖြစ်သောကြောင့် အလွန်အတွဲညီလှသော စုံတွဲဖြစ်ကြ၏။
နေလင်းသည် မော်တော်ဆိုင်ကယ်ဖြင့်
ပန်း၀တ်မှုန်နေသော အဆောင်သို့ ထွက်လာခဲ့သည်။ အဆောင်ရှေ့ရောက်သောအခါ ပန်း၀တ်မှုန်ထံ ဖုန်းဆက်လိုက်၏။ ခဏအကြာ၌ ပန်း၀တ်မှုန် ထွက်လာသည်။ ၀င်းဖန့်ဖန့်အသားအရေ နှင့် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော ပန်း၀တ်မှုန်က ပါတိတ်၀တ်စုံ ခရမ်းရောင်ဖြင့် တင့်တယ်လိုက်ဖက်စွာ လှနေ၏။ ပန်း၀တ်မှုန်က နေလင်း၏မော်တော်ဆိုင်ကယ် နောက်ပိုင်းတွင် တင်ပလွှဲထိုင်ကာ နှစ်ဦးသားအတူ သီဟိုဠ်ရှင် ဘုရားဆီသို့ ထွက်ခွာလာခဲ့၏။
“အချစ်ရေ ၀င့်ဝါတို့အဖွဲ့ကို ညနေကျရင် ဘယ်ဆိုင်ခေါ်သွားမလဲ” လမ်းဆုံမီးပွိုင့်တွင် မီးနီနေသဖြင့် မော်တော်ဆိုင်ကယ်ကို အရှိန်လျှော့ကာ ရပ်ရင်း နေလင်းကမေးလိုက်၏။
“အေးချမ်းမြိုင်ကို ခေါ်လိုက်မယ် မောင်၊ အဲဒီမှာက စားသောက်စရာစုံတယ်၊ စားပွဲဝိုင်းလေးတွေကလည်း သီးသန့်ဆန်တယ်၊ လူများများလည်း ထိုင်လို့အဆင်ပြေတယ်၊ ဖြိုးသူတို့အဖွဲ့ကိုလည်း ခေါ်ထားပြီးပြီမောင်”
“အေးချမ်းမြိုင်လည်း အဆင်ပြေတာပဲ၊ ဆိုင်ပိုင်ရှင် ကိုညိုကြီးကလည်း မောင်တို့အဖွဲ့ဆို ရင်းနီးနေပြီးသား၊ မောင့်သူငယ်ချင်း တသိုက်ကတော့ ဘယ်ဆိုင်နေနေလာမှာပါပဲ”
မီးပွိုင့်က မီးစိမ်းသွားသောကြောင့်
နေလင်းက ဆိုင်ကယ်ကို ဖြေးဖြေးချင်းစထွက်လိုက်သည်။
“ဖြိုးသူတို့အဖွဲ့လား၊ ဒီပွဲမျိုး ဘယ်အလွတ်ခံမှာလဲ။ ဟိုနေ့ကပဲဖြိုးသူကပြောနေသေးတယ်၊ ၀တ်မှုန်မွေးနေ့တောင်ရောက်တော့မယ်၊ တဝိုင်းတော့နွှဲရဦးမယ်တဲ့” ဟု ပန်း၀တ်မှုန်က ဆက်ပြော၏။
“မနေ့ညကတော့ အဲဒီကောင် အသည်းကွဲနေလို့တဲ့ အချစ်ရေ”
“အဲဒီကောင်လား အသဲကွဲမှာ၊ ရွာမှာကတည်းက ရည်းစားဘယ်နှစ်ယောက်ပြောင်းပြီလဲ၊ တကယ့်ပေါက်ကရကောင်ပါမောင်ရယ်”
ဖြိူးသူက ပန်း၀တ်မှုန်တို့နှင့် တရွာထဲသားဖြစ်၏။ ပန်း၀တ်မှုန်မှတဆင့် နေလင်းနှင့် ခင်မင်ကြခြင်းဖြစ်သည်။ နေလင်းနှင့် ဖြိုးသူတို့သည် တက္ကသိုလ် ပထမနှစ်ကတည်းက အဆောင်အတူတူငှားနေကြ၏။ သို့သော် ဖြိုးသူအကြောင်းကို တရွာထဲသားချင်းဖြစ်သော ပန်း၀တ်မှုန်ကပိုသိ၏။
“ဒါနဲ့မောင်၊ မောင်တို့ သမဂ္ဂ အဖွဲ့တွေ ဆန္ဒပြပွဲလုပ်ကြမလို့ဆို၊ ဘာအတွက်လဲ”
“ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက်ပါ အချစ်”
“ခုလည်း စနစ်တွေပြောင်းနေပြီမလားမောင်၊ ဆန္ဒပြဘာညာနဲ့ တော်ကြာ မောင်ဒုက္ခရောက်နေမှာစိုးတယ်”
“ပြောင်းတော့ပြောင်းနေပေမယ့် လက်ရှိအပြောင်းအလဲတွေက စစ်တပ်လောင်းရိပ်ကနေမကင်းသေးဘူး အချစ်ရဲ့၊ မောင်တို့နိုင်ငံ ပညာရေးစနစ် တကယ်တိုးတက်ဖို့ဆိုရင် လွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်ပေးတဲ့ ပညာရေးစနစ်ကစပြီး သုတေသနပေါ်မှာအခြေခံထားတဲ့သင်ရိုးတွေရယ် နောက်ထပ်အများကြီးပေါ့ ပြုပြင်ပြောင်းလဲရဦးမှာ၊ ဆန္ဒပြမှာက ခုချက်ချင်းကြီးမဟုတ်ပါဘူး၊ တောင်းဆို ချက်တွေ အဆင်မပြေမှပါ”
“ချစ်လေးလည်း ပြုပြင်ပြောင်းလဲရေးတွေကို လိုလားပါတယ်၊ ခုချက်ချင်းကြီး အတင်းပြောင်းဖို့ဆိုတာ သိပ်မလွယ်ဘူးထင်တယ်ရယ်၊ ပြီးတော့
မောင့်ကိုလည်း စိတ်ပူလို့ပါ”
“စိတ်မပူပါနဲ့ကွယ်၊ မောင်တို့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံး ဖြစ်မယ့်လမ်းကို ရွေးမှာပါ”
ပြောရင်းဆိုရင်းဖြင့် နေလင်းနှင့် ပန်း၀တ်မှုံတို့ ချစ်သူစုံတွဲသည် သီဟိုဠ်ရှင်ဘုရားသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ပန်း၀တ်မှုန်သည် ဘုရားဝင်းအဝင်မုဒ်၀အနီးရှိ ပန်းဆိုင်မှ နှင်းဆီဝါများနှင့် ဆီမီးခွက်များ ၀ယ်လာကာ ဘုရားပန်းနှင့် ဆီမီးကပ်၏။ နေလင်းက ပန်း၀တ်မှုန်ဘေးမှနေ၍ အစစအရာရာ ကူညီလုပ်ကိုင်ပေး၏။ ပန်း၀တ်မှုန်၏ ၀င်းဖန့်ဖန့် မျက်နှာလေးမှာ ဆီမီးရောင်ကြောင့် ပို၍ကြည်လင်နေသယောင်ရှိသည်ဟုတွေးမိကာ နေလင်းတယောက် ကြည်ကြည်နူးနူးပြုံးနေမိ၏။
“ဘာတွေပြုံးနေတာလဲ ဆရာကြီး” ထိုအပြုံးကို ပန်း၀တ်မှုန်တွေ့သွားပြီး ခပ်သောသောလေး မေးလိုက်၏။
“မောင့်အချစ်ကလေး သိပ်လှနေလို့ပါကွယ်” ဟု နိုင်လင်းက ထိုင်နေရာမှ ထရင်းဖြေ၏။
“ဟင်းဟင်း၊ မောင်နော်၊ ဘုရားပေါ်ကြီးမှာ” ပန်း၀တ်မှုန်က နိုင်လင်းလက်ကိုဆွဲကာ ထရင်း ပြုံးစစနှင့်ပြော၏။
“ဟောဗျ၊ မောင်ကဘာပြောလို့လဲ အချစ်ရယ်၊ လှလို့လှတယ်ပြောတာကို၊ ဒါနဲ့ ဘာဆုတွေများတောင်းခဲ့သေးလဲ အချစ်”
“ဪ၊ ချစ်လေးတို့ပညာရေးခရီး ဖြောင့်ဖြူးဖို့ရယ်၊ မောင်နဲ့ ချစ်လေးတို့ တသက်လုံးအတူတူရှေ့ဆက်နိုင်ဖို့ရယ် အစုံပါပဲမောင်”
“အင်း…၊ မောင်လည်း အတူတူရှိချင်လှပါပြီကွယ်၊ အမြန်ဆုံးကိုနီးချင်လှပြီ”
“ဟိုးဟိုး၊ ဖြေးဖြေး ဆရာကြီး၊ ကျောင်းပြီး အလုပ်ကိုယ်စီ၀င်နိုင်တဲ့အထိတော့ စောင့်ရဦးမှာပေါ့”
“မောင်သိပါတယ်အချစ်ရယ်၊
မောင်ကလည်း သိပ်လှတဲ့မောင့်ချစ်သူလေးကို ချစ်လွန်းလို့ပြောတာပါ” ဟု နေလင်းကပြောလိုက်၏။
နေလင်းတို့ချစ်သူနှစ်ဦး ဘုရားစောင်းတန်းမှ ပြန်ထွက်လာသည့်အချိန်တွင် သီဟိုဠ်ရှင်ဘုရား၀န်းအတွင်း ဘုရားဖူးလာသူများဖြင့် စည်ကားနေပြီဖြစ်၏။
“မောင်တို့စောစောလာလိုက်တာမှန်သွားတယ်၊ ဘုရားအေးဆေးရှိခိုးရတာပေါ့၊ အခုလူတော်တော်များလာပြီနော်” ဟု နိုင်လင်းကပြောလိုက်၏။
ပန်း၀တ်မှုန်က အသာခေါင်းညိတ်ပြ၏။
“ခုမောင်တို့ ဘယ်သွားကြမလဲအချစ်”
နိုင်လင်းက ဆက်မေး၏။
“ခုမမတို့ကျောင်းကိုသွားကြမယ်မောင်၊ ကလေးတွေကို အုန်းနို့ခေါက်ဆွဲကျွေးဖို့ကတော့ အကုန်စီစဉ်ပြီးသားပါ၊ မမက လာခဲ့ဦးလို့မှာထားလို့”
“အိုကေပါ အချစ်၊ ဒါဆိုလည်း
မောင်တို့သွားကြမယ်လေ”
နိုင်လင်းနှင့် ပန်း၀တ်မှုန်တို့ ချစ်သူနှစ်ဦးသည် ပန်း၀တ်မှုန်၏အစ်မ ပန်း၀တ်ရည် ကျောင်းအုပ်အဖြစ် တာ၀န်ကျနေသော ပခုက္ကူ မြို့ပေါ်ရပ်ကွက်တခုရှိ မူလတန်းကျောင်းကလေးဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။
ကျောင်းသို့ရောက်သောအခါ မူလတန်းကျောင်းသားကလေးများကို နံနက်စာ အာဟာရဒါနအဖြစ် အုန်းနို့ခေါက်ဆွဲ ကျွေးမွေးပြီးနေပြီဖြစ်သည်။ပန်း၀တ်မှုန်က မွေးနေ့အထိမ်းအမှတ်အဖြစ် ကုသိုလ်ပြုခြင်းဖြစ်သည်။ သူ့အစ်မ ပန်း၀တ်ရည်က ကူညီစီစဉ်ပေးခြင်းဖြစ်၏။
“လာကြလာကြ မိ၀တ်မှုန်တို့ ၊
ကလေးတွေကတော့ စားသောက်ပြီး ပြန်တဲ့သူလည်း ပြန်သွားကြပြီ၊ ကျောင်းပိတ်ရက် ဆိုတော့လေ၊ လုပ်စရာလည်း ဘာမှ ထွေထွေထူးထူးမရှိပါဘူး၊ အိမ်ထဲကိုသွား၊ အဲဒီမှာ ထိုင်ကြဦး”
နိုင်လင်းနှင့် ပန်း၀တ်မှုန်ကိုတွေ့သောအခါ ပန်း၀တ်ရည်က ပြောပြောဆိုဆိုပင် သူ့နေအိမ်သို့ ခေါ်လေ၏။
“အဆင်ပြေလားမမ၊ လိုအပ်တာရှိသေးလား”
ပန်း၀တ်မှုန်က ထိုင်ခုံတွင် ၀င်ထိုင်ရင်း အစ်မဖြစ်သူကိုမေး၏။
“ပြေပါတယ်အေ၊ အကုန်အဆင်ပြေတယ်၊ ညည်းတို့လည်း ခုမှပဲပေါ်လာတော့တယ်၊ အရင်တပါတ်ကျောင်းပိတ်ရက်ကတောင် လာကြမလား မျှော်နေသေးတာ၊ မောင်နေလင်းရော အဆင်ပြေရဲ့လား”
“ဟုတ်ကဲ့၊ ပြေပါတယ် မကြီး၊ ကျွန်တော်တို့လည်း စာမေးပွဲနီးနေတာနဲ့ စာကြည့်နေကြလို့ရယ်၊ ဒီနှစ်က မဟာတန်း၀င်ခွင့်အတွက် အရေးကြီးတယ်လေ၊ အဲဒါကြောင့် ဘယ်မှ သိပ်မသွားဖြစ်တာပါ”
“အေးကွယ်၊ အဆင်ပြေကြရင်ပြီးတာပါပဲ၊ စာမေးပွဲနီးပြီ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြဦးနော်”
“ဟုတ်ကဲ့ မမ၊ ကျမတို့လည်း သေချာဂရုစိုက်နေပါတယ်၊ စာတန်းအတွက်လည်း ပြင်ဆင်နေကြတယ်၊ ကျမတော့ ဒီတခါ စာတမ်းက ၀တ္ထုရေးရာ ကဏ္ဍ ဆိုတော့ ဇာတ်လမ်းဆင်မှု သဘောတရားတွေအကြောင်း ပြုစုမယ်စဉ်းစားထားတယ်၊ဇာတ်ကောင်စရိုက်ပိုင်းကို ရွေးချယ်ကြတဲ့သူလည်း များလို့လေ”
“အဲလိုလေးလည်း တမျိုးကောင်းပါတယ် မိ၀တ်မှုန်၊ မောင်နေလင်းကရော စာတမ်းအတွက် ဘယ်လိုတွေးလဲ”
“ကျွန်တော်ကတော့၊ ဘာကြောင့် လူတွေ ၀တ္ထုတွေကို စွဲစွဲလန်းလန်းဖက်နေကြသေးတာလဲ၊ ၀တ္ထုတွေက လူ့လောကကို ဘယ်အတိုင်းအတာထိ အကျိုးပြုလဲ ဆိုတဲ့ အပိုင်းလေးတွေကို စာတမ်းတင်ဖို့ပြင်နေတယ် မကြီး”
“မင်းရှုထောင့်ရွေးပုံလေးကိုလည်း မကြီး သဘောကျတယ်၊ မောင်နေလင်းက ပရဟိတပိုင်းတွေမှာ အများအတွက် လုပ်ရတာတွေလည်း ဝါသနာပါတယ် ဆိုတော့ လူ့လောကအကျိုးနဲ့ ဆက်စပ်တဲ့အကြောင်းတွေကို ရွေးလိုက်တာ ကောင်းပါတယ်၊ ဒါနဲ့ တခုတော့ မကြီး စိတ်ပူတယ်၊ မောင်နေလင်းက ကျောင်းသားသမဂ္ဂမှာလည်း ၀င်ထားတယ်လို့ မိ၀တ်မှုန်ကပြောလို့ပါ၊ မောင်နေလင်းတို့ ယုံကြည်ရာကိုလုပ်ကြတာ မကြီး လက်ခံပါတယ်၊ ဒါပေမယ့် တခုခုဆိုရင် ဘ၀ပျက်တဲ့အထိတော့ မဖြစ်ပါစေနဲ့၊ ဒါလည်း မောင်နေလင်းအတွက် စိတ်ပူလို့ပြောတာနော်၊ မိ၀တ်မှုန်လည်း ဒီလိုပဲပူနေမှာ၊ မကြီးတို့တွေက အားလုံး အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တာပါ၊ သမဂ္ဂ အလုပ်တွေက တခါတလေ အစိုးရနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဟယ်ဆီးဟယ်တွေဖြစ်၊ ထောင်ကျ တန်းကျတွေ ဖြစ်တတ်တော့လေ၊ အဲဒါလေးကို သတိနဲ့ ဆင်ခြင်စေချင်တယ်ကွယ်”
“ဟုတ်ကဲ့ မကြီး၊ မကြီးတို့ ၀တ်မှုန်တို့ရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော်တို့သမဂ္ဂအဖွဲ့တွေရည်ရွယ်တာကလည်း လူသားတွေ အကုန်တန်းတူညီတူတိုးတက်နိုင်ရေး၊ ပညာရေးစနစ် မြှင့်တင်နိုင်ရေးအတွက်ပါ၊ ကျွန်တော်လည်း အတတ်နိုင်ဆုံး သတိထားပါ့မယ်”
“ဟုတ်ပါပြီကွယ်၊ ကဲ စကားကောင်းနေတာနဲ့ မေ့နေတယ်၊ အုန်းနို့ခေါက်ဆွဲတွေ ပိုသေးတယ်၊ စားသွားကြဦး၊ မကြီးထည့်ပေးမယ်”
ပန်း၀တ်ရည်က ပြောပြောဆိုဆိုထသွားကာ နေလင်းနှင့် ပန်း၀တ်မှုန်အတွက် အုန်းနို့ခေါက်ဆွဲပန်းကန်များယူလာပြီး ကျွေးလေ၏။ နေလင်းနှင့်ပန်း၀တ်မှုန်တို့လည်း အုန်းနို့ခေါက်ဆွဲများစားပြီးနောက် ပန်း၀တ်ရည်အား နှုတ်ဆက်ကာ ပြန်လာခဲ့ကြ၏။
ညနေရောက်သောအခါ ပန်း၀တ်မှုန်က မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းများကို အေးချမ်းမြိုင်စားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးသည်။ ပန်း၀တ်မှုန်၏သူငယ်ချင်းများရော နေလင်း၏သူငယ်ချင်းများပါ စုံစုံညီညီဖြင့်ပျော်စရာကောင်းနေ၏။ လူငယ်တို့သဘာ၀အတိုင်း
တယောက်နှင့် တယောက် စစနောက်နောက်ဖြင့် သောသောညံပွဲစည်နေတော့၏။
“အသည်းကွဲကောင်ဆိုးလေး
များများစားနော်၊ စားနိုင်မှအားရှိ၊ အားရှိမှ ကောင်မလေးတွေကို လိုက်ကြောင်နိုင်မှာ” ပန်း၀တ်မှုန်က ဖြိုးသူကိုကြည့်ကာ စနောက်လိုက်၏။
“ဖြိုးသူတို့က ၀မ်းဂိုး တူးကမ်း
မလွမ်းသေးပါနော်” ဟု ဖြိုးသူကပြန်ပြော၏။
“မလွမ်းဘူးသာပြောတယ်
တညလုံးမအိပ်နိုင်ဘူး ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့၊ ထမင်းအိုးတွေသွားလှန်လို့လှန်၊ ပြီးတော့စားတာလည်းမဟုတ်ဖူး၊ ဘေးကလူတွေပါ အိပ်ရေးပျက်တယ်” နေလင်းက ၀င်ပြီး အရွှန်းဖောက်လိုက်၏။
“ဟာကွာ၊ ဗိုက်ဆာသလိုလိုဖြစ်လို့
ဘာဟင်းကျန်သေးလည်းကြည့်တာပါဟ” ဟု ဖြိုးသူကရှက်ပြုံးပြုံးရင်းပြော၏။
“အေးအေး၊ မိုးလင်းခါနီး လှေကားပေါ်က လိမ့်ကျတာ မပြောသေးဘူး၊ အမြဲသွားနေကျလှေကားတောင်မှလေ” နေလင်း၏စကားအဆုံးတွင် ဝိုင်းထိုင်နေကြသော သူငယ်ချင်းအားလုံး ဝိုင်းရယ်ကြလေ၏။
“အဲဒါခဏထားလိုက်ကြဦး၊ တရုတ်မှာတော့ အဆုတ်ယောင်ရောဂါတမျိုးဖြစ်နေတယ်တဲ့နော်၊ ဝူဟန်ဗိုင်းရပ်စ် ကြောင့်ဆိုလားပဲ၊ မနက်က သတင်းထဲတွေ့တာ၊ ကူးစက်မှုမြန်လို့ တချို့နိုင်ငံတွေကတရုတ်လေကြောင်းလိုင်းတွေကို ပိတ်ထားတယ်လို့လည်းတွေ့တယ်၊ ဝူဟန်မြို့မှာ လူတွေလည်းတော်တော် သေကြတယ်တဲ့” ဖြိုးသူက စကားလွှဲရင်း နာမည်ကြီးနေသောသတင်းကိုပြောလိုက်၏။
“ဟုတ်တယ်နော်၊ ကပ်ရောဂါအဆင့်ထိ ဖြစ်လာနိုင်တယ်လည်း ပြောကြတယ်” ပန်း၀တ်မှုန်ကလည်း သူတွေ့ထားသော သတင်းကိုပြော၏။
“ဘာတွေ ဖြစ်လာဦးမလည်းမသိပါဘူးကွာ၊ ဒို့နိုင်ငံကိုပါ ကူးစက်လာရင်တော့ ဒုက္ခပါပဲ၊ နိုင်ငံကမှ တိုးတက်ဖို့ အားယူစ ပါဆို အဲလိုရောဂါဘေးတွေ နှိပ်စက်ရင် မလွယ်ဘူး” နေလင်း၏စကားသံအဆုံးတွင်သူတို့ သူငယ်ချင်း အားလုံး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွား၏။
(ဆက်ရန်)
Be the first to comment