
“The Reader (2008)”

ဒီရုပ်ရှင်ကြည့်ပြီးတော့ ဘယ်က စ, ပြောရမယ်ဆိုတာ အတော့်ကို စဥ်းစားယူရတယ်။ ကိုယ့်ဘဝမှာ ဝတ္ထုတပုဒ်ရေးဖို့ ကုန်ကြမ်းက ရှိနေပေမယ့် ပိုင်ပိုင်နိုင်နိုင် ချရေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် ကုန်ကြမ်းမပြည့်စုံသေးလို့လို့ ယူဆပြီး မရေးဘဲ ပစ်ထားလိုက်တယ်။ နောက် ကြုံလာမယ့် အဖြစ်အပျက် တွေက အဲဒီဝတ္ထုရေးဖို့ ကုန်ကြမ်း ပြည့်စုံသွားစေနိုင်တယ်။ ဒီတော့ ကိုယ်လည်း ဒီရုပ်ရှင်ကြည့်ပြီး ဘယ်က စပြောရမယ်မသိ ဖြစ်နေတော့ ကုန်ကြမ်းမပြည့်စုံသေးလို့ နေမှာပါဆိုပြီး ပစ်ထားခဲ့လိုက်တာ။ မကြာဘူး၊ REMEMBER (2015) ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ပြီးမှ ကုန်ကြမ်းပြည့်စုံပြီလို့ ယူဆပြီး ဒီစာကို ချရေးလိုက်တာပဲ။
Remember နဲ့ The Reader ရုပ်ရှင်ဟာ အဖြစ်အပျက် ခပ်ဆင်ဆင်ပါ။ ရုပ်ရှင်နှစ်ခုလုံးဟာ အာဏာရှင်တို့ သမိုင်းဆိုးဟာ မသေ၊ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ၊ အကြာကြီး ဖုံးကွယ်လို့မရတာ အမှန်တရား ဆိုတဲ့ ကားတွေကို မှန်ကန်စေတယ်။
ကိုယ် အရင်ဆုံး ဟစ်တလာကို ရွံရှာ စက်ဆုတ်တယ်လို့ ဆိုချင်တယ်။ Remember နဲ့ The Reader ရုပ်ရှင်တို့ဟာ ဟစ်တလာရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်လာကြတာ။
ရုပ်ရှင်နှစ်ကားလုံးကို ကြည့်မယ်ဆိုရင် ဟစ်တလာရဲ့လုပ်ရပ်ကို အရင်ဆုံး သိထားမှ နားလည်လိမ့်မယ်။ ဟစ်တလာဟာ ဂျာမန်လူမျိုး။ နာဇီပါတီခေါင်းဆောင်။ ဟစ်တလာ့ကြောင့် ဂျူးတွေ၊ လိင်တူချစ်သူတွေ၊ လူမည်းတွေ အများအပြား သေခဲ့ရတယ်။
ဟစ်တလာရဲ့ လက်အောက်မှာ နာဇီတွေကလည်း အများကြီး။ အဲဒီနာဇီတွေက ဟစ်တလာခိုင်းသမျှ လုပ်ခဲ့ရတာ။ ဂျူးတွေကို သတ်ဆိုသတ်၊ လိင်တူချစ် သူတွေကို ဖမ်းဆိုဖမ်း၊ လူမည်းတွေကို ပစ်ဆိုပစ်။
စစ်ကြီးပြီးလို့ ဟစ်တလာရှုံးနိမ့်တဲ့အခါ ဟစ်တလာအပါအင် ဟစ်တလာရဲ့ လက်အောက်က နာဇီတွေလည်း အများအပြား ဖမ်းခံရ၊ အရေးယူခံရ၊ ဘဝပျက်ခဲ့ကြရတယ်။ Remember နဲ့ The Reader ရုပ်ရှင်ထဲက ဇာတ်ကောင်တွေဟာ ဟစ်တလာ့လက်အောက်ခံ နာဇီတွေ။ လူတွေကို အများအပြား သတ်ခဲ့ကြမိတယ်။ အဲဒီအပြစ်အတွက် တဖန်ပြန်ပြီး သေကြရ၊ ဖမ်းခံရ၊ ဘဝပျက်ခဲ့ကြရတယ်။ အားလုံးဟာ ဟစ်တလာက စတာပါပဲလေ။
ရုပ်ရှင်အကြောင်းမပြောခင် လူတိုင်းမှာ အားနည်းချက်၊ ချို့ယွင်းချက် ကိုယ်စီရှိကြတဲ့အကြောင်း ကိုယ်ပြောချင်တယ်။ The Reader ရုပ်ရှင်ဇာတ်ကောင် တယောက်ဟာ သူ့ရဲ့ အားနည်းချက်တခုကြောင့် ဇာတ်ကောင် ဖြစ်ခဲ့ရလို့ပါ။
ကိုယ်ပြောတဲ့ လူတွေမှာရှိတဲ့ အားနည်းချက်ကိုယ်စီဆိုတာက ထင်သာမြင်သာရှိတဲ့ ကိုယ်ခန္ဓာ မသန်စွမ်းတာတို့၊ အမြင်အာရုံ မသန်စွမ်းတာတို့၊ အပြောမသန်စွမ်းတာတို့၊ အကြားအာရုံ မသန်စွမ်းတာတို့ကို ပြောတာမဟုတ်ဘူး။ လူတွေမမြင်နိုင်တဲ့ အားနည်းချက်ကိုပြောတာ။ ဥပမာပေါ့၊ အကြားအာရုံ/ အမြင် အာရုံ/ ဉာဏ်ရည် အနည်းငယ် မသန်စွမ်းတာတို့၊ LGBTQ စိတ်ရှိတာ၊ စာမတတ်တာ၊ ပညာမတတ်တာ၊ ရောဂါအခံရှိတာ၊ အနံ့အာရုံ မသန်စွမ်းတာ၊ မသိတာကို သိတယ်လုပ်တာ၊ အတိတ်ပုံရိပ် မကောင်းခဲ့တာ စသဖြင့်ပေါ့။
အဲဒီလို ထင်သာမြင်သာမရှိတဲ့ အားနည်းချက် ရှိတဲ့သူတွေက မိမိရဲ့အားနည်းချက်ကို ဖွင့်ပြောရမှာ ရှက်ကြတယ်။ တချို့တွေပေါ့။ တချို့ကတော့ မရှက် ကြပါဘူး။ ပြောင်ပြောင်တင်းတင်း ဖွင့်ပြောတဲ့သူတွေလည်း ရှိကြပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်း၊ ရဲရဲဝံ့ဝံ့ ဖွင့်ထုတ်ရဲကြသူတွေပေါ့။ အဲဒီလို ရဲရဲဝံ့ဝံ့ ဖွင့်ပြရဲသူ အများစုကတော့ ပညာတတ်သူ အများစုပါပဲ။ ပညာတတ်သူဆိုတာ အသိဉာဏ်ပညာ ပြည့်ဝသူကိုပြောတာ။ အသိဉာဏ်ပညာပြည့်ဝသူတွေဟာ ဘယ်အကြောင်း၊ ဘယ်အရာက အမှန်အတိုင်း ဝန်ခံသင့်၊ ဖွင့်ထုတ်သင့်တယ်ဆိုတာ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိကြပါတယ်။
ကိုယ့်အားနည်းချက်ကို ဖွင့်မထုတ်ရဲကြတဲ့ အကြောင်းရင်းကတော့ လူတွေက ကိုယ့်အားနည်းချက်ကို အသုံးချပြီး အနိုင်ယူတတ်ကြလို့ပါပဲ။ ဥပမာ တယောက်ယောက်နဲ့ စကားများကြတဲ့အခါ မင်းက ဘာကြီးဆိုတာလည်း မမေ့နဲ့ဦး ဆိုပြီး အားနည်းချက်နဲ့ အနိုင်ပိုင်းတယ်။ အရှက်ခွဲတယ်။ အဲဒီလို အားနည်းချက်ကို အသုံးချတတ်ကြတဲ့အတွက် လူတွေက ကိုယ့်မှာ LGBTQ စိတ်ရှိတာကိုလည်း ဝန်မခံချင်ကြတော့ဘူး။ စာမဖတ်တတ်တာ၊ ပညာမတတ်တာ၊ အနံ့အာရုံမရှိတာ၊ ရောဂါအခံရှိတာ စသဖြင့် အားနည်းချက်များစွာကို ဖွင့်မထုတ်ရဲချင်ကြတော့ဘူး။
အဲဒီလို ကိုယ့်ရဲ့အားနည်းချက်ကို ဖွင့်မထုတ်တဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာစေတယ်။ လိမ်လည်မှုတွေ ဖြစ်လာစေတယ်။ အရှက်ရမှုတွေ ဖြစ်လာစေတယ်။
ကိုယ်ကတော့ အားနည်းချက်များစွာထဲမှာ စာမဖတ်တတ်တဲ့ အားနည်းချက်က အဆိုးဝါးဆုံးလို့ ယူဆမိတယ်။ စာမဖတ်တတ်ရင် စာအုပ်တွေ မဖတ်နိုင် တော့ဘူး။ စာအုပ်တွေ မဖတ်နိုင်ရင် စာအုပ်ထဲမှာရှိတဲ့ အသိဉာဏ်တွေ၊ ဗဟုသုတတွေ မရနိုင်တော့ဘူး။ အသိဉာဏ်ဗဟုသုတမရှိရင် ဘယ်လိုကိစ္စအကြောင်းအရာများမှာမဆို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တော့ဘူး။ အဲဒီတော့ အမှားတွေ လုပ်မိနိုင်တယ်ပေါ့။
The Reader ထဲက ဟန်နာဆိုတဲ့ ဇာတ်ကောင်အမျိုးသမီးဟာ စာမဖတ်တတ်တဲ့ အားနည်းချက်ရှိတယ်။ အဲဒီအားနည်းချက်ကြောင့် ဟန်နာဟာ ဘဝတလျှောက်လုံး မကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့မိတယ်။ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့မိတယ်။ အဲဒီလုပ်ရပ်တွေဟာ မကောင်းမှန်းတောင် ဟန်နာကိုယ်တိုင် မသိခဲ့ဘူး။ အဲဒီအတွက် ဟန်နာ့တသက်တာလုံးကို ပေးဆပ်ခဲ့ရတယ်။ ဟန်နာရဲ့ နောက်ဆုံးကာလအရောက်မှာတော့ ဟန်နာဟာ စာဖတ်တတ် သွားခဲ့ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်။
ရုပ်ရှင်အကျဥ်းကို ပြောရရင် ရထားတွဲလိုင်းမှာ အလုပ်လုပ်တဲ့ ၄၂ နှစ်အရွယ် ဟန်နာရဲ့ တိုက်ခန်းနားမှာ ကျောင်းအပြန် နေမကောင်းဖြစ်နေတဲ့ ဆယ့်ငါးနှစ်အရွယ် မိုက်ကယ်ဆိုတဲ့ ကောင်လေးကို ကူညီခဲ့တယ်။ အဲဒီမှာ ကောင်လေးဟာ ဟန်နာ့အလှမှာ ယစ်မူးပြီး နောက်နေ့လည်း ဟန်နာ့တိုက်ခန်းကို လာခဲ့တယ်။ ပျိုမြစ်စ မြီးကောင်ပေါက် ကောင်လေးဟာ ဟန်နာ့ဆီက အထိအတွေ့ကို လိုချင်နေမှန်း ဟန်နာရိပ်မိသွားခဲ့ပြီး ကောင်လေးလိုချင်တဲ့ အထိအတွေ့တွေကို ဟန်နာက ပေးခဲ့တယ်။ နေ့စဥ်နေ့တိုင်းပါပဲ။ အဲဒီမှာတင် ဟန်နာဟာ စာမဖတ်တတ်တဲ့အတွက် အသိဉာဏ်နည်းသွားခဲ့ပြီး အသက်မပြည့်သေးတဲ့ ကိုယ့်သားအရွယ် ကောင်လေးကို လိင်ဆက်ဆံဘက်အဖြစ် အသုံးချမိတာပါပဲ။
ကောင်လေးကို လိင်ဆက်ဆံဘက်အဖြစ် အသုံးချရုံတင်မဟုတ်ဘူး၊ စာဖတ်ခိုင်းဖတ်အဖြစ်ပါ အသုံးချလိုက်တာ။ ဟန်နာဟာ စာသာ မဖတ်တတ်တာ သူတပါးက စာဖတ်ပြတာကို နားထောင်ရတာ ကြိုက်တဲ့ဝါသနာလေး ရှိတယ်လေ။ ဒါပေမယ့် ဟန်နာဟာ မဖတ်တတ်တဲ့အကြောင်း ကောင်လေးကို မပြောဘူး။ ဟန်နာဟာ စာမဖတ်တတ်တာကို လူသိမှာ သိပ်ရှက်တတ်တယ်။
ဟန်နာဟာ ကောင်လေးကို ချစ်မချစ်တော့ မသိဘူး၊ ကောင်လေးကတော့ ဟန်နာ့ကို တဘဝစာ ချစ်မိသွားခဲ့တယ်။ ဒါ့ကြောင့်လည်း ဟန်နာ့ဆီမှာ တနွေစာလောက် ဟန်နာ့သဘောအတိုင်း စာဖတ်ပြခဲ့ပြီး လိင်ဆက်ဆံခဲ့တယ်။ တနေ့မှာပဲ ဟန်နာဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ။
ကောင်လေးက ဥပဒေကျောင်းသား။ သင်တန်းအနေနဲ့ တရားရုံးမှာ အမှုတခုကို သွားရောက်လေ့လာခါမှ ဟန်နာ့ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတာ။ ဟန်နာဟာ တရားခံတယောက် ဖြစ်နေတယ်။
ဟန်နာဟာ ဟစ်တလာရဲ့ လုပ်ရပ်တွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံခဲ့ရတာ။ စစ်ကြီးပြီးတော့ ဟစ်တလာရဲ့လက်အောက်ခံ နာဇီတွေရဲ့ လက်ကနေ လွတ်မြောက်ခဲ့ကြသူတွေဟာ သူတို့ ဘယ်လို အဖမ်းခံခဲ့ရတဲ့အကြောင်း၊ ဘယ်လိုတွေ ကြုံခဲ့ရ၊ လွတ်မြောက်ခဲ့ရတဲ့အကြောင်း၊ မိသားစုဝင် တွေ ဘယ်လို အသတ်ခံခဲ့ရတဲ့အကြောင်း စာတတန်၊ ပေတဖွဲ့၊ ရုပ်ရှင်တကား စသဖြင့် ဖွင့်ပြကြတယ်။ အဲဒီစာပေ၊ အဲဒီရုပ်ရှင်ဟာ လူထုဆီ ပျံ့နှံ့သွားတဲ့အခါ အဲဒီအဖြစ်အပျက်ထဲက လူတွေကို တဦးတယောက်ကတော့ သိနေ၊ မှတ်မိနေမှာပါပဲ။ အဲဒီမှာ နာဇီတွေရဲ့လက်ကနေ လွတ်မြောက်ခဲ့တဲ့ အမျိုးသမီးတဦးဟာ သူကြုံတွေ့ခဲ့ရတဲ့အကြောင်း စာအုပ်ထုတ်လိုက်တော့ စာအုပ်ထဲက အဖြစ်အပျက်ထဲက နာဇီတရားခံဟာ ဟန်နာဖြစ်နေခဲ့ပါတယ်။ ဟန်နာအပါအဝင် အမျိုးသမီး ခြောက်ဦး။ အဲဒီ ခြောက်ဦးစလုံး တရားရုံးမှာ ရောက်နေခဲ့တယ်။ ဟန်နာဟာ နာဇီတယောက်ဖြစ်ခဲ့တယ်။ အကျဥ်းသားတွေကို စောင့် တဲ့ နာဇီမ ဟန်နာ။
အဲဒီ နာဇီအကျဥ်းစောင့် ခြောက်ဦးထဲမှာ ဟန်နာဆိုတဲ့ အဲဒီအမျိုးသမီးက တကယ်ကို ထူးဆန်းတဲ့ မိန်းမပါပဲ။ တခြားအမျိုးသမီးတွေကို ဘေးဖယ်ပြီး အမျိုးသမီး ခပ်ငယ်ငယ်လေးတွေကို ရွေးထုတ်တယ်။ နေစရာ၊ စားစရာ ပေးတယ်။ ပြီးတော့ သူ့ရဲ့အခန်းထဲ ခေါ်သွင်းပြီး စာဖတ်ခိုင်းခဲ့တာ။ အဲဒီလုပ်ရပ် ကြောင့် ဟန်နာဟာ ကျမတို့အတွက်တော့ တကယ်အားကိုးရမယ့်သူလို့ ထင်ထားခဲ့တာ။ လူသားပီသသူ၊ ကြင်နာမယ့်သူလို့ပေါ့။ တကယ်တော့ သူဖယ်ထုတ်ခဲ့တဲ့ အသက်ကြီးကြီး အမျိုးသမီးတွေကို သေရမယ့်အလှည့်အဖြစ် ခေါ်ထုတ်လိုက်တာပဲ။ အဲဒီတော့ အကြင်နာတရား ကင်းမဲ့တဲ့ ယုတ်ညံ့သူပေါ့ရှင်။
ကျမကတော့ အစောင့်ဖြစ်လို့ အစောင့်တာဝန်ကျေအောင် လုပ်ရုံပါပဲ။ ကျမတို့တာဝန်က လူဆယ်ယောက် အမြဲရွေးပေးရတယ်။ လူသစ်တွေကလည်း အမြဲရောက်ရောက်လာတော့ အသစ်တွေနေရာမှာ အစားထိုးဖို့ နာမကျန်းသူတွေ၊ အသက်ကြီးကြီးသူတွေကို ရွေးပေးတာပဲ။ မရွေးလို့လည်း မဖြစ်ဘူးလေ၊ အသစ်တွေအတွက် နေရာမှမရှိတာ။ တရားသူကြီးရယ် ရှင်ဆိုရင်ရော ဘယ်လို ဆုံးဖြတ်မှာလဲဟင်၊ ဒီလိုမှမဟုတ်ရင်လည်း အစကတည်းက ကျမ အဲဒီမှာ အလုပ်မလုပ်ခဲ့သင့်တာလား။
ဟန်နာကတော့ စာမဖတ်တတ်လို့ အသိဉာဏ်နည်းသူပီပီ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာပဲ။ အကျဥ်းစခန်းမှာ အကျဥ်းသူလေးတွေ ဟန်နာ့ကို ဖတ်ပြခဲ့တဲ့ စာပေဟာ စာကောင်းပေမွန်မဟုတ်ဘဲ ဟန်နာ့ကို အသိဉာဏ်ဗဟုသုတရအောင် မပေးနိုင်ခဲ့တဲ့ ခပ်ညံ့ညံ့စာပေမျိုး ဖြစ်နေတာကတော့ ဟန်နာ့ရဲ့ ကံတရားပါပဲ။
ဟန်နာရဲ့စကားထဲမှာ ကျမတို့လို့ ပါတော့ အားလုံး အတူတူ ရွေးခဲ့တာလား။ ဟန်နာ့စိတ်ကြိုက် ရွေးခဲ့တာလား။ အားလုံး အတူတူ ရွေးကြတာပေါ့ရှင်။ မဟုတ်ဘူးရှင့်၊ ရှင်က ခေါင်းဆောင်ဆိုတော့ ကျမတို့က ရှင်လုပ်သမျှ ထောက်ခံပြီး လိုက်လုပ်ခဲ့ကြရတာပါရှင်။ ရှင် ကျမက ခေါင်းဆောင် ဟုတ်လား။
ဟန်နာဟာ စာမဖတ်တတ်တော့ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ဖြစ်နေမှန်းပင် မသိခဲ့ပါ။ အဲဒီအတွက် တရားသူကြီးဟာ ထိုစဥ်က ဟန်နာထိုးခဲ့တဲ့ လက်မှတ်နဲ့ ကိုက်ညီမှု ရှိမရှိ သိရဖို့အတွက် လက်မှတ်ထိုးပြဖို့ တောင်းဆိုတယ်။ ဒါကို ဟန်နာဟာ စာမဖတ်တတ်မှန်း လူတွေသိသွားမှာ ရှက်တဲ့အတွက် အရှက်နဲ့ အပြစ်ကို လဲပစ်လိုက်မိတဲ့အထိကို အသိဉာဏ် နုံနည်းခဲ့ပါတယ်။
မလိုပါဘူးရှင်၊ ဟုတ်ပါတယ်၊ ကျမ ဝန်ခံပါတယ်။
ထိုအပြစ်များအတွက် ဟန်နာ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ လေးနှစ်ပဲ ထောင်ကျခဲ့ပြီး ဟန်နာကတော့ ခေါင်းဆောင်မို့ တသက်တကျွန်း ကျခံခဲ့ရပါတယ်။
ဟန်နာ လက်မှတ်ထိုးဖို့ တုံ့ဆိုင်းနေစဥ်၊ ဟန်နာ ဝန်မခံခင်မှာ ဟန်နာနဲ့ တနွေစာလောက် အတူရှိခဲ့တဲ့ မိုက်ကယ်ဟာ ထိုတနွေစာတုန်းက ဟန်နာရဲ့ အပြုအမူများကို ပြေးသတိရပြီး ဟန်နာဟာ စာမဖတ်တတ်မှန်း သိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဟန်နာဟာ စာမဖတ်တတ်လို့ပါလို့ နောက်ကနေ ဖြောင့်ချက် ဝင်ပေးခဲ့ရင် ဟန်နာ အပြစ်နည်းနည်းပဲ ကျခံရမှာကို မိုက်ကယ်သိပါတယ်။ ဒါပေမယ့် မိုက်ကယ်မလုပ်ခဲ့ဘူး။ ဟန်နာ့ကြောင့် လူပေါင်းများစွာ သေကျေခဲ့ရပြီးပြီ။ ဟန်နာတို့ အကျဥ်းစခန်းမှာ အသတ်ခံရသူပေါင်း ၃၀၀ တောင် ရှိသတဲ့။ အဲဒီအတွက် ဟန်နာဟာ အပြစ်ဒဏ်ခံရသင့်တယ်လို့ ဥပဒေကျောင်းသားပီပီ အသိဝင်ခဲ့ပါတယ်။ ဒါဟာ မိုက်ကယ်က စာဖတ်တတ်သူပီပီ အသိဉာဏ်ရှိခဲ့လို့ပါပဲ။
မိုက်ကယ်ဟာ ဟန်နာ့ကို ရင်နဲ့ရင်းပြီး ချစ်ခဲ့သူပါ။ အိမ်ထောင်ကျပြီး သမီးလေး ဆယ်နှစ်လောက်အရွယ်မှာ ဇနီးနဲ့ ကွာရှင်းခဲ့တယ်။ ဟန်နာ့ကို မေ့မရနိုင် တာကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း ဟန်နာ့ဆန္ဒကို ရအောင် ဖြည့်ဆည်းပေးတယ်။ စာအုပ်တွေကို အသံသွင်းတိပ်ခွေနဲ့ ဖတ်ပြီး အသံသွင်းတယ်။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာပါပဲ။ ပြီးရင် ဟန်နာ့ဆီကို ကက်ဆက်နဲ့ တိပ်ခွေတွေပို့ပြီး နားထောင်စေတယ်။
ဒီတခါ မိုက်ကယ်ဖတ်ပြခဲ့တဲ့ စာပေတွေက ဟန်နာ့ကို အသိဉာဏ်ပွင့်ခဲ့တဲ့ စာကောင်းပေမွန်တွေပါပဲ။ ဟန်နာ့ကို အသိဉာဏ် ပွင့်စေရုံမကဘူး စာရေးတတ်၊ ဖတ်တတ်အောင် သင်ယူစေချင်စိတ်ပါ ဖြစ်စေခဲ့ပါတယ်။ အဲဒီအတွက် ဟန်နာဟာ စာရေးတတ်၊ ဖတ်တတ်အောင် သင်ယူတယ်။ ဟန်နာ့ရဲ့ ပြင်းပြတဲ့ စိတ်ကြောင့် စာရေးတတ်၊ ဖတ်တတ်သွားခဲ့ပြီ။ ဟန်နာရဲ့အခန်းထဲမှာ စာအုပ်တွေချည်း နေရာယူခဲ့ပြီ။
နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့အခါမှာ ဟန်နာဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တော့မယ်။ အဲဒီတော့ မိုက်ကယ်က ခင်ဗျားအတွက် နေစရာနဲ့ အလုပ် စီစဥ်ပေးမယ်။ လွတ်လာရင် အပြင်မှာ အသုံးချဖို့အတွက် ဒီထဲမှာ ဘာတွေ သင်ယူခဲ့သေးလဲ။ ဟန်နာကတော့ တခွန်းတည်း ဖြေတယ်။
ကျမ စာဖတ်တတ်အောင် သင်ယူခဲ့ပြီးပြီ။
ဟန်နာ့ရဲ့ အဲဒီ တခွန်းတည်းသော စကားထဲမှာ အဓိပ္ပါယ်တွေ အများကြီး ပါဝင်ပါတယ်။ ဟန်နာဟာ စာဖတ်တတ်ပြီဆိုတော့ အသိဉာဏ်တွေပါ ရခဲ့ပြီဆိုတဲ့ သဘောပါ။ အဲဒီတော့ ဟန်နာလုပ်ခဲ့တဲ့ လုပ်ရပ်များဟာလည်း မှားမှန်း ဟန်နာ သိသွားခဲ့ပါပြီ။ သိသွားတာလည်း အတော်ကြီးကို ကြာခဲ့ပါပြီ။ အမှားအတွက် ပေးဆပ်သင့်သလောက် ပေးဆပ်ခဲ့ပြီ။ ဟန်နာ့လုပ်ရပ်များဟာ အနှစ် ၂၀ ထောင်ထဲမှာ ပေးဆပ်ရတာနဲ့တင် မလုံလောက်မှန်းလည်း သိခဲ့ပြီ။ ဒါ့ကြောင့်လည်း အစောကြီးကတည်းက ဆူဆိုက်သင့်မှန်း သိပါလျက်နဲ့ ဆူဆိုက်မလုပ်ခဲ့ဘဲ လွတ်ငြိမ်းခွင့်နဲ့ လွတ်မယ့်နေ့မှာပဲ ဆူဆိုက်ခဲ့ပါတယ်။ ထောင်ထဲမှာ စုခဲ့တဲ့ ငွေကြေးလေးတချို့ကိုလည်း စာရေးဆရာမလေးကိုပေးဖို့ မိုက်ကယ့်ကို စာချန်ပြီး မှာခဲ့ပါတယ်။ စာရေးဆရာမလေးကလည်း မိုက်ကယ့်ရဲ့ ပြောကြားချက်ကြောင့် ဟန်နာဟာ စာမဖတ်တတ်မှန်း သိသွားတဲ့အခါ ဟန်နာ့အပေါ် ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ ဟန်နာပေးခဲ့တဲ့ငွေလေးကို မယူဘဲ ဘူးခွံလေးကို အမှတ်တရအဖြစ် ယူလိုက်ပြီး ငွေကြေးကို မိုက်ကယ်လိုရာ အသုံးပြုဖို့ ပေးလိုက်ပါတယ်။ မိုက်ကယ်ကလည်း ဟန်နာ့နာမည်နဲ့ စာတတ်မြောက် ရေး အဖွဲ့အစည်းအတွက် လှူဒါန်းမယ်လို့ ဆိုပါတယ်။
လူတိုင်း စာဖတ်တတ်ပြီး အသိဉာဏ် ပွင့်လင်းနိုင်ကြပါစေ။
Director: Stephen Daldry
Starring: Kate Winslet, Ralph Fiennes, David Kross
Be the first to comment