
“အသက်တွေပေးပြီး ဘာမှ ပြန်မယူသွားတဲ့သူတွေ”

ပြီးခဲ့တဲ့ရက်က အာရှလမ်းမတနေရာမှာ PDF ရဲဘော်တဦး ကျသွားတယ်။ ဒါက ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။ စစ်တိုက်နေရတာ ဖြစ်တဲ့အတွက် ဒီလိုပဲ သေတယ်၊ တိုက်ပွဲကျတယ်ဆိုတာ စစ်နဲ့နီးစပ်သူတွေကြားထဲမှာ သာမန် ဖြစ်ရိုးဖြစ်စဥ်တခုပါပဲ။
ကျနော့်မှာလည်း အခုလို တာဝန်ထမ်းဆောင်ရင်း ကျသွားခဲ့တဲ့ သူငယ်ချင်းတွေရှိတယ်။ ဒါကြောင့် တိုက်ပွဲကျတယ်၊ သေတယ်ဆိုတဲ့ အသံတွေဟာ ကျနော်တို့အတွက် သိပ်ပြီး ထူးဆန်းတဲ့အရာတော့ မဟုတ်တော့ဘူး။
ဒီလိုမထူးဆန်းဘူးဆိုပေမယ့် ကိုယ့်ဘက်က တယောက်ကျကျ၊ နှစ်ယောက်ကျကျ ကျနော်တို့အတွက် ရင်နာရတာပဲ။ အထူးသဖြင့် ကျသွားတဲ့ရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းတိုင်း ရင်ထဲမှာ ပိုပြီး နာကျင်ရတယ်။
ကျသွားတဲ့ ရဲဘော်တွေဆီမှာ ပိုင်ဆိုင်မှုဆိုလို့ အဝတ်အစားအနည်းငယ်၊ ပိုက်ဆံအကြွေတချို့နဲ့ တခြား တိုလီမုတ်စတွေကလွဲရင် သူတို့ဆီမှာကျန်ခဲ့တဲ့ တန်ဖိုးကြီးတဲ့အရာဆိုလို့ ဘာမှမရှိဘူး။
PDF တယောက်ကျလို့ ဘဏ်ထဲမှာ ပိုက်ဆံတွေ၊ ဝယ်ထားတဲ့အိမ်တွေ၊ မြေကွက်တွေ ဘာတခုမှ မကျန်ခဲ့ဘူး။ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အသက်တွေကိုသာ ဒီနိုင်ငံအတွက်၊ ဒီတော်လှန်ပြည်သူတွေအတွက် ပေးလိုက်တာကလွဲရင် သူတို့ပြန်ယူသွားတာ ဘာမှမရှိခဲ့ဘူး။
ပြီးခဲ့တဲ့ရက်က လိုင်းပေါ်မှာ တလရအကြောင်းပြပြီး ချမ်းသာသွားကြတဲ့ သူတွေအကြောင်း ရေးထားတာကို ဖတ်လိုက်ရတယ်။ စာအပြည့်အစုံက …
{တော်လှန်ရေးလုပ်တဲ့သူတွေထဲ တော်လှန်ရေးဗန်းပြပြီး ပြေလည်သွားတဲ့သူတွေ ရှိတယ်။ အဲဒီလို ပြေလည်နေတဲ့သူတွေဟာ Social Media မှာ သူတို့ရဲ့ဖန်အင်အားတောင့်အောင် သေချာကို လုပ်ထားတယ်။ မြန်မာနိုင်ငံထဲ နေနေရတဲ့အချိန် မွဲတေနေတဲ့သူတွေက နယ်စပ်လေးကျော်တာနဲ့ iPhone ကိုတောင် Promax မှ ကိုင်တာတို့၊ နောက် Shirt ဆိုရင်တောင် ဘာ Brand မှ၀တ်တယ်ဆိုတာတွေ ဖြစ်လာတယ်။ ကိုယ့်အရည်အချင်း ကိုယ့်ပညာနဲ့ကိုယ်ဆိုရင် လူတောတောင် မတိုးတဲ့ကောင်တွေက တော်လှန်ရေးကာလ အခြေအနေကို ကောင်းကောင်းအသုံးချပြီး စီးပွားရှာနေတာကို သိလျက်မြင်လျက် တွေ့ရဲ့သားနဲ့ အဲဒါတွေ လျော့ကျသွားအောင် ရပ်တန့်သွားအောင် မလုပ်နိုင်သရွေ့ကတော့ ကျနော်တို့ တော်လှန်ရေးဟာ တစိတ်တပိုင်း သိက္ခာကျနေမှာဖြစ်သလို ကျဆင်းတာတွေ ရှိနေမှာပါပဲ။ ဒါတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်တဲ့ အခြေအနေတခုတော့ မဖြစ်မနေ လိုအပ်နေပါပြီ။ အခုဆိုရင် လူလိမ်တွေ ဒီလောက် ပေါများလာနေတာတောင် လျော့ကျသွားတာမရှိဘဲ တိုးပွားလာနေသေးတာကိုက အင်မတန် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါ။}
ဒါက သူရေးထားတဲ့အတိုင်း ကျနော် ပြန်ထည့်ပေးလိုက်တာပါ။ ပြောချင်တာက ရှေ့တန်းမှာ စစ်တိုက်နေရတဲ့သူတွေ အများကြီးရှိသေးတယ်။ ဒီလို အပင်ပန်းခံပြီး၊ အသက်နဲ့ရင်းပြီး စစ်တိုက်နေကြသူတွေရဲ့ နာမည်ကို အသုံးချပြီး ကိုယ်ကျိုးရှာနေသူတချို့ကလည်း သပ်သပ်ကို ရှိနေပြန်သေးတယ်။
ဒါဟာ တကယ်တော့ လုပ်ကိုမလုပ်သင့်တဲ့အရာပါ။
ပြောရမယ်ဆိုရင် PDF တွေက ငွေရလို့ စစ်တိုက်နေကြတဲ့ ကြေးစားစစ်သားတွေလည်း မဟုတ်ပါဘူး။ သူတို့ရဲ့အသက်တွေပေးပြီး စစ်တိုက်နေရတာကလွဲရင် သူတို့ပြန်ရတဲ့ ငွေကြေးတန်ဖိုးက ဘာမှမရှိဘူး။ ဒီလို ဘာမှမရတဲ့အခြေအနေမှာ အသက်တွေပေးပြီး စစ်တိုက်နေရတာဟာ အာဏာရှင်လက်အောက် က တနိုင်ငံလုံး လွတ်မြောက်ပါစေဆိုတဲ့ စိတ်တခုနဲ့ပဲ တိုက်နေကြတာဖြစ်တယ်။
ဒီလို အသက်တွေရင်းပြီး တိုက်နေရတဲ့သူတွေ ကျသွားရင်တောင် ဆယ်လီမဟုတ်ရင် တချို့က RIP ပြောဖို့တောင် သတိမရကြဘူး။ အသုဘလိုက်ပို့ဖို့ဆို ဝေးရော။
ဒါတောင်မှ တချို့က ဒီအခြေအနေကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့သူက ရှိသေးတော့ ကျနော့်မှာ ပြောစရာစကားလည်း မရှိတော့ဘူး။ ပြောတော့ အာဏာရှင်ကို တော်လှန်တာပါဆို၊ အာဏာရှင်ရဲ့ ဂုတ်သွေးစုပ်မှုကနေ လွတ်မြောက်အောင် လုပ်နေကြတာပါဆိုပြီး ကိုယ်တိုင်က အာဏာရှင်လမ်းစဥ်ကို လိုက်ပြီး ကိုယ်ကျိုးရှာကြတာတွေမြင်တော့ တကယ် နာကျင်ရတယ်။
နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိဘူးဆိုပေမယ့် ကျနော်တို့ရဲဘော် တယောက်စီတိုင်းမှာ တန်ဖိုးရှိတဲ့အသက်တွေ ရှိကြပါတယ်။ ဒီအသက်တွေကို ကျနော်တို့ တန်ဖိုးထားဖို့လိုတယ်၊ ဒီအသက်တွေကို အသိအမှတ်ပြုဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ကျနော်တို့ တော်လှန်ရေးကြီးက နောက်ထပ် နှစ်ပေါင်း ၇၀ လောက် ထပ်တိုက်လည်း မအောင်ဘူး။
ဒီတော့ စာကိုချုပ်ရမယ်ဆိုရင် တော်လှန်ရေးကို လုပ်စားနေကြသူတွေ၊ ဒီတော်လှန်ရေးကနေ အကျိုးအမြတ်ယူနေကြသူတွေနဲ့ ဒီတော်လှန်ရေးကနေ နာမည်တွေ၊ ပုံရိပ်တွေ တည်ဆောက်နေကြတဲ့သူတွေ၊ ဒီတော်လှန်ရေးကြီးကို မကူညီဘဲ ဘေးထိုင်၊ ဘုပြောနေကြသူတွေအားလုံး ခင်ဗျားတို့ ပေါက်ကရလုပ်တာတွေ ရပ်ကြပါဗျာ။ မြေပြင်မှာ အသက်နဲ့ ရင်းနေကြသူတွေက ခင်ဗျားတို့ ကိုယ်ကျိုးအတွက် အသုံးချခံတွေလည်း မဟုတ်ပါဘူး။
၂၀၂၅ ဟာ အရင်နှစ်တွေထက် ပိုပြီးအရေးကြီးတဲ့ နှစ်တနှစ်ဖြစ်သလို နေရာစုံမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နယ်မြေတွေ စွန့်လွှတ် နေရတာလည်း အများကြီးပါ။
ထွက်ပြေးလာသူ၊ အောက်ခြေစစ်သားက ကိုယ့်အထက်အရာရှိကို ပြန်လုပ်ကြံပြီး လက်နက်ချသူ စတဲ့ ရှေ့တန်းရောက်နေတဲ့တပ်တွေ ကစဥ့်ကလျားဖြစ် နေတာက ဖတ်လို့ကောင်းအောင် ရေးပြနေတာမဟုတ်ဘဲ မြေပြင်မှာ တကယ်ဖြစ်နေတာကို ရေးပြနေတာပါ။
ဒီလိုအချိန်မှာ ကျနော်တို့ဘက်က ခုထက်ပိုတဲ့ ထိုးစစ်တွေနဲ့ နယ်မြေစိုးမိုးမှု ပိုရအောင် လုပ်ဖို့လိုတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာမှာ သံတမန်ရေးအရ လက်ဦးမှုပြန်ယူဖို့ ကြိုးစားနေချိန်မှာ ကျနော်တို့က စစ်ရေးအားသာချက်နဲ့ ထိန်းချုပ်နယ်မြေတွေ ပိုရအောင်လုပ်ဖို့ပဲ လိုတော့တယ်။
နိုင်ငံရေးအရ တိုက်ပြီးပြီ၊ စစ်တပ်က လက်နက်မချဘဲ တောင့်ခံနေတယ်။ ဒီအတွက် ကျနော်တို့က စစ်ရေးအရ နိုင်အောင်တိုက်ဖို့ပဲ လိုတော့တယ်။ စစ်တပ်က သံတမန်ရေးမှာ ဘယ်လောက်ပဲ အသာစီးပြန်ရဖို့ လုံးပန်းနေပါစေ၊ တကယ် မြေပြင်ထိန်းချုပ်သွားနိုင်သူကသာ တော်လှန်ရေးအဖြေကို ပြောင်းပေးနိုင်မယ်ဆိုတာ အသေအချာပဲ။
ဒါကြောင့် ကျနော်တို့သူငယ်ချင်းတွေဖြစ်တဲ့ PDF ရဲဘော်တွေနဲ့ စစ်ကို စစ်နဲ့တူအောင်တိုက်နေတဲ့ ရဲဘော်တွေအားလုံးကို တန်ဖိုးထားစေချင်တယ်။ လူလိုသိရင်၊ လူလိုနားလည်ရင် နောက်ဆုံး ကိုယ့်ကိုယ်ကို လူလို့သတ်မှတ်ရင် လူစိတ်မွေးပြီး ဒီတော်လှန်ရေးကို ခုထက်ပိုပြီး အောင်မြင်ဖို့ ဝိုင်းပြီး ကြိုးစားပေးကြဖို့ပဲ တောင်းဆိုချင်တယ်။
Be the first to comment