
“နိုင်ငံရေးအခြေခံမရှိသော စစ်ရေး”

နိုင်ငံရေးအခြေခံမရှိသော စစ်ရေးသည် စစ်ဘုရင်များ ပေါ်ပေါက်ရေးနှင့် စစ်ဘုရင်များကြား နိုင်ငံရေး သဘောတူလမ်းကြောင်းတခုသာ ရှေးရှူလေသည်။
နွေဦးတော်လှန်ရေး အစဦးမှ ယနေ့တိုင် တော်လှန်ရေး၏ ရှေးရှုချက်ကို ပြောနေကြသည့်တိုင် ထို ရှေးရှုချက်များသည် ယနေ့တိုင် နိုင်ငံရေးအခြေခံမူများ ဖြစ်မလာခဲ့ကြသေးပါ။ တော်လှန်ရေးအဖွဲ့များကြား ဦးတည်ချက်များ ကွဲပြားနေကြသလို နိုင်ငံရေးအခြေခံမူများပင် မတူကြဘဲ မဟာမိတ်သဘော တွဲ၍ စစ်ရေးဖော်ဆောင်မှုများ၏ အကောင်းအဆိုးကို ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်သုံးသပ်ခြင်းများထက် ဝါဒဖြန့်ချိရေးဆန်ဆန် ကိုယ်လိုသလို ရှုမြင် ချဉ်းကပ်မှုများသာ ပြည့်နှက်နေခဲ့လေသည်။ သို့သော် ဝါဒဖြန့်ချိရေးဖြင့် စစ်ရေး၊ နိုင်ငံရေး မအောင်မြင်နိုင်ဘဲ မြေပြင်တွင် စစ်ရေးအောင်နိုင်မှု၊ နိုင်ငံရေးဖော်ဆောင် နိုင်မှုတို့ကသာ တော်လှန်ရေးအောင်နိုင်ဖို့ အကြောင်းအချက်များဖြစ်သည်ကို ရှင်းလင်းစွာ ရှုမြင်နိုင်သည့် ခေါင်းဆောင်များ လိုအပ်နေပါသည်။
နိုင်ငံဖွဲ့စည်းရေးနှင့် ပတ်သက်သည့်အမြင် ကွဲပြားနိုင်သော်လည်း အခြေခံကျသည့် နိုင်ငံရေးမူများသည် မဟာမိတ်များကြား သဘောတူပြီး မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံနှင့်မဆို ညှိနှိုင်းရာတွင် အလျှော့အတင်းမပြုသင့်သည့် အခြေခံမူများ ဖြစ်သင့်ပါသည်။ ဥပမာ – ရန်သူနှင့် ညှိနှိုင်းရာတွင် တဦးချင်း ညှိနှိုင်း၊ မညှိနှိုင်းလိုမှု၊ စစ်တပ် နိုင်ငံရေးတွင် ပါဝင်ရေးကို လက်မခံလိုမှု၊ ဒီမိုကရက်တစ် ကိုယ်စားပြုမှုနည်းလမ်းကို အသုံးပြုလိုမှု၊ ဖက်ဒရယ် (သို့) ကွန်ဖက်ဒရိတ် (သို့) ခွဲထွက်ခွင့်ကို ဆိုင်ရာများက လက်ခံနိုင်ခြင်း အတိုင်းအတာ၊ ထိုသို့ လက်ခံနိုင်သည်ဆိုပါက စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေးများကို မည်သို့ဖော်ဆောင်မည် (ပူးပေါင်း သို့ ကိုယ်စားပြု သို့ တဖွဲ့ချင်း လွတ်လပ်စွာ) စသည့် အခြေခံမူများကို ရှင်းလင်းစွာ သဘောတူသည့် မဟာမိတ်ချင်း အခြေခံ သဘောတူညီချက်များ ရှိထားကြရမည်ဖြစ်သည်။
ထိုသို့မရှိဘဲ မဟာမိတ် အမည်ခံအောက်တွင် တဖွဲ့နှင့်တဖွဲ့၊ တဦးနှင့်တဦး ဟိုဘက်ပေါင်း၊ ဒီဘက်ပေါင်း စစ်တိုက်နေခြင်းများသည် ရေရှည်တွင် ကြေးစားစစ်သားများလို ခေါင်းဆောင်များကြား၊ အဖွဲ့များကြား အကျိုးစီးပွား အလဲအလှယ်အတွက် စစ်တိုက်ပေးနေကြသည့် ကြေးစားစစ်သားများအသွင် ဖြစ်လာပေလိမ့်မည်။ ထိုသို့ စစ်တိုက်လာပါက ရေရှည်တွင် စစ်ဘုရင်များနှင့် စစ်ဘုရင်များကြား နယ်မြေခွဲဝေမှုများနှင့်သာ နိဂုံးချုပ်ပြီး ပြည်သူတို့လိုလားသည့် နိုင်ငံရေး၊ စီးပွားရေးတို့ကို မဖော်ဆောင်နိုင် ဖြစ်လာပါလိမ့်မည်။ လားရှိုးကိစ္စသည် မဟာမိတ် တော်လှန်ရေးအဖွဲ့များကြား အခြေခံသဘောတူညီချက် မရှိခဲ့မှု၏ ယိုပေါက်ကို တရုတ်နိုင်ငံနှင့် စစ်အုပ်စုမှ အသုံးချလိုက်နိုင်ခြင်းဟုဆိုလျှင် မမှားနိုင်ပါ။
မည်သူမျှ ပြန်လည်ညွှန်းဆိုကြခြင်းမရှိသော်လည်း ၂၀၁၅ က NCA ညှိနှိုင်းမှုများအတွင်း ညီနောင်သုံးဖော်က တဦးချင်း ညှိနှိုင်းလိုခြင်းမရှိဟူသော Terms ကို ယခုအခါ ကိုးကန့်အဖွဲ့အနေဖြင့် မိမိဘက်က စစ်နိုင်နေသည့်တိုင် အလျှော့ပေးလိုက်ရခြင်းဖြစ်သည်ကို မြင်နိုင်ပါသည်။ နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာသည်ဟု မိမိကိုယ်ကို ဖြေသိမ့်နိုင်သော်လည်း မိမိစိုးမိုးရာ နယ်မြေအတွင်း မိမိစိတ်တိုင်းကျ နိုင်ငံရေး ဖော်ဆောင်နိုင်စွမ်းမရှိပါက စစ်အုပ်စု၏ ရဲ၊ ပြည်သူ့စစ်နှင့် နိုင်ငံ့ဝန်ထမ်းဆိုသူများ ဝင်ရောက်လာကာ ရေရှည်တွင် ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေးသာ ဖော်ဆောင်သွားပြီး စစ်ခရိုနီစနစ်၊ မဟာဗုဒ္ဓ မဘသ တာလီဘန်ဝါဒများ ခြေကုပ်ယူလာကာ မိမိတို့၏ စစ်ရေးအောင်မြင်မှုများ၊ သွေးမြေကျခဲ့မှုများ အချည်းနှီး ဖြစ်သွားနိုင်မည်ဖြစ်သည်။
မဟာမိတ်အဖွဲ့များကြား နိုင်ငံရေးအတွက် အခြေခံမူ သဘောတူညီချက်များ ရှိထားကြခြင်းသည် တဘက်တွင်လည်း စစ်အုပ်စုအနေဖြင့် စစ်ရေး အလုံးစုံ ရှုံးနိမ့်မှုကို ကာကွယ်ရန် နိုင်ငံရေးဆွေးနွေးမှုများအတွင်း ဝင်လိုလျှင် ဝင်လာရန်အတွက် တော်လှန်ရေးအင်အားစုများဘက်မှ ဖွင့်လှစ်ထားသော တံခါးအနေနှင့်လည်း ဖြစ်နိုင်သဖြင့် စစ်ရေးလျှော့ချလိုသော နိုင်ငံတကာအင်အားစုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်လိုသူ ဆရာကြီးများအတွက်လည်း မဖြစ်မနေ လက်ခံရမည့်လမ်းကြောင်း ဖြစ်လာပါလိမ့်မည်။
ယနေ့အချိန်သည် စစ်ကောင်စီအနေဖြင့် စစ်ရေးအရ မည်သို့မျှ နာလန်မထူနိုင်မှန်း အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံတကာမှ သဘောပေါက်ပြီး ဖြစ်နေကြပြီဖြစ်သည်။ ဤအချိန်တွင် မိမိတို့ တော်လှန်ရေးအဖွဲ့များကြား လိုအပ်သည်မှာ မည်သို့ ရှေ့ဆက်ကြမည်ဆိုသည့် နိုင်ငံရေးအခြေခံမူ သဘောတူညီချက်များ ဖြစ်ပါသည်။ ထိုအခြေခံမူများ မရှိပါက ဘေးဘယ်ညာ နိုင်ငံများ၊ နိုင်ငံတကာမှ ဆရာကြီးများက ၎င်းတို့လိုလားသည့် အာဂျင်ဒါများကို တဦးတဖွဲ့ချင်းစီကို သာစေ၊ နာစေပြုကာ ဝင်ရောက်စွက်ဖက်လာမည့် အန္တရာယ်သည် တနေ့တခြား ထင်ရှားလာကာ ယခုဆိုလျှင် ဗြောင် ဝင်ရောက်စွက်ဖက်နေသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
မိမိမြင်သော နွေဦးတော်လှန်ရေးရော တိုင်ရင်းသားတော်လှန်ရေးများအတွက်ရော ရှေးရှုချက်က ရှင်းပါသည်။ နိုင်ငံအတွင်းရှိ ပြည်သူများ၊ တိုင်းရင်းသား ဒေသ ဒေသခံများအတွက် အကျိုးရှိသော နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဤနိုင်ငံတွင်းနေထိုင်သော ပြည်သူများ၊ တိုင်းရင်းသားဒေသရှိ ဒေသခံများမှ မိမိတို့နှင့် ဆိုင်ရာဒေသ နယ်မြေတွင် စိတ်တိုင်းကျ ဖော်ဆောင်နိုင်ရေးပင်ဖြစ်ပါသည်။ အခြားနိုင်ငံများ၊ အခြားအဖွဲ့အစည်းများ၏ အာဂျင်ဒါ များ ဝင်ရောက် စွက်ဖက် လွှမ်းမိုးပါက ထိုအဖွဲ့အစည်းများ၊ ထိုနိုင်ငံများ၏ အကျိုးစီးပွား ဖော်ဆောင်ရေးသာ ဖြစ်လာမည် ဖြစ်သောကြောင့် မည်မျှ စစ်ရေးအသာရ၍ မည်မျှ နယ်မြေရသည်ဆိုဆို မိမိတို့ နဂိုမူလ ရည်မျှော်သော တော်လှန်ရေး လိုလားချက်များအတွက် ဆုံးရှုံးမှုများသာ ဖြစ်ပါမည့်အကြောင်း သတိချပ်ကာ မဟာမိတ်များကြား ရိုးရှင်းသော နိုင်ငံရေးအခြေခံမူများ အလျင်အမြန် ချနိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသည်။
Be the first to comment