
‘ဒေသန္တရ Daylight Sonata’

မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။
ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။
ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။
ငှက်တွေဟာ အတောင်ပံကုန်ဖွင့်လို့ ပြေးကြတယ်။ မပြေးနိုင်တဲ့ငှက်တွေကတော့ အစိုးရရုံးတွေနဲ့ ဘုရားရှိခိုးကျောင်းတွေရဲ့ ဖွာလန်ကြဲသွားတဲ့အလံတော်တွေအောက်ကို ဝပ်တွားသွားကြတယ်။ ဒီမြို့မှာ မော်တော်ကားလမ်းတွေမရှိဘူး၊ ကတိကဝတ်တွေပေါ်မှာပဲ လမ်းလျှောက်လို့ရတယ်။
၂၀၂၁မတိုင်ခင် မြင်နေကြခေတ်ပြိုင်ကဗျာတွေအတိုင်း မင်းတို့လိုဒီအချိန်မှာငါဆက်ရေးချင်တာပေါ့။ လေပေါ်မှာ ဗောလောမျောနေတဲ့ခရမ်းရောင် လာဗန်ဒါပန်းခင်းကြီးထဲမှာ Ponyoရဲ့လှေလေးကိုခုတ်မောင်းချင်တာနော်။ ရှန်ဂရီလာက ရေတံခွန်လိုစီးကျတဲ့ဂျယ်လီတွေကို ဘေလီတံတားအဆင်းမှာပြန်ရောင်းချင်တာ။ နတ်ဆိုးစနစ်အောက် ခယလိုက်ရင် လူဖြစ်ရှုံးပါပြီ။ ဒီကောင်လေးက ပြည်သူတွေသတ်တဲ့အဖွဲ့ယန္တရားအောက်ရောက်နေတာ ၊ ကြေးနန်းပို့ကြည့်တော့ဟိုဘက်ကိုရောက်နေတဲ့စိတ်မတွေ့ရဘူးဆိုပြီး လယ်ထွန်စက်တွေထုတ်ပေးလိုက်ဦး။
ခြံစည်းရိုးအပြင်ဘက် ဘွန်ဆိုင်းခြုံပုတ်တွေကြားကနေ လက်နက်ချဖို့ လှမ်းအော်နေတဲ့အသံကို အမြဲတမ်းကြားရတယ်။ ပြေးထွက်ပြီး သွားကြည့်တဲ့အခါ ဘယ်သူမှ ရှိမနေဘူးလေ။ ရှော့ခ်ရသွားပြီး ကောင်လေး ဓားကို အိပ်ရာအောက်ဖွက်ထားလိုက်တာ သူ့မြေးမြစ်တွေလက်ထက်ရောက်မှပဲ ပြန်ရှာတွေ့ကြတော့တယ်။ နောက်တခေါက် ဥဩဆွဲသံတွေထပ်ကြားရတော့ ရေခဲမုန့်သည်ကြီးတောင် မှုတ်ဆေးဘူးကို ပစ်ချပြီး သံဆူးကြိုးကိုဖြဲလို့ တခြားဒိုင်မေးရှင်းထိပါ ထွက်သွားခဲ့ပြီ။
ကျနော်တို့ကခေတ်ဝန်ကိုထမ်းကြည့်တဲ့အရေးအသား။ မင်းတို့ကဒစ်ဝန်ကိုထမ်းကြည့်တဲ့အရေးအသား။ မျှော်လင့်စရာမဲ့သွားရင် အယုံအကြည်မရှိတော့အောင်ထိအဲဒီမြို့ကနေဆုတ်ပေးလိုက်ရတဲ့အတွက် သက်ဆိုင်ရာတွေကိုမေ့လိုက်ပါပြီ။ ရုပ်ရှင်ရုံထဲမှာ ပေါက်ပေါက်ဆုပ်ဗူးကိုင်ရင်း ပိတ်ကားထဲကနေဒိုင်နိုဆောတွေထွက်လာတယ်။ ခုံအောက်ကနေ ချော်ရည်ပူတွေ။ လက်မှတ်စစ်ကနေ လှံကိုင်ထားတဲ့ရဲမက်။ မီးဆလိုက်တွေကနေ မီးမှုတ်တတ်တဲ့ ရှူးပျံနဂါးများ။ Projectorအလင်းရောင်ကနေ အိပ်မက်ရဲ့စေတန်အက တိုက်ရိုက်ထုတ်လွင့်ခြင်းများ။
ဘယ်မှဆက်သွားဖို့ မရှိတော့လို့ ငါတို့ မီးလှုံပစ်လိုက်တာ မြေပုံစာရွက်အထပ်လိုက်ကြီး။
ကမ္ဘာကြီးကို ငါတို့ အမြစ်က ဝိုင်းဆွဲနှုတ်ပြီး တဟားဟားအော်ရယ်ပစ်ကြတယ်။ ဖြတ်ကူးတဲ့မြစ်တိုင်းက ငါတို့ကို ရေနှစ်သတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ပေါလောမျောနေတာ ရေဒီယိုအသေကောင်တွေ၊ ကျွတ်ထွက်ခဲ့တဲ့ သွားတွေ၊ မီးလောင်ထားတဲ့ဘန်နာဆိုင်းဘုတ်တွေ။
ငါတို့ အိပ်စက်တဲ့သစ်ပင်တွေအောက်မှာ နာမည်မပေးရသေးတဲ့ မုန်တိုင်းအသစ်တွေ စတင်ပေါက်ဖွားခဲ့တယ်။
ဆောရီးပါ မင်းတို့ပြောတဲ့အကြည်ဓာတ်လားပေးချင်တာ။ ဒါပေမဲ့အခု Vibeက Grave of the fireflies။ လင်းခါးရဲ့ရေသေအိုင်။ တစ်ခါထိပြီး ပြန်မထိရဲတော့ဘူး။ အနောက်အရပ်ကိုဝင်သွားတဲ့ နဂါးခေါင်းက ပြက္ခဒိန်ထဲကနေ၊ ရေသန့်စက်ကနေလည်း အရင်လိုလက်ကိုင်ဖုန်းတွေကို အရစ်ကျထုတ်မပေးတော့ဘူး။ Slimeလို ပတ်လည်အိကျမျောနေပုံမျိုးနဲ့ နေ့ရက်တွေ။ ဒီကဗျာဖြစ်လာစေဖို့ အင်တာနက်ဆိုင်က ကျေးဇူးရှင်။ ထမင်းကြော်စားမယ်။ ပြီးရင်ကော်ဖီလား။ ဘာလား။ သောက်တတ်ရင်လည်း သောက်ကွာ။ မနက်စောစောတွေဘာတွေတွေးမနေနဲ့။ ဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာသေချာတာမှ မဟုတ်ဘဲ။ နောက်ထပ်လေထဲမှာမျောနေတဲ့ Going Merry။ ကင်တုံအန်။ တံမြက်စည်းပျံ။ အရေခွံနှစ်ထပ်နဲ့လူ။
27 Apr 2025
Going Merry – One Piece ထဲက ကောက်ရိုးဦးထုပ်ပင်လယ်ဓားပြတွေရဲ့ သင်္ဘော
ကင်တုံံအန် – Dragon Ballထဲက Goku စီးတဲ့ တိမ်ပျံ
Be the first to comment