
‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’

အပိုင်း (၂)
ကျမ လိုက်နာကျင့်ကြံပြီး နေထိုင်ဖို့ကြိုးစားခဲ့တဲ့ တရားတွေဟာ ကျမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ပြီး ကျမအပေါ် တရားမျှတမှုရှိလိမ့်မယ်လို့ ကျမ ယုံကြည်ခဲ့ဖူးတယ်။ ငြိမ်းချမ်းမှုအစား ကျမ ဘာကို ရှာဖွေတွေ့ရှိခဲ့တာပါလဲ။ ကျမရဲ့ခံစားချက်တွေနဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ထားတဲ့ အလွန်အမင်းသည်းခံရခြင်းနှင့် မမျှတတဲ့ အခွင့်အရေးတွေအပေါ် ကျေနပ်နေဖို့ တွန်းအားပေးတဲ့ ရောင့်ရဲခြင်းတွေပဲဖြစ်တယ်။ အဲဒီအချိန်မှာ ကျမ တရားတွေကို ခတ္တမျှခေါက်သိမ်းပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေတဲ့အခါ ကျမတို့ကို မျက်စိလည်လမ်းပျောက်စေမယ့် အရာတစ်ခုကို ကျမတွေ့ခဲ့တယ်။ အဲဒါက ဖိနှိပ်မှု ဆိုတဲ့အရာပဲ။
ကျမတို့ကိုမွေးဖွားခဲ့ပြီးတာနဲ့တပြိုင်နက် ကျမတို့ကို အနှီးဖြူဖြူနဲ့အတူ မမြင်ရတဲ့အရောင်တွေခြယ်ပြီး တံဆိပ်ကပ်ခံရမှုတွေပါ ပတ်ပေးလိုက်တယ်။ အဲဒီတံဆိပ်ကပ်ခံရမှုမှာ ဖိနှိပ်မှုဆိုတဲ့အရာကပါ ကပ်ပါလာခဲ့တယ်။ ကျမတို့ ဘယ်လိုကြီးပြင်းရမလဲဆိုပြီး သွန်သင်ဆုံးမတဲ့တရားတွေမှာ ဖိနှိပ်မှုက ရှိနေတယ်။ ကျမတို့ ဘယ်လိုဖြစ်တည်ပြီး ဘယ်လိုရှင်သန်ရမလဲဆိုတဲ့ လူ့အသိုင်းအဝိုင်းရဲ့သတ်မှတ်ချက်တွေမှာလည်း ဖိနှိပ်မှုက ရှိနေတယ်။ ကျမကိုယ်တိုင်ရဲ့ ဖြစ်တည်မှုကို တိတိကျကျသိဖို့ တားဆီးနေတာက အဲဒီ ဖိနှိပ်မှုဆိုတာပါပဲ။
ကျမရဲ့ဖြစ်တည်မှုကို ကျမကိုယ်တိုင် သိရှိပြီး လက်ခံနိုင်ဖို့အတွက် ကျမအပေါ် ဖိနှိပ်နေတဲ့ အရာတွေကို ကျမ ဖယ်ရှားဖို့လိုလာတယ်။ ကျမ အဲဒီဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါဆိုရင် ကျမ လိုက်နာကျင့်ကြံခဲ့ဖူးပြီး ခတ္တမျှခေါက်သိမ်းထားတဲ့ တရားတွေမှာလည်း ကျမအပေါ်ဖိနှိပ်မှုတွေရှိနေရင် ကျမ အဲဒီတရားကို အပြီးတိုင်စွန့်လွှတ်ဖို့ လိုပြီလား။ အဲဒီမေးခွန်းနဲ့အတူ အဲဒီတရားဓမ္မတွေအပေါ်မှာ စတင်ပြီး သံသယဝင်လာခဲ့တယ်။ မေးခွန်းတွေအထပ်ထပ်ထုတ်လာမိတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ဟောခဲ့ပြောခဲ့တဲ့ အယူဝါဒတွေဟာ လက်ဆင့်ကမ်း သယ်ဆောင်ကာ အဆက်ဆက်ဟောပြောမှုနဲ့ ဟောပြောခဲ့သူတွေရဲ့အယူအဆတွေ ရောယှက်ပြီး ပြန်လည်ပုံဖော်မှုကြောင့် စစ်မှန်မှုပျောက်သွားခဲ့တာလား။ စစ်မှန်မှုပျောက်သွားတယ်လို့ ယူဆရတဲ့ တရားတွေဟာ ကျမတို့အပေါ် ဖိနှိပ်မှုရှိခဲ့တာလား။ ဆိုတော့ ကျမက တရားဟောသူတွေအပေါ်မှာ ယုံကြည်မှုမဲ့ပြီး တရားတွေဟာ မှားယွင်းစွာ ပုံဖော်ခံရမှုကြောင့်ဖြစ်တာ၊ တရားမှာတော့ စစ်မှန်တဲ့ အနှစ်သာရရှိဦးမှာလို့ ယုံကြည်နေသေးတာပေါ့။ တရားဓမ္မတွေမှာ စစ်မှန်မှုရှိပြီး မူလတရားတွေကို ဟောခဲ့တဲ့ ဗုဒ္ဓကို ကျမ ယုံကြည်နေတုန်းလား။
ဗုဒ္ဓက ကျမအတွက် ဘာကြောင့်များ ယုံကြည်စရာကောင်းနေပါလိမ့်။ ငယ်ငယ်ကတည်း က ယုံကြည်ထိုက်သူရယ်လို့ ပုံသွင်းခံခဲ့ရလို့များလား။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်အချိန် သူဟောကတည်းက သူ့ရဲ့မူလတရားမှာ ကျမတို့အပေါ် ဖိနှိပ်နိုင်မယ့် အတွေးအခေါ်တွေ ရှိနှင့်ပြီးသားရော မဖြစ်နိုင်ဘူးလား။ သက်ဦးဆံပိုင်ဘုရင့်သား၊ ကုဋေကြွယ်သူဌေးသားတစ်ယောက်ရဲ့ အတွေးအခေါ်တွေကနေ ကျမ ဘာတွေများ မျှော်လင့်ချင်နေသေးတာလဲ။ မွေးကတည်းက အခြံအရံများစွာနဲ့ ရွှေပေါ်မြတင် မွေးဖွားလာသူတစ်ယောက်ဖြစ်သလို ခြေပစ်လက်ပစ်ခွေခေါက်လှဲဖို့တောင် အချိန်မရှိလောက်အောင် ရှင်သန်ဖို့အတွက် ကျမ ရုန်းကန်နေရတဲ့ အရွယ်လောက်မှာ သူဟာ သူ့ခေတ်သူ့အခါရ အကောင်းဆုံးသော စည်းစိမ်းခံစားမှုတွေကို ရခဲ့တဲ့ အာဏာရှိသူ၊ သူဌေးသားတစ်ယောက်။ သူရဲ့နုနယ်ပျိုမျစ်နေတဲ့ အချိန်တောက်လျှောက်ခံစားခဲ့ရဖူးပြီးသား အကောင်းဆုံးသောအရာတွေကို စွန့်လွှတ်ပြပြီး စွန့်လွှတ်ခြင်းဟာ ငြိမ်းချမ်းခြင်းရဲ့ အစစ်မှန်၊ စွန့်လွှတ်ဖို့ ကြိုးစားခြင်းဟာ ငြိမ်းချမ်းခြင်းဆီ သွားရာလမ်းလို့ ဟောပြောခဲ့သူတစ်ယောက်ကို ကျမ ဆက်ပြီးယုံကြည်သင့်သလား။
ရရှိခဲ့ပုံချင်းလည်းမတူရင် စွန့်လွှတ်ရပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူစွန့်လွှတ်သလို ကျမတို့ကိုပါ စွန့်လွှတ်ဖို့ သူရဲ့ တရားတွေက တိုက်တွန်းခဲ့တယ်။ သူ့ရဲ့တရားတွေက ကျမတို့အပေါ် လွှမ်းမိုးမှုရှိဖို့အတွက် သူ့ရဲ့တရားတွေထဲမှာ မူလကတည်းက ကျမတို့အပေါ် ဖိနှိပ်မှုရှိတဲ့အယူဝါဒတွေ ပါရှိပြီးသားရော မဖြစ်နိုင်ဘူးလား။ သူဟောခဲ့တဲ့ တရားတွေရဲ့ ပစားပေးခဲ့ရတဲ့ လူတစ်စုကတော့ တရားကို ဆက်လက်ယုံကြည်နေဖို့ ဖြစ်နိုင်ပေမဲ့ အဲဒီတရားကြောင့် မမျှတတဲ့ အခွင့်အရေးတွေကိုသာရပြီး အလွန်အမင်းသည်းခံနေခဲ့ရတဲ့ ကျမက အဲဒါကို ဆက်ယုံကြည်ဖို့ ဖြစ်နိုင်ပါဦးမလား။
‘အိုး… ဗုဒ္ဓေါ’၊ ကျမ အတွေးတွေက ဘယ်အထိများ တာသွားပါလိမ့်။ ရုတ်တရက် ကျမအကျင့်ပါနေကျ အာမေဋိတ်နဲ့ပတ်သက်ပြီး ကျမ ရယ်ချင်သွားတယ်။ အခုအချိန်မှာ ကျမ ‘ဗုဒ္ဓေါ’ ဆိုတဲ့ အာမေဋိတ်ကို ရေရွတ်ဖို့သင့်သေးရဲ့လားမသိ။ တန်ခိုးကြီးဘုရားများလို့ သတ်မှတ်ထားတဲ့ ဘုရားပုံတူတွေ၊ စေတီဓာတ်ပုံတွေ ချိတ်ဆွဲပူဇော်ထားတဲ့ ဘုရားဆောင်တွေအရှေ့ ကြောင်တစ်ကောင်လို ပျင်းရိပျင်းတွဲ လှဲလျောင်းနေပြီး အဲဒီလို တွေးနေတဲ့ ကျမကို ငရဲရောက်မယ့်သူလို့ ပြောကြမလားပဲ။ ‘ငရဲတဲ့လား’၊ ကျမ ငရဲရောက်သင့်တယ်၊ မရောက်သင့်ဘူးလို့ ဘယ်သူတွေက ဆုံးဖြတ်မှာလဲ။ ဖယောင်းတိုင်မီရောင်ကြောင့် ရွှေရောင်ပိုတောက်နေကြတဲ့ ဘုရားပုံတူတွေ၊ စေတီဓာတ်ပုံတွေက ကျမ ငရဲရောက်ခြင်း၊ မရောက်ခြင်းကို ဆုံးဖြတ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတာလား။
(၃)
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ရှိခဲ့ဖူးတဲ့ လူတစ်ယောက်ကို သိမှတ်ပြုပြီး ထွင်းထုထားတဲ့ ပုံတူတွေ၊ ဆင်းတုတော်တွေက အဲဒီလူနဲ့ အမှန်တကယ် တူနိုင်ပါဦးမလား။ ဘုရားဆောင်ပေါ်က အကြီးဆုံး ရွှေရောင်ဆင်းတုတော်ဆီ ကျမ အကြည့်ရောက်သွားတယ်။ အဲဒီနောက် မီးရောင်ကြောင့် လိမ္မော်ရောင်သမ်းနေတဲ့ စကျင်ကျောက်ဆင်းတုတော်ဆီ ကျမ အကြည့်ရွေ့လိုက်တယ်။ အချိုးစားရော၊ ပုံစံပါ အပါအဝင် ဒီဆင်းတုနှစ်ခုလုံးမှာ ကွဲပြားမှုတွေအများကြီးရှိနေတာ။ အိမ်ရဲ့ခေါင်းရင်းခြမ်းအပြည့် ချိတ်ဆွဲထားတဲ့ နိုင်ငံအနှံ့က တန်ခိုးကြီးဘုရားရယ်လို့ လူသိများတဲ့ ဘုရားပုံတူဓာတ်ပုံတွေနှင့် ရွှေရောင်စေတီဓာတ်ပုံတွေရဲ့ တစ်ပုံချင်းစီကို ကျမ လိုက်ကြည့်မိတယ်။ ပုဂံခေတ်လက်ရာ ရပ်တော်မူရုပ်ပွားတော်ဓာတ်ပုံတစ်ပုံဟာ ဘုရားဆောင်ရဲ့ အနောက်ဘက်ကျဆုံးဖြစ်ပြီး အဲဒီဓာတ်ပုံရဲ့ ဘေးမှာတော့ နှစ်ဆင့်မှန်ဗီရိုအမြင့်တစ်လုံးကို ကန့်လန့်ဖြတ်ထားပြီး ဘုရားဆောင်ကို အဆုံးသတ်ထားတယ်။
ဗီရိုဟာ ဘုရားဆောင်တွေရှိတဲ့ နံရံဘက်ကို ကန့်လန့်အနေအထားအဖြစ်ရှိနေပြီး ကျမ လှဲရင်း ခြေဆင်းထားတဲ့ဘက်ခြမ်းက နံရံကိုတော့ မှီထားတယ်။ ဗီရိုဟာ အပေါ်နဲ့အောက် ထုမတူတဲ့ အပိုင်းနှစ်ပိုင်းကြောင့် နှစ်ဆင့်ဗီရိုရယ်လို့ ပြောရပေမဲ့ တစ်ဆင့်စီမှာ အပေါ်အောက် တစ်ကန့်စီပါတဲ့အတွက် လေးဆင့်ဗီရိုလို့ ပြောရင် ပိုမှန်လိမ့်မလား။ အပေါ်နှစ်ကန့်လုံးဟာ စာအုပ်တွေနဲ့ပြည့်နေပြီး အောက်ဘက်နှစ်ကန့်ထဲမှာတော့ ဂွမ်းကပ်စောင်တွေ၊ ချည်စောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ယာခင်းတွေ အပြည့်ထည့်ထားတယ်။ ကျမ လာတဲ့နေ့တုန်းကမှ ကျမအိပ်ဖို့အတွက် လိုတာတွေကို မယ်မယ်က အဲဒီထဲကနေ ထုတ်ပေးလိုက်သေးတာပဲ။
အဲဒီဗီရိုထဲက အစိမ်းရောင်အဖုံးနဲ့ ချမ်းမြေ့ဆရာတော်ရေးထားတဲ့စာအုပ်ကို ဖွားဖွား ခဏခဏ ဖတ်လေ့ရှိတာကို တွေ့ခဲ့ဖူးပေမဲ့ မယ်မယ်ကတော့ ဘယ်စာအုပ်ကိုမျှ တို့ထိခဲ့ဖူးခြင်းမရှိ။ တို့ထိခဲ့ဖူးခြင်းမရှိအစား ဖတ်ခဲ့ဖူးခြင်းမရှိလို့ သုံးရင်ပိုမှန်မယ်ထင်တယ်။ မယ်မယ်က စာအုပ်စင်ကိုတော့ရှင်းပြီး စာအုပ်လေးတွေ ပြန်စီလေ့ရှိပါတယ်။ တကယ်တော့ ဒီစာအုပ်တွေထဲမှာ ငယ်သေးတဲ့ကျမကို ဆွဲဆောင်နိုင်တဲ့စာအုပ်က ငါးအုပ်ထက် မပိုခဲ့ဘူး။ ဒါပေမဲ့ ကျမ စာဖတ်ရတာကို အစွဲကြီးစွဲခဲ့တဲ့အရွယ်တုန်းက စာအုပ်ငှားဆိုင်မှာ စာအုပ်ငှားဖို့ မုန့်ဖိုးမရှိတဲ့အခါတွေမှာ ဒီဗီရိုထဲကစာအုပ်တွေကို ယူယူဖတ်ရင်းနဲ့ ဒီစာအုပ်တွေအကုန်လုံးကို ကျမ ဖတ်ဖြစ်ခဲ့တယ်။ တချို့စာအုပ်တွေဆို နှစ်ကျော့သုံးကျော့တောင် ဖတ်ဖြစ်ခဲ့တာ။ ကျမ အခုချိန်မှာ ပြန်တွေးကြည့်တော့ အဲဒီတုန်းက ကျမအရွယ် ဖတ်လို့မသင့်တော်ဘူးရယ်လို့ ယူဆရတဲ့စာအုပ်တွေကိုပါ ကျမ ဖတ်ခဲ့တာပဲ။ ကျမ နားလည်မသိတတ်ခင်ကတည်းက ဒီစာအုပ်တွေ ဒီထဲမှာရှိနေခဲ့ပြီး ဘယ်သူဖတ်တဲ့စာအုပ်တွေလဲ၊ ဘယ်သူဝယ်ထားတဲ့စာအုပ်တွေလဲလို့ မေးတိုင်း မယ်မယ် တိကျရေရာတဲ့အဖြေမပေးနိုင်ခဲ့တဲ့ စာအုပ်တွေ။
ဗီရိုအပေါ်ဆင့်က စာအုပ်တွေကို မွှေနှောက်ရှာယူဖို့ ခုံခုပြီး ဗီရိုရှေ့မှာ ရပ်လိုက်တိုင်း ကျမရဲ့ အကြည့်တွေ စာအုပ်တွေဆီမရောက်ခင် ရောက်ရောက်သွားတဲ့ နေရာတစ်ခုရှိတယ်။ ဗီရိုကပ်မှီထားတဲ့ နံရံပေါ်၊ဗီရိုရဲ့ဘေး၊ ဗီရိုထိပ်နဲ့တစ်တန်းနေရာမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေဆီပဲ ဖြစ်တယ်။ တစ်ခါတလေ အာရုံက စာအုပ်တွေဆီ ချက်ချင်းမရောက်ဘဲ ဗီရိုထိပ်မှာ လက်နှစ်ဖက်ကို ယှက်တင်ကာ မေးကိုအဲဒီလက်တွေအပေါ်တင်ပြီး ဓာတ်ပုံတစ်ပုံချင်းစီကို အချိန်တစ်ခုကြာအောင် ငေးကြည့်မိနေလေ့ရှိတယ်။ ဒီဗီရိုထဲက စာအုပ်တွေကို စိတ်မဝင်စားခင်အရွယ် ငယ်ငယ်လေးကတည်း ဒီဓာတ်ပုံတွေကို မတ်တပ်ရပ်လို့ဖြစ်စေ၊ ကြမ်းခင်းပေါ်ထိုင်လို့ဖြစ်စေ ငေးငေးကြည့်မိတာ ခဏခဏပဲ။ တစ်ခါတလေ တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် တစ်ခုခုကိုရှာဖို့ဆိုပြီး ဒီနားကိုလာခဲ့ပေမဲ့ မေ့မေ့သွားသွားပြီး ရည်ရွယ်ချက်မရှိဘဲ ဒီဓာတ်ပုံတစ်ပုံချင်းစီကို ငေးကြည့်ပြီး ပြန်သွားလေ့ရှိတာ။ အခု ကျမလှဲနေတဲ့ ကြမ်းခင်းပေါ် ကြောင်ကလေးတွေနဲ့ဖြစ်စေ၊ အငယ်နှစ်ယောက်နဲ့ ဖြစ်စေ ဆော့ကစားရင်းနဲ့ အဲဒီဓာတ်ပုံတွေဆီကို အကြည့်ရောက်သွားပြီး မှတ်မိပြီးသားဖြစ်နေတဲ့ အဲဒီဓာတ်ပုံတစ်ပုံချင်းစီကို ငေးကြည့်မိသွားတာလည်း ရှိခဲ့တယ်။
အခုချိန်ထိလည်း ဒီဓာတ်ပုံတွေက အဲဒီနံရံပေါ်မှာ နေရာမပျက်ဘဲ ချိတ်ဆွဲထားတုန်းပဲ။ ဓာတ်ပုံအသစ်တွေလည်း ထပ်မရောက်လာခဲ့သလို၊ ရှိခဲ့ပြီးသားဓာတ်ပုံတွေလည်း မလျော့သွားခဲ့ဘူး။ ကျမ ဘေးတစောင်းအနေထားကနေ ပက်လက်အနေထားပြန်ပြောင်းလိုက်ပြီး ကျမရဲ့ လက်ဖဝါးနှစ်ဖက်ကိုထပ်ပြီး ခေါင်းအောက်လျှိုထားလိုက်တယ်။ ကျမရဲ့ခေါင်းဟာ ခပ်မော့မော့လေးဖြစ်သွားတာကြောင့် ကျမရဲ့ မျက်လုံးတွေဟာလည်း နံရံပေါ်က ဓာတ်ပုံတွေဆီ အလိုလိုရောက်သွားခဲ့တယ်။
ခပ်မှိန်မှိန်ပဲရှိတော့တဲ့ ညနေခင်းရဲ့ အလင်းရောက်အောက်မှာ ခပ်မှိုင်းမှိုင်းဓာတ်ပုံတွေကို ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေမဲ့ ဘယ်ဓာတ်ပုံကတော့ ဘယ်သူတွေလဲ၊ ဘယ်လိုမျိုးဝတ်စားထားလဲ၊ ဘာအပြင်အဆင်အနောက်ခံတွေနဲ့လဲဆိုတာ ကျမ ဓာတ်ပုံတစ်ပုံချင်းစီကို အတိအကျသိနေတယ်။ အဲဒီလို ကျမ သိနေခြင်းကပဲ ဒီဓာတ်ပုံတွေကို နေ့ခင်းဘက်အလင်းရောက်အောက်မှာ ရှင်းရှင်းလင်းလင်းမြင်နေရသလိုမျိုး ကျမကို ခံစားရစေဟန်တူတယ်။
ဗီရိုနဲ့ကပ်လျက်ဓာတ်ပုံက ဖဖနဲ့ ခပ်ဆင်ဆင်တူတဲ့သူတစ်ယောက်ရဲ့ ကိုယ်တစ်ပိုင်း အဖြူအမဲဓာတ်ပုံတစ်ပုံ။ ကျမငယ်ငယ်ကတည်းက အဲဒီပုံက ဖဖ မဟုတ်မှန်းတော့သိတယ်။
တစ်ယောက်ယောက်က ပြောတာ အဲဒါ ကျမဖိုးဖိုးတဲ့။ ဘယ်သူပြောခဲ့တာလဲဆိုတာကို ကျမ မမှတ်မိတော့သလို အဲဒီပုံထဲကသူက ဘယ်သူပါလို့ ကျမ မေးခဲ့ဖူးလား၊ မမေးခဲ့ဘူးလား ဆိုတာကိုလည်း ကျမ မမှတ်မိတော့ပါ။ ကျမ မမွေးခင်ကတည်းက ဖိုးဖိုးဟာ ဒီလောကမှာ မရှိနေတော့ဘူး။ ကျမအတွက် ဖိုးဖိုးနဲ့ ပတ်သက်တဲ့အရာ၊ ပတ်သက်တဲ့ အသိဆိုတာ ဒီဓာတ်ပုံလေးသာ ရှိပါတယ်။
ဖိုးဖိုးဓာတ်ပုံရဲ့ ဘေးမှာကတော့ ဖွားဖွားရဲ့ ကိုယ်တစ်ပိုင်းဓာတ်ပုံ။ နဖူးပေါ်ဆံပင်တစ်မျှင်မှ မရှိရလေအောင် စုသိမ်းထားပြီး အနောက်တွဲဆံထုံး ထုံးထားတဲ့ပုံမျိုး။ ပြုံးယောင်ယောင်နှုတ်ခမ်းနဲ့ မျက်လုံးကြေင့် ဖွားဖွားရဲ့ဟန်က နုနယ်ပျိုမျစ်ခြင်းကို မြင်သာစေတယ်။ ရှင်းလင်းနေတဲ့ လည်ပင်းအောက်မှာ ထုတ်ကျယ်သီးတပ် ရင်ဖုံးအင်္ကျီခပ်ရိုးရိုးလေး။ အဖြူအမဲ ဓာတ်ပုံဖြစ်တာကြောင့် အင်္ကျီအရောင်ကို အဖြူအရောင်အဖြစ်ပဲ မှတ်လို့ပဲရတာ။ ဒါမှမဟုတ် ဓာတ်ပုံထဲမှာ အဖြူအဖြစ်မြင်ရမယ့် ခပ်ဖျော့ဖျော့ တခြားအရောင်တစ်ခုလည်း ဖြစ်နိုင်တာပဲလေ။ ကျမ သိတတ်စအရွယ်ကတည်းက တွေ့မြင်နေရတဲ့ ဖွားဖွားဟာ ဓာတ်ပုံထဲကပုံနဲ့ များစွာကွာခြားနေပြီ ဖြစ်ပေမဲ့လည်း ဒီဓာတ်ပုံဟာ ဖွားဖွားရဲ့ပုံမှန် လူကြီးတွေကို မေးခွန်းထုတ်စရာမလိုဘဲ ကျမ တန်းသိနေတာ။
ဖွားဖွားဓာတ်ပုံဘေးမှာက အလျားလိုက် အဖြူအမဲ မင်္ဂလာဆောင်ဓာတ်ပုံ။ ဗမာရိုးရာဝတ်စုံအပြည့်ကို ဝတ်ထားတဲ့ သတိုးသားနဲ့သတိုးသမီးဟာ မင်္ဂလာဆောင်အခမ်းအနားအပြင်အဆင်တစ်ခုရှေ့မှာ ထိုင်လျက်ပုံစံလေးဖြစ်တယ်။ သတိုးသားနဲ့ သတိုးသမီးဟာ ဖိုးဖိုးနဲ့ ဖွားဖွားတို့ဖြစ်တယ်။
ပြီးတော့ အရောင်ပါတဲ့ဓာတ်ပုံတွေ။ သိပ်တောက်ပမနေတဲ့ ခပ်မွဲမွဲရောင်တွေဆိုပေမဲ့လည်း အခြေခံအရောင်တွေကို သေသေချာချာခွဲခြားနိုင်ပြီဖြစ်တဲ့ အရောင်စုံဓာတ်ပုံတွေပါ။ အားလုံးကတော့ မင်္ဂလာဆောင်ဓာတ်ပုံတွချည်းပဲ။
ဖိုးဖိုးနဲ့ ဖွားဖွားတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံနဲ့ ကပ်လျက်ပထမဆုံးပုံက ဒေါင်လိုက်ဓာတ်ပုံတစ်ပုံ။ ဗမာမင်္ဂလာဆောင်အခမ်းအနားအပြင်ဆင်တစ်ခုရှေ့မှာ သတို့သမီးက ရွှေလိမ္မော်ရောင် ဗမာဝတ်စုံအပြည့်ကို ဝတ်ထားကာ သတို့သားက တိုက်ပုံအဖြူနဲ့ ရွှေလိမ္မော်ရောင် ဘန်ကောက်ပုဆိုးလိုမျိုးကို ဝတ်ထားပြီး လက်ချင်းတွဲလျက် ခပ်တည်တည်ကြီး ရပ်နေကြတဲ့ပုံ။ သတို့သမီးက ဖဖ ရဲ့ အစ်မအကြီးဆုံး၊ ကျမရဲ့ အဒေါ်ကြီးပေါ့။
ဒုတိယပုံထဲမှာက အနောက်တိုင်းဝတ်စုံဝတ်သတို့သားနဲ့ ဂါဝန်အဖြူကိုဝတ်ပြီး ခေါင်းမှာပဝါအဖြူကို ဆင်ယင်ထားတဲ့ သတို့သမီးတို့ရဲ့ပုံ။ သူတို့ရဲ့ ဘယ်ဘက်ရင်ဘတ်မှာ အနီရောင်ဖဲကြိုးရင်ထိုးလေး ကိုယ်စီကို ထိုးထားကြသေးတယ်။ သူတို့ရဲ့ ပြုံးရိပ်မရှိတဲ့ ခပ်တည်တည်မျက်နှာလေးတွေမှာ နုပျိုမှုတွေကို အထင်းသားမြင်နေရတာ။ သတို့သားက မျက်နှာကို မြင်လိုက်တာနဲ့ ဖဖနဲ့ ညီအစ်ကိုတော်မှန်း တန်းသိနိုင်စေတဲ့ ဖဖရဲ့ အစ်ကိုဖြစ်တယ်။ ဓာတ်ပုံမှာ ထူးခြားမှုတစ်ခုရှိသေးတယ်။ အဲဒါက သတို့သား၊ သတို့သမီးတို့ရပ်နေတဲ့ အနောက်က နောက်ခံအပြင်အဆင်ပါပဲ။ သူတို့နှစ်ဦးစလုံးက အနောက်တိုင်းဝတ်စုံဝတ်ထားပေမဲ့ အနောက်ခံအပြင်အဆင်က ဗမာမင်္ဂလာဆောင်အခမ်းအနားတစ်ခု ဖြစ်နေတာပဲ။
နောက်ဆုံးဓာတ်ပုံထဲမှာကတော့ ဖဖနဲ့ မယ်မယ်။ အရှေ့ဓာတ်ပုံသုံးပုံထဲက သတို့သား၊ သတို့သမီးတို့လို နုနယ်ပျိုမျစ်တဲ့ အရိပ်အငွေ့တွေကို ဖဖနဲ့ မယ်မယ်တို့ရဲ့ မျက်နှာပေါ်မှာ မတွေ့ရတော့ဘူး။ နှစ်ဦးစလုံးရဲ့ ပြုံးရယ်နေတဲ့ မျက်နှာတွေပေါ်က မျက်လုံးတွေမှာ ခပ်ရှက်ရှက် အရိပ်ယောင်တွေ ဖြာလျက်ရှိနေတာ။ ငယ်ငယ်တုန်းက ဒီဓာတ်ပုံကို တခြားမင်္ဂလာဆောင်ဓာတ်ပုံတစ်ပုံလိုပဲ ထင်ခဲ့တာ။ ကြီးလာတော့ မယ်မယ်တို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံဟာ တခြားမင်္ဂလာဆောင်ဓာတ်ပုံတွေနဲ့ အများကြီးကွာခြားမှုရှိတယ်။
အရှေ့ဓာတ်ပုံသုံးပုံလုံးမှာ သတို့သား၊ သတို့သမီးတို့ရဲ့ နောက်က အခမ်းအနားအပြင်အဆင်တွေက ချွတ်စွပ်ကြီးမဟုတ်တောင် ခပ်ဆင်တူတူတာတွေ အများကြီးရှိတယ်။ ပါဝင်တဲ့ ပစ္စည်းတွေလည်း ဆင်တူတာတွေအများကြီးရှိတယ်။ နောက်ခံဟာလည်း ဓာတ်ပုံတွေထဲ နည်းနည်းကြွလျက်ရှိတယ်။ မယ်မယ်တို့ရဲ့ ဓာတ်ပုံထဲမှာတော့ အနောက်ခံအပြင်အဆင်ဟာ အပြားလိုက်ကြီးလိုဖြစ်ပြီး ဓာတ်ပုံဆေးကွက်တာမျိုးမဟုတ်ဘဲ အနောက်ခံနေရာတချို့မှာ လှိုင်းတွန့်လေးထတာကိုလည်း တွေ့ရတယ်။ ပြီးတော့ ဖဖနဲ့ မယ်မယ် နှစ်ဦးစလုံးရဲ့ အဝတ်အစားနဲ့ မယ်မယ်ရဲ့ ဆံပင်ပုံစံပဲ။ အရပ်ရှည်တဲ့ ဖဖအတွက် တိုက်ပုံရဲ့လက်ဟာ နည်းနည်းတိုနေသယောင်ဖြစ်ပြီး အတွင်းရှပ်အင်္ကျီက စတစ်ကော်လာအစား ကော်လာအရှည်ဖြစ်နေတာ။ ပုဆိုးကတော့ မယ်မယ်ဝတ်စုံနဲ့ တစ်ရောင်တည်းပါပဲ။ မယ်မယ်ရဲ့သတို့သမီးဝတ်စုံကတော့ မယ်မယ်နဲ့ ကွက်တိဖြစ်ပေမဲ့ မယ်မယ်ဆံပင်ပုံစံက ကျမမြင်နေကျ သတို့သမီးဆံထုံးတွေရဲ့ ပုံစံမဟုတ်နေတာပဲ။ မယ်မယ်ရဲ့ နဖူးပေါ်မှာ စပရိန်လိုကောက်နေတဲ့ ဆံပင်တစ်စုက ဘေးတစ်စောင်းလေးဝဲလို့ကျနေတယ်။ အနောက်ကိုလည်း နောက်တွဲဆံထုံးလို ထုံးထားတာမျိုးမဟုတ်ဘဲ ဆံပင်တွေကို စုပြီး ကလစ်အကြီးကြီးတစ်ခုနဲ့ ညှပ်ထားတဲ့ ပုံစံမျိုးပါ။
(၄)
ကြီးလာတော့ ကျမ နားလည်ခဲ့တာက မယ်မယ်တို့ဟာ မင်္ဂလာအခမ်းအနားပိတ်ကားတစ်ခုရှေ့မှာ သတို့သား၊ သတို့သမီးဝတ်စုံတွေကို ခဏဝတ်ပြီး ရိုက်ထားသလိုမျိုးဆိုတာပါပဲ။ ငယ်ငယ်ကဆို ကျမက ဇနီးမောင်နှံတိုင်းက မင်္ဂလာဆောင်ပြီး လက်ထပ်ခဲ့ကြတာလို့ပဲထင်တာ။ နားလည်လာတဲ့ အရွယ်ရောက်တော့ လင်မယားတိုင်းက မင်္ဂလာမဆောင်ဘဲနဲ့လည်း ယူကြတာပဲလို့ သိလာတယ်။ ဖဖနဲ့ မယ်မယ်တို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံဟာ တခြားပုံတွေနဲ့ ကွာခြားမှုရှိနေပေမဲ့ မယ်မယ်တို့ဟာ မင်္ဂလာဆောင်ဖြစ်ခဲ့မှာပဲလို့ တော်တော်ကြီးတဲ့အထိ ကျမ မှတ်ယူခဲ့တယ်။ မယ်မယ်တို့ကိုယ်တိုင်ပြောတာမဟုတ်ပေမဲ့ မယ်မယ်နဲ့ ဖဖတို့ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ အိမ်နားနီးနားချင်းတွေအပြောရ မယ်မယ်တို့ဟာ ရပ်သိရွာသိ နှစ်ဦးသဘောတူချစ်ပြီး တွဲခဲ့ကြသူတွေ၊ နှစ်ဖက်မိဘတွေအနေနဲ့ ကန့်ကွက်စရာမရှိတဲ့စုံတွဲ ဆိုတာတွေကို ကျမ သိခဲ့ရပြီး သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာမှုရှိတာကို ကျမကိုယ်တိုင် မျက်မြင်ပဲဆိုတော့ သူတို့နှစ်ယောက်ဟာ တခြားဇနီးမောင်နှံတွေလို မင်္ဂလာဆောင်ဖြစ်ခဲ့မယ်လို့ပဲ ထင်ခဲ့တာ။ အရွယ်ရောက်လာတဲ့ အခါမှာတော့ အဲဒီအကြောင်းကို မယ်မယ်နဲ့စကားစပ်ပြီး မပြောခဲ့ဖူးသလို တစ်ခါမှလည်း ထုတ်မမေးခဲ့ဖူးပေမဲ့ မယ်မယ်နဲ့ဖဖဟာ မင်္ဂလာဆောင်ပြီးယူခဲ့တာ မဟုတ်ဘူးဆိုတာကို ကျမရိပ်စားမိလာတယ်။ ဘယ်ကြောင့်ရယ်လို့ ကျမ သိချင်ခဲ့ပေမဲ့ တစ်ခါမှ မမေးဖြစ်ခဲ့ဘူး။
လှုပ်ရှားမှုတစ်ခုကြောင့်ဖြစ်လာတဲ့ ကြမ်းခင်းရဲ့ တုန်ခါမှုတွေဟာ ကျမလှဲနေတဲ့ နေရာအထိ ရိုက်ခတ်လာတာကြောင့် ကျမလှဲနေတဲ့ပုံစံကို မပြောင်းသေးဘဲနဲ့ အကြည့်ကိုပဲ ဓာတ်ပုံတွေချိတ်ထားတဲ့ နံရံဆီကနေ ဘုရားဝတ်ပြုနေတဲ့ မယ်မယ်ဆီပို့လိုက်တယ်။ ဘုရားဝတ်ပြုတာပြီးသွားတာကြောင့် မယ်မယ်ဟာ ကြမ်းပြင်ကို လက်နဲ့အသာထောက်အားပြုပြီး ထရပ်ဖို့ကြိုးစားနေတာကိုတွေ့လိုက်တယ်။ မယ်မယ် ဟာ မတ်တပ်ရပ်ပြီးနောက်မှာတော့ ဘုရားဆောင်ထားတဲ့ဘက်ခြမ်းက ပြတင်းပေါက်တစ်ပေါက်ဆီသွားဖို့ ဦးတည်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျမလည်း မယ်မယ်ကိုကြည့်ရင်းနဲ့မှ လှဲနေရာကနေ ထလိုက်တယ်။ ပြတင်းပေါက်နားရောက်နေပြီဖြစ်တဲ့ မယ်မယ်ကိုပါကျော်ကာ ဗီရိုနားအထိ ကျမလျှောက်သွားလိုက်ပြီး ဓာတ်ပုံတွေချိတ်ဆွဲထားတဲ့ နံရံအရှေ့မှာရပ်လိုက်တယ်။ ပြီးတော့ ကျမ ဖဖနဲ့မယ်မယ်တို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို မော့ကြည်လိုက်မိတယ်။ ဖွားဖွားရော၊ ကျမရော လုပ်ခဲ့တဲ့အတိုင်း မယ်မယ်ဟာ ဘုရားသောက်တော်ရေအဟောင်းတွေ လှယ်ထားတဲ့ရေပုံးထဲက ရေတွေကို အောက်ထပ်ကဖက်ကဲလားခေါင်မိုးကနေတဆင့် တံစက်မြိတ်အောက်တည့်တည့်ရှိ ရေမြောင်းထဲ တဖြည်းဖြည်းချင်း သွန်ချလိုက်တယ်။
“မယ်မယ်တို့ မင်္ဂလာမဆောင်ခဲ့ဘူးမဟုတ်လား” လို့ ကျမက ဓာတ်ပုံကိုငေးကြည့်ရင်းနဲ့ ဖက်ကဲလားပေါ် ကျနေတဲ့ ရေကျသံတွေကို လွှမ်းသွားလောက်တဲ့အသံနဲ့ ရုတ်တရက် မေးလိုက်မိတယ်။ ကဲလားပေါ် ရေကျသံတွေ ရုတ်တရက် ရပ်သွားပြီး။ ကျမတို့ပတ်ဝန်းကျင်ဟာ ခတ္တမျှတိတ်ဆိတ်သွားတယ်။
Be the first to comment