
‘သက်တံရောင် ပင့်ကူအိမ် (သူနဲ့ ကျနော်)’

မှတ်မိပါသေးတယ်၊ အဲဒီနေ့က နေပူပြီး မိုးတွေ သည်းကြီးမည်းကြီး ရွာနေခဲ့တာ။ “နေပူမိုးရွာ သူခိုးလာ၊ လာတဲ့သူခိုး တုတ်နဲ့ထိုး” ဆိုပြီးတောင် နှစ်ယောက် သား သံပြိုင်အော်ခဲ့ကြသေးတယ်။ အိမ်တံစက်မြိတ်အောက်မှာ မိုးရွာတာကို ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေရင်း သူက စကားစလာတယ်၊
“ငါ အိမ်ပြန်တော့မယ်”
တဲ့။ ကျနော်လည်း မျက်စောင်းထိုးက သူတို့ လက်ရှိနေနေတဲ့အိမ်ထင်လို့ …
“အိမ်ပြန်တာပဲ ပြန်ပေါ့ဟ၊ ထီးယူသွားလေ ပြီးမှပြန်လာပေး”
လို့ ပြန်ပြောလိုက်တော့
“မဟုတ်ဘူး တကယ့်အိမ်ကိုပြောတာ၊ ငါအဖေနဲ့ နေခဲ့တဲ့အိမ်”
“ဪ” လို့ တချက်ရေရွတ်ရင်း သူပြောဖူးတဲ့ အိမ်ဆိုတာကို ဦးနှောက်ရဲ့ မှတ်ဉာဏ်သိုမှီးတဲ့ အခန်းထဲကနေ ပြန်ဆွဲထုတ်လို့ တွေးနေမိတယ်။ သူ့အမေနဲ့အဖေက သူခြောက်နှစ်အရွယ်မှာ အိမ်ထောင်ကွဲကြတယ်။ သူ့အမေ အန်တီဝင်းလဲ့က သုံးနှစ်အရွယ် သူ့မောင်လေးကိုခေါ်ပြီး ဒီမြို့ကိုပြောင်းလာခဲ့တယ်။ သူ့ကိုတော့ သူ့အဖေက ခေါ်ထားတယ်တဲ့။ ငယ်ငယ်ကတော့ ဒီမြို့က သူ့အမေနဲ့မောင်လေးဆီကို သူ့အဖေနဲ့သူ အလည်လာတတ်တယ်။ ကျနော်တို့မိသားစုက ဒီမြို့မှာနေတာကြာပြီ၊ ပြောရရင် အဖိုးတွေခေတ်ထဲကဆိုတော့ မျိုးဆက်သုံးဆက်လောက်တောင် ရှိပြီထင်တယ်။ အတိုချုပ်ကတော့ဗျာ ကျနော်က ဒီမှာပဲမွေး ဒီမှာပဲကြီး။ ဆိုတော့ မျက်စောင်းထိုးအိမ်က သူ့အမေနဲ့မောင်လေးဆီ တခါတလေ အလည်လာတတ်တဲ့သူ့ကို ငယ်ငယ်ထဲက မျက်မှန်းတန်းမိနေတာ။ လွန်ခဲ့တဲ့နှစ်နှစ်ကမှ သူ့အမေနဲ့အတူနေဖို့ သူ ဒီမြို့ကိုပြောင်းလာတယ်။ နှစ်နှစ်ဆိုတော့ အင်း သူနဲ့ကျနော့်အသက် ဆယ့်ငါးနှစ်လောက်ထင်တာပဲ။
သူပြောတာတော့ သူ့အမေနဲ့ ဒီမှာနေရတာ ပိုပျော်တယ်တဲ့။ သူ့အဖေက ဘယ်လိုလူမျိုးလဲဆိုတော့ ယောကျာ်းဆိုတာ ပိုက်ဆံရှာပြီး အိမ်ကိုထောက်ပံ့နိုင်ရင် လုံလောက်ပြီထင်တဲ့သူ။ သူ့အဖေနဲ့နေတုန်းက လိုချင်တာအကုန်ရပေမဲ့ သူလိုအပ်ခဲ့ပုံရတဲ့ မိဘမေတ္တာတော့ မရခဲ့ဘူးထင်တယ်။ အန်တီဝင်းလဲ့တို့နဲ့ လာနေကာစက သူ့ကြည့်ရတာ အမြဲတမ်းငေးငိုင်ပြီး သိပ်လည်းဖော်ရွေတဲ့ပုံ မပြဘူး။ ကျနော်ကလည်း အန်တီဝင်းလဲ့ကော သူ့မောင်လေး ညီညီနဲ့ကော မိသားစုချင်းပါ ရင်းနှီးတာဆိုပေမဲ့ သူ့ကိုကျ မျက်မှန်းတန်းမိရုံဆိုတော့ ဖာသိဖာသာပဲ၊ သွားမိတ်ဆက်တာဘာညာလည်း မလုပ်ခဲ့မိဘူး။ နောက်တော့ ဒီမှာသူပျော်လာတယ်ထင်ပါရဲ့၊ ညီညီနဲ့ ညနေဆို မုန့်ထွက်ဝယ်တာမျိုး၊ စက်ဘီးစီးတာမျိုးလုပ်တော့ အိမ်ချင်းနီးတဲ့ ကျနော်နဲ့တွေ့ရင် သူ့မောင်လေး ညီညီ့ကိုပြုံးပြရင်း သူ့ကိုပါ ပြုံးပြတာဘာညာလောက် ရင်းနှီးလာတယ်။
ကျောင်းတွေပြန်ဖွင့်တော့ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကျနော် တခန်းထဲကျတာပဲ။ အိမ်ချင်းကလည်နီး၊ စာဖတ်တာရယ် ရုပ်ရှင်ကြည့်တာရယ် အပေါင်းအသင်း နည်းတာရယ်ကလည်း တူတော့ မကြာပါဘူး၊ သူငယ်ချင်း ဖြစ်သွားတယ်ပေါ့။ အပေါင်းအသင်းက နှစ်ယောက်လုံး များများစားစားမရှိတာမို့ သူနဲ့ကျနော် အဓိက ပေါင်းဖြစ်တာပဲ။ ကျနော် အပေါင်းအသင်းမရှိတာကျ ငယ်ငယ်ကတည်းက အဖေ့စာအုပ်စင်ပေါ်ကနေ စာအုပ်တွေ ယူယူဖတ်ပြီး ဖင်ခေါင်းကျယ်လွန်းလို့ သူငယ်ချင်းမရှိတာ။ သူကကျ အရင်ကျောင်းတုန်းက သူငယ်ချင်းတွေရှိပေမဲ့ ဒီရောက်တော့ ပေါင်းစရာမရှိသေးလို့ သူငယ်ချင်းမရှိတာ။ သူနဲ့ကျနော် Brain Level တူတယ်ပြောရမယ်၊ အဲဒါကြောင့်လည်း အကြာကြီးပေါင်းလို့ ဖြစ်တာပဲ။ သူလည်း နောက်သူငယ်ချင်းတွေ ရလာသည့်တိုင် ကျနော့်ကို အခင်ဆုံးပဲ။ တခါတလေ စာကြည့်တိုက်သွားကြတယ်၊ တခါတလေလည်း အခွေဆိုင်ကငှားလာတဲ့ Supernatural နောက်ဆုံးထွက်ထားတဲ့အပိုင်းကို အခွေထိုးပြီး ကျနော့်အိမ်မှာ ကြည့်ကြတာ (သူကော ကျနော်ကော Dean အသည်းစွဲတွေ)။
ကျောင်းသွားကျောင်းပြန်တာ၊ စာလုပ်တာ၊ စိတ်ကူးပေါက်ရာကဗျာတွေ ထဆိုတာ၊ အတန်းထဲကလူတွေအကြောင်း အတင်းတုပ်တာ၊ ကိုယ်ကြိုက်တဲ့ဟီးရိုးအကြောင်း ငြင်းခုံကြတာမျိုးက အမြဲလုပ်နေကျလွန်းလို့ စကားထဲတောင် ထည့်ပြောစရာ မလိုဘူးထင်တာ။ ကျနော်တို့ကို ပတ်ဝန်းကျင်ကလူတွေကဆို တွဲနေကြပြီ ဒါမှမဟုတ် မကြာခင် တွဲဝောာ့မယ်လို့ကို ထင်ကြတယ်။ တကယ်က အဲ့လိုမဟုတ်ဘူး၊ ဖြစ်လည်းမလာဘူးဆိုတာ ကျနော်တို့နှစ်ယောက်လုံး သိတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြတယ်။ သူရောက်ပြီး နှစ်နှစ်မြောက် နွေရာသီကြီး မိုးတွေ သည်းကြီးမည်းကြီး ရွာလာတဲ့တနေ့ပေါ့။ အဲသည်နေ့က နှစ်ယောက်သား စိတ်ကူးပေါက်ပေါက်နဲ့ ငယ်ငယ်တုန်းကဆိုခဲ့ဖူးတဲ့ “စက်ဘီးကလေး ကလင်ကလင် လမ်းကြိုလမ်းကြားဝင်” တို့၊ “တောင်ကုန်းပေါ်မှာ ဘုရားတဆူ ဆူသည်ရေနွေးအိုး” ဆိုတာတွေကို သံပြိုင်အော်နေခဲ့ကြတာ။ သူက ရုတ်တရက်ကြီး ရန်ကုန်ပြန်တော့မဲ့အကြောင်း ပြောလာတော့ ကျနော် ဝမ်းနည်းသွားတယ်။
“ဘာလို့ပြန်မှာလဲ၊ နင် နင့်အမေတို့နဲ့နေရတာ မပျော်ဘူးလား” လို့ ကျနော်ကမေးတော့ …
“အဖေပေါ့၊ သူက အလုပ်မှာ ရာထူးလည်း တော်တော်မြင့်နေပြီ၊ ပိုက်ဆံတွေသာရှာပြီး ထောက်ပံ့ရမဲ့သူမရှိလို့ နေမှာပေါ့ဟာ။ အစကတော့ ငါ့မောင်လေးကိုခေါ်သေးတယ်၊ သူက အမေနဲ့ နေလာတဲ့သူဆိုတော့ ဘယ်လိုက်ချင်မလဲ။ ငါ့အမေကိုယ်တိုင်ကပါ ငါ့ကို လိုလိုလားလားထည့်နေတော့ ငါလိုက်ရတော့တာပေါ့။ မိဘတွေရဲ့အတ္တကလည်း ခက်တယ်”
လို့ ရှည်ရှည်လျားလျားရှင်းပြရင်း သက်ပြင်းအရှည်ကြီးကို တချက်မှုတ်ထုတ်လိုက်တယ်။ နောက်တော့ ကျနော်တို့နှစ်ယောက်လုံး ခဏ တိတ်ဆိတ်သွားပြန် တယ်။ အဲဒီလိုနဲ့ မိုးတိတ်သွားပြီး အရှေ့ဘက်ကောင်းကင်မှာ ခပ်ရေးရေးပေါ်လာတဲ့ သက်တံကိုငေးရင်း ကျနော် စကားစလိုက်တယ်။
“နင် သက်တံတွေကို ကြိုက်လား”
သူက
“ကြိုက်တာပေါ့ဟ၊ ဒီလောက်လှတာ မကြိုက်တဲ့သူရှိမလား”
“သက်တံတွေ ခဏလေးနဲ့ ပျောက်သွားတာကိုကော ဝမ်းမနည်းဘူးလား”
“အမ် နည်းတယ်၊ ဖြစ်နိုင်ရင် ကာတွန်းကားထဲကလို ကောင်းကင်ကိုမော့ကြည့်တိုင်း သက်တံကိုမြင်ချင်တာ”
“ငါတို့နှစ်ယောက်လည်း ဒီလိုပဲဆို ဘယ်လိုလုပ်မလဲ၊ အရောင်မတူပေမဲ့ သဟဇာတဖြစ်နေတယ်၊ ဒါပေမဲ့ ကြာကြာမခံဘူး”
“ကြောင်လိုက်တာ၊ ငါတို့ကလူတွေလေ။ ပြီးတော့ ငါက သေသွားမှာမှ မဟုတ်တာ၊ ကဗျာတွေလျှော့ဖတ်ဦး ညဏ်ကြီးရေ”
ကျနော်လည်း ကျနော်ပြောလိုက်တာ နည်းနည်း ကြောင်ရုပ်ပေါက်သွားတယ် ဆိုတာသိလို့ သူပြန်ပြောတာကို ရယ်ကျဲကျဲပဲ လုပ်နေလိုက်တယ်။
“ရန်ကုန်ရောက်ရင် အိမ်ဝင်ခဲ့လေ၊ တောသားလေးကို မြို့ပတ်ပြမလို့”
“အမလေး၊ စော်ကားချက်”
အဲဒီနောက် သူက မျက်နှာနည်းနည်းတည်ပြီး တခုပြောတယ်။
“ငါ နင့်ကို ယောကျာ်းလေးဘာညာ အဲ့လိုအတွေးတွေ တွေးမရဘူး သိလား၊ သူငယ်ချင်းလို့ပဲ မြင်တာ”
“အေး ထူးဆန်းတယ်၊ ငါလည်း အဲ့လိုပဲ”
“နင်ဂေးရင်ဂေး မဟုတ်ရင် ငါကွေးနေပြီထင်တယ် သူငယ်ချင်းရေ”
နှစ်ယောက်သား ပြိုင်တူရယ်ကြရင်း စကားတွေ အကြာကြီး ဆက်ပြောဖြစ်ကြတယ်။ ညနေမိုးချုပ်ခါနီးမှ သူပြန်သွားတယ်။ ရန်ကုန်ပြန်မယ့်နေ့ ငါ့ကို ကားဂိတ်လိုက်ပို့ဦးလို့ သူပြောတာကို ကျနော် ခေါင်းပဲညိတ်ပြခဲ့တယ်။
သူအိမ်ပြန်မယ့်နေ့ရောက်တော့ ကျနော်ရယ်၊ သူ့အမေရယ်၊ သူ့မောင်လေး ညီညီရယ် ကားဂိတ်ကိုလိုက်ပို့ကြတယ်။ ကားပေါ်ရောက်တော့ ကားပြတင်းဝကနေ လက်ပြရင်း “သွားပြီ သူငယ်ချင်းရေ” လို့ နှုတ်ဆက်တဲ့သူ့ကို ပြုံးရင်း “အေး အေး၊ ဂရုစိုက်” လို့သာ ပြန်ပြောဖြစ်ခဲ့တယ်။ အဲဒီနှစ်တွေအတွင်း ကျနော့်ကို နားအလည်ဆုံးသူလို့ ခံစားရတာ သူပဲရှိခဲ့တာ။ တကယ့်ကို နှစ်ခါပြန်မရနိုင်တဲ့ သူငယ်ချင်းတယောက်နဲ့ ခွဲရတော့မယ်ဆိုတာ သိလာရတော့ ရင်ထဲမှာ ဟာတာတာကြီးပဲ။ ဒါပေမဲ့လည်း အဆက်အသွယ်လုပ်လို့ ရနေတာပဲလို့ ဖြေသိမ့်တွေးရင်းသာ ကျန်ရစ်ခဲ့တယ်။ ဒီလိုနဲ့ တက္ကသိုလ်တက်ချိန်ရောက်တော့ သူက ရန်ကုန်တက္ကသိုလ်တက်ပြီး ကျနော်က မန္တလေးတက္ကသိုလ် ရောက်သွားတယ်။ နှစ်ယောက်လုံး တက္ကသိုလ်တွေတက် ရည်းစားတွေကိုယ်စီရကြ၊ အပေါင်းအသင်းအသစ်တွေ တွေ့ကြနဲ့ ဘဝရဲ့ အစောပိုင်းနေ့ရက်တွေကို အတွေ့အကြုံအသစ်တွေနဲ့ ဖြတ်သန်းနေကြတယ်ပေါ့လေ။ အဆက်အသွယ်ကတော့ ရှိနေကြတုန်းပဲ။ တခုခုဆို တယောက်နဲ့တယောက် ကူညီတုန်း၊ ဟာသတွေပြောပြီး ဆဲမနာဆိုမနာ ရှိကြတုန်း။
တက္ကသိုလ်ပြီးတော့ ကျနော် စကော်လာလျှောက်ပြီး အိုင်ယာလန်မှာ မာစတာဘွဲ့ သွားတက်တယ်။ ကျနော့်ကောင်မလေးကလည်း အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်ဖို့ လိုက်လာမှာ။ နိုင်ငံခြားမသွားခင်လေး ရန်ကုန်မှာ သူနဲ့ တခါတွေ့လိုက်သေးတယ်။ နောက်ဆုံးအခေါက် ကျနော်တို့အိမ်မှာ စကားပြောခဲ့သလိုမျိုး အကြာကြီး ထိုင်ပြောဖြစ်ကြတယ်။ သူကျောင်းပြီးလို့ NGO တခုထဲ အလုပ်သင် ဝင်လုပ်နေတဲ့အကြောင်း၊ ကျနော် စကော်လာရတဲ့အကြောင်း၊ မိသားစုတွေအကြောင်း၊ ကိုယ်စီရည်မှန်းထားကြတဲ့ ပန်းတိုင်တွေအကြောင်း စုံလို့စုံလို့ပါပဲ။ မှတ်မှတ်ရရ အဲဒီနေ့က သူကပြောတယ်၊
“နင်မြင်လား၊ ငါတို့ သက်တံမဟုတ်ဘူးဆိုတာ။ ဖြစ်ရင်းဖြစ် ငါတို့က ပင့်ကူအိမ်တွေဖြစ်မှာ၊ ဘယ်လောက်ရှင်းရှင်း ပင့်ကူကြိုးတွေလို စိတ်ပျက်စရာကောင်းလောက်အောင် ပြန်တည်မြဲနေတုန်းပဲ”
သူပြောတဲ့ ပင့်ကူမျှင်ဥပမာကို သဘောကျစွာ ရယ်ရင်း …
“ဟုတ်မှာပေါ့ဟာ၊ နင်နဲ့ငါ မသေမချင်း သူငယ်ချင်းဖြစ်သွားမယ်ထင်တယ်” လို့ ပြန်ပြောဖြစ်ခဲ့တယ်။
ကျနော် နိုင်ငံခြားမှာ ဘွဲ့ရပြီးလို့ မြန်မာပြည်ပြန်လာမဲ့အချိန် ကိုဗစ်တွေ စဖြစ်တယ်။ အဲဒါနဲ့ ပြန်လာလို့မရသေးဘဲ ဟိုမှာပဲ ကျနော့်ချစ်သူနဲ့ အိမ်ခန်းငှားပြီး အတူတူ ဆက်နေဖြစ်တယ်။ တနှစ်လောက်ကြာတော့ မြန်မာပြည်က နိုင်ငံရေးအခြေအနေတွေလည်း တမျိုးတဖုံပြောင်းကုန်တော့ ပြန်လာဖို့စိတ်ကူးကို ယာယီစွန့်လွှတ်ပြီး ရတဲ့အလုပ်ကိုဝင်လုပ်ရင်း ဘဝကို ဆက်ရပ်တည်ဖို့ ကြိုးစားနေခဲ့ရတာပဲ။ တခုသောမနက်ခင်း အလုပ်နားလို့ ကော်ဖီ အေးဆေးသောက်ရင်းနဲ့ ကျနော့်ကောင်မလေးနဲ့ စကားပြောနေတုန်း အဆက်အသွယ်မရတာ ကြာပြီဖြစ်တဲ့ သူ့ဆီကနေ မေးတစောင်ဝင်လာတယ်။။ နိုင်ငံရေးအရေးအခင်းတွေ စဖြစ်ပြီး မကြာဘူး။ သူနဲ့သူ့ကောင်လေး အလုပ်ပြိုင်တူထွက်ကြပြီး တောတွင်းတနေရာကို ရောက်သွားကြတယ်။ သူ့ကောင်လေးက လက်နက် ကိုင်တပ်တခုမှာ ရဲဘော်လုပ်ရင်း သူကတော့ အနီးက စစ်ရှောင်စခန်းတွေမှာ လိုအပ်တဲ့ လူမှုရေးကူညီတွေ ပေးနေခဲ့တယ်။ အခု သူ စာပို့လိုက်ရတာက သူတို့စခန်း လေကြောင်းတိုက်ခိုက်ခံရလို့ အရေးပေါ် နေရာပြောင်းရွှေ့ဖို့ အကူအညီလိုနေလိုတဲ့။
“ပြောရတာလည်း အားနာပါတယ်၊ ငါ မျက်နှာပူရ အားနာရတာမဖြစ်ချင်လို့ ဘယ်သူ့ဆီကမှ အကူအညီ မတောင်းခဲ့ဘူး။န င်ကတော့ မျက်နှာပူလည်း ရတဲ့သူမို့လို့လေ၊ ငါလည်း နင့်ပဲပြေးမြင်တယ် သူငယ်ချင်းရယ်” တဲ့။ အောက်မှာတော့ ကူညီဖို့ အကောင့်နံပါတ်နဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကို ရေးထားတယ်။ ကျနော်လည်း ကျနော့်ကောင်မလေးကို အကျိုးအကြောင်းပြောပြပြီး ကျနော်တို့စုထားတဲ့ငွေထဲက တချို့တဝက်ရယ်၊ ရင်းနှီးတဲ့ မိတ်ဆွေဆီကလည်း အလှူခံပြီး တတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ လေးငါးရက်နေတော့ သူ့ဆီက email ပြန်ရတယ်။
“အကူအညီတွေရောက်တယ်နော်၊ ကျေးဇူးပါပဲဟာ။ နေရာအသစ်က လိုင်းမရလို့ အခုမှ စာပို့ရတာ။ ကျန်းမာရေးဂရုစိုက်”
ကျနော်လည်း ကူညီလိုက်ရတယ် ဆိုတဲ့အသိနဲ့ ပီတိဖြစ်ပြီး …
“ကျေးဇူးတင်စရာ မလိုတာကြီးကို။ နင်လည်း အစစအရာရာ ဂရုစိုက်၊ အခြေအနေတွေ ကောင်းသွားရင် ပြန်တွေ့ကြတာပေါ့”
လို့ စာပြန်ခဲ့လိုက်တယ်။ နောက်တော့ သူလည်း လိုင်းမရတာကတကြောင်း၊ ကျနော်လည်း အလုပ်နဲ့ မအားတာကတကြောင်းမို့ နှစ်ယောက်သား အဆက်အသွယ် ပြန်ပြတ်သွားပြန်တယ်။
ကျနော် Facebook မသုံးတာ ကြာပြီရယ်။ ဒါပေမဲ့ ကောင်မလေးက Facebook သုံးတော့ သူတို့စခန်းဘက်က အခြေအနေတွေ တော်တော်ဆိုးမှန်း သိရတယ်။ လေကြောင်းက အဓိကတိုက်ခိုက်တာ။ ကျနော် သူ့ကို စိတ်ပူသွားတယ်။ ဒါပေမယ့် သူအဆင်ပြေမှာပါလေလို့ စိတ်ကိုဖြေရတယ်။ သူ့အပေါ်ကိုတော့ ဘာမှ ထွေထွေထူးထူး မဖြစ်လောက်ဘူးလို့ ယုံကြည်တာလည်းပါတယ်။ ကိုယ့်မြေကိုယ့်ရေနဲ့ဝေးတဲ့ တိုင်းတပါးမှာ ရှင်သန်ခြင်းမဟုတ်တဲ့ ရုန်းကန်ခြင်းထဲ အသက်ရှူမကြပ်အောင် ကြိုးစားရင်း ကျနော့်သူငယ်ချင်း သူ့အကြောင်းကို မေ့မေ့လျော့လျော့ ဖြစ်နေခဲ့မိတယ်။ ဒီလိုနဲ့တရက် အလုပ်ကပြန်လာတော့ သက်ဆိုင်သူက အလွန်အင်မတန်ကို စိတ်မကောင်းတဲ့မျက်နှာနဲ့ တိုးတိုးလေး ဆီးကြိုပြောတယ်။
“ကို့သူငယ်ချင်း အမမြတ် ဆုံးပြီ”
တဲ့။ ရုတ်တရက် နားထဲကို လေတွေလာရိုက်ပြီး နာရီလက်တံတွေ ပြောင်းပြန်လည်ထွက်ကုန်သလိုပဲ။
“လေကြောင်းကော လက်နက်ကြီးနဲ့ပါ ပစ်ခံရတာတဲ့။ သူ့ကောင်လေးကတော့ အသက်ရှင်တယ်ပြောတယ်။ အမမြတ်ကတော့ ကလေးတွေကိုခေါ်ရင်း ထိသွားတာတဲ့”
ကျနော့်ကောင်မလေးပြောနေတဲ့ စကားတွေကို မကြားတချက် ကြားတချက်။ ဆိုဖာပေါ်ထိုင်ချလိုက်ရင်း “ဟာကွာ ဟာကွာ” ရယ်လို့ ဘယ်နှကြိမ်မှန်းမသိ ရေရွတ်နေမိတယ်။ သူနဲ့ကျနော်ဟာ ပတ်ဝန်းကျင်ရဲ့ တယောက်ကတယောက်ကို တဘက်သတ် ကြိုက်နေတာဖြစ်ဖြစ် ဒါမှမဟုတ်လည်း ရည်းစားတွေဖြစ်ရင်းနဲ့ အဆုံးသတ်မယ်ရယ်လို့ ဆန့်ကျင်ဘက်လိင်နှစ်ဦးရဲ့ သူငယ်ချင်းဖြစ်တည်ခြင်းအပေါ် မှတ်ချက်ပြုခဲ့ကြတဲ့ သမာရိုးကျ အတွေးတွေကြားထဲမှာ တကယ့်ကိုစစ်မှန်တဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ တယောက်ကိုတယောက် ရိုင်းပင်းခဲ့ကြတာ။ ကျနော့်အတွက်တော့ နောက်တခါပြန်ရဖို့ မဖြစ်နိုင်တာသေချာတဲ့ ချစ်ရသူတွေထဲက တယောက်။ သိပ်မရင်းနှီးတဲ့သူတွေနဲ့ဆို မျက်နှာထား ခပ်တည်တည်နေတတ်ပေမဲ့ သူချစ်တဲ့သူတွေနဲ့ကျ စကားရေပက်မဝင်အောင် ပြောတတ်တဲ့ သူ့မျက်နှာခပ်ပြုံးပြုံးကို မြင်ယောင်ရင်း အကြာကြီးထိုင်နေမိတယ်။ ကျနော် ငိုနေလားဆို ဟင့်အင်း ကျနော် မငိုဘူး။ ငိုလို့မရတာလို့ ပြောရင်ပိုမှန်မယ်။ ရင်ဘတ်ထဲ တခုခု ဆို့နေသလိုနဲ့ မျက်ရည် တစက်မှ ထွက်မလာဘူး။
ဘယ်လောက်ကြာမှန်းတောင် မသိတဲ့ အကြာကြီး ထိုင်နေခဲ့ပြီးမှ ကျနော် သတိပြန်ဝင်လာတယ်။ နာရီကိုကြည့်တော့ ၁၂ နာရီထိုးပြီ။ ကျနော်ထိုင်နေတုန်း ကျနော့်ကောင်မလေး ထပြီး ပြင်ပေးထားပုံရတဲ့ ရှေ့စားပွဲပေါ်က ညစာကို ကျနော် တချက်ကြည့်ပြီး ဆိုဖာပေါ်ကထတယ်။ ကျနော် ဘာမှ စားဝင်မှာမဟုတ်ဘူး။ အိပ်ပျော်ရင်ပဲ ခံစားနေရတဲ့ နာကျင်မှု သက်သာနိုင်ငြားအတွေးနဲ့ အခန်းထဲမှာ အိပ်ပျော်နေတဲ့ချစ်သူဘေး ဝင်လှဲရင်း ခက်ခဲစွာ အိပ်ပျော်နိုင်ဖို့ ကြိုးစားတယ်။ နှစ်နာရီလောက်ထိ ဟိုလူးဒီလှိမ့်နဲ့ ဘယ်လိုမှ အိပ်မရတဲ့အဆုံး ဘာရယ်မဟုတ် ဘေးမှာရှိတဲ့ဖုန်းကို ကောက်ကိုင်လိုက်မိတယ်။ နောက်တော့ သူတို့စခန်း တိုက်ခိုက်ခံရတဲ့အကြောင်း ပိုသိချင်တဲ့စိတ် ဝင်လာလို့ မသုံးတာကြာပြီဖြစ်တဲ့ Facebook ထဲ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
Facebook app ထဲ ဝင်လိုက်တဲ့အချိန်မှာပဲ မက်ဆင်ဂျာကနေ တောင် တောင် တောင် ဆိုတဲ့ စာဝင်တဲ့အသံလေးတွေ မြည်လာတယ်။ သိပ်စိတ်မပါစွာဘဲ chat box ထဲဝင်ကြည့်တော့ သူရယ်လေ။ လွန်ခဲ့တဲ့ တပတ်လောက်ထဲက စာပို့ထားတဲ့ပုံပဲ။ app ထဲ မဝင်တာကြာတော့ မက်ဆေ့ခ်ျတွေလည်း အခုမှ နိုတီတက်တယ် ထင်ပါတယ်။ စိတ်လှုပ်ရှားစွာနဲ့ ဝင်ကြည့်လိုက်တော့ စာလေးသုံးကြောင်းက အစဥ်လိုက်။
“သူငယ်ချင်းရေ၊ ငါ နင့်ကို ချစ်ပါတယ်ဟာ”
“ကျန်းမာရေးဂရုစိုက်”
“ဘာရယ်မဟုတ် ရုတ်တရက် သတိရလာလို့ လိုင်းရတုန်း စာပို့တာ”
ကျနော့်ရင်ဘတ်တခုလုံး မီးစနဲ့ ထိုးခံလိုက်ရသလို စူးနင့်သွားတယ်။ ဖုန်းကိုပစ်ချလိုက်ပြီး ရှိုက်ကြီးတငင်နဲ့ ကျနော် ငိုတယ်။ ဟုတ်ကဲ့ ကျနော် ငိုပါတယ်။ရင်ဘတ်က အင်္ကျီစတခုလုံး စိုရွှဲသွားတဲ့အထိကို ကျနော် ငိုတယ်။ ကျနော့်အသံကြားတော့ ကျနော့်ကောင်မလေးက ထလာပြီး အလန့်တကြားပြောတယ်။
“ကို ငိုနေတာလား။ သဲသဲရှိတယ်၊ သဲသဲရှိတယ်”
ကျနော် သူ့ကို အားငယ်စွာ မှီနွဲ့ရင်း သူ့ရင်ခွင်ထဲမှာ တိုးတိုးလေး ဆက်ရှိုက်နေခဲ့မိတယ်။ နင်နဲ့ငါ မသေမချင်း သူငယ်ချင်း ဆက်ဖြစ်သွားမယ် ထင်ပါရဲ့လို့ ကျနော်ပြောခဲ့ဖူးတဲ့စကားကို အမှတ်ရတော့ ပိုလို့တောင် ဝမ်းနည်းလာတယ်။ သူ့ကို ကျနော် အပြင်မှာ တခါလောက်တော့ ထပ်တွေ့ချင်သေးတယ်။ တွေ့ရင် သူ့ပုခုံးကိုဖက်လို့ “နင်သိလား သူငယ်ချင်းရေ၊ ငါလည်း နင့်ကို ချစ်ပါတယ်ဟာ” လို့ ပြောမိမယ်ထင်တယ်။ မဟုတ်ဘူး၊ ပြောချင်တယ်။ သူဟာ ကျနော့်ရဲ့သူငယ်ချင်းကောင်းအဖြစ်၊ ချစ်ရတဲ့သူတယောက်အဖြစ် ကျနော့်မှတ်ဉာဏ်ထဲ နှလုံးသားထဲ ထာဝရ တည်ရှိနေမှာ။ နင်ပြောခဲ့သလိုပဲ ငါတို့က သက်တံတွေမဟုတ်ဘူး၊ ပင့်ကူမျှင်တွေ။ ဟုတ်တယ် ဘယ်လောက်ရှင်းရှင်း တကြိုးနဲ့တကြိုး စိတ်ပျက်စရာကောင်းလောက်အောင်ကို စည်းလုံးတည်ရှိနေမယ့် ပင့်ကူမျှင်တွေရယ်ပါ။ ငါတို့ရဲ့ သံယောဇဉ် ပင့်ကူမျှင်တန်းလေးကိုလည်း နင်မရှိသည့်တိုင် ပွေ့ဖက်သိမ်းဆည်းရင်း နင် ငြိမ်းချမ်းရာမှာ အနားယူနိုင်ဖို့ ဆုတောင်းပေးပါတယ်။
မြေဝသုန်ရေ အာဇာနည်တယောက်ကို စီးလို့ကြိုပေတော့။
Be the first to comment