အပြာရောင် ကျောပိုးအိတ်ကလေး

“အပြာရောင် ကျောပိုးအိတ်ကလေး”
◾️မျက်သွယ်
“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။ ဒီလိုပဲ တချို့အရာတွေကလည်း မှတ်မှတ်ရရ အမြဲရှိနေတာမျိုးမဟုတ်ဘဲ ရုတ်တရက်မှ ပြန်သတိရလာမိတာ။ သူကလည်း ကျမပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်နေသလိုပဲ။ ဘာမှလည်း ပြန်မပြော၊ ကျမရဲ့ အပြာရောင် ကျောပိုးအိတ်ကလေးကိုပဲ ကြည့်နေတယ်။
ဒီအိတ်အကြောင်းကို သူစဉ်းစားနေတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျမတို့က ဗုံးခိုကျင်းထဲမှာလေ။ ကိုယ့်အသက်မသေဖို့ကိုဘဲ ကြိုးစားနေကြတဲ့အချိန်။ ကျမကတော့ ကျယ်လောင်တဲ့အသံတွေ မကြာခင် ကြားရတော့မှာမလို့ နားကိုသာ လက်နှစ်ဘက်နဲ့ တင်းတင်းပိတ်ရင်း အိမ်ကို သတိရနေတယ်။ ကျောပိုးအိတ်ကလေးကို ဖက်ထားရင်းပေါ့။ တကယ်တော့ ဒီကျောပိုးအိတ်ကလေးက တက္ကသိုလ်တက်ဖို့ ကျမရဲ့အမေက ဝယ်ပေးထားခဲ့တာလေ။
အဲဒီ တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် ကိုယ်တွေ့အင်တာဗျူး သွားပြီးဖြေတဲ့နေ့က အမေက လိုက်ပို့ခဲ့တယ်။ သူ့အနေနဲ့ ဒီလို တက္ကသိုလ်ကျောင်းဝန်းထဲကို ပထမဆုံး ရောက်ဖူးတာတဲ့။ အမေက လေးတန်းတောင် အောင်တာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် သူတဘဝလုံးရခဲ့တဲ့ စိတ်ဒဏ်ရာတွေကုစားဖို့ ကျမရဲ့ပညာရေးမှာ သူ့ရှိသမျှကို ရင်းနှီးမြှုပ်နှံခဲ့တာ။ ကျမလုပ်နိုင်တဲ့၊ လုပ်နေတဲ့အရာအားလုံးအတွက် အမေက အမြဲတမ်း ဂုဏ်ယူနေလေ့ရှိတယ်။
အဲဒီ ကိုယ်တွေ့ဖြေတဲ့နေ့မှာပဲ အမေနဲ့အတူ ကျောပိုးအိတ်ကလေးဝယ်ဖို့ လှည်းတန်းကို အတူသွားခဲ့တယ်။ ကျမက ကြည့်ဖူးတဲ့ဇာတ်ကားတွေထဲမှာ ကိုရီးယားမင်းသမီးလေးတွေ သုံးလေ့ရှိတဲ့ အိတ်ကလေးလိုမျိုး လိုချင်တာ။
အမေကတော့ ကျမ မကြိုက်မချင်း လှည်းတန်းမှာ ပတ်ရှာမယ်တဲ့။ သူက လမ်းအများကြီး လျှောက်နိုင်တာတောင် မဟုတ်ဘူး။ ဒါပေမဲ့လည်း သိပ်မရှာလိုက်ရပဲ လိုချင်တာရတယ်။ ကျမကြိုက်တဲ့ အပြာရင့်ရောင်လေးလေ။ ဘာအဆင်ဆန်းမှမပါတဲ့ ဗြောင်လေး။ အရုပ်ကီးချိန်းလေးတောင်မှ ပါသေးတယ်။ အဲဒါလေးကို လွယ်လို့၊ ကျမရဲ့ သူငယ်ချင်းအသစ်တွေနဲ့ တက္ကသိုလ်ထဲမယ် ပြဲပြဲစင်အောင် လျှောက်သွားခဲ့ဖူးတာပဲ။
အချိန်တွေက သိပ်တောင် မလုံလောက်လိုက်သလိုဘဲ။ ရုတ်တရက် ကျမတို့ အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့အချိန်တွေ ရောက်လာတယ်။ သိပ်မကြာဘူး လမ်းပေါ် အားလုံးထွက်ရပြန်တယ်။ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ “ငါတို့ကျောင်းသား ငါတို့ပြန်ပေး” ဆိုတဲ့ ကြွေးကြော်သံတွေ ပြန့်ကြဲလို့ အချုပ်ကားကြီးနောက် လိုက်အော်ခဲ့ဖူးတာပေါ့။ ဒီလိုအချိန်တွေမှာလည်း အမေဝယ်ပေးခဲ့တဲ့ ကျောပိုးအိတ်ကလေးက ကျောမှာ ကပ်နေရှာတယ်။
ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒပြလို့မရတော့တဲ့အချိန်တွေ ရောက်လာပြန်တော့ အမေ့ကို ခွင့်တောင်းမိတယ်။ ကျမ တောခိုမလို့။ အမေက ခါးခါးသီးသီးနဲ့ကို လက်မခံခဲ့ဘူး။ သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးက ကျမအပေါ်မှာလေ။ သူ့တဘဝလုံးကို ကျမအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့တာလေ။
ဘယ်ရပါ့မလဲ။ ကျမက အမေသင်ပေးခဲ့တဲ့ ပညာတွေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီး မောက်မာနေခဲ့တာ။ အမေက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့သမီးကို သူပုန်ဖြစ်လာအောင် လုပ်မိခဲ့တာ။
ကျမကိုယ်ကျမ မသေချာတဲ့အတွက် အဝေးပြေးကားပေါ်ရောက်ပြီး နာရီတော်တော်ကြာမှ အိမ်ကို ဖုန်းဆက်ရတယ်။ အမေရော၊ အဖေရောက ငိုနေကြတယ်။ အခု အိမ်ကိုပြန်လာခဲ့ရင် လုံးဝမဆူဘူးဆိုတာပဲ သူတို့ တွင်တွင်ပြောနေတာ။ အဲဒီအချိန်က အဖေငိုတာကို ဒုတိယအကြိမ် ကြုံဖူးတာပဲ။ အဖေ ပထမဆုံးငိုတာက ကျမ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့က။
ကားပေါ်မှာ ကျမရဲ့ ကျောပိုးအိတ်အပြာရောင်လေးကို ပိုက်ပြီး ကျမလည်း ငိုနေမိတယ်။ အဲဒီအချိန် ထွက်လာခဲ့တုန်းက ကျမဟာ အိမ်ကို ပြန်ချင်တဲ့အချိန်တိုင်း ပြန်လို့ရပါတယ်လို့ ထင်နေခဲ့တာ။ ယုံကြည်နေခဲ့တာပေါ့လေ။ အပြာရောင်ကျောပိုးအိတ်ထဲမှာ ကျမအတွက် ထည့်စရာ ဒဏ်ရာဟောင်းရယ်လို့ များများစားစားမရှိဘူး။ ဒဏ်ရာအသစ်တွေ ထည့်ဖို့အတွက် နေရာလွတ်တွေ ထားထားရတယ်။
အခုတော့ သုံးနှစ်ကြာသွားခဲ့ပြီ။ သွားခဲ့တဲ့လမ်းတွေမှာ အမေဝယ်ပေးတဲ့ ကျောပိုးအိတ်ကလေးက emergency bag လည်း ဖြစ်ခဲ့တယ်။ ကျမရဲ့ကျောင်းသားတွေအတွက် စာမေးပွဲမေးခွန်းထည့်ဖို့ အိတ်ကလေးလည်း ဖြစ်ခဲ့တယ်။ ချစ်ရတဲ့သူအတွက် မွေးနေ့လက်ဆောင်လေးလည်း ထည့်ခဲ့ဖူးတယ်။ အဲဒီအိတ်ကလေးထဲမှာ ခွေးလေးတကောင်ကိုထည့်ပြီး ခရီးတွေ အကြိမ်ကြိမ်သွားဖူးခဲ့တယ်။
တကယ်တော့ အိမ်ပြေးတယောက်က အိမ်ကိုလွမ်းတယ်ဆိုတာ ရယ်စရာကြီးပါလို့ တွေးမိပြီး ကျမက အိမ်ကိုလွမ်းတယ်ဆိုတာ ဘယ်သူ့ကိုမှ ထုတ်ပြောလေ့မရှိဘူး။ အမေ့ကိုလည်း လွမ်းတယ်လို့ ကျမ မပြောဘူး။ အမေချက်ကျွေးတဲ့ဟင်းတွေကို တောင့်တတယ်ဆိုတာတောင် ကျမ မပြောဘူး။ ကျမ ဘယ်လိုပဲ အသေးစိတ်တွေအပေါ် မာနကြီးကြီး၊ အခုအချိန်ထိလည်း ကျမလုပ်နိုင်တဲ့၊ လုပ်နေတဲ့အရာအားလုံးအတွက် အမေက အမြဲတမ်း ဂုဏ်ယူနေလေ့ရှိတယ်။
အမေ ဂုဏ်ယူရရှာတဲ့ သူ့သမီးဟာ အခုတော့ ဗုံးခိုကျင်းထဲမယ် အမေဝယ်ပေးတဲ့ လွယ်အိတ်နဲ့ အတူတူရှိနေတယ်။ ပုခုံးပေါ်မှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကလေးက တဖြည်းဖြည်းနဲ့ လေးလံလာသလိုပဲ။ ဒါပေမဲ့ ကျမ ဖွင့်မကြည့်ရဲဘူး။ ဖွင့်မကြည့်တော့ဘူး။ ကျောပိုးအိတ်ထဲမှာ ပစ္စည်းရယ်လို့ များများစားစားမရှိဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး လေးလံလာတယ်။ တကယ်တော့ ဒီကျောပိုးအိတ်ကလေးက တက္ကသိုလ်တက်ဖို့ ကျမရဲ့အမေက ကျမကို ဝယ်ပေးထားခဲ့တာ။
About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*