ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု

“ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု”
◾️ အော်စွန်းမိုင်
ငလျင်လှုပ်ခတ်အပြီးမှာ မန္တလေးက ကိုကြီးညိုတို့အိမ်ကြီး ဘာမှမဖြစ်ဘဲ အကောင်းပကတိနီးပါး တည်ရှိကျန်ရစ်ကြောင်း သတင်းကြားရတဲ့အတွက် နည်းနည်းတော့ စိတ်သက်သာရာ ရရှိပါတယ်။ ကိုကြီးညိုတို့ မိဘနှစ်ပါးက နှစ်ရှည်လများ အပတ်တကုတ် ကြိုးစားပမ်းစား လုပ်ကိုင်ဆောင်ရွက်ခဲ့ရာကနေ ယနေ့အနေအထားအထိ တည်တံ့ခိုင်မြဲတဲ့ လူနေမှုစနစ်နဲ့ ပြည့်စုံကောင်းမွန်တဲ့ နေရေး၊ စားရေးမှာ ယုံကြည်စရာကို ယုံကြည်သက်ဝင်၊ သစ္စာရှိစရာကို သစ္စာရှိခဲ့၊ အလုပ်အကိုင်လိုသူအတွက် အလုပ်အကိုင် ဖန်တီးပေးခဲ့နိုင်ပြီး နောက်လူတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ ဘဝများနဲ့ လောကကမ္ဘာကနေ အဆုံးသတ် ထွက်ခွာသွားခဲ့နိုင်ကြတယ်။ ကိုကြီးညို မိဘနှစ်ပါးရဲ့ ဂုဏ်သိက္ခာ၊ သီလ၊ သမာဓိ၊ အမြော်အမြင်၊ လောကဓံကို ခါးစည်းခံနိုင်ကြတာတွေက နှောင်းလူတို့အတွက် ပြောစရာ၊ ပြစရာ ပြယုဂ်သက်သေတွေ ဖြစ်ခဲ့တယ်။
လူသေပေမယ့် နာမည်မသေတဲ့လူ ဆိုတာမျိုးက ဒါပါပဲလို့ ပြောကြရမယ်။ ကိုကြီးညိုတို့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မျိုးဆက်များကလည်း သူတို့ခေတ်ကာလအလျောက် နိုင်ငံအပေါ်ကနေ ပေးအပ်လာတဲ့ တာဝန်ဝတ္တရားများ၊ လူမှုရေးများ၊ ယဉ်ကျေးဖော်ရွေတဲ့ ပြုမူမှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ၊ စေတနာဗရပွနဲ့ ရက်ရောမှုတွေနဲ့အတူ ဘဝသက်တမ်းများကို ဖြတ်သန်းနေကြတယ်။ အဖေတူသားသမီး၊ အမေတူသားသမီးများက မန္တလေးမြို့သူမြို့သားများရဲ့ ဂုဏ်ကျက်သရေကို တက်နေစေခဲ့တယ်။ ဒါပေမယ့် မနှစ်က ကိုကြီးညိုတယောက် ရုတ်တရက် ကွယ်လွန်သွားတယ်ဆိုတော့ အုံးအုံးကျွက်ကျွက် ဖြစ်လိုက်ကြရသေးတယ်။ သေသောသူ ကြာရင်မေ့ ဆိုစကားရှိပေမယ့် ကိုကြီးညိုကိုတော့ ဘယ်သောအခါမျှ မမေ့နိုင်ပါ။
သူက အပြောကောင်းတယ်လေ၊ ဝတ္ထုတွေ၊ ပုံပြင်တွေ၊ လောကနီတိတွေ၊ ဘဝအတွေ့အကြုံတွေ အတော် ပြောပြောနေတတ်ခဲ့တဲ့သူ။ သူနဲ့ လက်ပွန်းတတီးနေခဲ့ရစဉ်က သူပြောခဲ့တာတွေ၊ သူနဲ့ကိုယ်နဲ့ နှစ်ယောက် အပြန်အလှန် ပြောခဲ့တာတွေ၊ တယောက်တလှည့် ပြောဖြစ်ခဲ့ကြတာတွေ ဘယ်တော့များမှ မမေ့နိုင်ပါပေ။ ကိုကြီးညိုရေ လွမ်းလှသဗျာ။
ဒီအရေးအသားမှာ ကိုကြီးညိုပြောပြခဲ့တဲ့ သူဌေးကြီးသားအဖ ဝတ္ထုတိုကို ပြန် ဖောက်သည်ချချင်ပါတယ်။
အင်္ဂလန်က မြို့ကြီးတမြို့မှာ ဖြစ်ခဲ့တာပါ။ မော်တော်ကား မပေါ်သေးဘူး၊ မီးရထားကတော့ ပေါ်ပေါက်နေပြီ။ နိုင်ငံအနှံ့ ရထားလမ်းများ ဖောက်လုပ်ကာ ခရီးသွားလာခြင်းလမ်းကြောင်း ဖြောင့်တန်းနေပြီ။ သွားရေးလာရေး လွယ်ကူနေပြီ။ လူတွေရဲ့စိတ်ဓာတ်မှာလည်း ရထားလို မြန်ဆန်ပြီး စနစ်တကျ ခရီး သွားလာရင်း အချိန်တိုတိုနဲ့ လိုရာခရီး ရောက်နိုင်နေပြီ။ လူတွေရဲ့ စားဝတ်နေရေး၊ ကုန်သွယ်မှု၊ အသက်မွေးဝမ်းကျောင်း၊ ယဉ်ကျေးမှုနဲ့ ပညာရေး၊ ကျန်းမာရေးတွေပါ သွားလာရေးလွယ်ကူလာလို့ ကျွဲကူးရေပါဆိုသလို ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အချိန်ကာလ။
မြို့ကြီးရဲ့ မျက်နှာဖုံး သူကြွယ်ကြီးတယောက်က လုပ်ငန်းကိုင်ငန်းတွေ အောင်မြင်တိုးတက်ပြီး လက်ဖျား ငွေသီးနေတယ်။ ဘာစီးပွါးရေးလုပ်လုပ် ငွေကြေးဓန၊ အဆက်အသွယ်၊ ကျွမ်းကျင်မှု၊ ခွင်ဝင်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကြောင့် လိုလေသေးမရှိအောင်ကို ပြည့်စုံကြွယ်ဝနေတယ်။
ချမ်းသာတာနဲ့အမျှ မောက်မာဝံ့ကြွားခြင်းလည်း ကင်းရှင်းတယ်။ ဒီမြို့ကြီးမှာ ကောင်းသတင်းထွက်နေရုံသာမက နိုင်ငံအနှံ့ကို ကျော်စောထင်ရှားနေတဲ့ ကုန်သည်ကြီးပဲပေါ့။ မိသားစုဝင်ကလည်း နည်းနည်းလေး။ သား​လေးတယောက်သာ ထွန်းပေါက်ခဲ့တယ်။ ဒီမြို့က အထင်ကရ တက္ကသိုလ်ကျောင်းတော်ကြီးတခုမှာ ပညာရင်နို့ သောက်စို့နေလေရဲ့။ အခုများတော့ နောက်ဆုံးနှစ်သို့တိုင် ရောက်ရှိနေပါပြီ။
သားက ရုပ်ရည်ကလည်း တင့်တယ်၊ လူစရိုက်ကလည်း ဖော်ရွေရည်မွန်၊ ငွေကြေးဥစ္စာကလည်း ပြည့်စုံနဲ့မို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ဖြစ်နေတာပေါ့။ ဒါပေမယ့် စည်းကမ်းကောင်းတဲ့မိဘက ဆင်းသက်လာတဲ့သူဆိုတော့ အရှုပ်အရှင်းကင်းတယ်။ ပညာသင်ယူတယ်၊ အားကစားလုပ်တယ်၊ ဖန်ဖဲယားနဲ့ ဆိုရှယ်ပွဲတွေလောက်ပဲ ပါဝင်ဆင်နွှဲတဲ့ လူယဉ်ကျေးကလေး။
ခုတလောတော့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေတယ်။ မပြောချင် မဆိုချင်၊ မစားချင် မသောက်ချင်သလိုမျိုး ငေးမှိုင်နေတာ ထိုင်းမှိုင်းနေတာနဲ့သာ အချိန်ကုန်နေတယ်။ အဲဒါကို ကုန်သည်သူဌေးကြီးရော၊ သူဌေးကတော်ကြီးကပါ ရိပ်စားမိကြတယ်။ တို့သားတော့ တခုခု အခက်ပွေနေပြီ။ မေးမှစမ်းမှ ဖြေရှင်းပေးမှ ဖြစ်တော့မယ်ပေါ့။
ဒါနဲ့ သူဌေးကြီးက သားတော်မောင်ကိုခေါ်ပြီး တီးခေါက်ကြည့်ပါတယ်။ “ငါ့သား ဘာဖြစ်နေသလဲ၊ ဘယ်လိုအခက်အခဲကြောင့် ခေါင်းကိုက်နေရသလဲ။ ပျော်ပျော်နေပါလေ၊ အဖေ့ကိုသာဖွင့်ပြောပြပါလေ၊ အားလုံးအဆင်ပြေစေရပါမယ်လေ” လို့ ပြောဆိုအားပေးတယ်။
သူတို့နိုင်ငံမှာက သားအဖဆိုတာ အဲ့ဒီလိုပွင့်ပွင့်လင်းလင်းပြောကြတာပါပဲ။ သားဖြစ်သူကလည်း သူ့အဖေကို သူကြုံတွေ့နေရတဲ့ ပြဿနာကို ရှင်းပြတယ်။
သူ တက်ရောက်သင်ကြားနေတဲ့ တက္ကသိုလ်မှာ ကျေးလက်ဒေသတခုကနေ လာရောက် ပညာသင်ယူနေတဲ့ မိန်းမပျိုလေးကို သူ ချစ်မိနေတယ်။ မိန်းကလေးကလည်း သိတယ်။ အခု နောက်ဆုံးနှစ် စာမေးပွဲပြီးရင် နယ်ကို အပြီးပြန်ရတော့မယ်။ ဖွင့်ပြောပြီး အဖြေတောင်းရမယ်။ လက်ခံမယ်လို့လည်း မျှော်လင့် ယုံကြည်ထားတယ်။
သူဌေးအဖိုးကြီးက မေးတယ်၊ ဘယ်လိုလုပ်မှာလဲဆိုတော့ သားက အိမ်မြင်းလှည်းနဲ့ ဘူတာရုံကို လိုက်ပို့ပေးမလို့ သူကလည်း သဘောတူတယ်။ အဲဒါ မြင်းရထားလုံး ပေးလိုက်ပါ၊ ရထားပေါ်မှာ ပြောကြည့် အဖြေတောင်းမယ်လို့ ပြန်ပြောတယ်။
အဲဒီမှာ သူဌေးကြီးက မြင်းလှည်းပေါ်မှာ အချိန် ဘယ်လောက်လောက် လိုမလဲကွ လို့ ပြန်မေးတယ်။ သား တက္ကသိုလ်ကျောင်းသားက “မိနစ် ၂၀၊ နာရီဝက်ပေါ့ အဖေရာ” လို့ ပြန်ဖြေတယ်။ ဖခင်ဖြစ်သူက “အေးကွာ ငါ့သား အဆင်ပြေပါစေ၊ အောင်မြင်ပါစေ” လို့ ပြောလိုက်တယ်။
တက္ကသိုလ်ကျောင်းတံခါးတွေ ပိတ်လို့ ကျောင်းသားတွေ အိမ်ပြန်ချိန် ရောက်လာတဲ့နေ့မှာ နယ်ကကျောင်းလာတက်တဲ့ ကျောင်းသူလေး ရွာပြန်ဖို့ ဘူတာရုံကို သူဌေးသား ရထားလုံးလေးနဲ့ အတူ စီးနင်းလာကြတယ်။ ဘူတာရုံကိုသွားတဲ့လမ်းမှာ လမ်းဆုံတခုအရောက်မှာ ဘေးလမ်းကနေ ကုန်ရထားတစင်းကွေ့ချလာပြီး ဝင်ရိုးကျိုးကာ ရပ်တန့်သွားတယ်။ သူဌေးသားတို့ မြင်းရထားလည်း ကွေ့ပတ်သွားဖို့ ပြန်အလှည့်မှာ နောက်ထပ်ရောက်လာတဲ့ ရထားတစီးက ဝင်ရပ်ပြန်တယ်။ တခြားလမ်းတွေမှာ ရထားတွေကလည်း တစင်းပြီးတစင်း ဝင်ရောက်လာပြီး လမ်းပိတ်ဆို့မှုကြီး ဖြစ်လာတယ်။ ရထားမောင်းသူတွေကလည်း ရထားပေါ်က ဆင်းကြ၊ မြင်းကို ချော့မော့ဆွဲငင်ကြ၊ အချင်းချင်း စကားများ ရန်ဖြစ်ကြနဲ့ အတော့်ကို ကသောင်းကနင်းဖြစ်နေပါလေရော။
သူဌေးသားလေးအတွက်ကတော့ အကွက်ကောင်းပေါ့။ တက္ကသိုလ်ကျောင်းသူလေးကို ချစ်ခွင့်ပန်ပြီး လက်ခံကြောင်းအဖြေ တောင်းယူနိုင်လိုက်တယ်။ ခဏကြာတော့ မြင်းရထားတွေ ဂျမ်းဖြစ်နေတာ ဟိုလှည့်ဒီလှည့်၊ ပြန်ကွေ့သူကွေ့နဲ့ လမ်းရှင်းသွားတယ်။ သူဌေးသားလည်း သူ့အဖေရထားလုံးနဲ့ မိန်းမပျိုလေးကို ဘူတာရုံအရောက် လိုက်ပို့နိုင်တယ်။ ရထားလည်း အချိန်မီတာမို့ နေဝင်ရီသရောအချိန်မှာ မီးရထားပေါ်ပါသွားတဲ့ ချစ်သူလေးကို ငေးကြည့်ရင်းကျန်ရစ်ခဲ့တယ်။
သူလည်း မှောင်ပြပြအချိန်မှာ အိမ်ကို ပြန်ရောက်လာခဲ့တယ်။ အောင်ပွဲခံနိုင်ခဲ့ကြောင်း ဖခင်ကြီးကို အသိပေးဖို့ ဖခင်ကြီးအလုပ်ခန်းထဲ ရွှင်ရွှင်ပြပြဝင်လာခဲ့တယ်။ ဖခင်ကြီးက အလုပ်ခန်းစားပွဲမှာ အလုပ်များနေတယ်။ မြင်းရထားမောင်းသမားတွေကို အဖိုးကြီးက ငွေတွေရှင်းပေးနေတယ်။ မင်းက ဘယ်နားကလဲ၊ ဘယ်လမ်းကလဲ၊ ဘယ်လောက်ကြာသလဲနဲ့ မေးမြန်းလိုက်၊ ငွေချေလိုက်လုပ်နေတယ်။
သားဖြစ်သူ သူဌေးသားက “အဖေရေ …” လို့ အော်ခေါ်ပြီး သူရောက်လာကြောင်း ပြသလိုက်တယ်ဆိုရင်ပဲ အဖိုးကြီးက “အောင်မြင်ခဲ့တယ် မဟုတ်လား၊ ငါသိပါတယ်” လို့ပြောပြီး မြင်းလှည်းသမားတွေကို ငွေတွေ ဆက်ရှင်းနေလေရဲ့။
(အယ်ဒီတာမှတ်ချက် – ‘ဤစာမူတွင် ဖော်ပြထားသည့် ကိုကြီးညိုမှာ ကွယ်လွန်သူ စာရေးဆရာ ညီပုလေး (The Call တွင် စကောလယ်တော ကလောင်ဖြင့် ဝတ္ထုတို ၁၀ ပုဒ် ရေးသား ချီးမြှင့်ခဲ့) ဖြစ်ပါသည်)
About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*