စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်

⁨”စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

ဇွန် ၁၃ ရက်နေ့က အစ္စရေးလ်ဟာ အီရန်မြို့တော် တီဟီရန်ရဲ့ တောင်ဘက်မှာရှိတဲ့ နတ်တန်ဇ်က ယူရေနီယမ် သန့်စင်စက်ရုံကို ဗုံးကြဲ တိုက်ခိုက်လိုက်တဲ့အတွက် အမြဲလိုရန်စောင်နေတဲ့ အစ္စရေးလ်-အီရန်စစ်ပွဲဟာ တကယ် အသက်ဝင်လာခဲ့ပြီဖြစ်တယ်။

စစ်ပွဲ ၆ ရက်ကြာလာတဲ့အခါမှာ ထင်ရှားလာတာတခုက အစ္စရေးလ်ရည်ရွယ်ချက်ဟာ အီရန်ရဲ့ နျူကလီးယားအိပ်မက်ကို အနည်းဆုံး ဟန့်တားထားနိုင်ဖို့နဲ့ အခွင့်သာရင် ဖျက်ဆီးပစ်ဖို့ ဆိုတာဖြစ်တယ်။ အစ္စရေးလ်ရဲ့ အဓိကပစ်မှတ်တွေဟာ နျူကလီးယားလက်နက် ထုတ်တဲ့နေရာမှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ ယူရေနီယမ် သန့်စင်စက်ရုံတွေရှိတဲ့ နတ်တန်ဇ်၊ ဖောဒေါင်းနဲ့ အစ်ဖာဟန် (ရှေ့နှစ်ခုက သန့်စင်စက်ရုံတွေဖြစ်ပြီး နောက်ဆုံးတခုက ကုန်ကြမ်း အဓိကပံ့ပိုးတဲ့စက်ရုံ) မြို့တွေ၊ အီရန် ထိပ်တန်း နျူကလီးယားပညာရှင်တွေနဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖြစ်တယ်။

‘စစ်နဲ့ အကျိုးစီးပွား’
ပထမရက်တွေမှာ စစ်သတင်းတွေက သဲသဲကွဲကွဲမရှိလှပေမယ့် ၅ ရက်မြောက်နေ့မှာ ထွက်လာတဲ့ ရိုက်တာသတင်းတပုဒ်အရ အီရန်ဘက်က အမေရိကန်နဲ့ အခြားအာရပ်နိုင်ငံတွေကို စစ်ရပ်စဲရေး ကြားဝင်‌ပေးဖို့ မေတ္တာရပ်ခံတယ်လို့ဆိုတယ်။ နျူကလီးယားစက်ရုံတွေပျက်စီး၊ သိပ္ပံပညာရှင်တွေနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ အကျအဆုံးများတဲ့ အီရန်ဘက်က တောင်းဆိုချက်ဟာ မှန်ကန်နိုင်တဲ့သဘောရှိပေမယ့် စစ်ပွဲတွေဆိုတာ တခုခု တိတိကျကျ သဘောတူညီချက် မရမချင်း ပါးစပ်က ဆွေးနွေးဖို့ပြောပြီး လက်တွေ့မှာတော့ ဆက်တိုက်နေကြတာပဲဖြစ်တယ်။

ရှေ့မှာ စစ်ပွဲဟာ ဘယ်လောက်အထိ ရှည်ကြာသွားနိုင်မလဲ ဆိုတာက နိုင်ငံကြီးတွေက ဘယ်ဘက်က ရပ်တည်မလဲ၊ ဘယ်လို ရပ်တည်မလဲ၊ ဘာတွေထောက်ပံ့ပေးမလဲ ဆိုတာတွေနဲ့လည်း ဆက်စပ်နေမှာဖြစ်တယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်တဲ့အတွက်ကြောင့် စွမ်းအင်ကဏ္ဍနဲ့ ရေနံဟာ သဘာဝကျစွာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပတ်သက်လာနေတာကိုလည်း တွေ့ရတယ်။

‘ရုရှား’
G7 အစည်းအဝေးကနေ ဝါရှင်တန်ကို စောပြန်သွားပြီးတဲ့နောက် ထရမ့်က အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆိုလိုက်တယ်။ အဲဒီသတင်းနောက်မှာ ရေနံစျေး စတက်လာတယ်လို့ စျေးကွက်လေ့လာသူတွေက ချက်ခြင်းထုတ်ပြန်တယ်။ ဒီသတင်းက စစ်စရိတ်ထောင်းနေတဲ့ ပူတင့်အတွက် သတင်းကောင်းတခုဖြစ်လာတယ်။ ယူကရိန်းကျူးကျော်မှုအတွက် စီးပွားရေး ပိတ်ဆို့ခံထားရလို့ ရေနံနဲ့ ဓာတ်ငွေ့တွေကို အောက်စျေးနဲ့ ရောင်းနေရတဲ့ ရုရှားအတွက် အီရန်စစ်ဟာ ဘဏ္ဍာရေးပိုင်း ပြန်တောင့်တင်းဖို့ ဖြစ်စေမလားလို့ ဝေဖန်သူတွေ ထွက်ပေါ်လာတယ်။ ဒါပေမယ့် တဘက်မှာ ရုရှားဟာ အီရန်နဲ့ ပိုသင့်မြတ်တယ်ဆိုပေမယ့် အီရန်၊ အစ္စရေးလ် နှစ်ဘက်စလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိသူဖြစ်တယ်။ အခုကိုပဲ ပူတင်ဟာ နှစ်ဘက်ခေါင်းဆောင်တွေနဲ့ ဖုန်းစကားပြောခဲ့ပြီးပြီဖြစ်ပြီး စစ်ပွဲငြိမ်းချမ်းရေး အကျိုးဆောင်တယောက် ဖြစ်လာနိုင်မလားလို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာတယ်။

ဇွန် ၁၃ ရက် သောကြာနေ့ အစ္စရေးလ် ဝင်မတိုက်ခင်ကဘဲ ပူတင်နဲ့ ထရမ့် ဖုန်းပြောခဲ့ကြပြီး ထရမ့်က ပူတင်ကို အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးအတွက် တာဝန်ယူဖို့ ပြောတယ်လို့ဆိုတယ်။ ဆိုလိုတာက နိုင်ငံတကာအရေးအခင်းတွေရဲ့ တချို့မျက်နှာစာတွေမှာ ရုရှားကို ဦးဆောင်မှုယူပြီး ညှိနှိုင်းပေးဖို့ မြှောက်ပေးရင်း ယူကရိန်းစစ်ကို ရပ်ခိုင်းတဲ့သဘောဖြစ်တယ်။

‘တရုတ်’
တရုတ်ဘက်ကိုကြည့်ရင် တရုတ်ကိုလာတဲ့ ရေနံနဲ့ဓာတ်ငွေ့ဟာ အဓိကမှာ ရုရှားနဲ့ အီရန်ဆီကဖြစ်တယ်။ ခု နှစ်နိုင်ငံလုံးဟာ စစ်ဖြစ်နေတယ်။ ရုရှား-ယူကရိန်း စစ်ဖြစ်တဲ့အတွက် တရုတ်အကျိုးစီးပွား ရှိနိုင်ပေမယ့် (ရုရှားကနေ တရုတ်ကို ဆိုက်ဘေးရီးယားကဖြတ်ပြီး ပိုက်လိုင်းနဲ့ ရေနံတင်ပို့နိုင်တယ်) အီရန် စစ်ကတော့ တမျိုးတဘာသာဖြစ်တယ်။ အီရန်စစ် ရေရှည်ဖြစ်ခဲ့ရင် ပါရှန်းပင်လယ်ကွေ့ကနေ အိန္ဒိယသမုဒ္ဒရာကိုထွက်တဲ့ ဟောမုဇ်ရေလက်ကြား ပိတ်သွားနိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းကြတယ်။ ကမ္ဘာ့ ရေနံတင်ပို့မှုအားလုံးရဲ့ ၂၆% လောက်က ဒီရေလက်ကြားကို အသုံးပြုနေကြရတာဖြစ်တယ်။ အီရန်ဟာ ဘာစစ်ပွဲမှ မရှိခင်ကဘဲ ဒီရေလက်ကြားကိုဖြတ်တဲ့၊ သူနဲ့အဆင်မပြေတဲ့ နိုင်ငံတွေက ရေနံတင်သင်္ဘောတွေကို ပြဿနာရှာလေ့ရှိတယ်။

အစ္စရေးလ်ဟာ နိုင်ငံ စဖြစ်တည်လာကတည်းက အမေရိကန်ရဲ့ မဟာမိတ်အဖြစ် မပြောင်းမလဲ တည်ရှိခဲ့တာဖြစ်တယ်။ ဒီတော့ တရုတ်-အစ္စရေးလ် ဆက်ဆံရေးက အကောင်းကြီးမဟုတ်။ တရုတ်ဟာ ဒီရက်ပိုင်းအတွင်း အီရန်ကို တာဝေးပစ်ဒုံးကျည်တွေ ရောင်းခဲ့တယ်လို့ သတင်းထွက်လာပေမယ့် ဒီသတင်းက ခန့်မှန်းချက်သဘောမျိုးဖြစ်တယ်။ (မြန်မာစစ်တပ်ကို ထောက်ပံ့ခဲ့တဲ့ အတွေ့အကြုံအရတော့ မှန်ဖို့များတဲ့ သတင်းပဲဖြစ်တယ်)။ ဒါပေမယ့် ဒီလိုရောင်းချမှုဟာ လတ်တလောစစ်မှာ တန်ပြန်ပစ်ခတ်ရင်း ဆက်ခုခံထားနိုင်ဖို့ ရည်ရွယ်လိုပုံရပြီး ရေရှည်စစ်ပွဲကို အားပေးဖို့ အကျိုးမများဘူးဆိုတာလောက်တော့ တရုတ် တွက်ချက်ပြီးသား ဖြစ်ဖို့ရှိတယ်။

‘ဟစ်ဇ်ဘိုလာနဲ့ ပါကစ္စတန်’
နိုင်ငံကြီးတွေ အထောက်အပံ့မရလို့ တခြားအဖွဲ့အစည်းတွေကို အားကိုးရမလားကြည့်တော့ အီရန်အထောက်အပံ့ကို အမြဲရခဲ့တဲ့ ဟစ်ဇ်ဘိုလာဟာ ဒီတပွဲမှာ အီရန်ဘက်က ရပ်တည်ပါတယ်ပြောပေမယ့် ငြိမ်နေတယ်။ အစ္စရေးလ်ဟာ ၂၀၂၃ အောက်တိုဘာမှာ ဂါဇာကို တိုက်ခိုက်ခံရပြီးကတည်းက အီရန်ကိုပြန်တိုက်မယ်လို့ ဆုံးဖြတ်ထားပုံရပြီး အဲဒီအရင် ဟစ်ဇ်ဘိုလာကို ဦးချိုးထားတဲ့ သဘောမျိုးဖြစ်တယ်။ ပါကစ္စတန် အသံထွက်လာပေမယ့် ထရမ့်နဲ့ ပါကစ္စတန်စစ်တပ် အကြီးအကဲ အာစမ်မူနီယာ ဗုဒ္ဓဟူးနေ့မှာ ဝါရှင်တန်မှာတွေ့ဆုံဖို့ ချိန်းဆိုထားပြီးဖြစ်တယ်။ တွေ့ဆုံပွဲဟာ အီရန်စစ်ပွဲသာမက အိန္ဒိယနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲကိုပါ ထည့်သွင်းဆွေးနွေးဖို့ဖြစ်တယ်။

နောက်ထပ် အ​ရေးပါတဲ့အချက်က စစ်ပွဲဟာ​ မြေပြင်ထိုးစစ် မပါဝင်တာဖြစ်တယ်။ မြေပြင်ထိုးစစ်​တွေ ပါဝင်လာဖို့ကလည်း နယ်စပ်​တွေနဲ့ နိုင်ငံ​တွေကို ဖြတ်​ကျော်တိုက်ဖို့လိုလာတယ်။ ဆိုလိုတာက အချိန်တိုအတွင်း ပြန်မထိန်းချုပ်နိုင်ရင် စစ်ပွဲဟာ ​ဒေသတွင်းနိုင်ငံ​တွေပါ ပါဝင် ကူးသက်လာနိုင်တယ်။
အ​ခြေအ​နေတွေအားလုံးကို ခြုံငုံကြည့်တော့ အစ္စရေးလ်-အီရန်စစ်ဟာ ရုရှား-ယူကရိန်းစစ်လို မရှည်ကြာနိုင်ဘူးလို့ သုံးသပ်ရမှာဖြစ်တယ်။ အမေရိကန်ဟာ (အထူးသဖြင့် ထရမ့်ဟာ) စစ်ဝင်တိုက်ပေးဖို့ အားမသန်တဲ့သူဖြစ်ပေမယ့် အီရန်စစ်ကို ယူကရိန်းစစ်ထက် ပိုပြီး ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပုံ ပေါ်တာကိုလည်း တွေ့ရတယ်။

‘မဟာဗျူဟာစစ်’
စစ်ပွဲမှာ မဟာဗျူဟာလို့သုံးရင် နိုင်ငံရေး ပါလာစမြဲလို့ စစ်ရေး ကျွမ်းကျင်ပညာရှင်တွေက ဆိုတယ်။ ဒါပေမယ့် နိုင်ငံရေးဟာ စစ်ပွဲတွေမှာ အသုံးချခံ ဖြစ်တတ်တာကိုလည်း ထည့်သွင်း တွက်ချက်တတ်ဖို့လိုတယ်။ တချို့လေ့လာသူတွေက နည်းဗျူဟာက သိပ္ပံဆန်ပြီး (နည်းဗျူဟာစစ်ဟာ တိကျဖို့လိုတယ်၊ လေ့ကျင့်မှုလိုတယ်၊ ကျွမ်းကျင်ဖို့လိုတယ်၊ ကောင်းစွာ တွက်ချက်ထားဖို့လိုတယ်၊ နောက်ကွယ်က ထောက်ပို့တွေ ရှိဖို့လိုတယ် စတာတွေကို ဆိုလိုတယ်) မဟာဗျူဟာက အနုပညာဆန်တယ်လို့ ဆိုပြန်တယ်။ မဟာဗျူဟာဆိုတာ အနုပညာတရပ် ဖန်တီးသလို နောက်ဆုံးရည်ရွယ်ချက်ကို ရောက်အောင် စုစည်း သိမ်းသွင်း ခေါ်ဆောင်သွားနိုင်ဖို့၊ ဖန်တီးတည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုလိုချင်ပုံရတယ်။

စစ်တုရင် ဂရင်းမာစတာတဦးက ပြောဖူးတယ်။ မဟာဗျူဟာဆိုတာ တွေးခေါ်တာဖြစ်ပြီး နည်းဗျူဟာဆိုတာ စူးစမ်းလေ့လာနိုင်တာတဲ့။ လတ်တလောအခြေအနေတွေကို စူးစမ်းလေ့လာပြီး ချက်ခြင်းလိုအပ်တဲ့ အဖြေတွေကို ထုတ်ပေးနိုင်တာဟာ နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဖြစ်ပြီး နိုင်ငံတနိုင်ငံ၊ တော်လှန်ရေးတခု နောက်ဆုံးမှာ ဘယ်အခြေအနေထိ ရောက်အောင်သွားဖို့ လိုမလဲဆိုတဲ့ သိမြင်နားလည်မှုပိုင်းနဲ့ တွေးခေါ်မှုပိုင်းဟာ စစ်နဲ့နိုင်ငံရေးရဲ့ မဟာဗျူဟာကို ပုံဖော်မှာဖြစ်တယ်။

လတ်တလော နိုင်ငံတကာနဲ့ ပြည်တွင်းအခြေအနေတွေကို စူးစမ်းလေ့လာနိုင်၊ သိမြင် တွေးခေါ်နိုင်မယ်ဆိုရင် နွေဦးရဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာလည်း ဖက်ဒရယ်ပြည်ထောင်စုမှာ စုစည်းမိကြမှာပဲဖြစ်တယ်။

About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*