
‘တောင်တက်သမားများအကြောင်း’

၁။
“တောင်တွေက ငါတို့ကို လက်ယပ်ပြီး ခေါ်နေပြီ။ ငါတို့ တက်မှရတော့မယ်”
ကျနော်သိသလောက် တောင်တခါမှ မတက်ဖူးသော ကဗျာဆရာမိတ်ဆွေတဦး လွန်ခဲ့သည့်နှစ်များစွာက ပြောဖူးသည့် တောင်တွေ၏ ခေါ်သံအကြောင်းကို ဒီရက်ပိုင်း မဆီမဆိုင် သတိရနေမိသည်။ ထိုစကားကို ကြားကြားချင်းတုန်းက အတော်ငယ်ရွယ်သေးသည့် ကျနော်က တဖက်သားကို အားမနာတမ်း ဟက်ဟက်ပက်ပက် ရယ်မိသည်ကိုလည်း ဆက်တွေးမိပါသည်။
“တောင်တွေက စကားပြောပါ့မလား၊ ခင်ဗျားတို့ကဗျာဆရာတွေက စောက်ပိုတွေ တအားပြောတာပဲ”
ပြီးလျှင် ရယ်ရုံတင်မကဘဲ အထက်ပါစကားနှင့် တသွေမတိမ်းမဟုတ်သော်လည်း ခပ်ဆင်ဆင်အဓိပ္ပါယ်ရှိသည့် စကားနှင့် ငြင်းချက်ထုတ်မိသေး၏။ ကဗျာဆရာမိတ်ဆွေက ကျနော့်စကားကို စိတ်ဆိုးဟန် မပြခဲ့။ ထို့အတူ ကျနော် မှန်သည်ဟုလည်း လက်ခံခြင်းမပြု။
“ကိုယ့်ညီက ကြားနိုင်တဲ့နား မရှိတော့ ဘယ်ယုံပါ့မလဲ” ဆိုသည့်စကားကိုသာ သူ့ကိုယ်သူ ပြောသလိုလို၊ ကျနော့်ကိုပဲ ပြောသလိုလို ဝေဝါးတိုးလျသည့်အသံနှင့် ပြန်ပြောခဲ့ပါသည်။
၂။
တောင်တက်သည့်အကြောင်းကို စဥ်းစားတိုင်း ကျနော့်အတွေးထဲသို့ မမေ့မလျော့၊ မပျက်မကွက် ရောက်လာမြဲဖြစ်သည့် ကဗျာတပုဒ်ရှိပါသည်။ ဤနေရာတွင် ကဗျာ သိသည်ဆိုသဖြင့် ကျနော့်ကို အထင်မကြီးစေလို။ အကြောင်းမှာ ကဗျာသည် ကျနော်က လိုက်ရှာဖတ်မှ သိရမည့် လူမသိသူမသိ ကဗျာမဟုတ်။ စနစ်ဟောင်းအလယ်တန်းဆင့်တွင် သင်ရသော ကဗျာတပုဒ်ဖြစ်ပြီး အလယ်တန်းပြီးဆုံးခဲ့သူတိုင်း သိကြသည့် ကဗျာဆရာမ ငွေတာရီ၏ “ထိပ်ဆုံးသို့” အမည်ရ ကဗျာဖြစ်ပါသည်။
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ ။
တတောင် ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။
ကဗျာဆရာမက တောင်များ တလုံးအပေါ် နောက်တလုံးဆင့်နေသည့် အဝေးမြင်ကွင်းနှင့် ကဗျာ၏ ပထမအပိုဒ်ကို စဖွင့်ခဲ့ပါသည်။ ကဗျာဖတ်သူသည် ထိုပထမကဗျာပိုဒ်ကို ဖတ်ပြီးချိန်တွင် မြန်မာပြည်ကားလမ်း ရထားလမ်းဘေး၊ တောင်တွေ ဆင့်နေသည့် လွမ်းမောဖွယ် မြင်ကွင်းကို မြင်လာလိမ့်မည်။ သို့သော် ကဗျာဖတ်သူ၏ ခံစားမှုသည် ထိုလွမ်းမောသည့်ခံစားမှုမှာတင် ရပ်မသွား။ အကြောင်းမှာ ကဗျာဆရာမက ဒုတိယကဗျာပိုဒ်ကို ခုန်ကူးကာ သူ့ကဗျာပထမပိုဒ်က တောင်ဆင့်များကို အဓိပ္ပါယ်ဆင်တူကာ စကားလုံးကွဲသော စာသားများနှင့် ပပိုဒ်ထက် ပိုနီးကပ်သည့်မြင်ကွင်းကို ထပ်ကြော့ရင်းက “ဖန်ဖန်လေ အားအင်နိုးလို့ရယ် ကြိုး လျှောက်ရပြန်” ဟု တောင်တက်လမ်းတလျှောက် ဇွဲတင်းကာ တအိအိ တက်လာနေသည့် တောင်တက်သမား တယောက်ကို ရေးခြယ် ပြလိုက်သောကြောင့် ဖြစ်ပါသည်။
ထိုအခါ ကဗျာ၏ဇာတ်လိုက်သည် ကဗျာဖတ်သူ ပထမ ယူဆနေသည့် တလုံးနှင့် တလုံးဆင့်နေသည့် တောင်များမဟုတ်တော့ဘဲ ထိုတောင်များကို ကျော်လွှားချင်နေသည့် လူသားဖြစ်သွားခဲ့ပြီး ကဗျာကလည်း သက်ငြိမ်ပန်းချီမှသည် လှုပ်ရှားရုန်းကန်နေသည့် သက်ဝင်ပန်းချီဖြစ်သွားခဲ့ပါသည်။
“ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူး”
ကဗျာတတိယပိုဒ်ကမူ တောင်တက်သမား၏ စိတ်အတွေးများ ဖြစ်ပါသည်။ မောသည့်အကြောင်း၊ လက်လျော့လိုက်ချင်သည့် အကြောင်း။ ကဗျာ မြင်ကွင်းသည် ခရုပတ်ခွေသဏ္ဍာန်ကို ကြီးသည့်ဘက်မှ ငယ်သည့်ဘက်သို့ ရေးပြနေသည်ဟုဆိုရမည် ထင်၏။ ပထမ တောင်များ၊ ထို့နောက် တောင်တက်နေသည့် လူ၊ ပြီးလျှင်ကား ထိုသူ၏ စိတ်အတွေးများနှင့် ကျယ်ရာမှ ကျဥ်းသွားသည့် မြင်ကွင်းများ။ ဝတ္ထုတပုဒ်သာဆိုလျှင် နောက်အပိုဒ်သည် တောင်တက်သမား ဘာကြောင့် တောင်တက်နေရသည့် အကြောင်းဖြစ်မည်မှာ သေချာသလောက်ဖြစ်သည်။ ပြီးလျှင် သူ၏တောင်တက်ခြင်းအမှု အောင်မြင်ပြီးဆုံး၊ သို့တည်းမဟုတ်၊ ကျရှုံးရပ်တန့် သွားသဖြင့် ဖြစ်လာမည့် ခံစားချက်များ။ သို့သော် ယခုကား ဝတ္ထုတပုဒ်မဟုတ်။ ကဗျာတပုဒ် ဖြစ်နေသည်။ ထိုသို့ဆိုလျှင် ကဗျာဆရာမ ဘာကို ဆက်၍ရေးမည်နည်း။ ကဗျာဆရာမသည် ဘာကိုဆက်၍ ရေးချင်ပါသနည်း။ သူ့အလိုလို သိနိုင်သည့်ကိစ္စမဟုတ်သဖြင့် ကဗျာကိုသာ ဆက်ဖတ်ရပါသည်။
စခဲ့မိတာကြောင့်
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ
ချစ်ဖွယ်လူသား။ ။
ကဗျာ ပြီးသွားသည့် အချိန်တွင် ကျနော်တို့ ကဗျာဆရာမ ပြောချင်သည့်အကြောင်းကို ကွက်ကွက်ကွင်းကွင်း သိလိုက်ရပါသည်။ ကဗျာဆရာမ ပြောလိုသည့်အရာကား ရှင်းရှင်းလင်းလင်း။ တောင်တက်နည်းနိဿယျသာ ဖြစ်ပါသည်။ အစရှိလျှင် အဆုံး ရှိလိမ့်မည်၊ မောနေသလား၊ ဟိုမှာ တောပန်းတွေကို ကြည့်၊ ကန်ရေအေးအေးကို သောက်၊ ငှက်တွေ အော်နေတာကို နားထောင်။ အားမွေးလိုက်စမ်း။ ဒီအပိုဒ်တွင် ကဗျာဆရာမသည် အဝေးမှနေပြီး မသိမသာ မပြောတော့။ ကဗျာထဲသို့ သိသိသာသာပင် ဝင်ပါလာပြီး သူ ပြောချင်သည်ကို ဒိုးခနဲ ဒက်ခနဲ ဆိုပါသည်။ ကျနော်တို့ကလည်း ကဗျာ ဆရာမ ပြောသည်ကို နားထောင်ရင်းက ကဗျာဆရာမ ပြောနေသည့်တောင်ကို ကျော်လွန်သွားပြီး ကိုယ့်ဘဝခရီးကို ကိုယ် ပြန်မြင်မိကြပါသည်။
ဒီနေရာတွင် တချက်တော့ ပြန်တွေးဖို့လိုသည်။ ကဗျာဆရာမသည် တောင်တွေကို ရေးပြခဲ့သည်။ တောင်တက်သမားကို ချယ်မှုန်းပြခဲ့၏။ တောင်တက်လမ်းခရီးတလျှောက် ရှုခင်းကို ဖွဲ့ဆိုပြခဲ့သည်။ ကျနော်တို့သည် ဘာကြောင့် တောင်တက်သည့်ကိစ္စကိုကျော်လွန်ကာ ကျနော်တို့၏ဘဝခရီးကို မြင်ကြရပါသနည်း။ တောင်သည် အဘယ်ကြောင့်တောင် မဟုတ်တော့ပါသနည်း။
ထိုအဖြေအတွက် အကြောင်းပြစရာ တခုတော့ရှိ၏။
ထိုအရာမှာ တတိယကဗျာပိုဒ်၏ အဆုံး
“ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။” ဟူသည့် စာသားပင် ဖြစ်၏။
မည်သို့ဆိုစေ တောက်တက်ခရီးဟူသည် မတက်ချင်ရင် ရပ်လိုက်လို့ ရသည်မဟုတ်လား။ ယခုမူ ကဗျာဆရာမက သူ၏တောင်တက်ခရီးသည် ရပ်ဖို့ မဖြစ်နိုင်ဟု အဓိပ္ပါယ်ထွက်သော စကားကို ဆို၏။ ဘယ်လို တောင်တက်ခရီးမျိုးက ရပ်၍ မရပါသနည်း။ ထို့ကြောင့်ပင် ကျနော်တို့သည် ဘဝခရီးကို မြင်မိကြခြင်းပေလော။ ထိုအခါ နောက်ထပ် မေးခွန်းတခုပေါ်လာပြန်၏။ ဤနေရာတွင် ကျနော်တို့သည် ဘဝခရီးအစား တခြားဘာကို မြင်၍ ရနိုင်ဦးမည်နည်း။
၃။
ကဗျာဆရာမ ငွေတာရီ၏ “ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်ပါ့မလား” ဆိုသည့် စာသားနှင့်ဆက်စပ်ပြီး တောင်တက်ခြင်းကို ရပ်ပစ်ရန်ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို သူ့တသက်တာတွင် နောင်တအရဆုံး ဆုံးဖြတ်ချက်ဟု ပြောခဲ့သူတယောက် အကြောင်းကို ကျနော် ဆက်ပြီး ပြောချင်လာပါသည်။ ယင်းမှာ ကမ္ဘာအမြင့်ဆုံးဖြစ်သည့် ဧဝရက်တောင်ထိပ်သို့ ပထမဆုံးခြေချနိုင်သူများ ဖြစ်ခွင့်ကို ပေ ၃၃၀ မျှနှင့် လွဲချော်ခဲ့ရသူ Tom Bourdillon နဲ့ Charles Evans တို့အကြောင်း ဖြစ်ပါသည်။
Tom နဲ့ Evans တို့သည် ဧဝရက်တောင်ထိပ်သို့ ပထမဆုံး ခြေချနိုင်သူများ ဖြစ်လုနီးပါး ဖြစ်ခဲ့ပါသည်။ ဧဝရက်တောင်ထိပ်၊ ကမ္ဘာအမြင့်ဆုံးနေရာသို့ ပထမဆုံး ခြေချနိုင်သူများ အဖြစ် မှတ်တမ်းဝင်ခဲ့သော Sir Edmund Hillary နှင့် Tenzing Norgay တို့ တောင်ထိပ် ရောက်ခဲ့သည့် မေလ ၂၉ ရက်နေ့ထက် ၃ ရက်စောကာ တောင်ထိပ်နှင့် ပေ သုံးရာ့သုံးဆယ်အကွာနေရာအထိကို ရောက်ခဲ့ကြသူများ ဖြစ်ကြပါသည်။
သို့သော်ဟု ဆိုရပါမည်။ ခရီးအစ နောက်ကျမှုနှင့် Evan ၏ အောက်ဆီဂျင် ပြဿနာကြောင့် သူတို့နှစ်ယောက် အပေါ်ကပြောခဲ့သည့် ပေ ၃၃၀ အကွာတွင်သာ ကျေနပ်ခဲ့ကြရပါသည်။ ဆက်သွားလျှင် အောက်ဆီဂျင် ပြတ်မည်ကို သိကာ ဆက်မတက်ကြဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုအတွက် သူတို့နှစ်ယောက်သည် ကမ္ဘာ့အမြင့်ဆုံးနေရာသို့ ပထမဆုံး ခြေချနိုင်ခဲ့သူများ မဖြစ်ကြရတော့ဘဲ ထိုဆုံးဖြတ်ချက်သည် Tom အတွက် ဘဝတသက်တာ နောင်တအရဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်ဟုဆိုပါသည်။
ဆိုတော့ တောင်တက်ခြင်းနှင့်အလားသဏ္ဍာန်တူသည့်ကိစ္စကို လုပ်ကြမည်ဟု ကနဦး ဆုံးဖြတ်ခဲ့ကြသည်ဆိုပါစို့၊ ထို့နောက်တွင်မှ အကြောင်းတခုခုကြောင်း လမ်းတဝက်တွင် လက်လျော့ခဲ့မည်ဟု တွေးကြည့်ကြပါစို့။
“အဲဒါက ကျနော့်ဘဝတလျှောက်လုံး နောင်တအရဆုံး ဆုံးဖြတ်ချက်ပဲ”
Tom ၏ စကားကို ကျနော် ကြားယောင်မိပါသည်။
၄။
“ခင်ဗျား ဘာကြောင့် တောင်တွေ တက်နေတာလဲ”
“တောင်တွေ ရှိနေလို့ပေါ့”
ဘယ်သူကမေးပြီး ဘယ်သူက ပြန်ဖြေမှန်း မမှတ်မိတော့သည့် အထက်ပါအမေးနှင့် အဖြေကို ကျနော် မကြာခန ကြားဖူးပါသည်။ ကြားတိုင်းလည်း ဂွကျတဲ့ အဖြေပဲဟု ကျနော်တွေးမိပါသည်။ သို့သော် ထိုသို့ဖြစ်နေသည်မှာ ပထမဆုံးအပိုဒ်တွင် ပြောခဲ့သည့် တောင်များ၏ခေါ်သံကို ကြားသော မိတ်ဆွေ၏စကားနှင့် မဆက်စပ်မိခင်အထိဟုသာ ဆိုပါစို့။ ထပ်၍ဆိုရလျှင် ကဗျာဆရာမ ငွေတာရီ၏ “ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်ပါ့မလား” ဆိုသည့် ကဗျာပိုဒ်နှင့် တွဲမတွေးမိခင်အထိဟုသာ ဆိုပါစို့။ ဒီထက်ရှင်းအောင်ဆိုရလျှင် တောင်တက်ခြင်းဆိုသည့်နေရာတွင် တခြားအလုပ်တခုကို ဖလှယ်ပြီး မတွေးမိခင်အထိဟုသာ ဆိုကြပါစို့။
၅။
နွေဦးသည် ကျနော်တို့ထံ ချည်းနင်းလာခဲ့ပါသည်။ တောင်များက ကျနော်တို့အား လှမ်းခေါ်နေသည့်အသံများကိုလည်း ကြားခဲ့ရပါသည်။ တနည်း တက်ရမည့်တောင်များ ရှိနေသည်ကို ကျနော်တို့ သိခဲ့ကြပြီးဖြစ်ပါသည်။ တက်လည်းတက်ခဲ့ကြပြီး လမ်းတဝက်လည်း ရောက်ခဲ့ပြီဟုဆိုရပါမည်။ ဒီနေရာတွင် ရပ်လိုက်လျှင် ကျနော်တို့သည် Tom ၏ နောင်တစကားကို နုတ်ဖျားမှာ ရေရွတ်ရတော့မည်မှာ အသေအချာ ဖြစ်ပါသည်။ သို့သော် ကျနော်တို့အတွက် ကံကောင်းသည့် တချက်ရှိနေသည်ဟု ဆိုချင်ပါသည်။ ယင်းမှာ ကဗျာဆရာမငွေတာရီ၏
“မာလာငွေ ကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ”ဟူသော တောင်တက်နည်းကဗျာကို ကျနော်တို့ ဖတ်ခဲ့ဖူးကာ မည်သို့မည်ပုံ အားပြန်မွေးရမည်ကို သိနေကြခြင်း ဖြစ်ပါသည်။
Be the first to comment