
‘ကောလင်းလ္ဘက်ရည်’

ဒီနှစ်ထဲ ခရီးတခုသွားရင်းနဲ့ ကောလင်းနယ် အရှေ့ခြမ်းထဲကို ကျမ ရောက်ခဲ့တယ်။ အင်းတော်ကနေ ကောလင်း၊ ကန့်ဘလူနယ်ထဲအထိ ပိတ်မိနေတဲ့ မြစ်ကြီးနားအတက်နဲ့ မန္တလေးအဆင်း ကားတန်းရှည်ကြီးတွေ။ လမ်းဘေးဝဲယာမှာ မီးရှို့ခံထားရတဲ့ အိမ်ခြေတွေ အများကြီး ကြားထဲပေါ့။
ကောလင်းကိုရောက်တော့ နေ့လယ်ထမင်းစားချိန် ကျော်သွားပြီ။ အဲဒါနဲ့ပဲ လမ်းလေးခွဆုံမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်လေးထဲကို ဝင်ထိုင်ဖြစ်တယ်။ ဆိုင်လို့သာ ပြောတာပါ။ တကယ်တော့ မီးရှို့ခံထားရတဲ့ သွပ်တွေ၊ မီးကြွင်းထားတဲ့ သစ်တိုင်တွေနဲ့ ပြန်ဆောက်ထားပြီး မိုးကာအုပ်ထားတဲ့ ဆိုင်ရယ်ပါ။
ဆိုင်ထဲမှာ တန်းလျားရှည်တွေ သုံးလေးခုတော့ ရှိတယ်။ ဆိုင်ထဲဝင်ထိုင်ရင်း ဟင်းမှာတော့ ဝက်သားကလီစာနဲ့ ငါးပိရည်ကလွဲလို့ ဘာမှမရဘူး။ ဆိုင်ရှင်အမျိုးသမီးကလည်း ပြောရှာတယ်။ မီးခဏခဏအရှို့ခံရ၊ စစ်တပ်ကုန်းနဲ့ကလည်း သိပ်မဝေးဘူး။ ဒီကြားထဲမှာ လေယာဉ်ကလည်း လာကြဲကြဲနေတော့ များများ ရင်းမထားနိုင်လို့ပါတဲ့။ ဟုတ်တော့လည်း ဟုတ်သား။
အရင်ကတော့ ရွှေဘို-မြစ်ကြီးနား ကားလမ်းကြီးဆိုတော့ ကားသမား၊ ခရီးသည်၊ ကုန်သည်တွေနဲ့ စည်ကားပြီး ဆိုင်ကြီး ကန္နားကြီးတွေ ဖြစ်ခဲ့ပေမယ့် အခုတော့ ဆိုင်အများစုက ခြောက်ကပ်လို့ပဲ။ ဒီလိုနဲ့ပဲ ရတဲ့ဟင်းနဲ့ ထမင်းစားခဲ့ရတယ်။
ထမင်းဆိုင်ရဲ့ ဘေးမှာတော့ ဆိုင်ရှင်ရဲ့ အိမ်ကလေး။ အိမ်ကလေးကလည်း မီးရှို့ခံထားရတော့ အိမ်လို့ သက်သေပြစရာက အုတ်ဖိနပ်တိုတိုလေးတွေပဲ လက်ညိုးထိုးပြစရာ ကျန်ခဲ့တယ်။
ထမင်းစားလို့ပြီးတော့ အချိုတခုခု စားချင်လာတယ်။ ထမင်းဆိုင်က လ္ဘက်ရည်ဆိုင်လေးလည်း ကပ်ပါလာတယ်။ လ္ဘက်ရည်ချိုဆိမ့်တခွက်လို့ မှာလိုက် တော့ ၁၅ နှစ်အရွယ် ကလေးမလေးက ကိုယ်တိုင်ဖျော်ပြီး တခြားစားပွဲတွေ လိုက်ချပေးတယ်။ အဲဒါတွေ လိုက်ကြည့်ရင်း ကျမလည်း ကလေးဖျော်တဲ့ လ္ဘက်ရည်ဆိုတော့ အထင်သေးမိတာလည်း ပါခဲ့တယ်။ ကျမကလည်း လ္ဘက်ရည်ကြိုက်သူ တယောက်လည်းဖြစ် ကလေးမလေးလက်ရာ မြည်းစမ်းကြည့်ချင်တာနဲ့ မှာလိုက်တယ်။ ပထမဆုံးတကျိုက်မှာတင် အရသာမီတယ်လို့ ချီးကျူးမိတယ်။ ကလေးမလေးက ၁၅ နှစ်လို့တောင် မထင်ရပါဘူး။ ဖြူဖြူဖွေးဖွေး၊ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေး။
ကလေးမလေးက ကျမတို့ စားပွဲဝိုင်းကို လာသိမ်းတော့ ညီမလေး ဖျော်တဲ့လက်ရာ တကယ်ကောင်းတယ်လို့ ချီးကျူးရင်း စကားစမြည် နည်းနည်းပါးပါး ပြောဖြစ်တယ်။
ကလေးမလေးနာမည်က တုတ်တုတ်။ အသက်မေးကြည့်တော့ ၁၅ နှစ်ဆိုတာနဲ့ ဒီနှစ် ဆယ်တန်းတက်နေတာလား မေးတော့ ကျောင်းမတက်ဖြစ်တော့တာ ၅ တန်းကတည်းကပါလို့ ပြောတယ်။ ဘာလို့ ဆက်မတက်တာလဲ ဆိုတော့ ကိုဗစ်ကနေ စလာလိုက်တာ အာဏာသိမ်းတဲ့အချိန်နဲ့ တိုးပြီး အခုထိ အမေနဲ့အတူ စစ်ရှောင်လိုက်၊ စားဝတ်နေရေးအတွက် အလုပ်လုပ်လိုက်နဲ့ပဲ ကျောင်းစာဘက်ကို မလှည့်နိုင်တော့တာပါ မမရယ် ဆိုပြီး မျက်ရည်ဝဲဝဲနဲ့ ဖြေတယ်။
ကလေးမလေးကို စိတ်ဓာတ်မကျဖို့ သန်မာဖို့လို့ အားပေးခဲ့တယ်။ ကျမလည်း တိုက်ပွဲအခြေအနေအေးတုန်း ခရီးဆက်ရမှာနဲ့မို့ များများစားစား မပြောခဲ့ရဘူး။
ခရီးဆက်လာခဲ့တဲ့ လမ်းတလျှောက်မှာတော့ ကပ်ဘေး၊ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေကြားမှာ တုတ်တုတ်တို့လို ကလေးငယ်တွေ ဘယ်လောက်များများ စာသင်ခန်းတွေနဲ့ ဝေးရာကို ရောက်နေကြပြီလဲဆိုသည့် အတွေးများ တပွေ့တပိုက်နဲ့။
Be the first to comment