ငယ်ဘဝဆီ သွားကြစို့

‘ငယ်ဘဝဆီ သွားကြစို့’
◼️မောင်တင်သစ်
ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင်
မင်းငယ်ဘဝဆီ ရောက်လိမ့်မယ်
ခြေသံကြားတာနဲ့
လယ်ပုဇွန်လုံးတွေက
မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့
ရေစပ်စပ်မှာ
ငါးရှဥ့်တကောင်တလေ
ရွှံ့လူးနေတာ တွေ့ဦးမယ်
တနှစ်သား
တလင်းပြင်ထဲ စပါးနယ်နေတုန်း
မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား
မှတ်မိသေးလား
သူရှိသေးရင်
ခုအချိန်
သူလည်း ရွှံလူးနေမှာပေါ့
ကတွတ်ပေါက်မှာ မြုံးထောင်ရင်
ငါးမြွေထိုး အကြီးအသေး
တထွေးကြီးလည်း ရတတ်တယ်
ငရုတ်စပ်စပ်နဲ့
ပင်စိမ်းအုပ်ပြီး လွေးရုံပဲ
ပျိုးခင်းလောက် လှတဲ့အစိမ်းရောင်
ဒီတသက် မတွေ့ဖူးဘူး
ဆိုတော့
သွားကြစို့
ကန်သင်းရိုးကလေးအတိုင်း
ငယ်ဘဝဆီ သွားကြစို့
၁၆၊ ဇွန်၊ ၂၀၂၅
About The Call 728 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*