စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၃)

‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၃)’
◼️ထွင်
“ဘုန်းကြီးသေ ရွာကြေ” ဆိုသည့် စကားပုံ ကြားဖူးပါသည်။ မဖတ်ဖူးပါ။ ထို့ကြောင့် “ရွာကြေ” ဆိုသည့် စကားလုံးကို “ကြေ” နှင့် ရေးသလား သို့မဟုတ် “ကျေ” နှင့် ရေးသလားဆိုသည်ကို မသိ။ “ကြေ” နှင့် “ကျေ” သည် အဓိပ္ပါယ် ကွဲပြားပါသည်။ (တကယ်တော့ ဘုန်းကြီးကို သေသည် ဟု မပြော/မရေးကောင်း၊ ပျံလွန်တော်မူသည်ဟု ရေးရ/ပြောရသည်။)
စကားပုံသာ ကြားဖူးသည် အဓိပ္ပါယ်ကိုတော့ ကျွန်ုပ် မသိပါ။ သို့ပါသော်လည်း ဘုန်းကြီးသေသည့်အချိန်နှင့် ကြုံကြိုက်လိုက်ရသောကြောင့် ကြုံကြိုက်ချိန်၌ ဖြစ်ပျက်နေသော အခြင်းအရာများကို မြင်လိုက်ရသည့်အခါ “ကြေ” နှင့် ရေးသည်ဟု ကျွန်ုပ် ယူဆလိုက်သည်။ ဘုန်းကြီးသေချိန်၌ ရွာကလေးသည် စိစိညက်ညက် ကြေရခြင်း။
ကျွန်ုပ်တသက်တွင် ဘုန်းကြီးသေသည်ကို များစွာ မြင်ဖူးခဲ့သော်လည်း မှတ်မှတ်ရရ အရှိဆုံး ဘုန်းကြီးသေသည်ကို နှစ်ကြိမ် ကြုံတွေ့ခဲ့ရဖူးသည်။ ပထမအကြိမ်ကား ကျွန်ုပ်ရွာမှ ဘုန်းကြီးပျံပင် ဖြစ်သည်။
မှတ်မှတ်ရရ ကျွန်ုပ်ရွာမှ ဘုန်းကြီးပျံကား ကိုဗစ်နိုင်တင်းကူးစက်ရောဂါ တတိယလှိုင်း ငြိမ်သက်ပြီး စတုတ္ထလှိုင်း မဖြစ်ခင်နှင့် အာဏာရှင်မင်းအောင်လှိုင် အာဏာသိမ်းစအချိန်ကလေးတွင် ဖြစ်သည်။ (ကျွန်ုပ်တို့ တရွာလုံးနီးပါးလည်း ကျွန်ုပ်အပါအဝင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံခဲ့ကြရသေးသည်။ ကံကောင်းသည်ကား ကိုဗစ်ကြောင့် သေပျောက်သူ မရှိခဲ့ပါ။)
မှတ်မှတ်ရရ အဖြစ်ဆုံးကို ပြောရမည်ဆိုလျှင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်တော့ ကျွန်ုပ်တဦးဆိုမှ တဦးတည်းက အလျင်ဆုံး CDM ဝင်လိုက်ခြင်းပင်။ ကျွန်ုပ်ဋ္ဌာနက ကျွန်ုပ်ရွာနှင့် သုံးမိုင်မျှသာ ဝေးသည့် နေရာကလေးမှာ။ ဘုန်းကြီးပျံပွဲရောက်တော့ NON CDM များပင် ဘုန်းကြီးပျံပွဲသို့ လာကြသေးသည်။ ကျွန်ုပ်တို့ မြို့နယ်ဖြစ်သော မြို့ကလေးကို သွေးစွန်းခဲ့သော နေ့လည်း မရောက်သေး။ တိုင်းအနှံ့ ပြည်အနှံ့ ပစ်ခတ်မှုတွေ၊ မီးရှို့မှုတွေ၊ လေယာဥ်နှင့် ဗုံးကြဲမှုတွေ မဖြစ်သေး၊ ပေါ်တာမဆွဲသေး။ သည့်ကြောင့်လည်း NON CDM များက လွတ်လွတ်လပ်လပ် ဘုန်းကြီးပျံကို လာကြသည်။ ကျွန်ုပ်ကိုလည်း ကျွန်ုပ်ဌာနမှ ရာထူးအကြီးဆုံးလူက တဆင့်စကားဖြင့် မှာလိုက်သေးသည်။ ဆန္ဒပြပွဲတွေကို သွားချင်သွားပါ။ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ ဆန္ဒပြပွဲကို လိုက်ပါ။ CDM တော့ မလုပ်ပါနဲ့ ဟု။ အဲ့သည်တုန်းက ကျွန်ုပ်လည်း ပြန်ပြီး NON လိုက်ချင်ချင်ပါ။ အဘယ်ကြောင့်မူ CDM ဆိုလို့ ကျွန်ုပ် တယောက်တည်းဆိုမှ တယောက်တည်းဆိုတော့ ကျွန်ုပ် အလွန်အမင်း အားငယ်ခဲ့ရသည်။ တခြားသူတွေကိုလည်း CDM လုပ်ပါဟု မတိုက်တွန်းချင်။ CDM လုပ်တယ်ဆိုတာ ကိုယ့်အသိစိတ်ဓာတ်၊ ကိုယ့်ခံယူချက်စစ်စစ်နှင့် ကိုယ့်သဘောအတိုင်း လုပ်တာ အကောင်းဆုံး မဟုတ်လား။ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဘက်တွေမှာ ဘာလို့များ အဲ့လို ကိုယ်ပိုင်အသိစိတ်ဓာတ် မရှိကြပါလိမ့်ဆိုပြီး ကျွန်ုပ် စိတ်လည်းနာခဲ့မိသည်။ သည့်ကြောင့်လည်း သူတို့ကို မေးလိုက်ချင်သည်။ နေ့လယ်ခင်း ထမင်းလက်ဆုံစားတုန်းက ရွေးကောက်ပွဲမှာ NLD ကိုပဲ မဲပေးမယ်လို့ မင်းတို့ပဲ ပြောခဲ့တာလေ၊ မဲ အနိုင်ရသွားတော့ မင်းအောင်လှိုင်က အုပ်ချုပ်ခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေါင်းအပါတွေကို ဖမ်းဆီးထောင်ချလိုက်ပြီ၊ မင်းတို့ မဲပေးခဲ့တဲ့ ပါတီဝင်တွေအပေါ် မတရားအနိုင်ကျင့်နေတာကို မင်းတို့က လက်ပိုက်ကြည့်နေတော့မှာလား၊ အခု မင်းတို့ CDM မလုပ်တာက မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ အလုပ်လုပ်ပေးနေတာ ဖြစ်နေပြီလေ၊ ဆန္ဒပြလိုက်ကြပါလား၊ CDM လုပ်လိုက်ကြပါလား၊ မင်းတို့ ယောကျ်ားတွေ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက် သတ္တိသေးသိမ်နေကြတာလဲ၊ ငါ ဂေးမှန်း မင်းတို့လည်း သိသားပဲလေ၊ ငါ့ကို ဂေးနေလို့ဆိုပြီး ယောကျ်ား မပီသဘူးလို့ မင်းတို့ပဲ ပြောခဲ့တာ၊ ဂေးစိတ် မရှိတဲ့ မင်းတို့က ဂေးစိတ်ရှိတဲ့ ငါ့လောက်တောင် သတ္တိမရှိကြပါလား၊ မင်းတို့ကို ဘာကြည့်ပြီး ယောကျ်ားတွေပါလို့ ငါက မြင်ပေးရမှာလဲ ဟု အော်ပြောလိုက်ချင်ပါသည်။
သို့ပါသော်လည်း ကျွန်ုပ် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချနိုင်ခဲ့ပါသည်။ CDM ဆိုလို့ ကျွန်ုပ်တယောက်တည်း ဖြစ်နေလည်း အားမငယ်တော့ဘူးလို့။ အလျင်ဆုံး တဦးတည်း CDM ဝင်သည့်လုပ်ရပ်မှာ ဂုဏ်ယူစရာ အကောင်းဆုံး ဖြစ်ပါသည်လို့။ သည့်ကြောင့် ရာထူးအကြီးဆုံးလူက ပြန် NON ခဲ့ပါဟု မှာလိုက်သော်လည်း ပြန် မ NON ခဲ့ပါ။ ထိုလုပ်ရပ်အတွက် ကျွန်ုပ်တသက်လုံး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေပါပြီ။
ဟုတ်… ကျွန်ုပ် ပြောချင်သည်ကို ဆက်ပါဦးမည်။ ပျံလွန်တော်မူသည့် ဘုန်းကြီးသည် ကျွန်ုပ်တို့နယ်တွင် နာမည်ကြီးပါသည်။ ကြည်ညိုကြပါသည်။ သက်တော် ကိုးဆယ်ကျော်ရှိပြီး ဝါတော်လည်း များပါသည်။ ကိုယ်တော်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပီသသည်။ ဗုဒ္ဓဘာသာကို အတတ်နိုင်ဆုံး စည်ပင်ပြန့်ပွားအောင် ကြိုးစားခဲ့ပါသည်။ မှတ်တမ်းထူနိုင်သည့် လုပ်ရပ်ကား ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းထဲတွင် စေတီများစွာ တည်ထားကိုးကွယ်ခဲ့ခြင်းပင်။ ရွာဦးကျောင်းဝန်းထဲတွင်မက ရွာအပြင်တွင်လည်း စေတီတော်သုံးဆူ တည်ထားကိုးကွယ်ခဲ့သေးသည်။ ကိုယ်တော်တည်ခဲ့သော စေတီများသည် အံ့မခမ်း ကြီးကျယ်လှပါသည်။ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားသလဲဆိုလျှင် လူတွေက ပြောကြသည်။ ရွာကလေးက သေးသလောက်(အိမ်ခြေ နှစ်ရာကျော်ရုံ) ဘုန်းကြီးကျောင်းကြီးက ကြီးလွန်းနေတယ်၊ ရွာလေးနဲ့ကို မလိုက်ဖက်ဘူး၊ ရွာကနေ ကြည့်ရင်တော့ ဘာမှ မမြင်ရလို့ ဘာမှ မရှိသလို ထင်ရပေမယ့် တကယ်ရောက်လာတဲ့အခါကျတော့ အံ့မခမ်းကြီးကျယ်လွန်းပါတယ် ဟု ချီးကျူးကြရသည်အထိ။
သည်သို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပီသသော ကိုယ်တော်ကြီး ပျံလွန်တော်မူတော့ ကိုယ်တော့်ကို ကြည်ညိုကြသူတိုင်း ဘုန်းကြီးပျံပွဲကို လာခဲ့ကြသည်။ ရွာတရွာမှ အိမ်တအိမ်တွင် တခြားရွာနှင့် နယ်ပေါင်းပေါင်းစုံတွင် နေကြသော ဆွေမျိုးသားချင်း အယောက်တရာနီးပါး ရှိသည်ဟု ပြောနိုင်ပါသည်။ ထိုဆွေမျိုးသားချင်းထဲမှ တဝက်လောက်သည် ကားတတန်၊ ဆိုင်ကယ်တတန်ဖြင့် ဘုန်းကြီးပျံကို လာကြပါသည်။ ကျွန်ုပ်တို့နယ်မှ ရွာပေါင်းစုံကတော့ မလာသည့်ရွာ မရှိသလောက်။ ကိုဗစ်ကပ်ရောဂါကြီး ပျံ့ပွားသော ကာလဖြစ်ငြား ကိုယ်တော့်ကို ကြည်ညိုစိတ်နှင့် ကပ်ရောဂါကူးမှာကိုလည်း မကြောက်ရွံ့ကြတော့။ (ကံကောင်းသည်ကား တနိုင်ငံလုံး ကိုဗစ်စတုတ္ထလှိုင်း ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ပါ) မရောက်ရောက်အောင် လာကြသည်။ ထို့ကြောင့် ကျွန်ုပ်ရွာမှ အိမ်တိုင်းအိမ်တိုင်းတွင် ဆွေမျိုးသားချင်းတွေ ပြည့်နေသည်။ အိပ်ရာတွေမှာ ဧည့်သည်တွေ အပြည့်။ တချို့အိမ်များဆို အိပ်ရာများပင် မဆံ့။ အိမ်ရှေ့ မြေသလင်းတွင် ထွက်အိပ်ရသည်။ ဧည့်သည်တွေလာလျှင် အသုံးပြုဖို့အတွက် ဘီဒိုတွေ၊ သေတ္တာတွေထဲတွင် ထည့်သိမ်းထားသော စောင်တွေ၊ ခေါင်းအုံးတွေ၊ ပန်းကန်ပြားတွေ၊ လက်ဖက်ရည်ပန်းကန်လုံးတွေ အကုန်ထုတ်သုံးကြရပြီ။ ဧည့်သည်ပေါင်းစုံကို ကျွေးမွေးဧည့်ခံတည်ခင်းဖို့အတွက် အစားအသောက်မျိုးစုံ ဝယ်ရခြမ်းရ လှောင်ထားကြရသည်။ အဲ့အတွက် အိမ်တိုင်းအိမ်တိုင်းတွင် ငွေများစွာ သောက်သောက်လဲ ကုန်ကြရသည်။
ဒါတင်မက ဘုန်းကြီးကျောင်းတွင်လည်း ပင့်ဖိတ်ကိုယ်တော်ပေါင်းစုံအား လှူဒါန်းဖို့၊ ကျွေးမွေးကပ်လှူဖို့၊ ဘုန်းကြီးပျံပွဲလာ ဧည့်သည်ပေါင်းစုံအား ကျွေးမွေးဖို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးခြောက်၊ အဆာပလာပေါင်းစုံအတွက် အိမ်တိုင်းအိမ်တိုင်း မလှူမဖြစ် လှူကြရသည်။ ဒါ့အပြင် မဏ္ဍပ်ဆောင်တော်ကြီးက နှစ်ဆောင်၊ ကျောင်းဆောင်တော်က သုံးဆောင်၊ ရွှေလှေယာဥ်မဏ္ဍပ် ဆောက်လုပ်ငှားရမ်းရ၊ ရွှေပုခက်၊ ငွေပုခက် ငှားရမ်းရ၊ ဆိုင်းကော ဧယဥ်ကျူးဖို့အတွက်ကော ငွေအားများစွာ ထည့်ဝင်ရနှင့် ငွေများစွာ သောက်သောက်လဲ ကုန်ပြီ။ ဒါတောင် ဇာတ်ပွဲပါ ငှားချင်ကြသေးသည်။ ကိုဗစ်ကာလကြီးဖြစ်နေသောကြောင့်သာ မငှားခဲ့ကြရတာ။
ဘုန်းကြီးပျံပွဲနေ့တွင် လူအုပ်ကြီးက ပျားအုံ ဆယ်အုံခန့်မျှ ဟိုသည် လူးလာခေါက်တုံလှုပ်ရှားကြ။ နွေနေပူပူအောက်မှ ဖုန်လုံးကြီးများက အလိပ်လိပ်ထ။ သည်တော့ ကျွန်ုပ်တို့ရွာကလေးမှ မြေပေါ်တွင် အနင်းမခံရသော မြေကွက်လပ် မကျန်နိုင်တော့။ ဆိုတော့ဖြင့် ကျွန်ုပ်တို့ ရွာကလေးသည် ငွေလည်းကုန်ပြီ၊ မြေလည်း စိစိညက်ညက် ကြေမွပြီ။ သည့်ကြောင့် ဘုန်းကြီးသေလို့ ရွာကြေခဲ့ပြီပေါ့။
ဒုတိယ ဘုန်းကြီးပျံပွဲကား ကျွန်ုပ်တို့ မြို့နယ်အစပ်နှင့် ထိစပ်ကပ်လျက်တွင် ရှိသော တခြားမြို့နယ်မှ ရွာကလေးတွင် ဖြစ်သည်။ ထိုဘုန်းကြီးပျံသည် ၂၀၂၅ ခုနှစ် အစောပိုင်းကလေးမှာ။ တနိုင်ငံလုံး ပြည်တွင်းစစ်မီး အကြီးအကျယ် ကူးစက်တောက်လောင်နေချိန်။ စစ်အာဏာသိမ်းကာလ လေးနှစ်ပြည့်ပြီးစ။
ထိုအချိန်တွင် တနိုင်ငံလုံးအနှံ့ ဆူပူအုံကြွမှုတွေ ဖြစ်ပြီးပြီ။ တိုင်းအနှံ့ ပြည်အနှံ့ PDF သူရဲကောင်းတွေ ပေါ်ပေါက်ခဲ့ပြီးပြီ။ ရန်သူတပ်များစွာ ကျဆုံးခဲ့ပြီးသလို *PDF အရေအတွက် ၅၀၀၅ ဦးလည်း ကျဆုံးခဲ့ပြီးပြီ။ ပြည်သူပေါင်းများစွာ ဖမ်းဆီး သတ်ဖြတ် မုဒိမ်းကျင့်ခံခဲ့ရပြီးပြီ။ တိုက်တာအိုးအိမ်များစွာ မီးရှို့လုယက် ဗုံးကျဲ ဖျက်ဆီးခံရပြီးသောကြောင့် ပြည်သူအများအပြား သေကြေခဲ့ရပြီးပြီ။ ဘုန်းတော်ကြီးကျောင်းများပေါ်လည်း ဗုံးကြဲသလို ဘုန်းကြီးကျောင်းထဲလည်း ဝင်စီးပြီး ဘုန်းတော်ကြီးများစွာလည်း သတ်ဖြတ်ခံခဲ့ရပြီးပြီ။ စာသင်ကျောင်းများစွာ ဗုံးကြဲခံရပြီးသလို ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ ဗုံးဒဏ်ထိကာ သေခဲ့ရပြီးပြီ။ မြို့နေလူထု စစ်ရှောင်ရန်အတွက် အိုးပစ်အိမ်ပစ်ကာ တောရွာဘက်သို့ ပြေးဆင်းခဲ့ရပြီးပြီ။ တောနေလူထု စစ်ရှောင်ရန်အတွက် အိုးပစ်အိမ်ပစ်ကာ မြို့အရပ်သို့ ပြေးတက်ခဲ့ရပြီးပြီ။ အရွယ်ရောက် အိမ်ထောင်မကျသေးတဲ့ လူပျို၊ အပျို၊ လူလွတ်တွေ စစ်မှုထမ်းရမည်ဆိုလို့ ခိုးရာလိုက်ပြေးမှုတွေ ထောင်နဲ့ချီခဲ့ရပြီးပြီ၊ အပြေးအလွှား မင်္ဂလာ ဆောင်ခဲ့ရပြီးပြီ။ မြို့အနှံ့ တောအနှံ့ ပေါ်တာဆွဲခံရပြီး (အလယ်တန်းကျောင်းသားလေးများပါမကျန်) စစ်တပ်ထဲ အဓမ္မစစ်မှုထမ်းရန် ခိုင်းစေခံရပြီးပြီ။ တအိမ်တွင် အရွယ်ရောက်တဦးဦးရှိပါက စစ်မှုမထမ်းမနေရ စာရင်းကောက်ယူပြီး စစ်မှုထမ်းခဲ့ရပြီးပြီ၊ စစ်မှုမထမ်းလိုလျှင် ငွေပေးခဲ့ရသည် စသဖြင့် စသည်ဖြင့် မရေမတွက်နိုင်သော ဖြစ်ရပ်ဆိုးများစွာ ကြုံတွေ့ခဲ့ရပြီးပြီ။
သို့ပါသော်လည်း ပြည်တွင်းစစ်ကြီး မပြီးသေး။ အာဏာရှင်မင်းအောင်လှိုင် မကျဆုံးသေး။ အရေးတော်ပုံ မအောင်သေး။ တိုင်းအနှံ့ ပြည်အနှံ့ တိုက်ပွဲများ ဖြစ်ပွားနေဆဲ။ အာဏာရှင်မင်းအောင်လှိုင်က လေယာဥ်ဖြင့် ဗုံးကြဲဆဲ။
လူစုလူဝေးရှိသော အလှူပွဲလို၊ မင်္ဂလာပွဲလို ပွဲမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲနေဆဲ။ ကျေးရွာအများအပြား ရွာလုံးကျွတ် စစ်ရှောင်နေကြရဆဲ။
ပျံလွန်တော်မူသော ကိုယ်တော်သည် ဘယ်လောက်အထိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပီသလို့ လူတွေ ကြည်ညိုကြသည်တော့ ကျွန်ုပ်နယ် မဟုတ်သဖြင့် မသိ။ ထိုကိုယ်တော်၏ ဘုန်းကြီးပျံသည်လည်း ကျွန်ုပ်တို့ရွာမှ ဘုန်းကြီးပျံပွဲကဲ့သို့ စည်စည်ကားကား ကျင်းပလိမ့်မည်ဟု ကျွန်ုပ် သိလိုက်သည်။ ထို ဘုန်းကြီးပျံရှိသည့် ရွာ၏ ဘေးပတ်ဝန်းကျင်ရွာအများအပြား စစ်ရှောင်နေရချိန်၊ လေယာဥ်ဖြင့် ဗုံးကြဲခံနေရချိန် စစ်ဒဏ်သင့်မည်ကို မမှုဘဲ၊ ပွဲမလုပ်ဖို့ တားမြစ်သည်ကို မနာခံဘဲ လုပ်ဖြစ်အောင်ကို လုပ်မယ်၊ ကျင်းပမယ်ဟု အားခဲထားကြသလားမသိ မဏ္ဍပ်ဆောင်တော်ကြီးရယ်၊ ကျောင်းဆောင်တော်ကြီးသုံးဆောင်ရယ်၊ ရွှေပုခက် ရွှေပုခက်နှစ်စုံရယ်၊ ရွှေလှေတော်ယာဥ်ကို ဘုန်းကြီးကျောင်းဝန်းထဲတွင် စီစဥ်နေကြသည်ကို ကျွန်ုပ် မြင်ခဲ့ရသည်။
အဘယ်ကြောင့် ကျွန်ုပ် သည်လောက် သိနေရသလဲဆိုလျှင် ထိုဘုန်းကြီးပျံပွဲမှာ ကျွန်ုပ် မဏ္ဍပ်ဆင်မြန်းဆောက်လုပ်နေရသည်ကိုး။ ကျွန်ုပ်က ကျွန်ုပ်အဖေ၏ မဏ္ဍပ်။
တိုက်တိုက်ဆိုင်ဆိုင် မဏ္ဍပ်ဆင်နေချိန် ကျွန်ုပ်တို့ တရွာလုံးလည်း စစ်ရှောင်နေရသည်။ ကျွန်ုပ်တို့လည်း မဏ္ဍပ်က အများအပြား ဆင်မြန်းရသည်မို့ ငါးရက်လောက် ညအိပ်ညနေ ဆင်မြန်းရသည်။ စစ်ရှောင်ရင်းတဘက် မဏ္ဍပ်ဆင်ရင်း တဘက်ပေါ့။
ကျွန်ုပ်တို့ မဏ္ဍပ်ဆင်နေချိန် တရွာလုံးသည် ကျောင်းဝန်းထဲတွင် လူးလာခေါက်တုံ အလုပ်မျိုးစုံ လုပ်နေကြသည်။ ဘုန်းကြီးပျံပွဲအတွက် တက်ညီလက်ညီ။ ရွှေလှေတော်ယာဥ်ပေါ်မှာ ကပြဖို့အတွက် ရွာထဲက လှပျိုဖြူလေးတွေ ဗုံသံ ဆိုင်းသံနှင့်အတူ လေ့ကျင့်နေကြသည်။
ချမ်းချမ်းစီးစီးရှိသော ဇန်နဝါရီတမနက်၌ ကျွန်ုပ် ကွေးလို့ ကောင်းတုန်း မိုးလင်းစ ကျွန်ုပ်အား အဖေက အတင်းလှုပ်နှိုးသဖြင့် နိုးသွားရသည်။ ထ ထ ခွေးတွေ လာနေပြီတဲ့၊ ပြေးရမယ်၊ အထုပ်တွေ မြန်မြန်ပြင် ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကမန်းကတန်း ထပြီး ပီနံအိတ်ထဲ အဝတ်တွေ စောင်တွေ အလျင်အမြန်ထည့်ရသည်။ ပြီးနောက် ကျွန်ုပ်တို့ လာခဲ့သော သုံးဘီးဆိုင်ကယ်ပေါ်သို့ အထုပ်တွေ စုပြုံတင်ပြီး တဟုန်ထိုး မောင်းထွက်သွားရသည်။ မဏ္ဍပ်က ဆောက်လုပ်လို့ မပြီးသေး။ မဖြစ်မနေကို မဏ္ဍပ်တွေ ပစ်ထားခဲ့ရမည်။ မတော်လို့များ ခွေးတွေ ဘုန်းကြီးကျောင်းထဲ ဝင်လာလျှင် မဏ္ဍပ်တွေကိုလည်း ဖျက်ဆီးမီးရှို့သွားမလား။ ကျွန်ုပ် တွေးပူနှမြောမိသည်။ မဏ္ဍပ်များ၏ တန်ဖိုးက နည်းနည်းနောနော မဟုတ်။ ကျွန်ုပ်အဖိုးလက်ထက်ကနေ လက်ဆင့်ကမ်းလာခဲ့တာ။ မတတ်နိုင်။ မဏ္ဍပ်ထက် လူ့အသက်က ပိုအဖိုးတန်သည်ပဲ။ ကိုယ် မသေဖို့ အဓိက။
ကျွန်ုပ်တို့၏ သုံးဘီးဆိုင်ကယ်သည် ကျောင်းဝန်းထဲက ထွက်ထွက်ချင်း တရွာလုံးလည်း ဝရုန်းသုန်းကား ထွက်လာသည်ကို တွေ့ကြရသည်။ ကားများ၊ ဆိုင်ကယ်များနှင့်။ နွားလှည်းများနှင့်။ ခြေကျင်နှင့်။ အထုပ်ဆွဲသူဆွဲ၊ အထုပ်ရွက်သူရွက်။ ကလေးပွေ့သူပွေ့။ နွားကလေးများကို ဆွဲလာသူဆွဲနှင့် ဖုန်လုံးကြီးများက အလိပ်လိပ်ထ။ ထိုမြင်ကွင်းကို မြင်တော့ ကျွန်ုပ် ရေရွတ်လိုက်သည်။ ဪ စစ်အနိဋ္ဌာရုံ မြင်ကွင်း၊ စစ်အနိဋ္ဌာရုံ မြင်ကွင်း။
ထိုနေ့က ကျွန်ုပ်တို့ တရွာလုံးလည်း စစ်ရှောင်နေရချိန်မို့ ကျွန်ုပ်တို့သည် ရွာမပြန်နိုင်ခဲ့။ တခြားရွာတရွာမှ အသိတယောက်အိမ်တွင် တည်းခိုရသည်။
ကံကောင်းသည်ကား ထိုနေ့တွင် ထိုရွာထဲ ခွေးများ မဝင်ခဲ့။ ကျွန်ုပ်တို့လည်း မဏ္ဍပ်က ဆင်မြန်းလို့ မပြီးသေး။ ဘုန်းကြီးပျံပွဲကလည်း ရောက်တော့မည်။ သည့်ကြောင့် ခွေးများ အနားနားမှာ ရှိနေသည့်ကြားက မဏ္ဍပ်သွားဆင်ရပြန်သည်။ နှစ်ရက်လောက် အမြန်ဆင်မြန်းအပြီးမှ ချက်ချင်းပြန်ခဲ့ကြရသည်။ တကယ်ဆို ကျွန်ုပ်က ဘုန်းကြီးပျံပွဲ ပြီးသည်အထိ ထိုဘုန်းကြီးကျောင်းမှာပဲ ကျောင်းအိပ် ကျောင်းစားနေဖို့ စိတ်ကူးထားသည်။ အခုတော့ မဖြစ်နိုင်တော့ပါ။ အချိန်မရွေး ကျောင်းထဲ ခွေးများ ဝင်နိုင်သလို ဘုန်းကြီးပျံပွဲနေ့မှာလည်း ဗုံးကြဲနိုင်သည်။ ခွေးများက သည်လို လူစုလူဝေးရှိသည့် ပွဲမျိုးကို ဗုံးကြဲဖို့ မျက်စိကျသည်လေ။
ဘုန်းကြီးပျံပွဲနေ့ကား ရင်တမမနှင့် ပြီးဆုံးသွားခဲ့ပါသည်။ ဘယ်အချိန်မှာများ လေယာဥ်သံကြားရမလဲ၊ ဗုံးကြဲသံကြားရမလဲ တွေးတပူပူနှင့် ရှိနေခဲ့ရသည့်နေ့။ ထိုနေ့မှာ ထိုရွာမှ ရွာသူရွာသားတဝက်လောက်သည် ရွာအပြင်မှာ စစ်ရှောင်နေကြသည်တဲ့။ တခြားရွာမှ ရွာသူရွာသားများကတော့ ဗုံးဒဏ်ကြောက်လို့ ဘုန်းကြီးပျံကို မသွားကြဘူးတဲ့။ ပင့်ဖိတ်ခံဘုန်းကြီးများသည်ပင်လျှင် မကြွကြပါဘူးတဲ့။ ဆိုတော့ဖြင့် ဘုန်းကြီးပျံပွဲသည် ခြောက်ခြောက်ကပ်ကပ်၊ တိတ်တိတ်ဆိတ်ဆိတ် ပြီးသွားခဲ့ရတဲ့။
သည်တော့ ထိုရွာမှ ရွာသူရွာသားများသည် ခွေးများအပေါ် ကျိန်ဆဲကြလိမ့်မည်ဟု ကျွန်ုပ်ထင်သည်။ နင်တို့ကြောင့် ငါတို့ကြည်ညိုခဲ့ရတဲ့ ဘုန်းဘုန်းရဲ့ နောက်ဆုံးနေ့မှာ စည်စည်ကားကား မကျင်းပခဲ့ရဘူး၊ ဘုန်းဘုန်းကို ဘယ်လောက်ကြည်ညိုလို့ ဘယ်လောက်အထိ လုပ်ပေးခဲ့တယ်ဆိုတာကို ဘုန်းဘုန်းကို မပြခဲ့ရဘူး။ အကုန် နင်တို့ကြောင့်၊ နင်တို့ကို တသက်မကျေနပ်ဘူး၊ အဲ့အတွက် နင်တို့ ပေးဆပ်ရလိမ့်မယ်၊ အရေးတော်ပုံ အောင်ရမယ် လို့။
ကျွန်ုပ်တို့လည်း ဘုန်းကြီးပျံပွဲ ပြီးဆုံးသွားပြီဆိုတော့ မဏ္ဍပ်ဖျက်ရန် ထိုရွာဘုန်းကြီးကျောင်းသို့ ပြန်လည်ရောက်ရှိကြရပြန်သည်။ ကျွန်ုပ်သည် မဏ္ဍပ်ကျောင်းတော်ကြီး၏ အမိုးတွေပေါ်တွင် မဏ္ဍပ်များကို ဖျက်နေခဲ့သည်။ ထိုအခိုက် ကျွန်ုပ်၏ အဖေက ဆင်းခဲ့ ဆင်းခဲ့ မြန်မြန်ဆင်းခဲ့ ခွေးတွေ လာပြန်ပြီဟု ဆိုသဖြင့် ကျွန်ုပ်လည်း ခုန်ချလိုက်ပြီး သုံးဘီးဆိုင်ကယ်ပေါ် ပြေးတက်လိုက်ရပြန်သည်။ သည်တော့ ကျွန်ုပ်တို့သည် ဒုတိယအကြိမ် မဏ္ဍပ်များကို ထားရစ်ခဲ့ရပြီး ခွေးတွေ ဘုန်းကြီးကျောင်းထဲ ဝင်လာလျှင် မဏ္ဍပ်များကို ဖျက်ဆီးမီးရှို့မလားဟု တွေးပူရပြန်သည်။ ဘုန်းကြီးကျောင်းထဲကနေ ထွက်လာလာချင်း ပထမအကြိမ်တုန်းကလို စစ်အနိဋ္ဌာရုံမြင်ကွင်းများကို ဒုတိယအကြိမ် မြင်လိုက်ရပြန်သည်။ ပြည်သူများစွာ ဝရုန်းသုန်းကား။ ဖုန်လုံးကြီးကတော့ အလိပ်လိုက် အလိပ်လိုက်။ ထိုစဥ် အမျိုးသမီးငယ်တဦးသည် အထုပ်ကြီးကို ခေါင်းပေါ်ရွက်ပြီး ကလေးငယ်လေးကို လက်ဆွဲကာ ကျွန်ုပ်တို့နှင့် လိုက်မယ် လိုက်မယ်ဟု ခေါ်နေသဖြင့် ကျွန်ုပ်လည်း သုံးဘီးသမားကို ရပ်ဖို့ပြောလိုက်ရသည်။ သုံးဘီးရပ်တော့ ကျွန်ုပ်က ကလေးငယ်လေးကို ဆွဲပွေ့တင်၊ အမျိုးသမီးငယ်၏ ဦးခေါင်းပေါ်က အထုပ်ကြီးကို ဆွဲလိုက်သည်။ ပြီးတော့မှ ဘယ်သွားမှာလဲ ငါတို့က ဟိုရွာကို သွားမှာဟု ကျွန်ုပ်က မေးပြော ပြောလိုက်သည်။ အမျိုးသမီးငယ်လေးက ကျမလည်း ဘယ်သွားရမယ်မသိတော့ဘူး၊ ဒီရွာနဲ့ ဝေးရင် တော်ပါပြီ ဟု အမောဖြေရင်း ဆိုလေသည်။
ကျွန်ုပ်လည်း သုံးဘီးဆိုင်ကယ်၏ နောက်သို့ရော ရှေ့သို့ရော လှည့်ကြည့်လိုက်သည်။ ပြည်သူများစွာ ဆိုင်ကယ်နှင့်၊ ကားနှင့်၊ လှည်းနှင့် ခြေကျင်နှင့် ပျားပန်းခပ်မျှ။ ဖုန်လုံးကြီးကတော့ အလိပ်လိပ်ထမြဲ။ ဆိုတော့ဖြင့် သည်ရွာကလေးသည် စစ်ပြေးခြေတို့ နင်းချေသည့်ဒဏ်ဖြင့် စိစိညက်ညက် ကြေရပြီ။ သည်တခါတော့ ဘုန်းကြီးပျံပွဲမှာ သည်ရွာကလေးဟာ ဘုန်းကြီးပျံကြောင့် ရွာမကြေ စစ်ဒဏ်ကြောင့် ရွာကြေရပြီ။ ဪ ကြားခဲ့ဖူးသည့် စကားပုံတွေတောင် ပြောင်းရတော့မတတ်ပါလား။
သည်တော့ ကျွန်ုပ်လည်း ခေါင်းတညိတ်ညိတ်နှင့် ရေရွတ်ရပြန်ပြီ။ ဪ စစ်အနိဋ္ဌာရုံ မြင်ကွင်း၊ စစ်အနိဋ္ဌာရုံ မြင်ကွင်း။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
စာမူတွင် ပါရှိ​သော *PDF အ​ရေအတွက် ၅၀၀၅ ဦးလည်း ကျဆုံးခဲ့ပြီးပြီ ဆိုသည့်အချက်အလက်အား DVB သတင်းဌာန၏ တင်ဆက်မှုမှ ရယူထားပါသည်။
(15.3.2025)
About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*