
‘ယုဇနပင်နဲ့ ဖဲကြိုးဝါသီချင်းနဲ့ မေ့မရဖွယ်များ’

၁
အထက်ပါ ခေါင်းစဥ်ကတော့ ပုသိမ်မောင်စိမ်းသူရေးပြီး မင်းမင်းလတ်ဆိုထားတဲ့ သီချင်းတပုဒ်ရဲ့အမည်ပါ။ ဒီသီချင်းကို ကျနော်အရင်က သေသေချာချာ မသိခဲ့ဖူးဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကမှ တရင်းတနှီးရှိလာတာ။ ဘယ်လိုဖြစ်လို့ ရင်းနှီးမိသလဲဆိုတော့ ပန်းချီကိုထိန်လင်း ရေးတဲ့ လူကက်ဆက်ထဲကနေ အဲဒီသီချင်းအကြောင်းဖတ်မိလို့လို့ ပြောရမှာပဲ။
လူကက်ဆက်ဆိုတာက ပါဂျောင်မှာကျောင်းသားရဲဘော်တွေအချင်းချင်း ထောက်လှမ်းရေးဆိုပြီး မတရားစွပ်စွဲနှိပ်စက်ညှင်းပမ်းမှုတွေအကြောင်း ရေးထားတဲ့အထဲကမှ ညရောက်တဲ့အခါ ဖျော်ဖြေရေးအနေနဲ့ လုံခြုံရေးတွေ ထောက်လှမ်းရေးအရာရှိတွေကို သီချင်းဆိုဆိုပြရတဲ့ အကျဥ်းသားတွေကို ညွှန်းဆိုတဲ့စကားစုလို့ပဲ ကျနော်နားလည်ထားတယ်။ ထောင်မှူးက ဘယ်ဘက်ပါးရိုက်လိုက်ရင် ကက်ဆက်ဖွင့်ရတာမို့ အရိုက်ခံရသူအကျဥ်းသားက ရရာသီချင်းတပုဒ်ကောက်ဆိုရပြီး ညာဘက်ပါးရိုက်လိုက်ရင်ကျ ဆိုတဲ့သီချင်းကို ရပ်လိုက်ရတယ်လို့ ဆိုထားသကို။
ထားပါတော့လေ၊ ဒီသီချင်းနဲ့ဆက်စပ်တဲ့အကြောင်းပဲ ပြန်သွားကြရအောင်။ ဒီသီချင်းကို ကိုထွန်းအောင်ကျော်က သူအသတ်မခံရမှီ ရက်ပိုင်းအလိုက ဂစ်တာနဲ့ဆိုပြတာ၊ တောင်းဆိုတဲ့လူက ကိုထွန်းအောင်ကျော်ရဲ့နေရာကို ယူလိုက်တဲ့ မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ဥက္ကဌကိုအောင်နိုင်ပါ။ ကိုထွန်းအောင်ကျော်လို ဒဏ်ရာဗလပွနဲ့လူတောင်မှလည်း လူကက်ဆက်အဖြစ်ကနေ မလွတ်ခဲ့ဘူး။ ကိုထွန်းအောင်ကျော့်အသံက တိုးလျပေမယ့် ခွန်အားရှိနေတယ်၊ ဒီသီချင်းကို ဆိုတဲ့အခိုက်အတန့်မှာ ဆွေးဆွေးမြေ့မြေ့ပဲ၊ သူအားအင်တွေ ကုန်ခမ်းနေလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေဆိုပြီး ကိုထိန်လင်းကတော့ မှတ်ချက်ပြုတယ်။ အဲဒါနဲ့ ကျနော်လည်း ဒီသီချင်းကို စိတ်ဝင်စားခဲ့တယ်ပေါ့။
အဲဒါနဲ့ ကျနော်လည်း မြောက်ပိုင်းပါဂျောင်ကိစ္စနဲ့ပတ်သက်တာတွေရှာဖတ်လိုက် ယူကျုကအသံဖိုင်တွေရှာ ဒေါင်းပြီးနားထောင်လိုက်နဲ့ လုံးချာလည်နေလိုက်တာ ရှစ်လကျော်ကိုးလလောက် ရှိသွားပါရောလား။ တခါတလေလည်း ယူကြုံးမရမျက်ရည်ကျမိ၊ တခါတလေကျတော့လည်း စိတ်ဆိုးဒေါသတွေဖြစ်။ ကိုထွန်းအောင်ကျော်ဆို ခြေဖနောင့်ကနေ သံချောင်းကိုမီးတို့ပြီး အရိုက်ထည့်ခံရ၊ ဝမ်းဗိုက်ပေါ်မှာ ရင်ပေါင်ကြမ်းစကိုခင်းပြီး မီးဖိုခံရ၊ ကိုချိုကြီးလက်တဖက် အဖြတ်ခံတော့လည်း သွေးတွေလျှံထွက်နေတဲ့ ကိုချိုကြီးရဲ့လက်ငုတ်အကျန်ကို ငုံရနဲ့။ သွေးပျက်စရာ၊ အဲဒီထက်မကရက်စက်တဲ့ ရက်စက်ပုံရက်စက်နည်း ညှဉ်းဆဲပုံညှဉ်းဆဲနည်းတွေ ဟောဒီကမ္ဘာကြီးထဲ တကယ်ရှိခဲ့တယ် ။ ကိုထိန်လင်းပြောသလို ကဗျာဆရာမာယောကော့စကီးနဲ့ ကျနော်တို့ခေတ်ရဲ့ကဗျာဆရာမောင်ချောနွယ်တို့စကားလုံးငှားသုံးရရင် ဒါဟာ ဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်ပေါ့လေ။
၂
ကျနော်တို့ ကေအိုင်အေရဲ့ဌာနချုပ်ဂွင်ကနေ အောက်ဘက်ကို ရွေ့လာတော့ ၈ ဂွင်ထဲ ခုနှစ်ရက်ရှစ်ရက်အနားရတယ်ပေါ့။ အဲဒီအချိန်တုန်းက အထက်စီမံချက်အရ အဖွဲ့ခွဲကြတော့ ကျနော်တို့ခွဲက ကျောင်းသားတပ်မတော်နဲ့ အတူတွဲဖို့ဖြစ်ရော။ သူတို့နဲ့တွဲမယ့် ကျနော်တို့အခွဲကို တန်းစီပြီးစောင့်ထားဖို့ တာဝန်ရှိသူတယောက်က လှမ်းပြောလိုက်တယ်။ ဒါနဲ့ ကျနော်တို့လည်း တန်းစီပြီးစောင့်နေတာပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းတယောက်က ကျနော့်ကိုပြောတာလည်း သတိရတယ် ။ ငါတို့တော့ သမိုင်းထဲက ဇာတ်ကောင်တွေနဲ့ တွေ့ပြီတဲ့။ အဲဒီတုန်းက သူဘာကိုဆိုလိုသလဲ ကျနော်နားမလည်ဘူး။ အခုချိန်မှပဲ နားလည်တော့တယ်။ { ကျနော် မြောက်ပိုင်းမှာရှိခဲ့တဲ့ ကာလတိုတလျောက်လုံး ကျောင်းသားရဲဘော်ဆိုတာကို တခါမှ မမြင်ဖူးခဲ့ဘူး။ မွမ်းမံထပ်တက်တုန်းကတော့ လေ့ကျင့်ရေးတခုအနေနဲ့ မြန်မာ့ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဆိုတဲ့ ဆိုင်းဘုတ်နီဆွေးဆွေးကြီးအထိ လမ်းလျှောက်ချီတက်ဖူးခဲ့တာတော့ အမှတ်တရရှိတယ် }
လေးငါးမိနစ်လောက်ကြာတော့ အထက်ကုန်းပေါ်ကနေ အရာရှိနှစ်ယောက် ဆင်းလာရော၊ ဘက်တံဆိပ်က ဓါးနဲ့လှံကို ယှက်ထားတာ၊ တံဆိပ်အပေါ်ခြမ်းမှာ ကြယ်ဖြူတလုံးကလည်း ပါသေး၊ ဘယ်ဘက်ရင်အုံပေါ် ကပ်တင်ထားတဲ့စာတန်းမှာ ရေးထားတာက ကျောင်းသားတပ်မတော် တဲ့။ အဲဒီအရာရှိနှစ်ယောက်ထဲကမှ ပထမမိတ်ဆက်စကားပြောတဲ့တယောက်က အခုလက်ရှိကျောင်းသားတပ်မတော်ရဲ့ဗဟိုကော်မတီဝင်လို့ပြောရမလား ဘယ်လိုပြောရမလဲတော့မသိဘူး။ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါပါဆိုပြီး ကျနော်တို့ကို ပြန်မိတ်ဆက်ပေးတော့ ကျနော့်ပါးစပ်က အာမေဋိတ်အသံတခု ပြုလိုက်မိတယ်။ ဟာလား၊ အာလား ဒါမှမဟုတ် တခုခုပေါ့။ စိတ်ထဲကလည်း ပြောလိုက်မိသေးတယ်။
ဒီလိုနဲ့ သူတို့လည်း ပြောစရာရှိတာပြော မှာစရာရှိတာမှာပြီး ခရီးစထွက်ရတာပဲ။ ညနေ ၅ နာရီလောက်ဖြစ်မယ်။ ညပိုင်းလောက်မှာ လမ်းလျှောက်နေရင်းနဲ့ ဘေးကလိုက်စောင့်ရှောက်ပေးတဲ့ ကျောင်းသားရဲဘော်တယောက်ကို လှမ်းမေးမိတယ်။ ဆရာ ဆရာတို့စခန်းမှာ ရွံ့ဗွက်တွေရှိလားလို့ မေးတော့ သူက မရှိဘူး ဘာဖြစ်လို့လဲ တဲ့။ ကျနော် တခုခုပြန်ဖြေလိုက်တော့ သူ့ရယ်သံပွဲ့ပွဲ့ကို ကျနော်ကြားမိခဲ့သလိုပဲ။
၃
ဒီဘက်နှစ်တွေမှာ သိလိုက်မိတာက လိုချင်တာကို ရအောင်ရှာဖွေပြီးယူတတ်ဖို့ ကေအိုင်အေက နည်းနာနိသျတွေမျှပေးတယ်လို့ပြောရင် ရှာဖွေတွေ့ရှိသမျှကို ယထာဘူတကျကျ ပြန်လည်အသုံးချတတ်ဖို့ အေဘီက သင်ကြားပေးလိုက်တယ်ဆိုတာပါပဲ။ ဒီအကြောင်းတွေက ကျောင်းသားတပ်မတော်နဲ့ ကျနော့်အကြားက အခြေခံအကျဆုံးနဲ့အသေးဆုံးယူနစ်ကလေးတွေပေါ့။ အညာမြေကိုရောက်ပြန်တော့လည်း ပါဂျောင်ထောင်ကုန်းဖောက်ပြေးပြီး လွတ်မြောက်လာခဲ့တဲ့ ကျောင်းသားရဲဘော်ဟောင်းကြီးတယောက်နဲ့ ကံ `မ´ လို့ ဆုံလိုက်ရသေးရဲ့။ သူက တောထဲမရောက်ခင်ကတည်းက မန္တလေးမှာ ကိုထွန်းအောင်ကျော်နဲ့ ညီအကိုတွေလို နေခဲ့တာ၊ အားလုံးက အကိုကြီးလိုချစ်ကြလို့ ကိုထွန်းအောင်ကျော်ကို အကိုကြီးလို့ပဲ ခေါ်ကြတယ်တဲ့။ သွားလေသူဇာတ်ကောင်တွေက ရှင်ကျန်ရစ်ပြီး ရှင်ကျန်သူဇာတ်ကောင်တွေက သေနေကြတယ်။ တရားဓမ္မတွေကိုယ်၌ကိုက ကြေကွဲဆို့နင့်စရာ။
သြော် အခုချိန်ဆို အကိုကြီး
ကိုထွန်းအောင်ကျော်တယောက် ယုဇနပင်ပန်းတွေကြားမှာ အဝါရောင်ဖဲကြိုးလေးတွေကို တွေ့များတွေ့နေပြီလေလား ကျနော် မပြောတတ်။
Be the first to comment