အပြာရောင်မီးမွှားမှ ဖွင့်ဆိုချက် (My Side)

‘အပြာရောင်မီးမွှားမှ ဖွင့်ဆိုချက် (My Side)’
◾️အိမ့်ဘုန်းစစ်သော်
“ဒိုင်း!”
တချက်
“ဒိုင်း!”
နှစ်ချက်
“ဒိုင်း!”
သုံးချက်
“ရဲဘော်…ကိုယ်ပိုင်အမှတ်(၀….) သည် နိုင်ငံတော်သစ်နှင့် လူထုလွတ်မြောက်‌ရေး အတွက် တိုက်ပွဲ၀င်ခဲ့ပြီးဖြစ်၍……
သင်သွားလိုရာသို့ သွားနိုင်ပါပြီ”
မီးလောင်နေတဲ့ ကြွပ်ကြွပ်အိတ်ကို ထင်းပုံထဲက ကြားတနေရာဆီ ပစ်ချလိုက်တယ်။ တစတစနဲ့ မီးတွေကတောက်လောင်လာတယ်။ ပြီးတော့ သိပ်မြတ်နိုးခဲ့ရတဲ့ ခန္ဓာကိုယ်တခုနဲ့ အထပ်ထပ်အခါခါတန်ဖိုးထားခဲ့ရတဲ့ အစိတ်အပိုင်းတခုချင်းဟာ တဖြည်းဖြည်းနဲ့ ပြာအဖြစ်ကို ဦးတည်လာခဲ့တယ်။
“လေးစားပါတယ် ရဲဘော်”
_________________
မိုက်ရူးရဲဆန်တယ်တဲ့၊ ဟုတ်တယ်။ “ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့လား” လို့ ပြောမယ့်လူမရှိတော့တဲ့နောက် အဆောင်အောက် ပြန့်ကြဲနေတဲ့ ဖင်ဆီခံတွေဟာ များသထက်များလာတယ်ထင်ရတာပဲ။
“အရက်ဖြတ်မလား၊ ကိုယ့်ကိုဖြတ်မလား” လို့ မေးမယ့်လူမရှိတော့တဲ့အချိန်မှာ အရင်ထဲက မပြတ်သားနိုင်သေးတဲ့ ကျွန်မက အရက်တွေပြန်သောက်မိနေတာလဲ အပြစ်ဖြစ်မယ်မထင်ပါဘူး။
စုတ်ပြတ်သတ်နေတဲ့ညတွေက ခြောက်ကပ်ကပ်ရယ်စရာကောင်းနေခဲ့ပြန်တာပါပဲ။ ၃၇ လမ်းမှာ ကော်ဖီဆိုင်အထူထိုင်မယ့်စိတ်ကူးလေးရော၊ ရွှေတိဂုံဘုရားမှာ ဘုရားပန်းအတူကပ်ချင်တဲ့ဆန္ဒလေးရော၊ တော်လှန်ရေးပြီးရင်အလုပ်အတူကြိုးစားပြီး အိမ်လေးတလုံး၀ယ်မယ်ဆိုတဲ့အကြောင်း‌တွေရော။ မရေရာသေးတဲ့အိမ်မက်တွေနဲ့အတူပျော်ခဲ့ရတဲ့အချိန်တွေ။ မျက်စိတမှိတ်အတွင်းမှာ ဘာမှမရှိတော့တဲ့အကြောင်းတွေက ကျွန်မကို အကြီးအကျယ်ရယ်အောင်လုပ်နေတော့တာပါပဲ။
ကျွန်မ အော်ရယ်နေမှန်း သူသာသိရင် “ရူးလိုက်တဲ့ကလေးမ”လို့ နှဖူးကိုတောက်ရင်း ပြောရင်ပြောမယ် ဒါမှမဟုတ် ဘာစကားမှမပြောဘဲ စူးရှရှမျက်လုံးတွေနဲ့ ခပ်ပြုံးပြုံးစိုက်ကြည့်နေလောက်မယ်ထင်ရဲ့။
ကျွန်မကို အကြိမ်ကြိမ်ရူးခါသွားစေဖို့လုံလောက်ခဲ့တဲ့ မျက်လုံးတွေပေါ့။
ကျွန်မကတကယ့်ကို မိန်းကလေးမဆန်ခဲ့ဘူးလေ။ အိမ်မှာ အဘွားမသိအောင် ဆေးလိပ်ခိုးသောက်ရတာကိုအကြီးကျယ် နှစ်ခြိုက်ခဲ့တာမို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုစရွေးချယ်ပြီး တောခိုတဲ့အချိန်မှာတော့ မှောင်မိုက်နေတဲ့နေ့ရက်တွေအတွက် ဆေးလိပ်ကိုပဲ အားထားခဲ့ရတယ်။ ပင်ပန်းပြီးမွန်းကြပ်နေတဲ့အချိန်တွေကိုဖြတ်သန်းပြီး တလမှာတခါလောက်ဖြစ်ဖြစ် ရဲဘော်တွေနဲ့စုသောက်ရတဲ့ အရက်ကလဲ အရသာရှိနေပြန်တယ်။ အထူးသဖြင့် ပြည်သူကိုကာကွယ်ရမယ့် တော်လှန်ရေးစစ်သားတယောက်ဖြစ်ဖို့ အခြေခံအကျဆုံးစစ်သင်တန်းတက်ရတဲ့ ကာလဟာ ကျွန်မဘ၀မှာ အညိုဖျော့ရောင်အကျဆုံး ကာလတခုပါပဲ။
သူ့ကို စသိတော့ ကြည့်ကောင်းတယ်လို့ ပထမဆုံးမှတ်ချက်ချမိခဲ့တယ်။ ဒါက မှတ်မှတ်ထင်ထင် သိကျွမ်းမှုမျိုးမရှိခင်ကာလတခုမှာပေါ့။ ကျွန်မတို့ စတင် ခင်မင်ခဲ့တာက သင်တန်းကာလမှာဖြစ်မယ်ထင်ရဲ့။ သူကအရမ်းသဘောကောင်းပြီး ရဲဘော်ရဲဘက်စိတ်ရှိတယ်လို့ ကျွန်မယူဆခဲ့တယ်။ သူနဲ့ပတ်သက်ပြီး စိတ်ထဲကို စွဲစွဲမြဲမြဲဖြစ်စေခဲ့တာကတော့ သူ မလုပ်ထားတဲ့အပြစ်အတွက် ကွင်းထဲမှာချွေးထွက်ပြစ်ဒဏ်ကို ခံယူနေခဲ့ချိန်မှာပါပဲ။ ကွင်းထဲကအထွက်မှာ “အဆင်ပြေရဲ့လား”လို့ မေးလိုက်တဲ့ ကျွန်မမေးခွန်းကို “ဘာမှမဖြစ်ဘူး အဆင်ပြေတယ်”လို့ ပြုံးပြုံးကြီး ပြန်ဖြေခဲ့တဲ့ သူ့ကို ကျွန်မမျက်လုံးထဲခုထိမြင်ယောင်နေမိတုန်းပါပဲ။ ကျွန်မတို့ သူငယ်ချင်းဆိုတာကနေ အခင်ဆုံးသူငယ်ချင်းဆိုတာမျိုးဖြစ်လာခဲ့တယ်။
သဘောအရမ်းကောင်းပြီး ချစ်စရာကောင်းတဲ့ ကျွန်မသူငယ်ချင်းမှာ ကျွန်မအမုန်းဆုံးအကျင့်တခုရှိနေပါတယ်။ အဲ့ဒါကတော့ ရည်းစားနှစ်ယောက်လောက်ပြိုင်ထားတတ်တာတွေနဲ့၊ ကောင်မလေးကို သူငယ်ချင်းတွေလောက် ဂရုမစိုက်တာမျိုးတွေ၊ တကယ်မချစ်ဘဲ တွဲနေတာမျိုးတွေပေါ့။ ပြီးတော့ ဖောက်ပြန်တယ်လို့ယူဆလို့ရတဲ့လုပ်ရပ်တွေရော။ ကျွန်မတကယ်မုန်းပြီး သူ့ကိုပြုပြင်ပေးဖို့ကြိုးစားပေမယ့် ပြောပြရုံကလွဲ ဘာတတ်နိုင်မှာလဲ။ ကျွန်မတို့က သူငယ်ချင်းတွေလေ။
ကျွန်မကိုယ်တိုင်လဲ ရည်းစားရှုပ်ခဲ့တာပါပဲ။ ပြီးတော့ကျွန်မက ဆေးလိပ်ကြိုက်တယ်၊ အရက်ကြိုက်တယ်၊ ဆေးခြောက်ကြိုက်တယ်။ အပျော်ပါးမက်တယ်ထင်ရပေမယ့် တကယ်တော့ တယောက်ထဲနေရတာကိုသဘောကျခဲ့တာပါ။ အနုပညာဝါသနာပါတာကလဲတကြောင်းပေါ့။
အကယ်၍ စစ်တွေသာမဖြစ်ခဲ့ရင် အခုလောက်ဆို အသိမှတ်ပြုမခံရတဲ့ အနုပညာသမားတယောက်လဲဖြစ်နေနိုင်ပါတယ်။ ကျဆိမ့်တခွက်သောက်ရ‌သလိုပေါ့။ အရသာမရှိတာလဲဖြစ်‌နိုင်ပေမယ့် ကြိုက်တဲ့လူအတွက်ကျ ချိုကောင်းချိုနိုင်တယ်လေ။ ကျွန်မရဲ့ အနုပညာက ကျဆိမ့်တခွက်ဖြစ်နေနိုင်ပါတယ်။ ကျွန်မရဲ့အရာအားလုံးကရောပေါ့။
သင်တန်းဆင်းပြီး ကျွန်မတို့တာ၀န်တွေစခွဲတယ်။ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲ၀င်ရတော့မယ်လေ။ ကျွန်မကတော့ အရာရာကိုတိုက်ယူနေခဲ့ရတာပါပဲ။ ထားပါတော့။ သူက စစ်ဆင်ရေးထဲပါသွားခဲ့တယ်။ ကျွန်မသူငယ်ချင်းအတွက် တကယ်ကို စိတ်ပူရပါတယ်။ တစ်ခုခုထိခိုက်မှာကိုရောပေါ့။ သူနဲ့ကျွန်မ အဆက်သွယ်ပြတ်သွားခဲ့တယ်။ ကျွန်မမသိခဲ့ဘူး လူကြုံနဲ့ရောက်လာခဲ့တဲ့ ကျည်ဖူးဆွဲကြိုးလေးက သူပေးလိုက်မှန်းကို။ ပေးတဲ့လူကတော့ ကျွန်မလိုချင်တယ်ဆိုလို့တဲ့။ ကျွန်မသိခဲ့သင့်တာ။ အဆက်သွယ်ပြန်ရတဲ့အချိန်မှာ သူကရှေ့ထွက်ခါနီးနေပါပြီ။ ကျွန်မရဲ့ ရှုပ်တတ်တဲ့အကျင့်ဆိုးလေးတခုက သူပြောမယ့်စကားတွေကိုဖိတ်ကျအောင်လုပ်မိခဲ့တယ်။ အဲ့နေ့ကသာ သိခဲ့ရင် အချိန်တွေက နှမြောစရာကောင်းမှာမဟုတ်တော့ဘူးလေ။ ကျွန်မက တခါတလေ တကယ်အသုံးမကျပါဘူး။ ပြီးတော့နုံအလိုက်တာမှလွန်ရော။
သောင်ပြင်မှာပေါက်နေတဲ့ တပွင့်ထဲသော ပန်းပွင့်လေးလဲဖြစ်နိုင်ပေမယ့် မနူးညံ့ပြန်ဘူး။ ရှားစောင်းပင်တွေလောက်လဲမကြမ်းတမ်းဘူး။ အနီရောင်လဲမဟုတ်သလို ပန်းရောင်လဲဟုတ်မနေဘူး။ ကျွန်မက အပြာရောင်မီးပွားလေး ဖြစ်နိုင်ပါတယ်။
သူရှေ့မထွက်ခင် ကျွန်မကို ဖွင့်ပြောခဲ့ပါတယ်။ ကျွန်မအဲ့တုန်းက ဘယ်လိုခံစားနေရမှန်း ခုထိမဖော်ပြတတ်သေးဘူး။ ပျော်နေခဲ့တာလား၊ ရင်ခုန်ခဲ့တာလား၊ ကြည်နူး‌ခဲ့တာလား၊ အံ့ဩတာလား။ တခုမှဟုတ်မနေဘူးထင်တယ်။ ဒါမယ့် ကျွန်မလဲသူ့ကိုသဘောကျခဲ့ပုံရတယ်။ ‌ကြယ်တွေဆီကိုခရီးထွက်ပြီး ဖိတ်ကျသွားတဲ့ အဝါရောင်မြို့ပြထဲက အစနတွေကိုပြန်ကောက်ပြီး ကျွန်မတို့ထပ်ပြီးပြန်ဆုံတဲ့ အဲ့သည့်နေ့မှာ ကျွန်မအဖြေပြန်ပေးခဲ့တယ်။ စစ်ပွဲကနေအောင်မြင်ပြီးပြန်လာခဲ့တဲ့ ကျွန်မရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်လေးက ကျွန်မ မျက်၀န်းတွေထဲမယ် သိပ်ကိုချောမောခန့်ညားနေခဲ့ပါတယ်။ ဒီစစ်ပွဲကြီးထဲ အချစ်ကြိုးလေးကို ကျွန်မရှာတွေ့ခဲ့ပြီထင်ပါရဲ့။
ကျွန်မရှာနေခဲ့တဲ့ ကြိုးအကြည်ရောင်လေးပေါ့။
ကျွန်မကိုရူးနေတယ်လို့ထင်ခဲ့ကြတာ။ တကယ်လဲရူးခဲ့တာပါပဲ။ ကျွန်မအချစ်က ကျဆိမ့်တခွက်ပဲဖြစ်မယ်ထင်တယ်။ ကျွန်မကိုယ်တိုင်ကလဲ သူ့အတွက်ကျဆိမ့်လိုပါပဲ။ ကျွန်မတို့ရဲ့ တူညီနေတဲ့မကောင်းတဲ့ပုံစံနဲ့ မတူညီတဲ့ ကောင်းတဲ့ပုံစံတွေက အံ့အားသင့်စရာမို့။ ကျွန်မရောသူရော ရှုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကပိုရှုံးသွားခဲ့တယ်။ ယောကျာ်းတယောက်အတွက် ဘယ်တော့မှမျက်ရည်မကျဘူးပြောတဲ့ မိန်းမတွေ ငိုရင် သိပ်အံ့ဩစရာကောင်းမှန်းသိခဲ့ရတယ်။ အံ့ဩရပါရဲ့။ အကယ်၍ စစ်တွေသာမဖြစ်ခဲ့ရင် ဒီထက်ပိုပျော်ရွှင်ရမယ်ထင်တယ်။ ကျွန်မတို့ကတကယ်ဆို လူငယ်တွေ ကျောင်းသားတွေလေ။ နေကောင်းကျန်းမာနေတဲ့ နိုင်ငံတော်ကြီးသာဖြစ်ခဲ့ရင် ကျွန်မက ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသူလေးဖြစ်နေပြီး သူကတော့ ရင့်ကျက်ပေမယ့် ကလေးနည်းနည်းဆန်တဲ့ လုပ်ငန်းခွင်၀င်ခါစ အကိုကြီးတယောက်ဖြစ်နေမှာ။
Anniversary နေ့တွေမှာ သူပေးတဲ့တောပန်းလေးက သိပ်သဘောကျစရာကောင်းပေမယ့် ကျွန်မတို့ကတော်လှန်ရေးရဲဘော်တွေ ၊ စစ်သားတွေဖြစ်နေခဲ့တယ်လေ။ ဒီအ‌ကြောင်းတွေက ကိုရီးယားကားဆန်တယ်လို့ ရှင်တို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် romantic မဆန်ဘူး၊ သိပ်မရယ်ရဘူး၊ ကျွန်မတို့ချစ်ကြိုက်ခန်းတွေလဲထင်သလောက်မပါလိုက်ရဘူးဆိုတာ သိသင့်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်းရိုက်ထားတဲ့ စစ်ကားလောက်လဲမကြမ်းတမ်းပေမယ့် အဲ့ကြားချနေတဲ့ အခြေနေကြီးကို ကျွန်မ သိပ်မုန်းတီးမှန်း သိစေချင်တယ်။ ဒါပေမယ့် ကျွန်မရဲ့အချစ်ကို မပင်ပန်းစေချင်တာမို့ ကျွန်မ တောင့်ခံနိုင်ချင်ယောင်၊ အဆင်ပြေချင်ယောင်ဆောင်ခဲ့ပါတယ်။ တကယ်တော့ အရမ်းပင်ပန်းခဲ့တာ။
“လိမ်လိမ်မာမာနေ၊ ကျန်းမာရေးဂရုစိုက်၊ ချစ်တယ်
ကိုယ်ပြန်လာခဲ့မယ်နော်”တဲ့။ ကျွန်မအချစ် ရှေ့တန်းကိုပြန်ထွက်ရတဲ့နေ့က ကျွန်မကိုပြောသွားခဲ့တယ်။ ကျွန်မကြောင့်နဲ့ပင်ပန်းရမှာစိုးလို့ ငိုချင်စိတ်ကိုတောင့်ခံခဲ့ပါတယ်။ ခက်ခက်ခဲခဲဆက်သွယ်ရတဲ့ အချိန်တွေမှာ ကျွန်မရဲ့ဒုက္ခတွေကိုရင်ဖွင့်ချင်ခဲ့ပေမယ့် သူကရှေ့တန်းမှာလေ။
သူ့မှာ ကျွန်မထက်ပိုအရေးကြီးတာတွေရှိနေတာမို့ မပြောခဲ့ရပါဘူး။ ကျွန်မသိပ်ပင်ပန်းနေမှန်းသိစေချင်လိုက်တာ။ ဒီလိုတွေဖြစ်လာတိုင်း ကျွန်မ စုတ်ဖြဲပစ်ချင်ခဲ့တာကတခုထဲ။ တကယ်ဆို ကျွန်မတို့က ကျောင်းသားလူငယ်တွေလေ။
ကျွန်မရင်ကို စုတ်ပြတ်သတ်စေတဲ့နေ့က အမှန်တကယ်ရောက်လာခဲ့တယ်။ သူထားခဲ့တဲ့ ယူနီဖောင်းကိုဖက်ပြီး အရူးလိုငိုနေခဲ့တာပေါ့။ ကျွန်မပြောခဲ့ပါတယ် ယောကျာ်းတယောက်အတွက် ကျနေတဲ့မျက်ရည်တွေက သိပ်အံ့ဩစရာကောင်းမှန်းကို။ ဒီယောကျာ်းကတော့ အဆုံးထိ ငိုအောင်လုပ်သွားခဲ့တာပါပဲ။ ကျွန်မကလဲ မျက်ရည်အကျခံပြီးတော့ကို ရူးရူးမိုက်မိုက်ချစ်မိခဲ့တာလေ။ ကျွန်မ တကယ်ရှုံးသွားတာပဲ။
သေနတ်သံသုံးချက်က နားထဲကို ဆိုးဝါးစွာ ၀င်လာခဲ့တယ်ထင်ရပေမယ့် ကျွန်မဘာမှကြားမနေဘူး။
“ကိုယ်ပြန်လာခဲ့မယ်နော်”
“သဲသဲနဲ့သာတူရင် ကလေးလေးက ချစ်ဖို့ကောင်းမှာ”
“စိတ်ဒဏ်ရာတွေအားလုံး ကိုယ်ကုပေးပါ့မယ်”
“ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်”
“တော်လှန်ရေးပြီးရင် ကိုယ်တို့လက်ထပ်ကြမယ်”
လိမ်ခဲ့တာ၊ တကယ်ရက်စက်လိုက်တာလို့ ကျွန်မ စိတ်ထဲ ထပ်ခါထပ်ခါပြောနေခဲ့တာပေါ့။ သတိဆွဲထားရင်း ကျွန်မဒူးတွေတုန်လာတယ်။ ချီးပဲ! ဒါကစစ်ရေးပြကွင်းလေ ကျွန်မမျက်ရည်ကျလို့မဖြစ်ဘူး။ အိုး! တကယ်ချီးပဲ ကျွန်မအော်ငိုချင်နေပြီ။ ဒါပေမယ့် ကျွန်မက စစ်သားဖြစ်နေခဲ့တာ။
“ရဲဘော်(အမည်)…. ကိုယ်ပိုင်အမှတ်(…..) သည် နိုင်ငံတော်သစ်နှင့် လူထုလွတ်မြောက်‌ရေး အတွက် တိုက်ပွဲ၀င်ခဲ့ပြီးဖြစ်၍……………
သင်သွားလိုရာသို့ သွားနိုင်ပါပြီ”
မီးလောင်နေတဲ့ ကြွပ်ကြွပ်အိတ်ကို ထင်းပုံထဲက ကြားတနေရာဆီ ပစ်ချလိုက်တယ်။ တစတစနဲ့ မီးတွေကတောက်လောင်လာတယ်။ ပြီးတော့ သိပ်မြတ်နိုးခဲ့ရတဲ့ ခန္ဓာကိုယ်တခုနဲ့ အထပ်ထပ်အခါခါတန်ဖိုးထားခဲ့ရတဲ့ အစိတ်အပိုင်းတခုချင်းဟာ တဖြည်းဖြည်းနဲ့ ပြာအဖြစ်ကို ဦးတည်လာခဲ့တယ်။
“လေးစားပါတယ်ရဲဘော်”
စစ်ရေးပြကွင်းကအထွက်မှာ ကျွန်မမျက်ရည်ကျမလာခဲ့ဘူး။ ကျွန်မရဲ့မျက်လုံးတွေက အသက်မဲ့နေတယ်။ အကယ်၍သာ… အကယ်၍သာ စစ်တွေမဖြစ်ခဲ့ရင် အချစ်တွေစစ်နေခဲ့မှာ။ တော်လှန်ရေးကြီးပြီးတဲ့အခါကျ ကျွန်မတို့အတူတူ ဆိုတာတွေရော၊ အတူတူမက်ခဲ့တဲ့အိမ်မက်တွေရော၊ ရင်တွေနာလိုက်ရတာ။ နှလုံးတွေအောင့်လိုက်ရတာ။ အဲ့ထက်ပိုပြီး နှလုံးသည်းပွတ်တွေတိုက်စားကုန်သလိုပါပဲ။ ကျဆုံးရဲဘော်တယောက်ဆိုတာထက် ပိုတာပေါ့အချစ်ရယ်။ အကယ်၍သာ စစ်တွေမဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကျွန်မတို့လွတ်လပ်နေတဲ့ နိုင်ငံတခုမှာရှင်သန်ခွင့်ရခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲ။
ကျွန်မ တော်လှန်ရေးကိုမုန်းတယ်။ စစ်ကိုမုန်းတယ်။ ကျွန်မစစ်သားမဖြစ်ချင်ခဲ့ဘူး။ ကျွန်မလဲဒီလို‌တွေမလုပ်ချင်ခဲ့ဘူးလေ။ ဒါပေမယ့် ရှင်မရှိတော့တဲ့ ဒီတိုက်ပွဲကိုကျွန်မဆက်တိုက်မယ်။ အတူလျှောက်ခဲ့တဲ့လမ်းတွေက တယောက်ထဲဖြစ်သွားပေမယ့် ရပါတယ်လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မဘာများတတ်နိုင်သေးလို့လဲကွယ်။ ဘာတတ်နိုင်မလဲ ငိုရုံပေါ့။
ငိုပြီးရင်တော့ အဆုံးထိဆက်တိုက်ရုံပဲပေါ့။
______________________________
“အချစ်ကို ကိုယ်တိုင်လဲမကာကွယ်ပေးနိုင်သလို အချစ်ကလဲ ကိုယ့်ကိုမကာကွယ်ပေးနိုင်ခဲ့ဘူး။ ကိုယ်စိတ်ပူတာတခုထဲ။ ကိုယ့်အချစ်လမ်းပျောက်သွားမှာကိုပါ။ ကိုယ်က ဘေးနားမှာ အမြဲရှိပေးချင်ခဲ့တာပါအချစ်ရယ်။ မင်းကမရှိစေချင်ခဲ့ရင်တောင်ပေါ့။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ် ငိုရုံအပြင် ဘာရှိဦးမလဲ၊ ကိုယ်ငိုရုံပေါ့”
About The Call 707 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*