
‘ကစားပွဲများ’

ဒီရုပ်ရှင်ကနေပဲ ဆမ်ဒလာရဲ့ ထာဝရအမိုက်ဆုံး ဇာတ်ကောင်ကို မြင်ရတော့ တခြား သူလို ဇာတ်ရုပ်တွေကိုလည်း သတိရမိသွားတယ်။ ပထမဆုံးက Mean Streets ထဲက ဒီနိရို ဇာတ်ဆောင်။ သူကလည်း ဆမ်ဒလာ ဇာတ်ရုပ်လို အကြွေးဗလပွနဲ့ကောင်။ ဘဝမှာ ဘာအပူအပင်မှာ မထား၊ ပေါ့ပေ့ါနေ ပေါ့ပေါ့စား။ စကားပြောကလည်း ဂျစ်တိဂျစ်ပေါက်။ နိုင်လွန်မင်းကျင့်က လုပ်ချင်သေးတယ်။ အဲဒီလိုလူမျိုးနဲ့ ထိတွေ့ပတ်သက်ရသူတွေအဖို့တော့ တကယ့် ဝဋ်နာကံနာပဲ။
သူများပိုက်ဆံကချေးထားသေးတယ်။ ပြန်တောင်းရင်လည်း မပေးတော့ *ဖြစ်လားကွာ လေသံနဲ့ ရန်တောင် ပြန်လုပ်လိုက်သေးတယ်။ နောက်တော့လည်း လူစုတ်များရဲ့ ဘဝကြမ္မာအတိုင်း ခွေးသေဝက်သေ နဲ့ သက်တမ်းကုန်ရတာပါပဲ။ နောက်တစ်ယောက်က Bad Lieutenant (1992) ရုပ်ရှင်ထဲက ရဲ အရာရှိ။
ယူနီဖောင်းအားကိုးနဲ့ အမှုဖြစ်တဲ့နေရာက သက်သေခံပစ္စည်းတွေ ဖျောင်လိုဖျောင်၊ လမ်းပေါ်က ကောင်မလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လိုကျင့်နဲ့ သူ့ရဲ့ အဆုံးဝါးဆုံး ကိစ္စကလည်း အဲ လောင်းကစား ကြွေးတွေ အကြားမှာ နွံနစ်နေတာ။ သို့ပေတဲ့လည်း ဒီလို ကာရိုက်တာ သိပ်မကွာလှတဲ့ ဇာတ်ဆောင်တွေကြားထဲမှာ ဆမ်ဒလာရဲ့ ဂျုးလူမျိုး ပုံပန်းနဲ့ လောင်းကစားနွံထဲ နစ်နေတဲ့ သူ့ကာရိုက်တာက အမိုက်ဆုံးပါပဲ။ ရုပ်ရှင်လည်းပြီးသွားတော့ ကျနော့် စိတ်ထဲကို ထာဝရ ကျန်နေရစ်စေမယ့် ဇာတ်ရုပ်တရုပ်အဖြစ် ထားပစ်ခဲ့ပါတော့တယ်။
သူက ဒီထဲမှာ ကျောက်မျက်ကုန်သည် အသွင်။ မသိရင်တော့ ရတနာပစ္စည်းအရောင်းဆိုင်ဝန်ထမ်း ဘာညာ အဆောင်အယောင်တွေနဲ့ အထင်ကြီးစရာ အနေအထား ရှိပေမဲ့ သူ့အတွင်းသေတ္တာထဲမှာတော့ ကျီးကန်းသိုက်တွေပဲ တွေ့ရလိမ့်မယ်။ စကားပြောရင် ဟောင်ဖွာဟောင်ဖွာနဲ့ ဘယ်သူကိုမဆို မျက်နှာချိုသွေး ခယဖို့လည်း ဝန်မလေး။ ဒီလိုလူတယောက်မှာ ဒုက္ခတွေ ဂျပ်ဆိုးပုံနေတာ အံ့ဩစရာ။ တကယ်ဆို တောင့်တင်းတဲ့ မျိုးရိုး အသိုင်းအဝိုင်း၊ မိတ်အပေါင်းဆွေအပေါင်းနဲ့ ဒီဆိုင်ကလေးနဲ့ တင့်တင့်တယ်တယ် အေးအေးဆေးဆေးနေလို့ရတဲ့ အခြေအနေ ရှိနေတာပဲလေ။ ခုတော့ မဟုတ်ပြန်ဘူး။ ဆိုင်ထဲလည်း လူမိုက်တွေရောက်လာလို ရောက်လာ၊ လက်မှာပတ်ထားတဲ့ နာရီလည်း ချွတ်ယူချင်ရင် ယူသွားသလို သူ့ မျက်ခွက်ကိုလည်း ပိတ်ရိုက်ချင် ရိုက်သေးတယ်။ မိသားစုကလေးနဲ့ ပွဲလမ်းသဘင်သွားတော့လည်း သူတို့က နောက်က ပါလာပြီး အနှောင့်အယှက် ပေးပြန်တယ်။ သူ့ခမျာ သူတို့ နှိပ်စက်တာ ခံရပြန်တယ်။
ကျနော်တို့မှာ သူကို့ကြည့်ရင်း ဒေါမနဿ ပွားရတယ်။ ရဲမတိုင်ဘူးလား၊ ပြန်မလုပ်ဘူးလား စလို့ပေါ့လေ။ သူ့ခမျာ တိုင်ရဲဖို့နေနေသာသာ အကြွေးရှင်တွေပဲလေ။ ကျနော်တို့မှာသာ သူ့ကြည့်ပြီး စိတ်မကောင်း ဖြစ်ရပေမဲ့ ဓမ္မဓိဌာန် ကျကျ တွေးပြန်ရင်လည်း ဒီလူက တစက်မှ ကောင်းတဲ့သူ မဟုတ်ဘူး။ ဆိုင်က အလုပ်သမားတွေလည်း ပိုက်ဆံပေးချင်မှ ပေးသလို ပတ်ထားတဲ့ နာရီတွေကလည်း အတုတွေ။ အဲဒါတွေ ပတ်ပြီး လူထင်ကြီးအောင် လုပ်ချင်တာမျိုး။ အဲ ရိုးလက်စ် နာရီအတုတွေကိုလည်း သွားပေါင်ချင် ပေါင်လိုက်သေးတာ။ မဟုတ်တာလုပ်ပြီး ရေဖန်ရမယ့်ဆိုလို့ကတော့ ရှစ်စပ်က ဂျင်ခြေလည်သူပေါ့။
ဆိုင်က အတွင်းရေးမှုးမလေးနဲ့လည်း မီးနီတွေလင်းနေတယ် ။ အိမ်က မိန်းမကလည်း သူ့ယောက်ျား ခြေပုန်းခုတ်တာတွေကို မသိဘဲ မနေဘူး။ ကွာရှင်းဖို့ပဲ ဟန်ပြင်နေသလို သားသမီးတွေအပေါ်မှာလည်း ဖခင်တစ်ယောက်အနေနဲ့ ဘယ်လို ဩဇာမျိုးမှ လွှမ်းမနေပြန်ပါဘူး။
သူ့မှာ လူမှုရေးတွေရော စီးပွားရေးတွေရော ဘက်ပေါင်းစုံ ချွတ်ခြုံကျနေပေမဲ့ ပြုပြင်ဖို့ စိတ်ကူးမရှိတာလည်း အံ့အားသင့်စရာပါပဲ။ ဒီတော့ ပြင်ပကမ္ဘာက လောင်းကစား Addict သမားတွေနဲ့ ချင့်ထိုးမိပါတယ်။ ကျနော်တို့ မြင်နေရတဲ့ လက်တွေ့ဘဝမှာလည်း ယင်းလောင်းကစားနွံအောက်မှာ ပိပြားနေသူတွေ ဒုနဲ့ဒေး။ ဘောလုံးကြွေး၊ ချဲကြွေး၊ ဖဲကြွေး စတာတွေထဲမှာ နစ်နေကြသူတွေ။ ရသမျှ လစာနဲ့ ဆက်တိုက်ဆပ်ရင်တောင် ငါးနှစ်လောက်ဆက်မှ အရင်းကြေမယ့် သူတွေ။ တချို့တွေမှာ လစာထုတ်ရင်ဆိုရင် အခန်းကို တန်းပြန်မလာရဲကြ။ ပြတင်းချပ်က မင်းတုန်းကို ဖြုတ်ထားပြီး ရှေ့တံခါးမကိုတော့ သော့ခတ်ပိတ်ထားကြတယ်။ ညနက်မှ မသိအောင် ပြန်ဝင်ရတယ်။ ဟိုနားဒီနား သွားချင်လည်း အကြွေးရှင်နဲ့ တိုးမယ်စိုးလို့ မသွားရဲကြပြန်။ ဖုန်းအကောင့်ကစလို့ အမျိုးမျိုးချိန်းသုံးနေကြရတယ်။ ဖုန်းဆင်းကတ်ကို မကြာခဏ ပြောင်းကြရတယ်။
မိသားစုကို ထောက်ပံ့ဖို့ဝေးစွ။ ကနဦးက တင်ခဲ့ဖူးတဲ့ အကြွေးတွေကို ဆွေမျိုးရင်းချာတွေက ပေါင်းဆပ်ခဲ့ဖူးလို့ တခါကြေခဲ့သော်ငြားလည်း ခွေးမြီးကောက် ကျည်တောက်စွပ် မှန်းသိသောအခါတွင် သူ့ကို စွန့်ပယ်လိုက်ကြပြီ။ သူငယ်ချင်းအရင်းကစလို့ သူ့ကို မြင်ရင် ရှောင်ထွက်သွားတာမျိုး။ ဒီလို ဒုက္ခတွေ ကြုံရသော်လည်း စနေ တနင်္ဂနွေ ဘောလုံးအသင်းဇယား စာရွက်ကို မြင်ရတဲ့အခါမှာ မနေနိုင်ပြန်။ စားဖို့သောက်ဖို့ ထမင်းစရိတ်ချန်ထားတာထဲကနေ နိုင်လိုနိုင်ငြား လောင်းလိုက်မိပြန်ပြီ။ အဲဒီလိုနဲ့ပဲ ဆန်ကုန်သည်ဆီမှာ စားကြွေးတွေ ထပ်တင်ပြန်ပြီ။ သူ့မှာ လုပ်အားခကလေး ရရင်တော့ ဘောဒိုင် ချဲဒိုင်ထက် စားကြွေးပိုင်ရှင်ကို အရင် ပြေးဆပ်ရတယ်။ မဆပ်ရင်လည်း ငတ်တော့မှာဆိုတော့၊ ထမင်းမငတ်မှ ကျန်တာ ဆက်လောင်းလို့ ကစားလို့ အဆင်ပြေမှာ ဆိုတော့လေ။
ဒီထဲက ဆမ်ဒလာကြီးကလည်း အဲဒီကောင်တွေနဲ့ ဘာထူးလို့လဲ။ လောင်းကစားလုပ်ရတဲ့ ဖီလင်အရသာကို သူစွဲသွားပြီ။ ဘိန်းစားတယောက် ရင်ဖွင့်သကဲ့မျိုးပေါ့။ ကျုပ်လည်း စဉ်းစားတတ်တဲ့ လူပါပဲဗျာ။ ဘိန်းစွဲရင် ရောဂါရမှာ၊ ဘဝပျက်မှာ၊ လူ့အသိုင်းအဝိုင်းက ဖယ်ကျဉ်တာ ခံရမှာ အားလုံး သိတာပေါ့။ သိရဲ့သားနဲ့ ဘာလို့လုပ်တုန်း ဆို အဲဒီ အရသာက ကောင်းတာကိုဗျ လို့ ဆိုသလိုပါပဲ။ မိမိယုံကြည်ရာဘက်ကို လောင်းနှံလိုက်တဲ့ တထိတ်ထိတ်နဲ့ ရင်ခုန်ရခြင်း အရသာကလည်း ဘာနဲ့မှ လဲမရအောင် ကောင်းတဲ့ ဖီလင်ပဲလေ။ လောင်းကစားလုပ်တာကနေ ကံမကောင်းရင်း ခွေးဖြစ်နေတဲ့ ကောင်တွေ သွားမေးရင် အဲဒီစကားပဲ ပြန်ကြားရလိမ့်မယ်။
ဒါကြောင့်လည်း ဆမ်ဒလာကြီးက အဲဒီနွံကြီးထဲပဲ တိုးသထက် ဆက်တိုးနေတာပေါ့။ သူ့ဘဝမှာ အခြား ဘာမှ တန်ဖိုးထားစရာ မရှိ၊ မတွေးမိတော့။ ရောက်နေရာ ကိုယ့်ဘဝကိုလည်း သုံးသပ်ဖို့ မစဉ်းစားဖြစ်တော့။ တနေ့နေ့မှာ ဒီလောင်းကစားအလုပ်ကနေပဲ အချီကြီးပိုက်မိရမယ်လို့ပဲ တေးထားနေတုန်း။ အဲလိုနဲ့ပဲ အီသီယိုးပီးယားဘက်က ကျောက်မျက်တခုကို အချိုအချောင် ရလိုက်တာကနေ ဘတ်စ်ကတ်ဘော ကစားသမားဆီကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းဖို့ လုပ်တယ်။ သူ့အကြွေးရှင် ယောက်ဖကလည်း ရုရှားလူမိုက်တွေနဲ့ အဲဒီငွေကို ရဖို့ မျှော်လင့်နေတယ်။ ထုံးစံအတိုင်း သူ့ကိုပဲ တွေ့တဲ့နေရာတိုင်းမှာ ရိုက်သရော နှက်သရော နှိပ်စက်သရောပေါ့။
သို့ပေတဲ့လည်း ခွေးမြီးကောက် ကျည်တောက်စွပ် သူကတော့ အကြွေးသမား လူမိုက်တွေကိုလည်း အရေးစိုက်ပုံ မရှိပါဘူး။ တလောကလုံးရဲ့ အဖတ်မတန်သလို ဆက်ဆံခံရတာတွေ၊ လူကြားသူကြားထဲမှာ ထိုးကြိတ်ခံရတာ စတဲ့ ဒုက္ခများစွာ ပြဿနာများစွာနဲ့ ယဉ်ပါးသွားပြီထင်ပါရဲ့။ သူဆက်လောင်းချင်တဲ့ အချီကြီးရမယ့် ပလန်ကိုပဲ ရာနှုန်းပြည့် ဇောင်းတင်ထားလိုက်သတဲ့။ ရုရှားကောင်တွေကလည်း ဒီတခါမှ မပေးတော့ရင် အပြုတ်နှံတော့မယ့် သဘောရှိနေတယ်။
ဒီရုပ်ရှင်တခုလုံးက ဆမ်ဒလာကြီးကိုပဲ Focus လုပ်ရိုက်တဲ့ ရုပ်ရှင်မျိုး။ သူ့ကာရိုက်တာကလည်း တစက်ကလေးမှ စိတ်ချမ်းမြေ့ဖွယ်ရာ မရှိ။ ကျီးကန်းသိုက်နှယ် အရှုပ်ထုပ်။ ကြည့်တဲ့သူတိုင်း စိတ်ပျက်ငြီးငွေ့ရမယ့် ဇာတ်ကောင်။ ဒီဟာကြီးကိုပဲ သူက တစက်ကလေးမှ မျက်တောင်ခပ်လိုစိတ်တောင် ဖြစ်မလာအောင် ဆွဲခေါ်သွားပါတယ်။ သူ့ဇာတ်ကောင်က အခြားတဖက်က နှိုင်းဆစရာများနဲ့ အတူ ရေလည် ရှော့ခ် ဖြစ်သွားစေခဲ့ပါတယ်။
ပြောလိုတာက ကျနော်တို့ ပရိသတ်တွေဟာ ဆမ်ဒလာကြီးနဲ့အတူ ရပ်တည်သင့်တာ မှန်ရဲ့လား ဆိုတာကိုပါ။ လက်တွေ့ဘဝထဲမှာ ဒီလိုလောင်းကစားသမားဆိုတာ သူနဲ့ထိစပ်ရာ ဘဝမှန်သမျှကို ယိရွဲယိုယွင်းစေတဲ့ လောက်အကြီးစား (ဝါ) ခြအကြီးအစားလို့ သတ္တဝါတွေ ဖြစ်တယ်လေ။ လူ့အဖွဲ့အစည်းလည်ပတ်မှု မျှခြေကို သဟဇာတ မဖြစ်အောင် ဖျက်ဆီးတဲ့ သူတွေဆိုလည်း မှားမယ် မထင်ပါဘူး။ မိမိအိမ်က ပိုင်ဆိုင်သမျှသာမက မိတ်ဆွေရင်းချာဆီက ပစ္စည်းတွေပါ ရရသလို ယူငင်ပြီး ရောင်းချ လောင်းကစားအလုပ်ကို လုပ်သူ။ ကတိစကားကို လွယ်ကူစွာပေးပြီး ဘယ်သောအခါမှ လိုက်နာလေ့မရှိသောသူ ။ သူရှိရာ နေရာတိုင်းမှာ ပြဿနာတွေ မကြာခဏ ဖြစ်လေ့ရှိသူ စသဖြင့်ပေါ့လေ။ ငွေစက္ကူသားရဲ့ ပြန်လည်ဖိနှိပ်မှုအောက်မှာပဲ ပိပြားရသူတွေ ဆိုပါတော့ ။
ဆမ်ဒလာ ဇာတ်ရုပ်ကလည်း သူ့လောင်းကစားလုပ်ရဖို့ အရေးပဲ ဟိုလူ့လိမ်၊ ဒီလူ့ နှပ်ချ၊ ကတိတွေ လွယ်လွယ်ပေး စလို့ တချိန်လုံး ကြောင်ပျောက်နေတဲ့ ချီးထုပ်ကြီး။ ဒီလိုလူရှိရာဆီကို မကြာခဏလာပြီး အကြွေးတောင်းရသူအဖို့ ဘယ်လောက်တောင် စိတ်ညစ် ဒေါသထွက်ရမလဲ။ ကျနော်တို့ဆိုလည်း ကိုယ့်အပေါ်ကို လူလည်ဖျံကျရသလား သဘောနဲ့ အဲလိုကောင်တွေဆို ရိုက်ချင်မိတာမျိုးပဲလေ။
ကျနော့်မှာ ရုပ်ရှင်အဆုံးသတ်ပြီးတဲ့အထိ ကြောင်ငေးစွာ ကျန်ရစ်ခဲ့တယ်။ စိတ်အာရုံထဲမှာ ဆမ်ဒလာ ဇာတ်ရုပ်ကြီးက စွဲထင်သွားစေတယ်။ ဟာ ဒီလူဘယ်လိုလူကြီးလဲ။ ဘယ်လောက်တောင် ဒီလောင်းကစားလုပ်ရတဲ့ အရသာကို နှစ်ခြိုက်နေသလဲကွာ စလို့ မေးခွန်းများစွာနဲ့ သက်ပြင်းပေါင်းများစွာဟာ ပွက်ပွက်ဆူနေတဲ့ ရေပူများကဲ့သို့ ပလုံစီထနေတယ်။ ကျနော်တို့မှာ သူလို ဖိအားတွေ ကြုံရင်ကော အဲလို တုံဏှိဘာဝေစိတ် ထားတတ် ပါ့မလား စုံနေတာပဲ။ သူ့အပေါ်ကို သနားစိတ် ဖြစ်လိုက် အခြားတဖက်မှာတော့ သနားဖို့ သင့်တဲ့ လူတယောက် မဟုတ်တဲ့ အကြောင်း ပြန်တွေးလိုက်နဲ့ ရက်ကာလအတန်ကြာအောင်အထိ ကျနော့်အတွေးအိမ်ထဲကို ပင့်ကူမျှင်ပေါင်းများ ရစ်ဖွဲ့သွားခဲ့ပါတယ်။ ဘဝတသက်တာလုံး တသသ ဖြစ်ရတော့မယ် ဇာတ်ကောင်တယောက်ကို ထားပစ်သွားခဲ့ပါတယ်။
တကယ်ဆို ကျနော့်အနေနဲ့က ဒီအက်ဆေးကို ခုနေရာမှာတင် ရပ်သင့်ပြီဆိုတာ သိပေမဲ့ လောင်းကစားနဲ့ ပတ်သက်ပြီးတော့ လက်ရှိခေတ်မှာ ကျားဖြန့်လို့ သိကြတဲ့ အွန်လိုင်းကနေ တဆင့် လိမ်လည်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ တရုတ်ရုပ်ရှင်ကားတကားအကြောင်းကိုလည်း ဆက်စပ်ဖော်ပြချင်ပါသေးတယ် ။ ပြောချင်တာကလည်း ယင်း No More Bets ( 2023 )ရုပ်ရှင်ဇာတ်ကြောင်းဟာ လောင်းကစားနဲ့ ပတ်သက်တဲ့ ဆိုးကျိုးကို ပီပြင်စွာ ဖော်ပြပေးနိုင်သလို ယခု ရုပ်ရှင်ရဲ့ Soft Power လို့ တင်စားညွှန်းဆိုရမှာ ဖြစ်တဲ့ အများပြည်သူများအကြားကို လွှမ်းမိုး ပြဆိုနိုင်ခဲ့တာကြောင့် ဂယက်အကြီးအကျယ် ထသွားခဲ့ပြီး တရုတ်အစိုးရမှာပါ အရေးမယူလို့ မရတဲ့ အနေအထားအထိ သက်ရောက်ခဲ့ရတာ ဖြစ်ပါတယ် ။
လက်ရှိခေတ်မှာဆိုရင် ရုပ်ရှင်ရဲ့ စွမ်းပကားက ကြောက်ဖို့ကောင်းတယ်။ ဒါကြောင့်လည်း အာဏာရှင် ကြီးစိုးတဲ့ တိုင်းပြည်တွေမှာ ဆိုရင် ရုပ်ရှင်အနုပညာကို တင်းတင်းကြပ်ကြပ်နဲ့ ပိတ်ဆို့ ဖိနှိပ်လေ့ရှိကြပါတယ်။
ဒီရုပ်ရှင်က အွန်လိုင်းဂိမ်းလိမ်လည်မှုတွေ အကြောင်းကို ရိုက်ပြတာ ။ ခု ရုပ်ရှင်ကနေတဆင့် တရုတ်ပြည်သူတွေ အကြားမှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတယ်။ တကယ်လည်း လက်တွေ့ဘဝက သူတို့လူထုအကြားမှာ ဒီကျားဖြန့် ဂိမ်းတွေကြောင့် ဘဝပျက်နေကြသူတွေ အများကြီးပဲ။ ရုပ်ရှင်ထွက်ပေါ်လာတော့မှ တရုတ်အစိုးရလည်း အသာငြိမ်နေလို့ မရတော့ဘဲ မြန်မာနယ်စပ်နဲ့ ကမ္ဘောဒီးယားဘက်ခြမ်းက ကာစီနိုရုံတွေကို လိုက်လံဖမ်းဆီးရတယ်။ ဒီရုပ်ရှင်ကနေ အရေးပါမှုကို ပြောရရင် လက်ရှိတိုက်ထုတ်ပစ်နေရတဲ့ မအလ စစ်အာဏာရှင်ဖြစ်သူတောင် တရုတ်အစိုးရရဲ့ အမျက်ရှမှုကို ခံလိုက်ရတာ မဟုတ်လား။
ကျနော့်အနေနဲ့ ဒီရုပ်ရှင်ဇာတ်လမ်းကြောင်းကို သဘောကျလား ဆိုတော့ အရမ်းကြီး ကြိုက်မိတာမျိုးတော့ မဖြစ်ဘူး။ ဇာတ်ကြောင်းက ဘယ်လိုပုံစံလာမယ် ခန့်မှန်းရနေတာမျိုးမို့။ ဒါပေမဲ့ ဒီထဲမှာ လောင်းကစားရခြင်းအမှုကို ဘယ်လိုစွဲလမ်းအောင် လုပ်ကြသလဲဆိုတာကို ပြသွားတာတွေက အင်မတန်မှ သတိပြု လိုက်နာသင့်တဲ့ အရာတွေ ဖြစ်တယ်။
ရုပ်ရှင်ထဲက ပြဆိုမှုအရ အွန်လိုင်းကနေ လိမ်လည်ဖို့ကြိုးစားသူတွေက ပထမအဆင့် ဖုန်းသုံးစွဲသူတွေထံကို နည်းလမ်းအမျိုးမျိုးနဲ့ မက်ဆေ့ခ်ျတွေ ရောက်အောင်ပို့တာပဲ။ ပိုက်ဆံဝင်စေမယ့် ဂိမ်းကစားနည်း မျိုးစုံ အကြောင်းပေါ့။ အင်တာနက်သုံးစွဲသူတိုင်း ရှောင်လွှဲလို့ မရတဲ့ လူမှုကွန်ယက်ပေါ်တွေမှာ ၊ တယ်လီဂရမ်လို နေရာမှာ စလို့ နေရာအနှံ့ကနေပြီးတော့ ကြော်ငြာကြတာ ဖြစ်တယ်။
အဲဒါတွေကို သတိမပြုဘဲ မနေနိုင်အောင်လည်းလှပတဲ့ ဒီဇိုင်းသွင်ပြင်တွေ ၊ ချောမောလှပတဲ့ ရုပ်ရည်တွေရှိကြတဲ့ မိန်းကလေးတွေကို အသုံးပြုပြီး ဆင့်ကဲ ဆွဲဆောင်ကြပါတယ်။ ဒီဆာဗာကြီးတခုလုံးကို ထိန်းထားသူဟာ သူတို့ကွန်ယက်ထဲမှာ ဘယ်ဒေသက လူတွေက ပိုမိုကစားနေကြတယ်။ အခကြေးငွေကို ပေးသွင်းနေကြတယ် ဆိုတာကို သိရတော့ အနိုင်ပေးသင့်တဲ့သူကို ပေးလိုက်၊ မက်လုံးပေးသင့်တဲ့သူကို ပေး စလို့ သူတို့ ထည့်ပေးလိုက်တဲ့ အဲဒီ နည်းလမ်းက သုံးစွဲသူထံကို မူးယစ်ဆေးဝါးတွေကို သုံးစွဲတတ်လာအောင် စတင်ပြီး လမ်းကြောင်းပေးသလိုမျိုး ဖြစ်ပါတယ်။ အထက်က ဖော်ပြခဲ့တဲ့ ဆမ်ဒလာလို လောင်းကစားစွဲနေတဲ့ လူတွေ ထပ်မံများပြားလာအောင် လမ်းကြောင်းပေးတာမျိုး ဖြစ်ပါတယ်။
အဓိကကတော့ သုံးစွဲသူတွေကို အဲဒီ နိုင်ခြင်း၊ ရှုံးခြင်း ဆိုတဲ့ စိတ်ခံစားရမှု အရသာကို စွဲလမ်းအောင် သိမ်းသွင်းလိုက်တာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ တရားဝင်ပဲ ဖြစ်ဖြစ်၊ ကျားဖြန့်လို အကောင့်တုပေါင်းများစွာ၊ ကြော်ငြာမှုပေါင်းများစွာနဲ့ လိမ်လည်တာပဲ ဖြစ်ဖြစ် လောင်းကစားခြင်းကိစ္စကို အထုံတခုသဖွယ် ဖြစ်စေအောင် သိမ်းသွင်းနိုင်ခြင်း အချက်ကပဲ အရေးကြီးဆုံး ဖြစ်တယ် ဆိုတာကို ခုရုပ်ရှင်ကနေ ခိုင်ခိုင်မာမာ ပြသထားနိုင်ခဲ့တယ်။
လောင်းကစားရတဲ့ အထုံ စိတ်လှုပ်ရှားရတဲ့ အရသာကို စွဲလမ်းသွားတဲ့ လူတယောက်က လက်ထဲမှာ အခငွေကြေး ရှိလာရင် ဒီထဲပဲ ကစားချင်လာတော့တယ်။ သူ့ရဲ့ ရှိရင်းစွဲ စိတ်အစုံဟာ အခြားသော အရာတွေက ပေးတဲ့ စိတ်လှုပ်ရှား နွေးထွေးမှုတွေ၊ ပျော်ရွှင်မှုတွေ အကြောင်းကို မဝင်စားတော့ဘူး။ ဒီအရာကပေးတဲ့ ဖီလင်ကိုပဲ လုံးဝဥဿုံ ယစ်မူးသွားတော့တာမျိုးပါ။ ထိုအခါမှာ ဒီလောင်းကစားအမှုဟာ သမားရိုးကျ လောင်းကစားနည်းလား၊ လိမ်ညာပြီး ဖန်တီးထားတာလား ဆိုတာ အရေးမကြီးတော့ပါဘူး။ အဲဒါတွေကိုလည်း သူတို့မှာ စိတ်မဝင်စားကြတော့ပါဘူး။
ရုပ်ရှင်ထဲမှာ အဲဒီလိုကနေ ဘဝတွေပျက်သွားပြီး ဒုက္ခအကြီးအကျယ်ရောက်ကုန်ရတဲ့ တရုတ်မိသားစုတွေ အကြောင်းကို ဖော်ပြပေးထားပါတယ်။
ဆိုတော့ အနုပညာရှင်တွေ၊ တတ်သိနားလည်တဲ့ သူတွေက ဘယ်လိုပညာပေးပေး ခုလို ရုပ်ရှင်တွေ ဘယ်လိုပဲ ရိုက်ပြရိုက်ပြ၊ လောင်းကစားလုပ်ငန်းကတော့ ကျနော်မြင်မိသလောက် လက်ရှိမှာ ဝင်ငွေ အဖြောင့်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ဒီမှာဆိုလည်း ရွှေ့ပြောင်း မြန်မာတွေ အများစုဟာ တနေကုန် ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီး ရလာတဲ့ အခငွေကြေးတွေကို အဲဒီ လောင်းကစားနည်းတွေ ဖြစ်ကြတဲ့ စလော့ပ်ဂိမ်း၊ နောက် ထိုင်းထီ၊ နှစ်လုံး၊ သုံးလုံး နောက် ဘောလုံး လောင်းကစား စလို့ ယင်း အရာတွေထဲမှာပဲ နစ်မြုပ်ရင်း အကြွေးဗလပွနဲ့ ဘဝပျက်နေကြတာတွေကို အများကြီး မြင်ရတယ်။
ဒါပေမဲ့လည်း အထက်ကပြောတဲ့ လောင်းကစားခြင်း အမှုကပေးတဲ့ စွဲလမ်းမှု ဗိုင်းရပ်စ်က ကင်ဆာဆဲလ်တွေထက်တောင် အသက်ဝင်အမြစ်တွယ်နေပြီ ဖြစ်တော့ အမြစ်မဖြတ်နိုင်ကြတော့ဘဲ ဒီဝဲဂယက်ထဲမှာပဲ သံသရာလည်လျက် ရှိနေကြပါတယ်။
ရုပ်ရှည်ရည်ညွှန်း – Uncut Gems Movie ( 2019 )
Be the first to comment